အမေရိကန်က အီရန်စစ်ဆင်ရေးအတွင်း အာရုံလွှဲရန်ရည်ရွယ်ချက်ဖြင့် ပစိဖိတ်ဒေသဆီသို့ ဗုံးကြဲလေယာဉ်များဟန်ပြ စေလွှတ်ခဲ့

News Image

  • အမေရိကန်က အီရန်စစ်ဆင်ရေးအတွင်း အာရုံလွှဲရန်ရည်ရွယ်ချက်ဖြင့် ပစိဖိတ်ဒေသဆီသို့ ဗုံးကြဲလေယာဉ်များဟန်ပြ စေလွှတ်ခဲ့

အမေရိကန်စစ်တပ်က အီရန်ကို ယမန်နေ့ည (ဇွန် ၂၁) က “Operation Midnight Hammer” အမည်ရှိ စစ်ဆင်ရေးဖြင့် တိုက်ခိုက်ခဲ့ပြီး ပစိဖိတ် ဒေသဆီသို့ ဗုံးကြဲလေယာဉ်များစေလွှတ်ဟန်ဖြင့် “အာရုံလွှဲရန်” နည်းဗျူဟာ ကို အသုံးပြုခဲ့ကြောင်း စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဒန်ကိန်းက တနင်္ဂနွေနေ့ (ဇွန် ၂၂) တွင် ပြောကြားခဲ့သည်။

ထိုစစ်ဆင်ရေးတွင် B-2 ကိုယ်ပျောက်ဗုံးကြဲလေယာဉ် ၇ စီး ပါဝင်ခဲ့ပြီး အဆိုပါလေယာဉ်များက အီရန်၏ နျူကလီးယားစက်ရုံများ (Fordow နှင့် Natanz) ကို တန် ၃၀,၀၀၀ အလေးချိန်ရှိ Massive Ordnance Penetrator (MOP) ဗုံးကြီးများ ဒါဇင်ကျော် ပစ်ချတိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် Isfahan ကိုလည်း တိုမာဟော့ခ် ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဗိုလ်ချုပ်ကြီး က ဆိုသည်။

စုစုပေါင်း လေယာဉ် ၁၂၅ စီးကျော် (B-2 ဗုံးကြဲလေယာဉ်များ၊ လောင်စာ ဖြည့်လေယာဉ်များ၊ စောင့်ကြည့်ရေးလေယာဉ်များနှင့် တိုက်လေယာဉ်များ အပါအဝင်) ပါဝင်ခဲ့ပြီး၊ အမေရိကန်အရှေ့ဘက်စံတော်ချိန် ည ၆:၄၀ တွင် တိုက်ခိုက်မှုစတင်ကာ ည ၇:၀၀ အချိန်တွင် အီရန်လေပိုင်နက်မှ ဘေးကင်းစွာ ထွက်ခွာနိုင်ခဲ့ကြောင်း သိရသည်။

မစ္စစ္စပီပြည်နယ်ရှိ အခြေစိုက်စခန်းမှ ပျံသန်းခဲ့သည့် အဆိုပါစစ်ဆင်ရေး သည် စက်တင်ဘာ ၁၁ ရက်တိုက်ခိုက်မှုနောက်ပိုင်း B-2 ဗုံးကြဲ လေယာဉ် ကြီးများ၏ အကြာဆုံး စစ်မှုထမ်းဆောင်မှု ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။ ထို့အပြင် တိုမဟော့ခ် ဒုံးကျည်များစွာကိုလည်း အီရန်အတွင်းရှိ ပစ်မှတ်များဆီသို့ ပစ်လွှတ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါလှည့်စားတိုက်ခိုက်မှုကို ဝါရှင်တန်နှင့် တမ်ပါရှိ ထိပ်တန်းတာဝန်ရှိ ပုဂ္ဂိုလ်အနည်းငယ်ကသာ သိရှိခဲ့သည်ဟု ရှင်းပြခဲ့သည်။ အဓိက တိုက်ခိုက်ရေးအုပ်စုဖြစ်သော B-2 Spirit လေယာဉ် ၇ စီး (လေယာဉ်မှူး ၂ ဦးစီ) သည် အရှေ့ဘက်သို့ လျှို့ဝှက်စွာဖြင့် တိတ်တဆိတ် ခရီးနှင်ခဲ့ကြသည် ဟု ၎င်းက ပြောကြားခဲ့သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂