Liraglutide ဆီးချိုရောဂါဆေးတစ်မျိုးက ခေါင်းကိုက်ရောဂါကုသရာတွင် အထောက်အကူ ပေးနိုင်
ရောမ ဇွန် ၂၃
Liraglutide အမည်ရှိ ဆီးချိုရောဂါဆေးဝါး တစ်မျိုးသည် ခေါင်းကိုက်ရောဂါကို ကုသရာတွင်လည်း အထောက်အကူပေးနိုင်ဖွယ်ရှိကြောင်း သုတေသနပညာရှင်များ၏ အဆိုကိုကိုးကား ၍ ဇွန် ၂၂ ရက်သတင်းများတွင် ရေးသားတင်ပြထားသည်။
Liraglutide ဆေးသည် ဦးနှောက်အတွင်းရှိ အရည်ထု ဖိအားကို လျှော့ချပေးခြင်းဖြင့် ခေါင်းကိုက်ဝေဒနာ ခံစားရမှုကြိမ်ရေကို လျှော့ချပေးနိုင်ကြောင်း အီတလီနိုင်ငံ နေယမ်တက္ကသိုလ် မှ သုတေသနပညာရှင်များက ပြောကြားသည်။
အီတလီ သုတေသနပညာရှင်များသည် အဝလွန်မှုပြဿနာနှင့် နာတာရှည် ခေါင်းကိုက်ရောဂါ နှစ်မျိုးလုံးရှိနေသော လူနာ ၂၈ ဦး တို့ကို Liraglutide ဖြင့် သီတင်း ၁၂ ပတ်ကြာ စမ်းသပ်ကုသခဲ့ကြောင်း သိရသည်။
စမ်းသပ်မှုမှ ပေါ်ထွက်လာသည့် ရလဒ်များအရ Liraglutide ဆေးသည် လူနာများတစ်လတာကာလ ခေါင်းကိုက်ဝေဒနာခံစားရသည့် နေ့ရက်ကို ရက်ပေါင်း ၂၀ မှ ကိုးရက်သို့ လျှော့ချပေးနိုင်ခဲ့ ကြောင်း သိရသည်။
ဦးနှောက်အတွင်း Spinal Fluid ခေါ် အရည်ထု၏ ဖိအားမြင့်တက်လာမှုသည် ခေါင်းကိုက်ရောဂါ၏ နောက်ခံအကြောင်းတရားတစ်ရပ် ဖြစ်နိုင်ကြောင်း သုတေသနပညာရှင်များက သုံးသပ်ထားသည်။
Source: ရတနာပုံသတင်းစာ