ကျောက်ဆည်မြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး လူငယ်စကားဝိုင်းကျင်းပ
ကျောက်ဆည်၊ ဩဂုတ်-၁၃
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာကြည့်တိုက် များဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းသား၊ ကျောင်းသူလူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ အသိပညာပေး ဟောပြောပွဲ များ၊လူငယ်စကားဝိုင်းများနှင့်ပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိရာ ယနေ့နံနက်ပိုင်းက အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ကိုယ်စား အထက်တန်းပြ ဆရာမ ဒေါ်ပုလဲဝါက အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် များအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ဦးဆောင်ပြီး လူငယ်စကားဝိုင်းကို ကျင်းပ ပြုလုပ်ခဲ့ရာ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းမှ Grade-11 တန်း ကျောင်းသား၊ ကျောင်းသူများ ဖြစ်သည့် မောင်ထူးပြည့်သန့်က “လူငယ်နှင့်ကျန်းမာရေး”၊ မရွှေပိုးအိက “လူငယ်နှင့်ပညာရေး”၊ Grade-10 တန်း ကျောင်းသူများဖြစ်သည့် မအိကြယ်စင်ဖြိုးက “လူငယ်နှင့်စာဖတ်ခြင်း”၊ မနှင်းပွင့်အေးက “စာပေကျေးဇူး” ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား/ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေး ခဲ့ကာ အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြောင်း သိရသည်။
ထို့နောက် လူငယ်စကားဝိုင်းသို့တက်ရောက်လာကြသည့် ကျောင်းသား၊ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး၊ မူးယစ်ဆေးဝါး အန္တရာယ် တားဆီး ကာကွယ်ရေး၊ မိုးခေါင်ရေရှားဘေးနှင့် ဆူနာမီအကြောင်း အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါ ဝင်စားစွာကြည့်ရှုခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)