ဟူသီတို့က အမေရိကန်က အီရန်ကို လေကြောင်း တိုက်ခိုက်မှုပြုလုပ်ပြီးနောက် စစ်ကြေညာ
ယီမင်နိုင်ငံမှ ဟူသီတပ်ဖွဲ့များသည် အီရန်ဘက်မှ အမေရိကန်နှင့် အစ္စရေးကို ဒေသတွင်းတွင် တိုက်ခိုက်မှုများ စတင်မည်ဖြစ်ကြောင်း ကြေညာလိုက်သည်။
“ယီမင်နိုင်ငံသည် အမေရိကန်နှင့် အစ္စရေးကို တရားဝင်စစ် ကြေညာ လိုက်ပြီဖြစ်သည်။ သင်တို့၏ သင်္ဘောများကို မိမိတို့၏ရေပိုင်နက်မှ ဝေးရာသို့ ရွှေ့ပါ” ဟု ယီမင်ရှိ ဟူသီလက်နက်ကိုင်တပ်ဖွဲ့၏ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီး ယာဟယာ ဆာရီး က ဇွန် ၂၂ ရက်တွင် ကြေညာခဲ့သည်။
အဆိုပါကြေညာချက်သည် အမေရိကန်က “Operation Night Hammer” အဖြစ် ဇွန် ၂၂ ရက် နံနက်စောစောပိုင်းတွင် အီရန်၏ အဓိက နျူကလီးယား စက်ရုံသုံးခုကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက် နာရီပိုင်းအတွင်း ထွက်ပေါ်လာခြင်းဖြစ်သည်။ အစ္စရေးတပ်မတော်ကလည်းအီရန်၏ ဒုံးကျည်အခြေစိုက်နေရာများအပါအဝင် ထောင်ချီသော ပစ်မှတ်များကို ဆက်လက်တိုက်ခိုက်ခဲ့သည်။
ဟူသီတို့သည် “Axis of Resistance” (ခုခံတွန်းလှန်ရေးဝင်ရိုး) အဖွဲ့ဝင် များဖြစ်ပြီး အမေရိကန်နှင့် အစ္စရေး၏ အာရှအလယ်ပိုင်းဒေသ ဩဇာလွှမ်းမိုးမှုကို ဟန့်တားရန် အီရန်မှ ပံ့ပိုးထားသော လက်နက်ကိုင်အဖွဲ့များ ဖြစ်သည်။
အမေရိကန်နှင့် အစ္စရေး အရာရှိများက ဟူသီတို့၏ စစ်ကြေညာချက်နှင့်ပတ်သက်၍ မှတ်ချက်မပြုသေးပေ။
ဟူသီတပ်ဖွဲ့က အကယ်၍ ဝါရှင်တန်သည် တဲလ်အဗစ်နှင့်အတူ လေကြောင်း တိုက်ခိုက်မှုများတွင် ပါဝင်ပါက ပင်လယ်နီဒေသရှိ အမေရိကန် သင်္ဘောများကို ပြန်လည်တိုက်ခိုက်မည်ဟု မကြာသေးမီက သတိပေးခဲ့သည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂