ဂျာမနီက အမေရိကန်အား ဥရောပရှိ အမေရိကန်တပ်များ ရုပ်သိမ်းရန် အချိန်ဇယား တောင်းဆို

News Image

  • ဂျာမနီက အမေရိကန်အား ဥရောပရှိ အမေရိကန်တပ်များ ရုပ်သိမ်းရန် အချိန်ဇယား တောင်းဆို

ဂျာမနီကာကွယ်ရေးဝန်ကြီး Boris Pistorius သည် အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth ထံမှ ဥရောပရှိ အမေရိကန်တပ်များရုပ်သိမ်းရန် “လမ်းညွှန်ချက်” ပေးရန် ထပ်ခါတလဲလဲ တောင်းဆို ခဲ့ကြောင်း Financial Times သတင်းစာက ဖော်ပြခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် တာဝန်စတင်ထမ်းဆောင်စဉ် ကတည်းက ဥရောပ NATO အဖွဲ့ဝင်များအား ကာကွယ်ရေး အသုံးစရိတ် ကို အချိုးမျှတစွာထည့်ဝင်ရန် ပျက်ကွက်သည်ဟု အကြိမ်ကြိမ် စွပ်စွဲခဲ့သည်။ ၎င်း၏အစိုးရအဖွဲ့သည် ပထဝီနိုင်ငံရေးအာရုံစူးစိုက်မှုကို အာရှ-ပစိဖိတ်ဒေသသို့ တဖြည်းဖြည်း ရွှေ့ပြောင်းနေသည်နှင့်အမျှ လာမည့်နှစ်များအတွင်း ဥရောပရှိ စစ်ရေးအခြေစိုက်စခန်းများကို လျှော့ချနိုင်ကြောင်း အကြံပြုခဲ့သည်။

ဇွန်လ ၂၄ ရက်နေ့တွင် ကျင်းပမည့် NATO အစည်းအဝေးမတိုင်မီ ဥရောပ ခေါင်းဆောင်များသည် ဝါရှင်တန်၏ တပ်ရုပ်သိမ်းရေး အစီအစဉ်များနှင့် ပတ်သက်၍ စိုးရိမ်နေကြောင်း FT ၏ တနင်္လာနေ့ (ဇွန် ၂၃) ထုတ် သတင်းစာက ဖော်ပြခဲ့သည်။ အမေရိကန်ဘက်မှ အသေးစိတ် အချက် အလက်များ မပေးရသေးခြင်းကလည်း အဆိုပါစိုးရိမ်မှုများကို ပိုမို မြင့်တက် စေကြောင်း အမည်မဖော်လိုသော အရင်းအမြစ်များကို ကိုးကား၍ ဖော်ပြ ခဲ့သည်။

သတင်းအရ ပစ်စတိုရီးယပ်စ်သည် လွန်ခဲ့သော လများအတွင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ဟက်ဆက်ထံမှ ဥရောပမှ အမေရိကန်တပ်များ ရုပ်သိမ်းရန် “လမ်းညွှန်ချက်” ပေးရန် တွန်းအားပေးခဲ့ကြောင်း သိရသည်။ ဂျာမနီအရာရှိကြီးတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ “အာဖဂန် နစ္စတန်မှ ရုပ်သိမ်းရေး အခြေအနေကြောင့် အားလုံး စိတ်ထိခိုက်ခဲ့ရပြီ” ဟု ရည်ညွှန်းကာ FT က ဖော်ပြခဲ့သည်။

သို့ရာတွင် ဂျာမနီ၏ အဆိုပါကြိုးပမ်းမှုများကို အခြားNATO အဖွဲ့ဝင် နိုင်ငံများက ဝေဖန်ခဲ့ကြပြီး ဘာလင်သည် အမေရိကန်တပ်များ ရုပ်သိမ်းရန် ထရမ့်၏ တင်းမာမှုကို မရည်ရွယ်ဘဲ မြှင့်တင်မိမည်ကို စိုးရိမ်နေကြသည်ဟု သတင်းများက ဆိုသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂