အီရန်နှင့် အစ္စရေးတို့ကြား ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်ကြောင့် ရေနံစျေးနှုန်းများ ဆက်လက်ကျဆင်း
အီရန်နှင့် အစ္စရေးတို့ကြား ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် ထွက်ပေါ်လာခြင်းကြောင့် ရင်းနှီးမြှုပ်နှံသူများ၏ ရေနံသယ်ယူ ပို့ဆောင်ရေး လမ်းကြောင်းပြတ်တောက်မည့်စိုးရိမ်မှုများ လျော့ပါးသွားကာ အင်္ဂါနေ့ (ဇွန် ၂၄) တွင် ဥရောပဈေးကွက်အတွင်း ရေနံစျေးနှုန်းများ ဆက်လက် ကျဆင်းသွားခဲ့သည်။
ယခုအချိန်တွင် အမေရိကန် West Texas Intermediate (WTI) အမျိုးအစား ရေနံစိမ်း စျေးနှုန်းသည် ၁ စည်လျှင် ၆၅.၉ ဒေါ်လာဖြင့် ၃.၇% ကျဆင်းနေပြီး ကမ္ဘာ့စံချိန်စံညွှန်း ဘရန့် ရေနံစိမ်း စျေးမှာလည်း ၃.၈% ကျကာ ၁ စည်လျှင် ၆၈.၈ ဒေါ်လာသို့ ရောက်ရှိလာသည်။
ယမန်နေ့ည (ဇွန် ၂၃) က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လူမှုကွန်ရက်ပေါ်တွင် အစ္စရေးနှင့် အီရန်တို့ကြား အလုံးစုံ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးကို သဘောတူညီပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ နောက်ပိုင်းတွင်နိုင်ငံနှစ်နိုင်ငံအကြား ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသည် “အာဏာ သက်ရောက်နေပြီ” ဟု ပြောကြားခဲ့သည်။ အီရန်နှင့် အစ္စရေး မီဒီယာများကလည်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစတင်ပြီဖြစ်ကြောင်း ဖော်ပြခဲ့သော်လည်း တိကျသောအချက်အလက်များကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
တနင်္လာနေ့ (ဇွန် ၂၃) က အီရန်မှ ကာတာရှိ အမေရိကန်စခန်းများကို ပစ်မှတ်ထားပြီး ဒုံးကျည်များဖြင့် ကန့်သတ်ပစ်ခတ်မှုများ ပြုလုပ်ပြီးနောက် ရေနံစိမ်းစျေးနှုန်းများ ၇% ကျော် ကျဆင်းသွားခဲ့သည်။ အမေရိကန် ရေနံစိမ်း စျေးမှာ ၇.၂% ကျဆင်းကာ ရေနံစိမ်း ၁ စည်လျှင် ၆၈.၅၁ ဒေါ်လာသို့ ရောက်ရှိခဲ့ပြီး ယင်းမှာ ဧပြီလအစောပိုင်းကတည်းကအကြီးမားဆုံး တစ်ရက်အတွင်း ကျဆင်းမှုဖြစ်ကာ ပြီးခဲ့သည့် သုံးနှစ်အတွင်း အဆိုးရွားဆုံး ဈေးနှုန်းကျဆင်းမှုများထဲမှ တစ်ရက်လည်း ဖြစ်သည်။ Reuters ၏ ဖော်ပြချက်အရ ဘရန့် ရေနံစိမ်းစျေးမှာ ၇.၂% ကျဆင်းကာ ရေနံစိမ်း ၁ စည်လျှင် ၇၁.၄၈ ဒေါ်လာဖြင့် ပိတ်သွားခဲ့ပြီး ၂၀၂၂ ခုနှစ် ဩဂုတ်လကတည်းက အဆိုးရွားဆုံး ကျဆင်းမှုလည်း ဖြစ်သည်။
ကိုးကား- CNN
Photo: Yahoo Finance
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂