ကမ္ဘောဒီးယားဝန်ကြီးချုပ် စစ်ဝတ်စုံဖြင့် ထိုင်းနယ်စပ်သို့ သွားရောက် လည်ပတ်

News Image

  • ကမ္ဘောဒီးယားဝန်ကြီးချုပ် စစ်ဝတ်စုံဖြင့် ထိုင်းနယ်စပ်သို့ သွားရောက် လည်ပတ်

ဟွန်မာနက်သည် စစ်ဝတ်စုံဝတ်ပြီး နယ်စပ်တပ်စခန်းများသို့ သွားရောက်လည်ပတ်စဉ် ထိုင်းနိုင်ငံက နယ်စပ်ဂိတ်များ ပိတ်ရန် အမိန့်ထုတ်ပြန်လိုက်ပြီး နှစ်နိုင်ငံအကြား တင်းမာမှုများ မြင့်တက်လာနေသည့် အချိန် ဖြစ်သည်။

ဇွန်လ ၂၃ ရက် နေ့လယ်ပိုင်းတွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက် သည် ထိုင်းနိုင်ငံနှင့် အငြင်းပွားဖွယ် နယ်မြေအနီး ပြာ့ဗီဟီယား (Preah Vihear) စီရင်စုရှိ ထိုင်းနယ်စပ်တစ်လျှောက် တပ်များသို့ သွားရောက် လည်ပတ်ခဲ့သည်။ ဝန်ကြီးချုပ်မဖြစ်မီက ၎င်းသည် ကမ္ဘောဒီးယား တပ်မတော်၏ ဗိုလ်ချုပ်တစ်ဦးဖြစ်ခဲ့သည်။

ဟွန်မာနက်က တပ်သားများ၏ ရဲရင့်မှုကို ချီးကျူးဂုဏ်ပြုခဲ့ပြီး လိုအပ်သော ထောက်ပံ့မှုများ ပြည့်ပြည့်ဝဝပေးမည်ဟု အာမခံခဲ့သည်။ နယ်စပ်တွင် တာဝန်ထမ်းဆောင်နေသော ကမ္ဘောဒီးယားတပ်သားများကလည်း နယ်မြေကာကွယ်ရန် စိတ်ဓာတ်မြှင့်တင်ထားကြောင်း ဖော်ပြခဲ့သည်။

ယခင်က ကမ္ဘောဒီးယားဝန်ကြီးချုပ်က မေလ ၂၈ ရက်တွင် Mom Bei ဧရိယာ၌ ဖြစ်ပွားခဲ့သော နယ်စပ်ပစ်ခတ်မှုတွင် ထိုင်းဘက်မှ "အနီရောင် မျဉ်းကို ကျော်လွန်ခဲ့သည်" ဟု စွပ်စွဲခဲ့ပြီး ထိုဖြစ်စဉ်တွင် ကမ္ဘောဒီးယား တပ်သားတစ်ဦး သေဆုံးခဲ့သည်။

"မိမိတို့သည် ထိုင်း၏ ကိစ္စရပ်များကို ဝင်ရောက်စွက်ဖက်မည်မဟုတ်ပါ။ သို့သော် မိမိတို့၏ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာပါက ပြန်လည် တုံ့ပြန်မည်" ဟု ၎င်းက ပြောကြားခဲ့သည်။

ထိုင်းတပ်မတော်၏ Facebook စာမျက်နှာတွင် ဇွန် ၂၃ ရက် ညနေပိုင်း က ကမ္ဘောဒီးယားနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော စီရင်စု ၅ ခုရှိ နယ်စပ်ဂိတ်များကို ပိုမိုတင်းကျပ်စွာ ထိန်းချုပ်ရန် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

ကြေညာချက်အရ ယာဉ်အမျိုးအစားအားလုံး နယ်စပ်ဂိတ်များမှတစ်ဆင့် ဝင်ထွက်ခွင့်ကို တားမြစ်ထားပြီး လူများ၊ ခရီးသွားများနှင့် ကုန်စည်များ ဖြတ်သန်းသွားလာခွင့်ကိုလည်း ခွင့်မပြုထားပေ။ ထိုင်းအာဏာပိုင်များက အထက်ဖော်ပြပါ နယ်စပ်ဂိတ်များမှတစ်ဆင့် လူများ ဖြတ်သန်းခွင့်ကို ကျန်းမာရေးကုသမှု၊ ကျောင်းသားများ၏ ပညာရေး သို့မဟုတ် အရေးကြီးသော လူမှုရေးလိုအပ်ချက်များကဲ့သို့သော လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကြောင်းပြချက်များဖြင့်သာ ခွင့်ပြုထားသည်။

ထိုင်းတပ်မတော်က အဆိုပါအဆင့်ကို "ကမ္ဘောဒီးယားတပ်ဖွဲ့များက ကင်းလှည့်စောင့်ကြပ်မှု တိုးမြှင့်ခြင်း၊ တပ်သားများ စုစည်းခြင်းနှင့် အငြင်းပွားဖွယ်နယ်မြေများသို့ လူများ စေလွှတ်ခြင်း" ဆိုင်ရာ အချက်အလက်များနှင့် နယ်စပ်ဖြတ်ကျော် မှုခင်းများ၊ အွန်လိုင်းလှည့်ဖြားမှုများကို ကိုင်တွယ် ဖြေရှင်းရန် ဆောင်ရွက်ချက်တစ်ရပ်အဖြစ် ကြေညာခဲ့သည်။

ထိုင်းနိုင်ငံက နယ်စပ်ဖြတ်ကျော်ဂိတ်များတွင် ထိန်းချုပ်မှုတိုးမြှင့်ထားကြောင်း သတင်းများကို ကမ္ဘောဒီးယားဘက်က အတည်မပြုသေးသော်လည်း “နိုင်ငံသည် အွန်လိုင်းလိမ်လည်မှုဆိုင်ရာ ရာဇ၀တ်မှုများအတွက် အချက်အချာနေရာ” ဖြစ်သည်ဟူသော စွပ်စွဲချက်ကို ငြင်းဆိုခဲ့သည်။

မေလက အငြင်းပွားဖွယ်နယ်မြေတွင် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် နှစ်နိုင်ငံ အကြား တင်းမာမှုများ မြင့်တက်လာခဲ့သည်။ ထိုင်းတပ်မတော်က ဇွန်လ ၂၁ ရက်မှစ၍ ဘူရီရမ်စီရင်စုရှိ Chong Sai Taku နယ်စပ်ဂိတ်ကို ပိတ်သိမ်းရန် ဆုံးဖြတ်ခဲ့ပြီး ယင်းနောက်ပိုင်း ကမ္ဘောဒီးယားဘက်က ၎င်းဂိတ်နှင့် အနီးရှိ Choam နယ်စပ်ဂိတ်ကို "အမြဲတမ်း ပိတ်သိမ်းမည်" ဟု ကြေညာခဲ့သည်။ ဟွန်မာနက်က ထိုင်းဘက်က ဦးဆောင်လှုပ်ရှားမှု မပြုမချင်း ကမ္ဘောဒီးယားဘက်က ဂိတ်များကို ပြန်ဖွင့်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂