ထိုင်းနိုင်ငံက ဝန်ကြီးချုပ် Paetongtarn နှင့် ကမ္ဘောဒီးယား ဆီးနိတ် လွှတ်တော် ဥက္ကဋ္ဌ Hun Sen တို့ ဖုန်းစကားပြောဆိုမှုကို စုံစမ်းစစ်ဆေးလျက်ရှိ

News Image

  • ထိုင်းနိုင်ငံက ဝန်ကြီးချုပ် Paetongtarn နှင့် ကမ္ဘောဒီးယား ဆီးနိတ် လွှတ်တော် ဥက္ကဋ္ဌ Hun Sen တို့ ဖုန်းစကားပြောဆိုမှုကို စုံစမ်းစစ်ဆေးလျက်ရှိ

ထိုင်းနိုင်ငံ၏ အမျိုးသားအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် (NACC) သည် ဝန်ကြီးချုပ် Paetongtarn Shinawatra နှင့် ကမ္ဘောဒီးယား ဆီးနိတ်လွှတ်တော်ဥက္ကဋ္ဌ Hun Sen တို့ကြား ဖုန်းစကားပြောဆိုမှုကို စုံစမ်းစစ်ဆေးရန် စတင်လိုက်ပြီဖြစ်သည်။

NACC က ဇွန် ၂၄ ရက်နေ့တွင် ဆီးနိတ်လွှတ်တော်ဥက္ကဋ္ဌ Mongkol Surasajja မှ တိုင်ကြားချက်အရ “လက်ခံ၍ စုံစမ်းစစ်ဆေးရန် သဘော တူခဲ့ကြောင်း” ထုတ်ပြန်ခဲ့သည်။ ၎င်းတိုင်ကြားချက်တွင် ဝန်ကြီးချုပ် Paetongtarn သည် ကမ္ဘောဒီးယား ဆီးနိတ်ဥက္ကဋ္ဌ Hun Sen နှင့် သီးသန့် ဖုန်းစကားပြောဆိုခဲ့ခြင်းအား “ကျင့်ဝတ်ပြင်းထန်စွာ ချိုးဖောက်မှု” အဖြစ် စွပ်စွဲထားသည်။

NACC ၏ ထုတ်ပြန်ချက်အရ အဆိုပါ စုံစမ်းစစ်ဆေးမှုသည် ၁၀ ရက်ခန့် ကြာမြင့်မည်ဖြစ်ပြီး ယင်းကာလအတွင်း ၎င်းတို့သည် စကားပြောဆိုမှု၏ တိကျသော ဘာသာပြန်ချက်ကို ပြန်လည်သုံးသပ်ခြင်းနှင့် သက်သေ များကို ခေါ်ယူစစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်မည်ဖြစ်သည်။

ထို့အပြင် စုံစမ်းစစ်ဆေးရေး ကော်မတီသည် ဆီးနိတ် ကာကွယ်ရေး ကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Sawat Tassana ဦးဆောင်သော ဆီးနိတ် အမတ် ၃၆ ဦးမှ တင်သွင်းထားသည့် ဝန်ကြီးချုပ် Paetongtarn အား ရာထူးမှဖယ်ရှားရန် တောင်းဆိုချက်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးက လက်ခံနိုင်မည့်အခြေအနေနှင့်ပတ်သက်၍လည်း စိစစ် သွားမည်ဖြစ်သည်။

ထိုင်းမီဒီယာများ၏ ဖော်ပြချက်အရ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးသည် ဇူလိုင် ၁ ရက်နေ့တွင် ဆီးနိတ်အမတ်များ၏ တောင်းဆိုချက် ကို စဉ်းစားဆွေးနွေးရန် အစည်းအဝေးကျင်းပမည်ဟု သိရသည်။

ဝန်ကြီးချုပ် Paetongtarn သည် ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် Pheu Thai ပါတီဦးဆောင်သော ၁၁ ပါတီညွန့်ပေါင်းအစိုးရဖွဲ့စည်းပြီး အာဏာ ရရှိခဲ့သည်။ သို့သော် ဇွန် ၁၅ ရက်က ကမ္ဘောဒီးယား ဆီးနိတ်ဥက္ကဋ္ဌ Hun Sen နှင့် သူမ၏ဖုန်းစကားပြောဆိုမှု မှတ်တမ်းတင်ထားသည့် အသံဖိုင် ပေါက်ကြားသွားပြီးနောက် သူမ၏ညွန့်ပေါင်းအစိုးရသည် ပြိုလဲမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရပြီး ဝန်ကြီးချုပ်အား ပြင်းထန်စွာဝေဖန်မှုများ ရင်ဆိုင်နေရသည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂