ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ကျေးရွာအတွင်းသို့ ဝင်ရောက်ကာ လုံခြုံရေးဆောင်ရွက်နေသည့် ပြည်သူ့စစ်အဖွဲ့ဝင် နှစ်ဦးအား ဖမ်းဆီးသတ်ဖြတ်

News Image

  • ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ကျေးရွာအတွင်းသို့ ဝင်ရောက်ကာ လုံခြုံရေးဆောင်ရွက်နေသည့် ပြည်သူ့စစ်အဖွဲ့ဝင် နှစ်ဦးအား ဖမ်းဆီးသတ်ဖြတ်မှု မှတ်တမ်းဓာတ်ပုံ။
  • ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ကျေးရွာအတွင်းသို့ ဝင်ရောက်ကာ လုံခြုံရေးဆောင်ရွက်နေသည့် ပြည်သူ့စစ်အဖွဲ့ဝင် နှစ်ဦးအား ဖမ်းဆီးသတ်ဖြတ်မှု မှတ်တမ်းဓာတ်ပုံ။

24 June 2025

လက်နက်ကိုင်အစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် ကျေးရွာလုံခြုံရေးဆောင်ရွက်နေသည့် ပြည်သူ့စစ်အဖွဲ့ဝင်များအား ပြည်သူလူထုအတွင်း အကြောက်တရားများ လွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့်အမြင်အယူအဆမတူသူ အပြစ်မဲ့ အရပ်သားပြည်သူများအား “သူလျှို၊ ဒလန်၊ သတင်းပေး” ဟုစွပ်စွဲ၍ လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၂၂ ရက် ည ၁၂ နာရီ ၂၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ အေးသုခကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ အဆိုပါကျေးရွာနေ ပြည်သူ့စစ်အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးရွှေနုအောင်(၇၅)နှစ်၊ ဦးဝင်းကြိုင်(၄၅)နှစ်နှင့် ဦးရဲနီ(၅၅)နှစ်တို့ သုံးဦးက လုံခြုံရေးဆောင်ရွက်နေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ၂၀ ဦးခန့်(စိစစ်ဆဲ)က လက်နက်များ ကိုယ်စီကိုင်ဆောင်၍ ဒိုက်ဦးမြို့နယ်၊ ဘောနီကျေးရွာဘက်မှ ရောက်ရှိလာပြီး ရုံးအတွင်း ဝင်ရောက်ကာ ဦးရွှေနုအောင်အား ဓားဖြင့် ထိုးခုတ်သတ်ဖြတ်၍ ဦးရဲနီအား ရုံးရှေ့ရှိ ရေမြောင်းအတွင်းသို့ ကန်ချခဲ့ပြီး ဦးဝင်းကြိုင်အား ဖမ်းဆီးခေါ်ဆောင်ကာ ဘောနီကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က အကြမ်းဖက်ချေမှုန်းရေး ဆောင်ရွက်ခဲ့ရာ ဒိုက်ဦးမြို့နယ်၊ မအူတန်းကျေးရွာအနီး ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၅၇ မိုင် ၁ ဖာလုံအရောက်၌ ဦးဝင်းကြိုင်အား ဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရပြီး အဆိုပါဖြစ်စဉ်တွင် ပြည်သူ့စစ်အဖွဲ့ဝင် ဦးရွှေနုအောင်နှင့် ဦးဝင်းကြိုင်တို့တွင် ဓားဒဏ်ရာ များရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ ကျေးရွာလုံခြုံရေးဆောင်ရွက်နေသည့် ပြည်သူ့စစ်အဖွဲ့ဝင်များအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

MOHA