ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အငြိမ်းစားကျောင်းဆရာမကြီး တစ်ဦး သေဆုံးကာ တိုက်ပွဲဖြစ်ပွားမှုများကြောင့် စာသင်ကျောင်း ၂၀ ကျော် ပိတ်ထားရကြောင်း သတင်းတု၊ သတင်းမှားများ တစ်ဖက်သတ်စွပ်စွဲ ရေးသား
25 June 2025
၂၀၂၅ ခုနှစ်၊ ဇွန် ၁၈ ရက် ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်အတွင်း၌ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အငြိမ်းစားကျောင်းဆရာမကြီး တစ်ဦးသေဆုံးကာ တိုက်ပွဲဖြစ်ပွားမှုများကြောင့် စာသင်ကျောင်း ၂၀ ကျော် ပိတ်ထားရသည်ဟု တရားမဝင် ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းမှားများ တစ်ဖက်သတ်စွပ်စွဲရေးသားပြီး လှုံ့ဆော်၊ ဝါဒဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ သတင်းအမှန်သိရှိနိုင်ရေး စိစစ်ခဲ့ရာ မင်းလှမြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့မှု မရှိကြောင်းနှင့် မင်းလှမြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်း ၁၂ ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း ၃၆ ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း ၁၀၇ ကျောင်း၊ စုစုပေါင်း ၁၅၅ ကျောင်းရှိသည့်အနက် အခြေခံပညာမူလတန်းကျောင်း(ဆားချောင်းလေး)သည် ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၆ ရက်မှစ၍ လုံခြုံရေးအခြေအနေအရလည်းကောင်း၊ အခြေခံပညာမူလတန်းကျောင်းခွဲ(ကျွန်းကုန်း)သည် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားမည့် ကျောင်းသား၊ ကျောင်းသူများ မရှိသဖြင့်လည်းကောင်း၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းဖွင့်လှစ်သင်ကြားနိုင်ခြင်းမရှိဘဲ ပိတ်ထားလျက်ရှိပြီး ကျန်အခြေခံပညာစာသင်ကျောင်း ၁၅၃ ကျောင်းမှာ ပုံမှန်ဖွင့်လှစ်လျက် ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ကြားပေးလျက်ရှိကြောင်း သိရှိရသည်။
တရားမဝင် ပြည်ဖျက်မီဒီယာများက နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်မြင်လွဲမှားစေရန် သတင်းတု၊ သတင်းမှားများဖြင့် လုပ်ကြံရေးသားပြီး လှုံ့ဆော်၊ ဝါဒဖြန့်နေခြင်းသာဖြစ်ကြောင်း သိရသည်။
MOHA