နေတိုးဆိုင်ရာ အမေရိကန်သံအမတ်ကြီးရာထူးအတွက် Matthew Whitaker ကို ထရန့်ကြေညာ
အမေရိကန်သမ္မတရာထူးကို တာဝန်ယူမည့် ဒေါ်နယ် ထရန့်သည် ၎င်း၏ ပထမအကြိမ် သမ္မတ တာဝန်ယူစဉ် က ယာယီရှေ့နေချုပ်တာဝန်ထမ်းဆောင်ခဲ့ဖူးသူ Matthew Whitaker ကို နေတိုးဆိုင်ရာ အမေရိကန်သံအမတ်ကြီး ရာထူးအတွက် ရွေးချယ်လိုက်ပါသည်။
“Matt က ရဲရင့်သည့်စစ်သားတစ်ဦးဖြစ်သကဲ့သို့ သစ္စာရှိ သောမျိုးချစ်စိတ်ဓာတ်ရှိသူတစ်ဦးလည်း ဖြစ်ကြောင်း၊ အမေရိကန်၏ အမျိုးသားအကျိုးစီးပွားကို စွမ်းစွမ်းတမံ ကာကွယ်ပေးပြီး ပိုမိုတိုးတက်အောင် လုပ်ပေးနိုင်မည် ဖြစ်ကြောင်း” ထရန့်က ဗုဒ္ဓဟူးနေ့ က ပြောကြားလိုက် သည်။
ထို့ပြင် “ Matt က မိတ်ဖက် နေတိုးအဖွဲ့နှင့် ဆက်ဆံရေး ပိုမိုခိုင်မာစေရန်နှင့် ကမ္ဘာကြီးငြိမ်းချမ်းရေးကို ခြိမ်းခြောက် လာမှုများကို မားမားမတ်မတ်ရပ်တည် ရင်ဆိုင်သွား လိမ့်မည်ဖြစ်ကြောင်း” ဆက်လက်ပြောကြားလိုက်ပါ သည်။ ယခုအချိန်တွင် အမေရိကန်သည် ရုရှား-ယူကရိန်း စစ်ပွဲနှင့်စပ်လျဉ်း၍ ထရန့်လက်ထက်တွင် မဟာမိတ်ယူကရိန်းကို မည်သို့ဆက်လက်ပံ့ပိုးကာကွယ် ပေးသွားမည်ဆိုသည့် ကြီးမားသော စိန်ခေါ်မှုတစ်ခု ရင်ဆိုင်ကြုံတွေ့နေရသည့်ကာလဖြစ်နေကြောင်း CNN တွင် ဖော်ပြထားပါသည်။
ကိုးကား - CNN