မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦး ထိခိုက်ဒဏ်ရာရရှိ
27 June 2025
အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိစေရန်နှင့် အကြောက်တရားများ လွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများနှင့် အများပြည်သူသွားလာ အသုံးပြုနေသည့် လမ်းများပေါ်၌ မိုင်းထောင် ထားခြင်း၊ ဖောက်ခွဲခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၂၆ ရက် ည ၆ နာရီ ၅၅ မိနစ်တွင် မကွေးတိုင်း ဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ကျောင်းကုန်းကြီးကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့ရာ ကျေးရွာရှိ အောင်ချမ်းသာဘုန်းကြီးကျောင်းဝင်းအတွင်း Drop Bomb များ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါဘုန်းကြီးကျောင်းသို့ ရောက်ရှိနေသည့် ကျေးရွာပြည်သူ့စစ်အဖွဲ့ဝင် ဦးဝင်းမင်းဦး(၄၂)နှစ်တွင် ဗုံးသီးပေါက်ကွဲစ ထိမှန် ဒဏ်ရာများ ရရှိခဲ့၍ ပွင့်ဖြူမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ PDF အမည်ခံ အကြမ်းဖက်သမားများက အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော ကျေးရွာအတွင်းသို့ ရည်ရွယ်၍ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်မှုအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်ခဲ့မှုများကြောင့် ကျေးရွာလုံခြုံရေးဆောင်ရွက်ပေးနေသည့် ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်း မရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေး လုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိပါသည်။
MOHA