ပလက်ဝနဲ့ ရခိုင်မြို့ ၁၀ မြို့အပြင် နပခတပ်စခန်း ၈ ခုကိုပါ တစ်နှစ် အတွင်းသိမ်းယူနိုင်ခဲ့ဟု AA ထုတ်ပြန်

News Image

  • ပလက်ဝနဲ့ ရခိုင်မြို့ ၁၀ မြို့အပြင် နပခတပ်စခန်း ၈ ခုကိုပါ တစ်နှစ် အတွင်းသိမ်းယူနိုင်ခဲ့ဟု AA ထုတ်ပြန်

၁၄. ၁၁. ၂၀၂၄
Written by Nay Moe

ရခိုင်ပြည်နယ်မှာ မြို့သိမ်းတိုက်ပွဲဆင်နွှဲတဲ့ တစ်နှစ်တာကာလအတွင်း ချင်းနဲ့ ရခိုင်က မြို့ ၁၁ မြို့နဲ့ အဲဒီမြို့တွေက တပ်စခန်းတွေ သိမ်းယူခဲ့တဲ့အပြင် နပခ တပ်စခန်း ၈ ခုကိုပါ သိမ်းယူနိုင်ခဲ့တယ်လို့ ရခိုင်လက်နက်ကိုင် AA ရဲ့ ဒီနေ့ထုတ်ပြန်တဲ့ စစ်ရေးလှုပ်ရှားမှု တစ်နှစ်ပြည့်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

AA ဟာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ (၁၄) ရက်နေ့မှာ ပလက်ဝ၊ ဇန်နဝါရီ (၁၉) ရက်နေ့မှာ ပေါက်တော၊ ဖေဖော်ဝါရီ (၁၃) ရက်နေ့မှာ ကျောက်တော်၊ ဖေဖော်ဝါရီ (၁၅) ရက်နေ့မှာ မြေပုံ၊ ဖေဖော်ဝါရီ (၈) ရက်နေ့မှာ မြောက်ဦး၊ ဖေဖော်ဝါရီ (၂၆) ရက်နေ့မှာ မင်းပြား၊ မတ်လ (၄) ရက်နေ့မှာ ပုဏ္ဏားကျွန်း၊ မတ်လ (၁၁) ရက်နေ့မှာ ရမ်းဗြဲ၊ မတ်လ (၁၇) ရက်နေ့မှာ ရသေ့တောင်၊ မေလ (၁၈) ရက်နေ့မှာ ဘူးသီးတောင်နဲ့ စက်တင်ဘာလ (၅) ရက်နေ့မှာ သံတွဲမြို့ကို သိမ်းယူခဲ့တယ် ပြောပါတယ်။

ဒါ့အပြင် အမ်းမြို့နယ်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ခမရ (၃၇၃)-အမှတ် (၃၇၃) ခြေမြန်တပ်ရင်း၊ အမတ (၃၇၄)-အမှတ် (၃၇၄) အမြောက်တပ်ရင်း၊ လလစ (၇၅၇)-အမှတ် (၇၅၇) လျှပ်စစ်အလုပ်ရုံတပ်ခွဲ၊ စနခ (၃၄၅)-အမှတ် (၃၄၅) စစ်လက်နက်ပစ္စည်းတပ်ခွဲ၊ တစသ (၈)- အမှတ် (၈) တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း၊ တဆရ(၂/၃၀၀)-အမှတ်-၂ /ကုတင် ၃၀၀ တပ်မတော်စစ်ဆေးရုံ၊ လကရ-လေကြောင်းရန်ကာကွယ်ရေးတပ်၊ စရဖ-စစ်ဖက်ရေးရာလုံခြုံရေးတပ်တို့ သိမ်းယူထားပြီးပြီလို့လည်း ပြောပါတယ်။

လက်ရှိမှာလည်း နပခ-အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ဆလအခွဲ (၉၄၆) – အမှတ် (၉၄၆) ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ၊ ခမရ (၃၇၁) -အမှတ် (၃၇၁) ခြေမြန်တပ်ရင်း၊ ခမရ (၃၇၂) – အမှတ် (၃၇၂) ခြေမြန်တပ်ရင်း၊ လလစ (၇၅၇/၂) – အမှတ် (၇၅၇/၂) လျှပ်စစ်အလုပ်ရုံတပ်ခွဲ၊ ထပခ (၉၂၆) – အမှတ် (၉၂၆) ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ခွဲ၊ ဆသလ (၉) – အမှတ် (၉) ဆက်သွယ်ရေးလုံခြုံမှုတပ်ရင်း၊ အဆရ (၈) – အမှတ် (၈) အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း၊ တထခ (၁၀) – အမှတ် (၁၀) တပ်ထိန်းတပ်ခွဲ၊ စအရ (၉၁၉) – အမှတ် (၉၁၉) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ထုတ်ပြန်မှုမှာ ဖော်ပြထားပါတယ်။

Source- MT News