မော်စကိုဖျော်ဖြေရေးခန်းမ တိုက်ခိုက်မှုနှင့်ပတ်သက်သည့် ဖမ်းဆီးခံရ သူများက ယင်းတိုက်ခိုက်မှုကို ယူကရိန်းက ခိုင်းစေခဲ့သည်ဟု ရုရှား မီဒီယာများက ဖော်ပြ

News Image

  • မော်စကိုဖျော်ဖြေရေးခန်းမ တိုက်ခိုက်မှုနှင့်ပတ်သက်သည့် ဖမ်းဆီးခံရ သူများက ယင်းတိုက်ခိုက်မှုကို ယူကရိန်းက ခိုင်းစေခဲ့သည်ဟု ရုရှား မီဒီယာများက ဖော်ပြ

မော်စကိုအနီးရှိ ဖျော်ဖြေရေးခန်းမတစ်ခုတွင် လွန်ခဲ့သည့်နှစ်က ဖြစ်ပွား ခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုကြီးနှင့်ပတ်သက်သည့် ဖမ်းဆီးခံရသူများ က အဆိုပါ တိုက်ခိုက်မှုကို ယူကရိန်းက အမိန့်ပေးခဲ့ကြောင်း စစ်ဆေး မေးမြန်းမှုမှတ်တမ်းများကို ကိုးကား၍ ရုရှားမီဒီယာများက တနင်္ဂနွေနေ့ (ဇွန် ၂၉) တွင် ဖော်ပြခဲ့သည်။ 

၂၀၂၄ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် လက်နက်ကိုင် ၄ ဦးက Crocus City Hall ဂီတပွဲကျင်းပရာနေရာ၌ ပစ်ခတ်တိုက်ခိုက်ကာ အဆောက်အဦကို မီးရှို့ခဲ့ပြီး လူ ၁၄၉ ဦး သေဆုံးကာ ၆၀၀ ကျော် ဒဏ်ရာရခဲ့သည်။ စုံစမ်း စစ်ဆေးသူများအဆိုအရ တိုက်ခိုက်သူ အားလုံးကို ယူကရိန်းဘက်သို့ ကားဖြင့်ထွက်ပြေးရန် ကြိုးစားစဉ် နာရီပိုင်းအတွင်း ဖမ်းဆီးနိုင်ခဲ့သည်။

ISIS-K (Islamic State – Khorasan Province) အဖွဲ့က အဆိုပါ တိုက်ခိုက်သတ်ဖြတ်မှုအတွက် တာဝန်ယူကြောင်း ကြေညာခဲ့သည်။ တိုက်ခိုက်သူများအဖြစ် ဖမ်းဆီးခံရသူများမှာ Dalerdhzon Mirzoyev ၊ Saidokrami Rachabalizoda ၊ Shamsiddin Fariduni နှင့် Muhammadsobir Faizov တို့ဖြစ်ပြီး ၎င်းတို့အားလုံးမှာ တာဂျစ်ကစ္စတန် နိုင်ငံသားများ ဖြစ်ကြသည်။

မီဒီယာများက ကိုးကားဖော်ပြသည့် အမှုနှင့် ဆက်စပ်အထောက်အထား များအရ ဖမ်းဆီးခံရသူများက စုံစမ်းစစ်ဆေးသူများအား "ယူကရိန်း အစိုးရအဖွဲ့အစည်းတစ်ခု" က ယင်းတိုက်ခိုက်မှုကို အမိန့်ပေးခဲ့ပြီး ISIS-K က တိုက်ရိုက်စီစဉ်သူအဖြစ် ပါဝင်ခဲ့သည်ဟု ပြောကြားခဲ့သည်။ ၎င်းတို့၏ ပြောဆိုချက်အရ ယင်းတိုက်ခိုက်သတ်ဖြတ်မှုတွင် အသုံးပြုခဲ့သည့် လက်နက်များကို ယူကရိန်းနယ်မြေမှ ရရှိခဲ့သည်ဟု ဆိုသည်။

RIA Novosti ၏ ဖော်ပြချက်အရ Rachabalizoda က စုံစမ်းစစ်ဆေး သူများအား ၎င်းတို့အုပ်စုက 'ဆိုင်ဖူလို' ဟု သိထားသည့် ညွှန်ကြားသူက ကိယက်ဗ်သို့ ထွက်ပြေးရန် အမိန့်ပေးခဲ့ပြီး တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၁၃,၀၀၀ ခန့် ပေးအပ်မည်ဟု ကတိပေးခဲ့ကြောင်း ပြောကြား ခဲ့သည်။ ဖမ်းဆီးခံရသူများက ၎င်းတို့ကို ညွှန်ကြားသူများသည် တူရကီ နှင့် အာဖဂန်နစ္စတန် တို့တွင် အခြေစိုက်သည်ဟုလည်း ပြောကြား ခဲ့သည်ဟု ဆိုသည်။

TASS ၏ ဖော်ပြချက်အရ ဖမ်းဆီးခံရသူတစ်ဦးက ညွှန်ကြားသူများသည် အဆိုပါလုပ်ငန်းစဉ်ကို ISIS-K တစ်ဖွဲ့တည်း၏ တိုက်ခိုက်မှုအဖြစ် အသွင် ယူရန် ရည်ရွယ်ခဲ့သည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

ယူကရိန်းက Crocus City Hall တိုက်ခိုက်မှုနှင့် မည်သို့မျှသက်ဆိုင်မှု မရှိကြောင်း ငြင်းဆိုထားသည်။ သို့သော် ကိယက်ဗ်အစိုးရသည် ယခင်က ရုရှားနယ်မြေအတွင်း ပစ်မှတ်ထားလူသတ်မှုများ၊ အခြေခံအဆောက်အဦ များကို ဖျက်ဆီးမှုများနှင့် ရထားလမ်းများကို ဗုံးခွဲမှုများ ပြုလုပ်ခဲ့ကြောင်း ဝန်ခံဖူးသည်။ မကြာသေးမီ မေလကုန်ပိုင်းက တိုက်ခိုက် ဖျက်ဆီးမှု တစ်ခုကြောင့် ခရီးသည်တင် ရထားတစ်စင်း လမ်းချော်ပြီး လူ ၅ ဦး သေဆုံးကာ ၁၀၀ ကျော် ဒဏ်ရာရခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂