ကျောက်ဆည်မြို့နယ်တွင် အခမဲ့ဖွင့်လှစ်ခဲ့သည့် အခြေခံစက်ချုပ် နည်းပညာသင်တန်းဆင်းပွဲ ကျင်းပ
ကျောက်ဆည်၊ ဇူလိုင်-၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ကျောက်ဆည်မြို့နယ် မယ်ဇယ်ပင်ကျေးရွာ၌ အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေး လုပ်ငန်း စီမံကိန်းအဖြစ် အခမဲ့ ဖွင့်လှစ်ခဲ့သည့် အခြေခံစက်ချုပ်နည်းသင်တန်းဆင်းပွဲကို ယနေ့နံနက် (၁၀)နာရီခွဲက မယ်ဇယ်ပင် ကျေးရွာ ပညာလင်္ကာရစာသင်တိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခြေခံစက်ချုပ်နည်းပညာသင်တန်းဆင်းပွဲတွင် ကျောက်ဆည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇေယျာဝင်းက သင်တန်းသား/သင်တန်းသူများအနေဖြင့် သင်တန်းမှ စာတွေ့လက်တွေ့သင်ကြားပေးခဲ့သော အခြေခံစက်ချုပ်နည်းပညာများကို ကောင်းစွာ တတ်မြောက်ပြီးဖြစ်၍ ကျွမ်းကျင်စွာတတ်မြောက်စေရေး ဆက်လက်ဖွင့်လှစ်ပေးသွားမည့် မွန်းမံသင်တန်းကို တက်ရောက်သင်ကြား သွားကြစေလိုကြောင်းနှင့် မွန်းမံသင်တန်းတွင် ထူးချွန်သူ(၅)ဦးရွေးချယ်၍ ထောက်ပံ့ပစ္စည်းများ ပေးအပ် သွားမည်ဖြစ်ကြောင်း အမှာစကားပြောကြားခဲ့ပြီး သင်တန်းသူ မဝေယံနွယ်က တာဝန်ရှိသူများအား ကျေးဇူးတင် ရှိကြောင်း ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
အခြေခံစက်ချုပ်နည်းပညာသင်တန်းဆင်းပွဲသို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျောက်ဆည်ခရိုင် အသေးစားလက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ ဆက်စပ် ဦးစီးဌာနမှတာဝန်ရှိသူများ၊ ခရိုင်လုပ်ငန်းကော်မတီဝင်များ၊ ကျေးရွာလုပ်ငန်း ကော်မတီဝင်များ၊ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ပြီး သင်တန်းဆင်းပွဲအပြီးတွင် တက်ရောက် လာသူများမှ သင်တန်းသား/ သင်တန်း သူများ ချုပ်လုပ်ထားသည့် အဝတ်အထည်များအား ကြည့်ရှုလေ့လာခဲ့ကြောင်းနှင့် သင်တန်းတွင် ပုဆိုး၊ လုံချည်၊ ဘောင်းဘီအပွ၊ သင်္ဘောသားအင်္ကျီ၊ ဟာဝေယံအင်္ကျီ၊ ရင်စေ့၊ ရင်ဖုံး၊ ရင်ဖြတ်၊ ချိတ်ထဘီ၊ ပတ်ထဘီ၊ ကလေး ဘောင်းဘီချုပ်နည်းများ စာတွေ့၊ လက်တွေ့ သင်ကြားပေးခဲ့ကြောင်း သိရသည်။
ပေးပို့သူ- သက်မောင်၊ ကျောက်ဆည်