ထရမ့်က အမေရိကန်သည် အိန္ဒိယနှင့် သဘောတူညီမှုရရန် နီးစပ်နေသော်လည်း ဂျပန်နှင့် အဆင်မပြေမှုများရင်ဆိုင်နေရသည်ဟု ဆို

News Image

  • ထရမ့်က အမေရိကန်သည် အိန္ဒိယနှင့် သဘောတူညီမှုရရန် နီးစပ်နေသော်လည်း ဂျပန်နှင့် အဆင်မပြေမှုများရင်ဆိုင်နေရသည်ဟု ဆို

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အိန္ဒိယနှင့် ကုန်သွယ်ခွန်များကို သိသိသာသာ လျှော့ချနိုင်ရေး သဘောတူညီမှုရရှိရန် မျှော်လင့်နေ သော်လည်း ဂျပန်နှင့်ညှိနှိုင်းမှုများနှင့် ပတ်သက်၍ အဆင်မပြေမှုများ ရှိနေကြောင်း ပြောကြားခဲ့သည်။ ဇူလိုင်လ ၁ ရက်နေ့တွင် လေယာဉ်ပေါ်၌ သမ္မတထရမ့်က “အိန္ဒိယသည် အမေရိကန်ကုမ္ပဏီများအတွက် ကုန်သွယ်မှုအဟန့်အတားများကို လျှော့ချရန် အဆင်သင့်ဖြစ်နေပြီဟု ယုံကြည်ကြောင်း” ပြောကြားခဲ့သည်။ ထိုသို့ဖြစ်ပါက ဇူလိုင် ၉ ရက်မှ စတင်၍ ကျသင့်မည့် ၂၆% ပြန်လည်ကောက်ခံမည့် ကုန်သွယ်ခွန်များမှ ရှောင်ရှားနိုင်မည့် သဘောတူညီမှုအတွက် လမ်းခင်းပေးနိုင်မည်ဖြစ်သည်။

“လောလောဆယ် အိန္ဒိယက ဖွင့်မပေးသေးဘူး။ ၎င်းတို့ပြောင်းလဲမည် ဆိုပါက အခွန်နှုန်းအများကြီးလျှော့ပြီး သဘောတူညီမှုရနိုင်သည်” ဟု ၎င်းက ပြောကြားခဲ့သည်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်ကလည်း Fox News သို့ ပြောကြားရာတွင် အမေရိကန်နှင့် အိန္ဒိယတို့သည် နှစ်ဖက်စလုံးအတွက် ကုန်သွယ်ခွန်လျှော့ချရေး သဘောတူညီမှုရရှိရန် နီးစပ်နေပြီဖြစ်ကြောင်း ဖွင့်ဟခဲ့သည်။ 

အိန္ဒိယအရာရှိများသည် ထရမ့်အစိုးရနှင့် သဘောတူညီမှုရရှိရန် ရည်ရွယ်၍ ၎င်းတို့၏ဝါရှင်တန်ခရီးစဉ်ကို ယခုသီတင်းပတ် အစောပိုင်း အထိ ဆက်လက်တိုးချဲ့ထားကြောင်း အိမ်ဖြူတော်အရာရှိတစ်ဦး၏ ကိုးကား ပြောကြားချက်အရ သိရသည်။ အိမ်ဖြူတော်အရာရှိက “အမေရိကန် အစိုးရသည် နောက်ဆုံးရက်စွဲနီးကပ်လာသည်နှင့်အမျှ အိန္ဒိယအပါအဝင် နိုင်ငံအချို့နှင့် ကုန်သွယ်ရေးသဘောတူညီမှုများကို ဦးစားပေးဆောင်ရွက် နေသည်” ဟု ပြောကြားခဲ့သည်။

လက်ရှိတွင် အမေရိကန်နှင့် အိန္ဒိယတို့အကြား ညှိနှိုင်းမှုများသည် မော်တော်ကားအစိတ်အပိုင်းများ၊ သံမဏိနှင့် စိုက်ပျိုးထုတ်ကုန်များအပေါ် ကုန်သွယ်ခွန်များနှင့်ပတ်သက်၍ အဆိုပြုချက်များတွင် ရှေ့မဆက် နိုင်ဘဲရှိနေသည်။ ဇူလိုင် ၁ ရက်နေ့က နယူးယောက်မြို့တွင် ကျင်းပသော အခမ်းအနားတစ်ခု၌ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Subrahmanyam Jaishankar က “မိမိတို့သည် အလွန်ရှုပ်ထွေးသည့် ကုန်သွယ်ရေးညှိနှိုင်းမှုများ၏ အလယ်မှာရှိနေပြီး အောင်မြင်မည်ဟု မျှော်လင့်သော်လည်း နှစ်ဖက်ညှိနှိုင်းမှုဖြစ်သောကြောင့် အာမမခံနိုင်ပါ” ဟု ပြောကြားခဲ့သည်။ ၎င်းက အဆိုပါသဘောတူညီမှုရရှိရန် နှစ်ဖက်စလုံးမှ ရပ်စဲမှုများ လိုအပ် မည်ဟုလည်း ထပ်လောင်းအလေးပေးပြောကြားခဲ့သည်။

အမေရိကန်သမ္မတထရမ့်က ဂျပန်နှင့်ညှိနှိုင်းရာတွင် အခက်အခဲများရှိကြောင်း ဆက်လက်ပြောကြားခဲ့သည်။ ၎င်းသည် ယခင်က ကုန်သွယ်ခွန် ဆိုင်းငံ့မှုကို တိုးချဲ့ရန် စဉ်းစားမထားကြောင်း ပြောဆိုခဲ့ဖူးသည်။ အမေရိကန် သည် ဇူလိုင် ၉ ရက်မှစတင်၍ စည်းကြပ်မည့်အခွန်များနှင့် ပတ်သက်သည့် အကြောင်းကြားစာများကို နိုင်ငံတစ်ခုချင်းစီသို့ ပေးပို့မည် ဖြစ်သည်။ ထရမ့်က ဂျပန်ထုတ်ကုန်များအပေါ် ၃၀-၃၅% အထိ ကုန်သွယ်ခွန် တိုးမြှင့်နိုင်ကြောင်း ပြောကြားခဲ့ပြီး၊ ၎င်းသည် ဧပြီလ ၂ ရက်က ကြေညာခဲ့သော ၂၄% ထက် သိသိသာသာ မြင့်မားနေသည်။

ထရမ့်က ဂျပန်သည် အမေရိကန်၏တောင်းဆိုမှုရှိသော်လည်း အမေရိကန် ဆန်ကို ဝယ်ယူရန် ငြင်းဆန်နေဆဲဖြစ်ကြောင်း ရှင်းပြခဲ့သည်။ 

လောလောဆယ်တွင် အမေရိကန်သည် ဗြိတိန်နှင့်သာ သေးငယ်သည့် ကုန်သွယ်ရေး သဘောတူညီမှုတစ်ခုကို ရရှိထားပြီး ထိုသဘောတူညီမှုတွင် ဗြိတိန်သည် အမေရိကန်ဈေးကွက်သို့ဝင်ရောက်မည့် မော်တော်ကား အပါအဝင် ကုန်ပစ္စည်းများအပေါ် ၁၀% ခွန်ကောက်ခံမှုကို လက်ခံထားသည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂