အိန္ဒိယအတွက် ရေတပ်သင်္ဘောများ ပိုမိုတည်ဆောက်သွားမည်ဟု ရုရှား ပြောကြား

News Image

  • အိန္ဒိယအတွက် ရေတပ်သင်္ဘောများ ပိုမိုတည်ဆောက်သွားမည်ဟု ရုရှား ပြောကြား

ရုရှားနှင့်အိန္ဒိယတို့သည် အိန္ဒိယရေတပ်အတွက် သင်္ဘောများ ထပ်မံ တည်ဆောက်ရန် ဆွေးနွေးလျက်ရှိကြောင်း ရုရှားသင်္ဘော တည်ဆောက်ရေးကော်ပိုရေးရှင်း အမှုဆောင်အရာရှိ အန်ဒရေပူချ်ကော့ဗ်က ကာလီနင်ဂရက် ရှိ ယန်တာသင်္ဘောကျင်းတွင် ကျင်းပပြုလုပ်သည့် အိန္ဒိယရေတပ်သို့ 11356 ဖရီးဂိတ် လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားတွင် ပြောကြား လိုက်ပါသည်။

အိန္ဒိယနှင့် မိမိတို့မှာ ပူးပေါင်းမှုမှာ သမိုင်းရှည်လျားပြီး ယုံကြည် စိတ်ချ ရသော မိတ်ဖက်များ ဖြစ်ပါကြောင်း၊ အိန္ဒိယက လုပ်ဖော်ကိုင်ဖက်များ အတွက် မိမိတို့ သင်္ဘောအစီးရေ အတော်များများ တည်ဆောက်ပြီး ဖြစ်ကာ Make in India အစီအစဉ်အရ အိန္ဒိယတွင် တည်ဆောက် လျက်ရှိသော သင်္ဘောများအတွက်လည်း စက်ပစ္စည်းများနှင့် ယန္တရား များ ဆက်လက်ပို့ဆောင်နေပါကြောင်း၊ စစ်သင်္ဘော အသစ်အဆန်း တည်ဆောက်ရေးအတွက် မိတ်ဖက်ဆက်ဆံရေးကိုလည်း တိုးချဲ့ သွားမည် ဖြစ်ပါကြောင်း ၎င်းက ပြောကြားထားပါသည်။

11356 ဖရီးဂိတ်များသည် ကမ်းနီးနှင့်ကမ်းဝေးပင်လယ်ပြင်တွင် ရေငုပ် သင်္ဘောများနှင့် စစ်သင်္ဘောများကို တိုက်ခိုက်ရန်နှင့် လေကြောင်း တိုက်ခိုက်မှုများကို တစ်ကိုယ်တော်ဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ ခုခံ တိုက်ခိုက် နိုင်ရန် ဒီဇိုင်းထုတ် တည်ဆောက်ထားပါသည်။ ထိုသင်္ဘောများတွင် A-190 100mm အမြောက်၊ Kalibr နှင့် Shtil အပါအဝင် လေကြောင်း ကာကွယ်ရေးဒုံးကျည်များ၊ တော်ပီဒိုလက်နက်များ တပ်ဆင်ထားပါသည်။ ရဟတ်ယာဉ် သယ်ဆောင်နိုင်အောင် မွမ်းမံထားပြီး တန်ချိန် ၃၆၂၀ တန်၊ အလျား ၁၂၄.၈ မီတာ ရှိပြီး အမြန်ဆုံးနှုန်း ရေမိုင် ၃၀ သွားရောက်နိုင် ပါသည်။ 

ကိုးကား- Tass

Photo: Indian Politics

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃