ဥရောပ ပါလီမန်အမတ်အချို့က Von der Leyen အပေါ် 'ယုံကြည်မှုမရှိ' အဆိုကို ဆန္ဒမဲပေးရန် အဆင်သင့်ဖြစ်နေဟုဆို
ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen အား ယုံကြည်မှု မရှိကြောင်း ဆန္ဒမဲပေးရန် ဥရောပပါလီမန်အမတ်များ (MEPs) ပြင်ဆင် နေကြောင်း မီဒီယာအချို့က ဖော်ပြခဲ့ပြီး ၎င်းမှာ သူမ၏ COVID-19 ကာကွယ်ဆေးသဘောတူညီချက်ဆိုင်ရာ စီမံခန့်ခွဲမှုကို ဝေဖန်မှုများကြောင့် ဟုဆိုသည်။
Strasbourg မြို့တွင် ကျင်းပမည့် ဥရောပပါလီမန်၏ ဇူလိုင် ၁၀ ရက်နေ့ အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်ရန် ရိုမေးနီးယားအမတ် Gheorghe Piperea က အဆိုတင်သွင်းထားပြီး ဇူလိုင် ၇ ရက်တွင် အဆိုနှင့် ပတ်သက်၍ အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း Politico သတင်းဌာနက ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၂) တွင် ဖော်ပြခဲ့သည်။
အထူးသဖြင့် Von der Leyen အား ၂၀၂၁ ခုနှစ်က COVID-19 ကာကွယ်ဆေးအတွက် ယူရိုဘီလီယံချီ၍ တန်ဖိုးရှိသော သဘောတူညီချက်များဆိုင်ရာ ညှိနှိုင်းမှုများအတွက် Pfizer ၏ CEO Albert Bourla နှင့် အပြန်အလှန်ပေးပို့ခဲ့သည့် စာရွက်စာတမ်းများကို ထုတ်ဖော်ရန် ငြင်းဆန် ခဲ့ခြင်းနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုမရှိခြင်းနှင့် စီမံခန့်ခွဲမှုညံ့ဖျင်းခြင်း တို့အတွက် စွပ်စွဲခံနေရသည်။
ဥရောပသမဂ္ဂ တရားရုံး၏ ဆုံးဖြတ်ချက်အရ ဥရောပကော်မရှင်သည် အဆိုပါ စာရွက်စာတမ်းများကိုများကို မထုတ်ပြန်ရခြင်း၏ ခိုင်လုံသော အကြောင်းပြချက် မပေးနိုင်ခဲ့ဟု သိရသည်။
“ကော်မရှင်သည် တောင်းဆိုထားသော စာရွက်စာတမ်းများကို သိမ်းဆည်း ထားခြင်းမရှိကြောင်းကို ပြောဆိုရုံမျှဖြင့် မလုံလောက်ဘဲ၊ ယုံကြည် စိတ်ချရသော ရှင်းလင်းချက်များ ပေးရမည်” ဟု ဥရောပသမဂ္ဂ တရားရုံး က မေလတွင် ဆုံးဖြတ်ခဲ့သည်။ တရားရုံးက အမိန့်ထုတ်ပြန်ခဲ့သော်လည်း စာရွက်စာတမ်းများကို မျှဝေရန် ငြင်းဆန်ခဲ့ခြင်းသည် “အင်စတီကျူးရှင်း အဆင့် လွန်ကဲစွာ အာဏာသုံးမှု၊ ဒီမိုကရေစီကို လျစ်လျူရှုမှုနှင့် သမဂ္ဂ၏ အုပ်ချုပ်ရေးဆိုင်ရာ ပြည်သူ့ယုံကြည်မှု ပျက်ပြားလာစေမှု” ကို ပြသ နေသည်ဟု Piperea က လွန်ခဲ့သည့်လ က ဆိုခဲ့သည်။
အဆိုတင်သွင်းရန် လိုအပ်သော လက်မှတ် ၇၂ စောင်ကို စုဆောင်း နိုင်ခဲ့သော်လည်း အဆိုပါမဲပေးမှုသည် အယုံအကြည်မရှိကြောင်း အဓိပ္ပာယ် သက်သက်သာ ဖြစ်မည်ဟု မျှော်မှန်းရသည်။ အဆိုအောင်မြင်ရန် မဲပေးသူ၏ သုံးပုံနှစ်ပုံက အဆိုကို ထောက်ခံရမည့်အပြင် ပါလီမန်အမတ် ၇၂၀ အနက် အများစု၏ ကိုယ်စားပြုမှုလည်း လိုအပ်သည်။ Piperea က အဆိုပါ မဲပေးမှု အောင်မြင်နိုင်ခြေနည်းပါးကြောင်း ဝန်ခံထားသော်လည်း၊ ၎င်းကို “ဥက္ကဋ္ဌ von der Leyen အား အပြုသဘောဆောင်ပြီး ခိုင်လုံသော ဝေဖန်မှုများ ပြုလုပ်ရန်အတွက် အရေးကြီးသော အခွင့်အရေး” အဖြစ် ရှုမြင်ကြောင်း ပြောကြားခဲ့သည်။
Von der Leyen ၏ ဥရောပပြည်သူ့ပါတီ (EPP) နှင့် လက်ရှိ ပါလီမန်အများစုဖွဲ့ပါဝင်သည့် အခြားဗဟိုချုပ်ကိုင်မှုအုပ်စုများသည် ယင်းအဆိုကို ထောက်ခံမည်မဟုတ်ကြောင်း ပြောကြားထားသော်လည်း အချို့အမတ်များက ကော်မရှင်၏ ပွင့်လင်းမြင်သာမှုဆိုင်ရာ ဒွိဟဖြစ်ဖွယ် ရပ်တည်ချက်နှင့်ပတ်သက်၍ မကျေနပ်မှုများ ထုတ်ဖော်ပြောဆိုခဲ့သည်။
အကယ်၍ အဆိုအောင်မြင်ပါက ဥရောပကော်မရှင်အဖွဲ့ဝင်အားလုံး နုတ်ထွက်ရမည်ဖြစ်ပြီး၊ ကော်မရှင်နာ အသစ် ၂၇ ဦးအား ပြန်လည် ခန့်အပ်ရန် လိုအပ်မည်ဖြစ်သည်။ ယခုအချိန်အထိ ကော်မရှင်တစ်ခုလုံး နုတ်ထွက်ခဲ့ရသည့် တစ်ခုတည်းသောဖြစ်ရပ်မှာ ၁၉၉၉ ခုနှစ်က သမ္မတ Jacques Santer လက်ထက်တွင် ခြစားမှုနှင့်ဆက်စပ်သည့် အငြင်းပွား ဖွယ်ရာများ ကြောင့်ဖြစ်သည်။ ထိုနည်းတူ နောက်ဆုံး အဆိုတင်သွင်းမှုတွင် ၂၀၁၄ ခုနှစ်က သမ္မတ Jean-Claude Juncker အား အခွန်ရှောင်တိမ်းမှုစွပ်စွဲချက်များဖြင့် တင်သွင်းခဲ့သော်လည်း မဲအပြတ်အသတ်ဖြင့် ရှုံးနိမ်ခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂