လီဗာပူးလ်အသင်း၏ တိုက်စစ်ကစားသမား Diogo Jota သေဆုံး

News Image

  • လီဗာပူးလ်အသင်း၏ တိုက်စစ်ကစားသမား Diogo Jota သေဆုံး

လီဗာပူးလ်နှင့် ပေါ်တူဂီ အသင်းတို့၏ ၂၈ နှစ်အရွယ် တိုက်စစ် ကစား သမား Diogo Jota နှင့် ၎င်း၏ညီတို့သည် ယနေ့ (ဇူလိုင် ၃) Zamora ခရိုင်၌ ယာဉ်မတော်တဆမှုဖြင့် သေဆုံးသွားခဲ့သည်။ စပိန်အနောက်ပိုင်း ၊Zamora ခရိုင်၊ Cernadilla မြို့ A-52 မော်တော်ကားလမ်းမပေါ်ရှိ လမ်းကွေ့တစ်နေရာတွင် ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း သိရှိ ရပြီး Jota နှင့် ၎င်း၏ ညီတို့စီးနင်းလာသော ကားသည် ကားဘီးပေါက်ကာ ထိန်းချုပ်နိုင်ခြင်းမရှိတော့ဘဲ လူးလိမ့်သွားပြီး မီးလောင်ကျွမ်းခဲ့သည်ဟု ဆိုသည်။

ခရိုင် ယာဉ်စည်းကမ်းထိန်းသိမ်းရေးရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ UME လူနာတင်ယာဉ်ဝန်ဆောင်မှုနှင့် Mombuey ကျန်းမာရေးစင်တာမှ ဝန်ထမ်း များက ဝိုင်းဝန်းကူညီခဲ့ကြသော်လည်း Jota နှင့် ပေါ်တူဂီ ဒုတိယတန်း ကလပ် Penafiel မှ ကစားသမားဖြစ်သည့် ၎င်း၏ညီ Silva တို့နှစ်ဦး စလုံးသည် အခင်းဖြစ်ရာနေရာတွင် အသက်ဆုံးရှုံးသွားခဲ့သည်။

Jota ညီအစ်ကိုများသည် အားလပ်ရက် ခရီးသွားနေစဉ် အဆိုပါ မတော်တဆမှုဖြစ်ပွားခဲ့သည်ဟု ယူဆရသည်။ Jota သည် ၎င်း၏ ကာလကြာရှည်စွာကပင် ချစ်ခင်ခဲ့သော အတူနေချစ်သူ Rute Cardoso နှင့် ကလေး ၃ ယောက် ရှိပြီး လက်ထပ်ထိမ်းမြားခဲ့သည်မှာ ၁၀ ရက်သာ ကြာမြင့်သေးသည်။

၁၉၉၆ ခုနှစ် ဒီဇင်ဘာ ၄ ရက်တွင် မွေးဖွားခဲ့သော Jota သည် ပေါ်တူဂီ ကလပ် Pacos Ferreira  အကယ်ဒမီတွင် ကြီးပြင်းခဲ့ပြီး Atletico Madrid မှ ခေါ်ယူခြင်းခံရကာ Porto သို့ အငှားစားချုပ်ဖြင့် သွားရောက် ကစား ခဲ့သည်။ ၂၀၁၇ နွေရာသီတွင် ၎င်းသည် Wolves အသင်းသို့ ဒေါ်လာ ၁၆.၆ သန်း တန်ဖိုးရှိ အငှားစာချုပ်ဖြင့် ရောက်ရှိခဲ့ပြီး တစ်နှစ်ခွဲအကြာ တွင် အသင်းမှ အပြီးသတ်ဝယ်ယူခဲ့သည်။ Wolves နှင့် ပထမဆုံး ရာသီတွင်ပင် Jota သည် First Division လိဂ်တွင် ၁၇ ဂိုးရရှိခဲ့ကာ အသင်းအား Premier League သို့ တက်ရောက်နိုင်ရန် အဓိက အထောက်အကူပြုခဲ့သည်။

၂၀၂၀ ပြည့်နှစ်တွင် Jota သည် ဒေါ်လာ ၅၈ သန်းဖြင့် Liverpool အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး Anfield အသင်းအတွက် ၁၈၂ ပွဲကစားကာ ၆၅ ဂိုးသွင်းယူပြီး ၂၆ ဂိုးအတွက်ထောက်ပံ့မှုပြုခဲ့သည်။ Liverpool တွင် ၎င်းသည် ၂၀၂၄-၂၀၂၅ Premier League ချန်ပီယံဆု၊ ၂၀၂၁-၂၀၂၂ ရာသီတွင် FA Cup နှင့် League Cup ဆုများ ရရှိခဲ့သည်။

အဆိုပါဝမ်းနည်းဖွယ်အဖြစ်အပျက်သည် Jota ၏ ကလပ်နှင့် နိုင်ငံ့ လက်ရွေးစင်အဆင့် အောင်မြင်မှုများအပြီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ Premier League နှင့် UEFA Nations League ဆုများကို ရရှိခဲ့သည်။ Jota သည် ပေါ်တူဂီ လက်ရွေးစင်အသင်းအတွက် ပွဲ ၄၉ ပွဲကစားခဲ့ပြီး၁၄ ဂိုး သွင်းယူခဲ့ကာ ၂၀၁၈-၂၀၁၉ နှင့် ၂၀၂၄-၂၀၂၅ ရာသီများတွင် Nations League ချန်ပီယံဆု နှစ်ကြိမ်ရရှိခဲ့သည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂