ရွှေဈေးကျဆင်းပြီး အမေရိကန်စတော့ရှယ်ယာဈေး ဆက်လက် မြင့်တက်

News Image

  • ရွှေဈေးကျဆင်းပြီး အမေရိကန်စတော့ရှယ်ယာဈေး ဆက်လက် မြင့်တက်

အလုပ်အကိုင်အခြေအနေ နှင့်ပတ်သက်သည့် အချက်အလက်များ မျှော်မှန်းထားသည်ထက် ပိုကောင်းမွန်မှုကြောင့် ကမ္ဘာ့ရွှေဈေး ဒေါ်လာ ၃၀ ကျော်ကျဆင်းသွားသော်လည်း Wall Street စတော့ ရှယ်ယာဈေး မှာမူ ဒုတိယအကြိမ်ဆက်တိုက် စံချိန်တင်မြင့်တက်နေသည်။

ဇူလိုင် ၃ ရက်က ဈေးကွက်ပိတ်သိမ်းချိန်တွင် ကမ္ဘာ့ရွှေစျေးသည် တစ် အောင်စလျှင် ၃,၃၂၅ ဒေါ်လာဖြင့် ဒေါ်လာ ၃၁ ကျဆင်းခဲ့သည်။ ဈေးကွက်ဖွင့်လှစ်ထားစဉ်အချိန်အတွင်း တစ်ချိန်တွင် ရွှေစျေးသည် ၃,၃၁၅ ဒေါ်လာအထိ ကျဆင်းသွားခဲ့သည်။

အမေရိကန်အလုပ်သမားရေးရာဌာနမှ ဇွန်လအတွက် မျှော်မှန်းထားသည် ထက် ပိုမိုကောင်းမွန်သော အလုပ်အကိုင်အခြေအနေဆိုင်ရာ အစီရင်ခံစာ ထွက်ရှိပြီးနောက် ဈေးကွက်တည်ငြိမ်သွားခဲ့သည်။ အမေရိကန်နိုင်ငံတွင် အလုပ်အကိုင်အသစ် ၁၄၇,၀၀၀ ရရှိခဲ့ပြီး မျှော်မှန်းထားသည့် ၁၁၀,၀၀၀ ထက် ပိုမိုများပြားခဲ့သည်။ အဆိုပါအချက်အလက်များက အမေရိကန်ဗဟိုဘဏ် (Fed) ၏ အတိုးနှုန်းလျှော့ချမှုကို မကြာမီကာလအတွင်းလုပ်ဆောင်နိုင်ခြေကို လျော့နည်းစေသည်။ အတိုးနှုန်းမြင့်မားခြင်းက ရွှေကို စိတ်ဝင်စားမှုနည်းစေသည်။

အလုပ်အကိုင်အခြေအနေကောင်းမွန်မှုက အမေရိကန်ဒေါ်လာကို အားကောင်း စေခဲ့ပြီး ဒေါ်လာတန်ဖိုးတက်လာခြင်းက အခြားငွေကြေးသုံးစွဲသည့် ရွှေဝယ်လိုအားအတွက် ပိုမိုစျေးနှုန်းမြင့်မားစေသည်။ သို့သော် Julius Baer အဆိုအရ ဇူလိုင် ၃ ရက်က အမေရိကန်အောက်လွှတ်တော်မှဒေါ်နယ်ထရမ့်၏ အခွန်လျှော့ချရေးနှင့် အသုံးစရိတ်တိုးမြှင့်ရေး ဥပဒေကြမ်း အတည်ပြုခဲ့ခြင်းက ရေရှည်တွင် ရွှေအတွက်အကျိုးရှိစေမည်ဟု ဆိုသည်။ “အမေရိကန်အစိုးရ၏ ကြွေးမြီသည် ဒေါ်လာ ၃.၄ ထရီလီယံအထိ တိုးလာနိုင်ပြီး၊ ရင်းနှီးမြှုပ်နှံသူများက ဒေါ်လာအပေါ် စိုးရိမ်မှုတိုးလာကာ ရွှေဈေးကိုမြင့်တက်စေမည်” ဟု ၎င်းက ရှင်းပြခဲ့သည်။

ဇွန်လအတွင်း အလုပ်အကိုင်အခြေအနေကောင်းမွန်မှုက အမေရိကန်စတော့ ရှယ်ယာဈေးကို ဆက်လက်မြင့်တက်စေခဲ့သည်။ S&P 500 နှင့် Nasdaq Composite အညွှန်းကိန်းများသည် အသီးသီး ၀.၈% နှင့် ၁% တက်ကာ ဒုတိယအကြိမ်ဆက်တိုက် စံချိန်သစ်တင်ခဲ့သည်။ DJIA လည်း ၀.၇၇% တက်ပြီး ၄၄,၈၂၈ ပွိုင့် အထိရောက်ရှိခဲ့သည်။

ချစ်ပ်ထုတ်လုပ်သူ Nvidia ၏ စတော့ရှယ်ယာဈေးသည် ၁.၃% တက်ကာ ကုမ္ပဏီ၏ စျေးကွက်တန်ဖိုးသည် ဒေါ်လာ ၃.၈၉ ထရီလီယံ အထိ ရောက်ရှိခဲ့သည်။ ဈေးကွက်ဖွင့်စဉ်ကာလအတွင်း ၎င်း၏တန်ဖိုးသည် ဒေါ်လာ ၃.၉၂ ထရီလီယံ အထိရောက်ရှိခဲ့ပြီး Apple ၏ စံချိန်တင် ဒေါ်လာ ၃.၉၁၅ ထရီလီယံ ကိုပင် ကျော်လွန်သွားခဲ့သည်။

ဇူလိုင် ၃ ရက်တွင် အမေရိကန်စတော့ရှယ်ယာစျေးကွက်သည် လွတ်လပ်ရေး နေ့ အခမ်းအနားအတွက် အချိန်တိုတောင်းစွာ ဖွင့်လှစ်ခဲ့သဖြင့် ကုန်သွယ်မှုပမာဏ နည်းပါးခဲ့သည်။ Man Group ၏ စျေးကွက် လေ့လာ သုံးသပ်ရေးပညာရှင် Kristina Hooper က “အဆိုပါတိုးတက်မှုကို အဓိကဦးဆောင်နေသည်မှာ လက်လီရင်းနှီးမြှုပ်နှံသူများဖြစ်ပြီး ၎င်းတို့ သည် ငွေကြေးဖောင်းပွမှုဖိအားနှင့် ကုန်သွယ်ခွန် မတည်ငြိမ်မှုများကို လျစ်လျူရှုကာ အလုပ်အကိုင်အခြေအနေကောင်းမွန်မှုမှ အကောင်းမြင် စိတ်ကိုသာ အာရုံစိုက်နေကြသည်” ဟု ရှင်းပြခဲ့သည်။ 

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂