ဂါဇာဒေသ၏ ၆၅ ရာခိုင်နှုန်းကို ထိန်းချုပ်ထားဟု အစ္စရေးစစ်တပ် ပြော

News Image

  • ဂါဇာဒေသ၏ ၆၅ ရာခိုင်နှုန်းကို ထိန်းချုပ်ထားဟု အစ္စရေးစစ်တပ် ပြော

လက်ရှိတွင် ဂါဇာကမ်းမြောင်ဒေသ၏ ၆၅ ရာခိုင်နှုန်းကျော်ကို စစ်ရေးအရ ထိန်းချုပ်ထားကြောင်း အစ္စရေးကာကွယ်ရေးတပ် (IDF) က ဇူလိုင် ၄ ရက်၌ ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ထိုကြေညာချက်နှင့်အတူ အဓိကအားဖြင့် ဂါဇာဒေသမြောက်ပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်းရှိ အစ္စရေး ထိန်းချုပ်ထားသော နယ်မြေများကို ဖော်ပြသည့် စစ်သုံးမြေပုံနှင့် ယင်းဒေသအနှံ့၌ IDF တပ်ခွဲများ တပ်ဖြန့်ချထားပုံတို့ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အစ္စရေးစစ်တပ်အနေဖြင့် မတ်လအတွင်း ဂါဇာစစ်ဆင်ရေး ပြန်လည်စတင်ချိန်က ယင်းဒေသ ၏ ၇၅ ရာခိုင်နှုန်းကို ထိန်းချုပ်နိုင်ရန် ရည်မှန်းထားခဲ့ခြင်း ဖြစ်သည်ဟု အစ္စရေးရုပ်သံ Channel 12 News ၏ အဆိုအရ သိရသည်။ လွန်ခဲ့သော သီတင်းပတ်အတွင်း အစ္စရေးတပ်ဖွဲ့ဝင်များက ဂါဇာဒေသ၌ အကြီးတန်း တပ်မှူးလေးဦး အပါအဝင် စစ်သွေးကြွ ၁၀၀ ကျော်ကို သုတ်သင်နိုင်ခဲ့ ကြောင်း IDF က သတင်း ထုတ်ပြန်ခဲ့သည်။ အစ္စရေးလေတပ်ကလည်း မတ်လ ၁၈ ရက်မှစ၍ လက်နက်တိုက်များ၊ ဒုံးကျည် ပစ်လွှတ်သည့်နေရာများ၊ မြေအောက်ဘန်ကာများ အပါအဝင် စစ်ဘက် အခြေခံအဆောက်အအုံ ၇,၅၀၀ ကျော်ကို တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် စတင်ခဲ့သော အစ္စရေး၏ ဂါဇာထိုးစစ်ကြောင့် ပါလက်စတိုင်း ၅၇,၁၃၀ ဦးထက်မနည်း သေဆုံးကာ ၁၃၅,၁၇၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဂါဇာကျန်းမာရေးဌာန တာဝန်ရှိသူများ၏ ဇူလိုင် ၃ ရက် ထုတ်ပြန်ချက်အရ သိရသည်။ 

ကိုးကား- ဆင်ဟွာ