တက္ကဆက်ပြည်နယ်တွင် အမေရိကန် လူဝင်မှုကြီးကြပ်ရေး အေးဂျင့် ချောင်းမြောင်းတိုက်ခိုက်ခံရ
အမေရိကန်လူဝင်မှုကြီးကြပ်ရေး (ICE) အေးဂျင့်များကို ဇူလိုင် ၄ ရက် ညပိုင်းက တက္ကဆက်ပြည်နယ်ရှိ စခန်းအပြင်ဘက်တွင် အကြမ်းဖက် အုပ်စုတစ်စုက ချောင်းမြောင်းတိုက်ခိုက်ပစ်ခတ်ခဲ့ပြီး တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့သည်။ အမေရိကန်တရားရေးဌာနက ဇူလိုင် ၇ ရက်တွင် ပစ်ခတ်တိုက်ခိုက်မှုအတွက် သံသယရှိ ၁၀ ဦးအား လူသတ်ရန် ကြံစည်မှု နှင့် လက်နက်ကိုင်အကြမ်းဖက်မှု စွဲချက်များဖြင့် တရားစွဲဆိုခဲ့ကြောင်း ကြေညာခဲ့သည်။
အဆိုပါတိုက်ခိုက်မှုသည် ဇူလိုင် ၄ ရက် ညပိုင်းတွင် Alvarado မြို့ရှိ Prairieland Detention Center (လူဝင်မှုစခန်း) အပြင်ဘက်၌ ဖြစ်ပွား ခဲ့သည်။ ထိုစခန်းကို ICE က နယ်စပ်ဖြတ်ကျော်ဝင်ရောက်သူများအားနိုင်ငံကူးလက်မှတ်မရှိဟု သတ်မှတ်ပြီး ပြန်ပို့ရန် စောင့်ဆိုင်းခိုက် ထိန်းသိမ်းထားရာနေရာအဖြစ် အသုံးပြုလျက်ရှိသည်။
သံသယရှိသူများသည် စစ်တပ်ပုံစံ ဝတ်စုံများဝတ်ဆင်ကာ အစပိုင်းတွင် ထောင်အပြင်ဘက်၌ မီးရှူးမီးပန်းများပစ်ဖောက်ခဲ့ပြီး ICE အား ရှုတ်ချသည့် စာတမ်းများကို ယာဉ်များနှင့် စောင့်ကြပ်ရေးမျှော်စင်များပေါ်တွင် စပရေးဘူးများဖြင့် ရေးခြယ်ခဲ့ကြသည်။
လက်နက်ကိုင်ဆောင်မထားသော ထောင်အရာရှိနှစ်ဦးနှင့် လှည့်ကင်း အရာရှိတစ်ဦးတို့ စကားပြောရန် ရောက်ရှိလာစဉ် အကြမ်းဖက်သမားများက ရုတ်တရက်တိုက်ခိုက်ခဲ့သည်။ တောအုပ်ထဲမှ ပုန်းလျှိုးနေသော သံသယရှိသူတစ်ဦးက လှည့်ကင်းအရာရှိအား လည်ပင်းကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး အခြားသံသယရှိသူတစ်ဦးက ထောင်အရာရှိနှစ်ဦးအား သေနတ်ဖြင့် အချက် ၂၀-၃၀ ခန့်အထိ ပစ်ခတ်ခဲ့သည်။
သံသယရှိသူများသည် ဖြစ်စဉ်နေရာမှ မီတာ ၃၀၀ အကွာတွင် ဖမ်းဆီး ခံခဲ့ရသည်။ အချို့သည် ကျည်ကာဝတ်စုံများဝတ်ဆင်ထားပြီး စကားပြောစက် များ၊ လက်နက်များ ကိုင်ဆောင်ထားကြောင်း တွေ့ရှိရသည်။ ဆက်လက် ရှာဖွေရာတွင် သံသယရှိသူများ၏ အိမ်နှင့်ယာဉ်များထဲမှ မျက်နှာဖုံး၊ မျက်မှန်၊ လက်အိတ်၊ စပရေးဘူး၊ ကျည်အိမ်များနှင့် ကျည်ကာဝတ်စုံ ၁၂ ထည်ကို ရှာဖွေတွေ့ရှိခဲ့သည်။
ဇူလိုင် ၇ ရက်တွင်ပင် Alvarado မြို့၏ တောင်ဘက် ကီလိုမီတာ ၆၄၀ ကျော်အကွာရှိ McAllen မြို့တွင် အခြားတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့သည်။ အသက် ၂၇ နှစ်အရွယ် Ryan Louis Mosqueda သည် စစ်ဂျာကင်အင်္ကျီဝတ်ဆင်ကာ မောင်းပြန်သေနတ်ဖြင့် အမေရိကန် နယ်စပ် စောင့်တပ်ဖွဲ့ (Border Patrol) စခန်းအတွင်းသို့ အချက်ရေများစွာ ပစ်ခတ်ခဲ့ပြီး အရာရှိတစ်ဦးကို ဒဏ်ရာရစေခဲ့သည်။ နောက်ပိုင်းတွင် သံသယရှိသူအား ပစ်ခတ်သတ်ဖြတ်ခဲ့သည်။
အမေရိကန်တရားရေးဌာနက ICE စခန်းများအပေါ် တိုက်ခိုက်မှုများကို နီးကပ်စွာ စောင့်ကြည့်နေကြောင်း ပြောကြားခဲ့ပြီး တာဝန်ရှိသူများက “ဖက်ဒရယ်အရာရှိများ သို့မဟုတ် စခန်းများအပေါ် မည်သည့်တိုက်ခိုက်မှုကိုမျှ အစိုးရက သည်းမခံနိုင်ပါ” ဟု ပြင်းပြင်းထန်ထန် သတိပေးခဲ့သည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂