AI ကို အသုံးပြု၍ Marco Rubio အယောင်ဆောင်သူတစ်ဦးကြောင့် ဝါရှင်တန်က သတိပေးမှုများ လုပ်ဆောင်

News Image

  • AI ကို အသုံးပြု၍ Marco Rubio အယောင်ဆောင်သူတစ်ဦးကြောင့် ဝါရှင်တန်က သတိပေးမှုများ လုပ်ဆောင်

အမေရိကန်နှင့် ပြည်ပနိုင်ငံများ၏ အရာရှိများထံ AI နည်းပညာဖြင့် Marco Rubio အဖြစ် ဟန်ဆောင်ဆက်သွယ်ရန်ကြိုးပမ်းခဲ့သည်ဟုအမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ မှတ်တမ်းများကို ကိုးကား၍ မီဒီယာများက ဖော်ပြသည်။

အယောင်ဆောင်သူသည် Rubio ၏ အသံနှင့် မက်ဆေ့ဂျ်များကို AI ဖြင့် ဖန်တီးထားကာ အနည်းဆုံး နိုင်ငံခြားဝန်ကြီး (၃) ဦး၊ အမေရိကန် ဆီးနိတ် တစ်ဦးနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူးတစ်ဦးထံ ပေးပို့ခဲ့သည်ဟု သိရသည်။ Washington Post ၏ ဖော်ပြချက်အရ အဆိုပါလုပ်ရပ်တွင် Signal စာတိုအက်ပ်ကို အသုံးပြုကာ marco.rubio@state.gov ဟူသောအတုအယောင် အီးမေးလ်လိပ်စာဖြင့် အကောင့်ဖွင့်ခဲ့ပြီး ထိုသို့သော ဆက်သွယ်မှုများကို ဇွန်လအလယ်ပိုင်းကတည်းက စတင်လုပ်ဆောင်ခဲ့ သည်ဟု ဆိုသည်။

“အဆိုပါလုပ်ရပ်ကြောင့် ဝန်ကြီးဌာနအား တိုက်ရိုက်ဆိုက်ဘာ ခြိမ်းခြောက်မှု မရှိသော်လည်း ပစ်မှတ်ထားခံရသူများသည် အပြန်အလှန် ပေးပို့မှုများ လုပ်ဆောင်ခဲ့ပါက ပြင်ပအဖွဲ့အစည်းများနှင့် မျှဝေထားသော အချက်အလက်များ ထိခိုက်နိုင်သည်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်သံရုံးများသို့ ပေးပို့သည့် မှတ်တမ်းများကိုကိုးကား၍ AP က ဖော်ပြခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Tammy Bruce က “ဌာနအနေဖြင့် မိမိတို့၏ အချက်အလက်များကို ကာကွယ်ရန် တာဝန်ကို အလေးအနက်ထားကာ နောင်တွင် ထိုသို့သောဖြစ်ရပ်များ ထပ်မံ မဖြစ်ပွား စေရန် ဆိုက်ဘာလုံခြုံရေးအခြေအနေကို အဆက်မပြတ် မြှင့်တင်လျက် ရှိသည်” ဟု ပြောကြားခဲ့သည်။

အဆိုပါ ဖြစ်ရပ်မတိုင်မီ မေလတွင် FBI က အမေရိကန်အရာရှိကြီးများ၏ အသံအတုများကို အသုံးပြုသည့် “အန္တရာယ်ရှိသူများ” အကြောင်း အများ ပြည်သူကို သတိပေးခဲ့ဖူးသည်။ ထိုသတိပေးချက်သည် White House Chief of Staff Susie Wiles ၏ ဖုန်းကို ဟက်ကာ အချက်အလက် အတုများ ပေးပို့ခဲ့သည့် ဖြစ်စဉ်နောက်ပိုင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂