ရုရှားရေငုပ်သင်္ဘော တောင်တရုတ်ပင်လယ်ရှိ ဖိလစ်ပိုင် သီးသန့်စီးပွားရေးဇုန်ထဲ ရောက်ရှိနေ
တောင်တရုတ်ပင်လယ်ရှိ ဖိလစ်ပိုင်နိုင်ငံ သီးသန့် စီးပွားရေးဇုန်(EEZ)တွင် ရုရှားတိုက်ခိုက်ရေး ရေငုပ်သင်္ဘောတစ်စင်း ရောက်ရှိနေခြင်းသည် လွန်စွာစိုးရိမ် ဖွယ်ရာဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာက ဒီဇင်ဘာ ၂ ရက်တွင် ပြောကြားလိုက် ပါသည်။
ရုရှားရေတပ်၏ Kilo-class ရေငုပ်သင်္ဘောတစ်စင်းကို ဖိလစ်ပိုင်နိုင်ငံ Occidental Mindoro ပြည်နယ်၏ ရေမိုင် ၈၀ အကွာတွင် တွေ့မြင်ခဲ့ပါကြောင်း ရေတပ် ပြောရေးဆိုခွင့်ရှိသူ Roy Vincent Trinidad က တနင်္လာနေ့တွင် ပြောကြားထားမှုကို ဖိလစ်ပိုင် Daily Inquirer သတင်းစာက ဖော်ပြထားသည်။
ဖိလစ်ပိုင်ရေတပ် ဖရီးဂိတ်သင်္ဘော Jose Rizal က ထိုရုရှားရေငုပ်သင်္ဘောကို ရေဒီယိုဖြင့်ဆက်သွယ်ခဲ့ရာ ဗလာဒီဗော့စတော့ကို ထွက်ခွာရန် ရာသီဥတုအခြေအနေစောင့်ဆိုင်းနေကြောင်း၊ ဖိလစ်ပိုင်ရေတပ်အနေဖြင့် ရေကြောင်းဆိုင်ရာစည်းမျဉ်းများနှင့်အညီ ရေငုပ်သင်္ဘောကို လုံခြုံရေးယူထားကြောင်း Trinidad က ပြောကြားခဲ့ပြီး ရေငုပ်သင်္ဘောသည် ထိုဧရိယာထဲ မည်သို့ ရောက်ရှိနေသည်ကို အသေးစိတ်ပြောပြထားခြင်းမရှိချေ။
ထိုကိစ္စကို မနီလာမြို့ရှိ ရုရှားသံရုံးသို့ မေးမြန်းရာ ချက်ချင်းတုံ့ပြန်ဖြေကြားခြင်း မရှိချေ။ ရုရှား ကီလို အတန်းအစား ရေငုပ်သင်္ဘောမှာ အငြိမ်သက်ဆုံး ရေငုပ်သင်္ဘောအမျိုးအစားဖြစ်ပြီး ၁၉၈၀ ပြည့်နှစ်များကတည်းကပင် အဆက်မပြတ်ပြင်ဆင်မွမ်းမံလာခြင်း ဖြစ်ပါသည်။
ယူကရိန်းစစ်ပွဲ မဆင်နွှဲမီ ရုရှားသမ္မတပူတင်သည် ၂၀၂၂ ခုနှစ်တွင် ဘေဂျင်းသို့ ရောက်ရှိစဉ်က ရုရှား-တရုတ် အကန့်အသတ်မဲ့မိတ်ဖက် အဖြစ်ကြေညာခဲ့ပါသည်။
ကိုးကား - Reuters