အမေရိကန်သွင်းကုန်အပေါ် အခွန် ၅၀ % တုံ့ပြန် စည်းကြပ်မည်ဟု ဘရာဇီးသမ္မတ ပြန်လည် ခြိမ်းခြောက်

News Image

  • အမေရိကန်သွင်းကုန်အပေါ် အခွန် ၅၀ % တုံ့ပြန် စည်းကြပ်မည်ဟု ဘရာဇီးသမ္မတ ပြန်လည် ခြိမ်းခြောက်

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အမေရိကန်သို့ တင်သွင်းလာသည့် ဘရာဇီးကုန်ပစ္စည်းများအပေါ် အခွန် ၅၀ % စည်းကြပ်မည်ဟု ကြေညာ ပြီးနောက်နေ့မှာပင် ဘရာဇီးသမ္မတအီနာစီလို လူလာဒါဆီးလ်ဗါ က ဘရာဇီးဘက်ကလည်း တုံ့ပြန်သည့်အနေဖြင့် မိမိတို့နိုင်ငံထဲ တင်သွင်း လာသည့် အမေရိကန်ကုန်ပစ္စည်းများအပေါ် အခွန် ၅၀ % စည်းကြပ် သွားမည်ဖြစ်ကြောင်း ဘရာဇီး သတင်းဌာနတစ်ခုဖြစ်သည့် Record ကို ပြောကြားလိုက်ပါသည်။ 

“ဘရာဇီးအနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ကို အယူခံ တင်သွင်း နိုင်ပါသည်၊ ထို့အပြင် အဆိုပါကိစ္စအတွက် အပြည်ပြည်ဆိုင်ရာ စုံစမ်း စစ်ဆေးမှုတွေ တောင်းဆိုပြီး ရှင်းလင်းချက်တွေ တောင်းခံနိုင်သော်လည်း အဓိကအရေးကြီးသည်က မိမိတို့၏ လွှတ်တော်က ပြဋ္ဌာန်းလိုက်သည့် အပြန်အလှန်ရပိုင်ခွင့်ဆိုင်ရာဥပဒေ (Reciprocity Law) က အဓိက ကျပါသည်” ဟု လူလာက ထည့်သွင်းပြောကြားထားပါသည်။ လူလာ ဆိုလိုခြင်းမှာ လက်တင်အမေရိကန်ကား၏ အကြီးဆုံးစီးပွားရေးအပေါ် အခွန်တိုက်ခိုက်မှုရန်မှ ကာကွယ်ရန် ရည်ရွယ်ပြီး  မကြာသေးခင်ကမှ ပြဋ္ဌာန်းလိုက်သည့် ဥပဒေကို ရည်ညွှန်းပြောကြားခြင်း ဖြစ်ပါသည်။ 

ထရမ့်၏ အခွန်သတ်မှတ်ကြောင်း ကြေညာချက်ထွက်လာပြီးနောက်နေ့ ကြာသပတေးနေ့တွင် လူလာက အစိုးရအဖွဲ့ဝင်ဝန်ကြီးများကို ခေါ်ယူကာ အမေရိကန်အခွန်ကိစ္စကို တုံ့ပြန်ကိုင်တွယ်ဖြေရှင်းနိုင်ရန် အစည်းအဝေး တစ်ရပ်ကျင်းပပြုလုပ်ခဲ့ပါသည်။ လူလာ၏ ရုံးအဖွဲ့အကြီးအကဲ ပြောကြားချက် အရ အမေရိကန်အခွန်စည်းကြပ်မှုအပေါ် မိမိတို့ဘက်က တုံ့ပြန် လုပ်ဆောင် နိုင်ရေး လေ့လာရေးအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းရန် ဆုံးဖြတ်လိုက်ကြသည်ဟု သိရှိ ရပါသည်။ 

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အာရှနိုင်ငံများအပါအဝင် နိုင်ငံ အတော်များများကို အခွန်တိုးမြင့်စည်းကြပ်ကောက်ခံရန် မကြာသေးမီ ရက်အတွင်းက ကြေညာထားပြီး ဆွေးနွေးညှိနှိုင်းရန် အချိန်ပေးသည့် အနေဖြင့် သုံးပတ်နောက်ဆုတ်ကာ လာမည့် ဩဂုတ်လ ၁ ရက်တွင် စတင် အသက်ဝင်မည်ဟု အသိပေးကြေညာထားပါသည်။

ကိုးကား- The Guardian

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃