အရေးပါသည့် ဓာတ်သတ္တုအချို့ အမေရိကသို့ တင်ပို့မှု တရုတ်ပိတ်ပင်
အမေရိကန်အစိုးရက တရုတ်နိုင်ငံကို တစ်ပိုင်းလျှပ်ကူး ပစ္စည်းတင်ပို့မှုအတွက် ကန့်သတ်ချက်များ တင်းကျပ်ခဲ့ပြီးနောက် တရုတ်နိုင်ငံက အမေရိကန်နိုင်ငံသို့ အရေးပါသည့် ဓာတ်သတ္တုအချို့ တင်ပို့မှုကို တားမြစ်လိုက်ပါသည်။
အမေရိကန်ပြည်ထောင်စုကို ဂဲလီယမ်၊ ဂျာမနီယမ်နှင့် ခနောက်စိမ်းတင်ပို့မှုများကို မူအားဖြင့် တားမြစ်ကြောင်းတရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အင်္ဂါနေ့တွင် ပြောကြားခဲ့ပါသည်။
ထိုဓာတ်သတ္တုများသည် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ ပြုလုပ်ရာတွင် အဓိကကျကြောင်း၊ ယင်းပစ္စည်းများကို စစ်ရေးရည်ရွယ်ချက်များအတွက်လည်း အသုံးပြုနိုင် ကြောင်း၊ တရုတ်နိုင်ငံသည် ယင်းကဲ့သို့ နှစ်မျိုးသုံး ဓာတ်သတ္တုများ ထုတ်လုပ်သည့် ထိပ်တန်းနိုင်ငံတစ်ခု ဖြစ်ပါသည်။
ထို့အပြင် လစ်သီယမ်-အိုင်ယွန် ဘက်ထရီများအတွက် ပစ္စည်းတစ်မျိုးဖြစ်သည့် ဂရပ်ဖိုက်အပေါ် ပိုမိုတင်းကျပ်သော ပို့ကုန်စစ်ဆေးမှုများကို စတင်မည်ဖြစ်ကြောင်း၊ ချပ်စ် ထုတ်လုပ်ရေး စက်ကိရိယာများ၊ တစ်ပိုင်းလျှပ်ကူး ပစ္စည်းတီထွင်မှုနှင့် ထုတ်လုပ်မှုများအတွက် software များ အပေါ် တင်ပို့မှုတားမြစ်ချက်အသစ်များကို အမေရိကန် ကူးသန်းရောင်းဝယ်ရေးဌာနက ထုတ်ပြန်ခဲ့ပြီးနောက် တရုတ်အစိုးရဘက်က ယခုကဲ့သို့ ကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်ပါသည်။
အမေရိကန် ကူးသန်းရောင်းဝယ်ရေးဌာနသည် တရုတ် နိုင်ငံသားပိုင် ကုမ္ပဏီ ၁၄၀ ကိုလည်း ပို့ကုန်တားမြစ်မှုစာရင်းတွင် ဖြည့်စွက်ထည့်သွင်းခဲ့ပါသည်။
တရုတ်နိုင်ငံက အဆင့်မြင့်နည်းပညာကို အသုံးပြုပြီး စစ်ရေးစွမ်းရည်များ မြှင့်တင်နေခြင်းအား တားဆီးရန် အတွက် ထိုကဲ့သို့သော စီမံချက်များကို ကျင့်သုံးခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
ကိုးကား - NHK World