အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်၏ စည်းကြပ်ခွန်သစ်အစီအစဉ်နှင့်ပတ်သက်ပြီး ဂျပန်ကားကုမ္ပဏီများ စိုးရိမ်
တိုကျို ဒီဇင်ဘာ ၄
ကနေဒါနှင့် မက္ကဆီကို နှစ်နိုင်ငံကို ပစ်မှတ်ထားသည့် အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်၏ စည်းကြပ်ခွန်သစ် အစီအစဉ်နှင့်ပတ်သက်ပြီး ဂျပန်ကားထုတ်လုပ်သည့် ကုမ္ပဏီများက စိုးရိမ်စပြုလာကြောင်း သိရသည်။
ယင်းနှစ်နိုင်ငံသည် အမေရိကန်ဈေးကွက်အတွက် အရေးကြီးသော ထုတ်လုပ်မှုအခြေခံများ ဖြစ်သည်။
ဂျပန်ကားကုမ္ပဏီများဖြစ်သည့် တိုယိုတာမော်တာ (Toyota Motor) နှင့် ဟွန်ဒါမော်တာ (Honda Motor) တို့သည် ကနေဒါနိုင်ငံ၌ ကားထုတ်လုပ်ရေးစက်ရုံများရှိကြောင်း သိရသည်။
တိုယိုတာမော်တာသည် ဂျပန်နိုင်ငံအတွင်း ကားထုတ်လုပ်သည့်အကြီးဆုံး ကုမ္ပဏီဖြစ်ကြောင်း ဂျပန်ပြည်ပကုန်သွယ်ရေးအဖွဲ့က ပြောကြားသည်။
ယမန်နှစ်တွင် အစီးရေ ၅၂၀၀၀၀ ကျော်ထုတ်လုပ်ခဲ့ပြီး ကနေဒါနိုင်ငံထုတ် မော်တော်ကားအချို့ကို အမေရိကန်နိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။
ဟွန်ဒါမော်တာသည် ၂၀၂၃ ခုနှစ်တွင် မော်တော်ကားအစီးရေ ၃၇၀၀၀၀ ကျော်ထုတ်လုပ်ခဲ့ပြီး ၇၇ ရာခိုင်နှုန်းသည် အမေရိကန်နိုင်ငံသို့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခဲ့သည်။
အမေရိကန်-မက္ကဆီကို-ကနေဒါ သဘောတူညီချက် စတင်အသက်ဝင်သည့် ၂၀၂၀ ပြည့်နှစ်တွင် ဒေါ်နယ်ထရမ့်၏ အခွန်စည်းကြပ်မှုမူဝါဒသည် ဂျပန်မော်တော်ကားထုတ်လုပ်ရေးကုမ္ပဏီများအား ၎င်းတို့၏ လုပ်ငန်းလည်ပတ်မှုကို ချိန်ညှိရန် တွန်းအားပေးခဲ့သည်။
ကနေဒါနှင့် မက္ကဆီကိုနိုင်ငံတို့မှ သွင်းကုန်အားလုံးအပေါ် ဒေါ်နယ်ထရမ့်၏ ၂၅ ရာခိုင်နှုန်း အခွန်စည်းကြပ်မှု မူဝါဒစတင်အသက်ဝင်မည်ဆိုပါက ဂျပန်မော်တော်ကားထုတ်လုပ်သည့် ကုမ္ပဏီများသည် ၎င်းတို့၏ မော်တော်ကားများ အမေရိကန်နိုင်ငံအတွင်းသို့ တင်ပို့မှုနည်းလမ်းပုံစံများကို ပြောင်းလဲရန် လိုအပ်မည်ဖြစ်သည်။
သမ္မတဂျိုးဘိုင်ဒင် လက်ထက်တွင် အခွန်လျှော့ပေါ့ကောက်ခံလျက်ရှိသည့် လျှပ်စစ်ကားများ တင်သွင်းမှုအပေါ် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က မည်သို့ဆက်လက်ကိုင်တွယ်သွားမည် ဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။
မြောက်အမေရိကဒေသတွင် ထုတ်လုပ်သည့် ဘက်ထရီအစိတ်အပိုင်းများကို တပ်ဆင်အသုံးပြုသည့် လျှပ်စစ်ကားများသည် လက်ရှိတွင် အခွန်လျှော့ပေါ့ကောက်ခံမှုတွင် အကျုံးဝင် ကြောင်း သိရသည်။
ဟွန်ဒါကုမ္ပဏီသည် ကနေဒါနိုင်ငံ၌ လျှပ်စစ်ကားထုတ်လုပ်ရေးနှင့် ဘက်ထရီစက်ရုံများကို ၂၀၂၈ ခုနှစ်တွင် စတင်လည်ပတ်ရန် စီစဉ်ထားသည်။
ကိုးကား- အင်န်အိတ်ချ်ကေ
ဘာသာပြန်- အောင်ကျော်ကျော်
Source- ကြေးမုံသတင်းစာ