ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇွန်လအတွင်း ငါးစည်ဖောင်းခြောက်ပိဿာချိန် အများအပြား တင်ပို့ရောင်းချနိုင်ခဲ့
ဖျာပုံ ဇူလိုင် ၁၆
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇွန်လအတွင်း ငါးစည်ဖောင်းခြောက် ပိဿာချိန်အများအပြား တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဖျာပုံမြို့နယ်ပင်လယ်ငါးခြောက်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သီတာ က ပြောပြသည်။
ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလက ငါးစည်ဖောင်းခြောက်ပိဿာချိန် ၄၅၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဇွန်လအတွင်း ငါးစည်ဖောင်းခြောက် ပိဿာချိန် ၆၆၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
“ငါးစည်ဖောင်းခြောက်က ပင်လယ်ငါးတွေဖြစ်တဲ့ ငါးရွှေ၊ နတ်ကတော်ငါး၊ ငါးရောင်၊ ငါးပုတ်သင် စတဲ့ ငါးတွေကို ဝမ်းဗိုက်ခွဲပြီး အတွင်းကရရှိတဲ့ စည်ဖောင်းတွေကို စနစ်ကျသန့်စင်နေပူလှန်းအခြောက်ခံပြီး ရရှိခြင်းဖြစ်ပါတယ်။ ငါးစည်ဖောင်းခြောက်တွေကို ရန်ကုန်ဈေးကွက်က ဝယ်ယူမှုအားကောင်းလာတာကြောင့်အရောင်းအဝယ်ကောင်းခဲ့ပါတယ်။ ဒေသထွက် ငါးစည်ဖောင်းခြောက်တွေအပါအဝင် ဒေသထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ကို အဓိကထား တင်ပို့ရောင်းချတာဖြစ်ပါတယ်” ဟု ဖျာပုံမြို့နယ် ပင်လယ်ငါးခြောက်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သီတာ က ပြောပြသည်။
ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် ငါးစည်ဖောင်းတစ်ပိဿာချင်း ဈေးနှုန်းများမှာ ငါးရွှေစည်ဖောင်းခြောက် တစ်ပိဿာလျှင် ငွေကျပ် ၇၆၀၀၀၊ နတ်ကတော်စည်ဖောင်းခြောက် တစ်ပိဿာလျှင် ငွေကျပ် ၆၅၀၀၀၊ ငါးရောင်စည်ဖောင်းခြောက် တစ်ပိဿာလျှင် ငွေကျပ် ၃၃၀၀၀ မှ၃၅၅၀၀၊ငါးပုတ်သင် စည်ဖောင်းခြောက် တစ်ပိဿာလျှင် ငွေကျပ် ၇၇၀၀၀ စသည်ဖြင့် စည်ဖောင်းခြောက်အကြီးအသေးအပေါ် မူတည်ပြီး ဈေးအနိမ့်အမြင့် ရှိကြောင်း သိရသည်။
ကျော်ကျော်လင်း
ရတနာပုံသတင်းစာ