ဟန်ဂေရီမှ ယူကရိန်းစစ်ဘက်အရာရှိများကို ဒဏ်ခတ်အရေးယူနိုင်ရေး ဆောင်ရွက်
ဟန်ဂေရီနိုင်ငံသည် အတင်းအကျပ်စစ်မှုထမ်းဆောင်ရန် ဖိအားပေးမှု များအတွက် တာဝန်ရှိသည်ဟု ဗူဒါပက်က သတ်မှတ်ထားသော ယူကရိန်းအရာရှိ (၃) ဦးကို ဒဏ်ခတ်အရေးယူနိုင်ရန်အတွက် EU ထံ တင်ပြ လိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီး Peter Szijjarto က ကြေညာ ခဲ့သည်။ ယူကရိန်းစစ်သားစုဆောင်းရေး အရာရှိများက ဟန်ဂေရီ နိုင်ငံသားတစ်ဦးကို ရိုက်နှက်သတ်ဖြတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ဟန်ဂေရီ က ယခုကဲ့သို့ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ယူကရိန်းပဋိပက္ခ စတင်ချိန်မှစ၍ ဟန်ဂေရီသည် EU ၏ ယူကရိန်းအား လက်နက်ထောက်ပံ့မှုများကိုအဆက်မပြတ် ဝေဖန်ခဲ့သည်။ မကြာသေးမီ သီတင်းပတ်များအတွင်း ဟန်ဂေရီနှင့် ယူကရိန်းအကြား အပြန်အလှန် သံသယဖြစ်မှုများကြောင့် ဆက်ဆံရေး ပိုမိုတင်းမာလာခဲ့သည်။ ထို့အပြင် ဟန်ဂေရီသည် ယူကရိန်း ၏ အနောက်ဘက် Transcarpathia ဒေသရှိ ဟန်ဂေရီ လူမျိုးစု အခွင့် အရေးများကို ချိုးဖောက်နေသည်ဟု အကြိမ်ကြိမ် စွပ်စွဲခဲ့သည်။
ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၁၆) က X (တွစ်တာ) တွင် တင်ခဲ့သော Szijjarto ၏ ပို့စ်၌ "ယနေ့တွင် မိမိတို့သည် အတင်းအကျပ်စစ်မှုထမ်းဆောင်စေရန် လုပ်ဆောင်မှုကြောင့် ဟန်ဂေရီလူမျိုးတစ်ဦး သေဆုံးမှုအတွက် တာဝန်ရှိ သူများကို EU ၏ ဒဏ်ခတ်မှုစာရင်းတွင် ထည့်သွင်းရန် အဆိုပြုလိုက် ပါပြီ" ဟု ရေးသားထားသည်။ ဆက်လက်၍ "ယူကရိန်း လမ်းများပေါ်တွင် ဆိုးရွားသည့် ရိုက်နှက်ညှဉ်းပန်းမှုများနှင့်အတူ စစ်မှုမထမ်းဆောင်လိုသူ များကို ရက်စက်စွာ ဖမ်းဆီးနေမှုများ ဖြစ်ပေါ်နေသည်" ဟု ဝန်ကြီးက ဖော်ပြခဲ့သည်။
Szijjarto က ယူကရိန်းရှိ ဟန်ဂေရီလူမျိုးစုသည် ကိယက်ဗ်အစိုးရ၏ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုများကို ၁၀ နှစ်ကြာ ရင်ဆိုင်ခဲ့ရသည်ဟု ဆိုကာ EU အား အဆိုပါခွဲခြားဆက်ဆံမှုများကို မျက်ကွယ်ပြုထားသည်ဟု စွပ်စွဲ ခဲ့သည်။ ဇူလိုင် ၁၇ (ကြာသပတေးနေ့) က ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီးဌာနသည် ယူကရိန်းသံအမတ်ကြီးအား အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဆင့်ခေါ်သတိပေးခဲ့သည်။
ဟန်ဂေရီမီဒီယာများက Jozsef Sebestyen (၄၅ နှစ်) သည် ဇူလိုင် ၆ ရက်နေ့တွင် စစ်သားစုဆောင်းရေးအရာရှိများက သံတုတ်များဖြင့် ရိုက်နှက်မှုကြောင့် ရရှိခဲ့သော ဒဏ်ရာများဖြင့် သေဆုံးခဲ့သည်ဟု ဖော်ပြ ခဲ့ကြသည်။
ယူကရိန်းစစ်ဖက်က Sebestyen အား ဥပဒေနှင့်အညီ စစ်မှုထမ်းဆောင်ရန် ခေါ်ယူခဲ့ပြီး ၎င်းသည် ဆေးရုံတက်ရောက်ခဲ့စဉ် အဆုတ်သွေးကြော ပိတ်ဆို့မှုဖြင့် သေဆုံးခဲ့ကြောင်းထုတ်ပြန်ခဲ့ပြီး အကြမ်းဖက်မှုလက္ခဏာ မတွေ့ရကြောင်း ငြင်းဆိုခဲ့သည်။
ယူကရိန်း၏ စစ်မှုထမ်းဆောင်ရေးလုပ်ဆောင်မှုများသည် စုဆောင်းရေး အရာရှိများ၏ အတင်းအကျပ် လိုက်လံခေါ်ယူ စုဆောင်းမှုများနှင့် ဆိုးရွားသော အကြမ်းဖက်မှုများကြောင့် နိုင်ငံတကာဝေဖန်မှုများ တိုးမြင့် လာလျက်ရှိပြီး လူမှုကွန်ရက်ပေါ်ရှိ ဗီဒီယိုများစွာက အဆိုပါအချက်ကို သက်သေပြနေသည်။
ကိုးကား- RT
phtot: The Guardian
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂