အီရန်နိုင်ငံက ရုရှားနှင့် တရုတ်နိုင်ငံတို့နှင့် နျူကလီးယားဆိုင်ရာ ဆွေးနွေးပွဲများ ပြုလုပ်မည်ဟု ကြေညာ
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Esmaeil Baghaei က အီရန်၏နျူကလီးယားအစီအစဉ်ဆိုင်ရာ ဆွေးနွေးမှုများကို ရုရှား၊ တရုတ်တို့နှင့် ဇူလိုင် ၂၂ တွင် ပြုလုပ်မည်ဟု ကြေညာခဲ့သည်။ ထို့အပြင် ဥရောပနိုင်ငံများနှင့် သီးသန့်ဆွေးနွေးပွဲကိုလည်း ယခုသီတင်းပတ် နှောင်းပိုင်း တွင် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။
တနင်္လာနေ့ (ဇူလိုင် ၂၁) တွင် သတင်းထောက်များအား ပြောကြားရာ၌ Baghaei က သုံးနိုင်ငံဆွေးနွေးပွဲတွင် ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီတို့က အီရန်၏နျူကလီးယားအစီအစဉ်ကြောင့် ကုလသမဂ္ဂ ဒဏ်ခတ် အရေးယူ မှုများ ပြန်လည်အသက်သွင်းရန် ခြိမ်းခြောက်မှုများကိုလည်း အဓိကထား ဆွေးနွေးမည်ဟု ဖော်ပြခဲ့သည်။ အထူးသဖြင့် ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီး Jean-Noel Barrot က အီရန်၏ နျူကလီးယား လုပ်ငန်းစဉ် များကို အန္တရာယ်ကင်းစွာ ကန့်သတ်ရန် အတိုင်းအတာတစ်ခုအထိ တိုးမြှင့် နိုင်ခြင်းမရှိပါက လာမည့်လတွင် ဒဏ်ခတ်မှုများ အလိုအလျောက် ပြန်လည် အသက်ဝင်လာနိုင်ကြောင်း သတိပေးခဲ့သည်။
Baghaei က ရုရှားနှင့် တရုတ်တို့သည် ၂၀၁၅ ခုနှစ်က နျူကလီးယား သဘောတူညီချက်တွင် ပါဝင်သည့် အဖွဲ့ဝင်နိုင်ငံများဖြစ်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် အရေးပါသော ဩဇာလွှမ်းမိုးမှုရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ အီရန်နိုင်ငံသည် ဒဏ်ခတ်မှုများ အလိုအလျောက် ပြန်လည်အသက်ဝင်လာနိုင်ခြေနှင့်ပတ်သက်၍ ထိုနိုင်ငံနှစ်နိုင်ငံနှင့် "ကောင်းမွန်သော တိုင်ပင်ဆွေးနွေးမှုများ" ပြုလုပ်ထားကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ "နျူကလီးယားသဘောတူညီချက်အရ ရုပ်သိမ်း ခဲ့သည့် ဒဏ်ခတ်မှုများ ပြန်လည်အသက်ဝင်ရန် ဥပဒေအရဖြစ်စေ၊ ယုတ္တိ အရဖြစ်စေ အကြောင်းပြချက်မရှိပါ" ဟု ၎င်းက အတိအလင်း ပြောကြား ခဲ့သည်။
ပြောရေးဆိုခွင့်ရှိသူက အီရန်နိုင်ငံသည် ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီ နိုင်ငံတို့နှင့် နိုင်ငံခြားရေး ဒုတိယဝန်ကြီးအဆင့် အရာရှိများ ဆွေးနွေးမည့် သီးသန့်အစည်းအဝေးကို သောကြာနေ့ (ဇူလိုင် ၂၅) တွင် အစ္စတန်ဘူလ်၌ ကျင်းပမည်ဖြစ်ကြောင်း အတည်ပြုခဲ့ပြီး "လက်ရှိအချိန်တွင် အမေရိကန် နှင့် ဆွေးနွေးရန် အစီအစဉ်မရှိကြောင်း" ဖြည့်စွက်ပြောကြားခဲ့သည်။
အဓိကအခက်အခဲတစ်ရပ်မှာ အီရန်၏နျူကလီးယားလုပ်ငန်းစဉ်များကို ကြီးကြပ်စောင့်ကြည့်နေသည့် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) နှင့် ပူးပေါင်းဆောင်ရွက်မှု ယာယီရပ်ဆိုင်းရန် တီဟီရန်၏ ဆုံးဖြတ်ချက်ဖြစ်သည်။ အီရန်ဘက်က IAEA ၏ အစီရင်ခံစာတွင် ဘက်လိုက်မှုများပါဝင်သည်ဟု စွပ်စွဲထားပြီး ၎င်းကို အစ္စရေးဘက်က အီရန်အား ၁၂ ရက်ကြာ စစ်ဆင်နွှဲရန် အကြောင်းပြချက်အဖြစ် အသုံးချ ခဲ့သည်ဟု စွပ်စွဲထားသည်။
အစ္စရေးတို့၏ တိုက်ခိုက်မှုမှာ အမေရိကန်က အီရန်အား ယူရေနီယမ် ထပ်တိုးသန့်စင်ခြင်းလုပ်ငန်းစဉ်ကို အပြည့်အဝ စွန့်လွှတ်ရန် တောင်းဆိုမှုကြောင့် အီရန်-အမေရိကန် နျူကလီးယားဆွေးနွေးပွဲများ ရပ်တန့် သွားပြီးနောက် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အမေရိကန်ဘက်က အီရန်သည် နျူကလီးယား ဗုံးထုတ်လုပ်နိုင်သည့် အရည်အသွေးရှိသည်ဟု စွပ်စွဲထားသော်လည်း အီရန်ဘက်က ထိုသို့လုပ်ဆောင်ရန် အစီအစဉ်မရှိဟု ငြင်းဆိုကာအရပ်ဘက်စွမ်းအင်လိုအပ်ချက်အတွက် ယူရေနီယမ် ထပ်တိုး သန့်စင်ခြင်း လိုအပ်ကြောင်း ခိုင်ခိုင်မာမာပြောဆိုထားသည်။
ရုရှားနှင့် တရုတ်နိုင်ငံတို့က အီရန်နျူကလီးယားအကျပ်အတည်းကို နိုင်ငံရေးနှင့် သံတမန်ရေးနည်းလမ်းများဖြင့်သာ အဖြေရှာနိုင်မည်ဟု ခိုင်မာစွာရပ်တည်ထားသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂