မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ လေးဦး သေဆုံးကာ ပြည်သူ့စစ်အဖွဲ့ဝင် နှစ်ဦးနှင့် အပြစ်မဲ့ အရပ်သားပြည်သူ လေးဦး ထိခိုက်ဒဏ်ရာရရှိ
23 July 2025
အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာရရှိစေရန်နှင့် အကြောက်တရားများ လွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၂ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်မှ မွန်းလွဲ ၂ နာရီထိ မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၊ ကူတော်ကျေးရွာအတွင်းသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့ရာ အဆိုပါကျေးရွာနေသူများဖြစ်ကြသည့် ဦးနီရဲ(၇၂)နှစ်၊ ဦးဘိုးငို(၆၆)နှစ်၊ ဦးထက်လင်း(၂၉)နှစ်နှင့် ဒေါ်အေးအေးသင်း(၄၅)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးသောင်းရွှေ(၇၈)နှစ်၊ ဒေါ်နှောင်း(၆၆)နှစ်၊ မောင်အောင်ချမ်းမြေ့(၁၉)နှစ်၊ ဦးဖိုးငို(၇၆)နှစ်နှင့် ကျေးရွာပြည်သူ့စစ်အဖွဲ့ဝင်များဖြစ်ကြသည့် ဦးရဲဝင်းအောင်(၃၇)နှစ်၊ ဦးထွန်းမြတ်နိုင်(၅၀)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ သေဆုံး/ဒဏ်ရာရရှိသူများအား ငဖဲမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်နေမှုများကြောင့် အပြစ်မဲ့အရပ်သားပြည်သူများ သေဆုံး၊ ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့် ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိပါသည်။
MOHA