သဘာဝပတ်ဝန်းကျင်ဝိုင်းဝန်းထိန်းသိမ်း စွန့်ပစ်ပစ္စည်းများ စနစ်တကျခွဲခြားစွန့်ပစ်

မျက်မှောက်ကာလတွင် ရာသီဥတုပြောင်းလဲခြင်းကြောင့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို ကမ္ဘာတစ်ဝန်း ရင်ဆိုင်ကြုံတွေ့နေရသည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးကို နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့နိုင်ငံများက ဆောင်ရွက်နေကြသလို သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုမရှိစေဘဲ ပိုမိုကောင်းမွန်သည့် ပတ်ဝန်းကျင်ဖြစ်လာစေရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

ယနေ့ကာလတွင် ကမ္ဘာတစ်ဝန်း နှစ်စဉ်တိုးပွားလာသော လူဦးရေနှင့် လူမှုဘဝများ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာသောကြောင့် ပတ်ဝန်းကျင်ယိုယွင်းထိခိုက်မှုအန္တရာယ်မှာ တစ်စတစ်စ ကြီးထွားလာသည်ကို မြင်တွေ့ကြရမည်ဖြစ်သည်။ အထူးသဖြင့် မြို့ပြဒေသများ၌ နေထိုင်ကြသည့် ပြည်သူများအသုံးပြုပြီး စွန့်ပစ်ကြသော အမှိုက်သရိုက်များကြောင့် နောက်ဆက်တွဲဖြေရှင်းနေရသည့် ပြဿနာများမှာ တစ်နေ့တခြား ကြီးထွားလာသည်။ အဆိုပါပြဿနာကို မြို့ပြ စည်ပင်သာယာရေးအဖွဲ့များက နေ့စဉ်ဖြေရှင်းပေးလျက်ရှိသော်လည်း ဖြေရှင်း၍ မဆုံးသည့် ကြီးမားသည့်စိန်ခေါ်မှုဖြစ်လာသည်။

နိုင်ငံတစ်ဝန်းမှထွက်ရှိလာသော စွန့်ပစ်ပစ္စည်းများကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုဖြစ်ပေါ်စေပြီး မြေဆီလွှာများ၊ မြစ်၊ ချောင်းများ၊ ရေအရင်းအမြစ်များပေါ်တွင် ထိခိုက်မှုများရှိနေသည်။ စုပုံစွန့်ပစ်ထားသည့်အရာများမှ ထွက်ရှိလာသော ရေဆိုးများနှင့် အမှိုက်သရိုက်များ မီးရှို့ဖျက်ဆီးမှုကြောင့် မြေထု၊ လေထုညစ်ညမ်းမှုကို ဆိုးဆိုးရွားရွားဖြစ်စေပြီး ပြည်သူများ၏ ကျန်းမာရေးထိခိုက်မှုများရှိနေသည်။

လက်ရှိတွင် မြန်မာနိုင်ငံတစ်ဝန်းလုံးမှ ထွက်ရှိသော စွန့်ပစ်ပစ္စည်းများမှာ တစ်ရက်လျှင် မက်ထရစ်တန် နှစ်သောင်းခန့်ရှိကြောင်း သိရသည်။ ရန်ကုန်၊ မန္တလေးကဲ့သို့ မြို့ကြီးများတွင် လူတစ်ဦးစီအနေဖြင့် တစ်ရက်လျှင် စွန့်ပစ်ပစ္စည်း သုည ဒသမ ၈ ကီလိုဂရမ်ရှိကြောင်း၊ ယခု ၂၀၂၅ ခုနှစ်တွင် လူတစ်ဦး တစ်နေ့လျှင် စွန့်ပစ်ပစ္စည်း တစ်ကီလိုဂရမ် ထွက်ရှိမည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအေဂျင်စီက ခန့်မှန်းထားသည်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီးသုံးမြို့မှ ထွက်ရှိသော စွန့်ပစ်ပစ္စည်းပမာဏသည် တစ်နိုင်ငံလုံး စုစုပေါင်းပမာဏ၏ ထက်ဝက်ခန့်ရှိမည်ဟု ခန့်မှန်းထားသည်။ ရန်ကုန်မြို့တွင် တစ်ရက်လျှင် စွန့်ပစ်ပစ္စည်း တန် ၂၀၀၀ ခန့်၊ မန္တလေးတွင် တစ်ရက်လျှင် တန် ၉၀၀ ကျော်ခန့်၊ နေပြည်တော်တွင် တစ်ရက်လျှင် တန် ၂၀၀ ခန့်ထွက်ရှိသည်ဟု ခန့်မှန်းထားသည်။

အဆိုပါပမာဏသည် သက်ဆိုင်ရာဒေသအလိုက် စည်ပင်သာယာရေးအဖွဲ့များက သိမ်းဆည်းနိုင်သောပမာဏသာဖြစ်ပြီး စည်ပင်သာယာရေးအဖွဲ့က မသိမ်းဆည်းနိုင်သော စွန့်ပစ်ပစ္စည်းများ၊ အခြားနေရာများသို့ စွန့်ပစ်လိုက်သည့်ပစ္စည်းများနှင့် ပြန်လည်အသုံးပြု၊ ပြုပြင်သုံးစွဲလိုက်သည့်ပစ္စည်းများ မပါဝင်သေးပေ။ အမှန်တကယ်ထွက်ရှိသည့် စွန့်ပစ်ပစ္စည်းပမာဏမှာ ခန့်မှန်းထားသည်ထက် ပိုမိုများပြားပေသည်။ စွန့်ပစ်ပစ္စည်းများကို အကျိုးရှိထိရောက်စွာ ဆောင်ရွက်နိုင်မှသာ တစ်နေ့တခြား ကြီးမားလာသော စွန့်ပစ်ပစ္စည်းပြဿနာကို ဖြေရှင်းနိုင်မည်ဖြစ်သည်။ ယခုအခါ စွန့်ပစ်ပစ္စည်းများကို စနစ်တကျ ခွဲခြားစွန့်ပစ်နိုင်ရေးအတွက် နိုင်ငံတစ်ဝန်း၌ အသိပညာပေးလှုံ့ဆော်မှုများ ပြုလုပ်နေသည်ကို တွေ့ရမည် ဖြစ်သည်။

အစီအစဉ်မှာ အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြားစွန့်ပစ်အသိပညာပေးခြင်းဖြစ်သည်။ အဆိုပါအစီအစဉ်ကို အစောပိုင်းကတည်းက အကောင်အထည်ဖော်လျက်ရှိသော်လည်း လိုက်နာဆောင်ရွက်မှုအားနည်းသဖြင့် အောင်မြင်မှုမရှိသေးပေ။ ယခုအခါ အမှိုက်အမျိုးအစားအလိုက် အမှိုက်ပုံးအရောင်များသတ်မှတ်၍ ခွဲခြားစွန့်ပစ်ခြင်း သရုပ်ပြလေ့ကျင့်မှုများပြုလုပ်သည့် လှုပ်ရှားမှုများကို နယ်မြို့များမှ စတင်၍ ပြုလုပ်လာသည်ကို တွေ့ရသည်။ အမှိုက်စိုများဖြစ်သော မီးဖိုချောင်ထွက်ပစ္စည်းများနှင့် တစ်ကိုယ်ရေသုံး သန့်ရှင်းရေးပစ္စည်းများအတွက် အစိမ်းရောင်အမှိုက်ပုံး၊ အမှိုက်ခြောက်ဖြစ်သည့် ခြောက်သွေ့သောစက္ကူ၊ ကတ်ထူစက္ကူ၊ သံတိုသံစ၊ ပိတ်စ၊ သစ်သား စသည့်စွန့်ပစ်ပစ္စည်းများအတွက် အဝါရောင်အမှိုက်ပုံး၊ ပလတ်စတစ်အမှိုက်အတွက် အပြာရောင်အမှိုက်ပုံး၊ လျှပ်စစ်နှင့် ဓာတုဆိုင်ရာဘေးအန္တရာယ်ပစ္စည်းများအတွက် အနီရောင်အမှိုက်ပုံးစသည်ဖြင့် အမှိုက်ပုံးများကို အရောင်ခွဲခြား ၍ စွန့်ပစ်သည့် အလေ့အထဖြစ်လာအောင် နမူနာဆောင်ရွက်လျက်ရှိသည်။

မြို့ပြဒေသများတွင် စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှုဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရာတွင် ပြည်သူလူထုအနေဖြင့် အသိတရားဖြင့် ပူးပေါင်းပါဝင်လာမှုသည် အရေးကြီးသည်။ စွန့်ပစ်ပစ္စည်း အမှိုက်သရိုက်စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ ပြည်သူလူထုအနေဖြင့် အသိအမြင် ဗဟုသုတနည်းပါးခြင်း၊ အစဉ်အဆက်ကတည်းက အလွယ်တကူလုပ်ကိုင်တတ်သည့် အလေ့အကျင့်ပါလာခြင်း၊ ထိုအလေ့အကျင့်ကြောင့် အမှိုက်များအားလုံးကို ရောနှောပေါင်းစပ် စွန့်ပစ်လေ့ရှိခြင်း၊ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ရန်အားနည်းခြင်း တို့ကြောင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာအစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စိန်ခေါ်မှုနှင့် အခက်အခဲများ ရှိနေမည်ဖြစ်သည်။

သို့ဖြစ်ရာ စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းစဉ်များသည် ပြည်သူများ၏ လူမှုဘဝနှင့် မြို့ပြဒေသများ ဖွံ့ဖြိုးတိုးတက်သာယာလှပရေးကို များစွာအထောက်အကူပြုသဖြင့် အမှိုက်အမျိုးအစားအလိုက် အမှိုက်ပုံးအရောင်များ သတ်မှတ်၍ ခွဲခြားစွန့်ပစ်ခြင်းအစီအစဉ် အောင်မြင်ရေးအတွက် အသိတရားကိုယ်စီဖြင့် အလေးထားပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။

MNP

Subject-Image

  • သဘာဝပတ်ဝန်းကျင်ဝိုင်းဝန်းထိန်းသိမ်း စွန့်ပစ်ပစ္စည်းများ စနစ်တကျခွဲခြားစွန့်ပစ်

Posted-Date