အစ္စရေး-အီရန် ပဋိပက္ခက အခြားအာရပ်နိုင်ငံများ၏ မဟာဗျူဟာများကို ပြောင်းလဲစေခဲ့
အစ္စရေး - အီရန် ပဋိပက္ခနှင့်ဆက်စပ်ပြီး အရှေ့အလယ်ပိုင်းဒေသတွင်း ပြောင်းလဲလာမှုများကို လိုက်လျောညီထွေဖြစ်စေရန် အာရပ်နိုင်ငံများက ၎င်းတို့၏ နိုင်ငံခြားရေးမူဝါဒချမှတ်မှုများကို ချိန်ညှိ လျက်ရှိသည်။
အစ္စရေးနှင့် အီရန်တို့သည် ဇွန်လ ၂၄ ရက်နေ့တွင် အမေရိကန်နှင့် ကာတာနိုင်ငံတို့၏ အကူအညီဖြင့် ပစ်ခတ်ရပ်စဲရေး သဘောတူညီမှုရရှိခဲ့ပြီး ၁၂ ရက်ကြာ၌ ပဋိပက္ခကို အဆုံးသတ်ခဲ့သည်။ နှစ်ဖက် စလုံးတွင် အရေအတွက်များပြားသည့် လူသေဆုံးမှုများနှင့် ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့သော်လည်း လက်ရှိအခြေအနေမှာ ယေဘုယျအားဖြင့် တည်ငြိမ်နေသည်။ သို့ရာတွင် နှစ်ဖက် စလုံးက တစ်ဦးကို တစ်ဦး သဘောတူညီချက်ဖောက်ဖျက်မှုများ ပြုလုပ်သည်ဟုစွပ်စွဲပြီး ပြန်လည်တုံ့ပြန်မည်ဟု ခြိမ်းခြောက်မှုများ ရှိနေဆဲဖြစ်သည်။
အာရပ်နိုင်ငံများက အဆိုပါပဋိပက္ခကို ဒေသ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ ဦးတည်သည့် လမ်းကြောင်းမှ နောက်ပြန်လှည့်ရန် ဆွဲချနေသည့် လှေကားသဖွယ် ရှုမြင်ကြသည်။ ယခင်လက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ပင်လယ်ကွေ့ဒေသ ခရီးစဉ်အတွင်း ၎င်းမြှင့်တင် ခဲ့သည့် ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အာမခံချက်များနှင့် နှိုင်းယှဉ်လျှင် ယင်း အခြေအနေမှာ ဆန့်ကျင်ဘက်ဖြစ်နေသည်။
ယူအေအီးရှိ b’huth အတွေးအခေါ်အဖွဲ့၏ ဥက္ကဋ္ဌ မိုဟာမက် ဘာဟာရွန်က Christian Science Monitor သို့ ပြောကြားရာတွင် “အစ္စရေးက တင်းမာခက်ထန်သည့်မူဝါဒကို ဦးစားပေးနေစဉ် အခြားနိုင်ငံအားလုံးက အချင်းချင်း ရင်းနှီးသောဆက်ဆံမှုများ တည်ဆောက်ရန် ကြိုးစားနေကြ သည်။ စစ်မက်ဖြစ်ပွားခြင်းမရှိဘဲ အတူယှဉ်တွဲနေထိုင်သည့် အများနှင့်ဆိုင်သော နယ်ပယ်ဆိုသည့် အယူအဆသည် ယခုတိုင် အသက်ဝင်နိုင်ခြင်း ရှိ/မရှိ ဆိုသည့်အချက်သည် အများသိရှိလိုသည့် မေးခွန်းတစ်ခုဖြစ်နေသည်ဟု ၎င်းက ဆိုသည်။
အစ္စရေးသည် ကြာမြင့်စွာကတည်းကပင် အီရန်ကို အရှေ့အလယ်ပိုင်းဒေသတွင် “အဓိကရန်သူ” အဖြစ် မှတ်ယူထားသည်။ တီဟီရန်မှလည်း “တဲလ်အဗစ်မြို့ကို မြေပုံမှဖျက်ဆီးရန်” အကြိမ်ကြိမ် တောင်းဆိုခဲ့ပြီး အစ္စရေးက အီရန်၏နျူကလီးယားအစီအစဉ်ကို ဖြစ်နိုင်ခြေရှိသော ခြိမ်းခြောက်မှု တစ်ရပ်အဖြစ် ရှုမြင်သည်။
အာရပ်နိုင်ငံများကလည်း အီရန်ကို ပြိုင်ဘက်တစ်ဦးအဖြစ် ရှုမြင်ကြပြီး တစ်ဖက်တွင် ဆွန်နီ အစ္စလာမ်နှင့် အခြားတစ်ဖက်တွင် ရှီးရိုက်ဂိုဏ်းဝင်များ၏ ကွဲပြားမှုလည်း ရှိနေသည်။ အီရန်က ဟားမက်၊ ဟဇ်ဘိုလာ ၊ ဟူသီစသည့် အရှေ့အလယ်ပိုင်းရှိ လက်နက်ကိုင်အဖွဲ့များကို ထောက်ခံ ခြင်းနှင့် ဒေသတစ်ခုလုံးကို လွှမ်းခြုံနိုင်သည့် ဒုံးကျည်များ ပိုင်ဆိုင်ထားခြင်းတို့သည် စိုးရိမ်စရာ တစ်ရပ်ဖြစ်နေပြီး အချို့အာရပ်နိုင်ငံများက အစ္စရေးနှင့် ညှိနှိုင်းလုပ်ဆောင်ရန် လှုံ့ဆော်ခြင်းခံနေ ရသည်။
အစ္စရေးနှင့် အီရန်အကြား ပဋိပက္ခက အဆိုပါအခြေအနေကို ပြောင်းလဲစေသည်။ အီရန်နှင့် ဟဇ်ဘိုလာ အပေါ် အစ္စရေး၏ စစ်ရေးနှင့် ထောက်လှမ်းရေးလုပ်ဆောင်ချက်များက အာရပ်နိုင်ငံ များစွာကို မငြိမ်မသက်ဖြစ်စေလျက်ရှိပြီး အစ္စရေးက အာရပ်တို့၏အကျိုးစီးပွားနှင့်ဆန့်ကျင်စွာ တဖက်သတ် လုပ်ဆောင်နေခြင်းကိုလည်း စိုးရိမ်နေကြသည်။
အမေရိကန် ရီပတ်ပလီကန်အမတ် ဇက်ချ်နန်က အရှေ့အလယ်ပိုင်းသို့ မကြာသေးမီက ခရီးစဉ်အတွင်း ဆော်ဒီအာရေဗျ၊ ယူအေအီးနှင့် ဘာရိန်းခေါင်းဆောင်များနှင့် တွေ့ဆုံပြီးနောက် “စစ်ရေး အောင်မြင်မှုက အစ္စရေးကို ခက်ခဲသောအနေအထားသို့ ရောက်စေသည်” ဟု ပြောကြားခဲ့သည်။
ပင်လယ်ကွေ့နိုင်ငံများက အစ္စရေး၏စစ်ရေးစွမ်းရည်ကို မြင်တွေ့ခဲ့ပြီး တဲလ်အဗစ်အနေဖြင့် တာဝန်ယူမှု ရှိစွာလုပ်ဆောင်ရန် ကတိပြုစေလိုကြသည်။ယူအေအီးခေါင်းဆောင်၏ နိုင်ငံခြားရေးမူဝါဒ အကြံပေး အန်ဝါဂါရာရှ်က “ဒေသတွင်း၌ အက်ကြောင်းများစွာရှိနေပြီး တိုက်ခိုက်မှုနည်းလမ်းဖြင့် ဖြေရှင်း ပါက အားလုံးပြိုကွဲသွားနိုင်သည်” ဟု ပြောကြားခဲ့သည်။
အမေရိကန်အကူအညီဖြင့် သဘောတူညီခဲ့သော အေဗရာဟမ်သဘောတူညီချက် (Abraham Accords) တွင် ဆော်ဒီအာရေဗျ ပါဝင်ရန် အလားအလာမြင့်တက်လျက်ရှိသည်။ ယင်းသဘောတူ ညီချက်သည် အစ္စရေးနိုင်ငံကို အသိအမှတ်ပြုရန် ဆောင်ရွက်မည်ဖြစ်ပြီး အစ္စရေး-အာရပ်ကမ္ဘာ ဆက်ဆံရေး ခိုင်မာစေကာ ဒေသတွင်း အသိအမှတ်ပြုမှု တိုးမြှင့်ရန် လမ်းဖွင့်ပေးလိမ့်မည်ဖြစ် သည်။ ယခုအခါ ယူအေအီး၊ ဘာရိန်း၊ ဆူဒန်နှင့် မော်ရိုကိုနိုင်ငံတို့က အဆိုပါ သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးဖြစ်သည်။
Wall Street Journal ၏ သုံးသပ်ချက်အရ တဲလ်အဗစ်၏ စစ်ရေးနှင့် ထောက်လှမ်းရေးစွမ်းရည်ကို မြင်တွေ့ပြီးနောက် ဆော်ဒီအာရေဗျအနေဖြင့် အချိန်ပိုယူ၍ အကဲဖြတ်ရန် လိုအပ်နေသည်။ စစ်မက်အတွက် စွန့်စားရန် အသင့်ရှိသည့် အစ္စရေး၏ လုပ်ဆောင်ချက်များက ရီယာ့ဒ်အား သတိထားမိစေခဲ့သည်။
ဆော်ဒီအရာရှိတစ်ဦးက “အစ္စရေးနှင့် သံတမန်ဆက်ဆံရေး တည်ဆောက်ရန် ကြိုးပမ်းမှုများစွာ လိုအပ်သည်။ လက်ရှိအချိန်မှာ မသင့်တော်သေးပါ” ဟု ပြောကြားခဲ့သည်။ “လက်ရှိ အရေးတကြီး ကိစ္စမှာ အီရန်ခြိမ်းခြောက်မှုမဟုတ်ဘဲ ပါလက်စတိုင်းနိုင်ငံဖြစ်ရေးပါ” ဟု ၎င်းက ဖြည့်စွက်ခဲ့သည်။
ဆော်ဒီအာရေဗျသည် အစ္စရေးနှင့် ဟားမက်အကြား ဂါဇာစစ်ပွဲပြီးဆုံးမှသာ အေဗရာဟမ်သဘောတူ ညီချက်တွင် ပါဝင်မည်ဟု ရှင်းလင်းစွာ ကြေညာထားသည်။ ရီယာ့ဒ်က ပဋိပက္ခ၏ အရင်းခံ အကြောင်းရင်းများကို ဖြေရှင်းရန် ပါလက်စတိုင်းနိုင်ငံဖြစ်ရေးအတွက် ယုံကြည်စိတ်ချရသော လမ်းကြောင်း တစ်ခု လိုအပ်ကြောင်း ခိုင်ခိုင်မာမာပြောဆိုထားသည်။ သို့သော် တဲလ်အဗစ်က အဆိုပါအချက်ကို အခိုင် အမာ ငြင်းဆိုထားသည်။
ဂျော်ဒန်နှင့် အီဂျစ်ကဲ့သို့သော အခြားအာရပ်နိုင်ငံများသည် အစ္စရေးနှင့် ပုံမှန်ဆက်ဆံရေး ရှိထားသော်လည်း သတိထား၍ ဟန်ချက်ညီသော တုံ့ပြန်မှုများကို ရွေးချယ်ထားသည်။
ဂျော်ဒန်သည် အစ္စရေးက အီရန်ကို တိုက်ခိုက်မှုအား ဝေဖန်သည့် ကြေညာချက်ကို အာရပ်နိုင်ငံ ၂၀ နှင့်အတူ ထုတ်ပြန်ခဲ့သော်လည်း၊ တီဟီရန်က တဲလ်အဗစ်အပေါ် တုံ့ပြန်တိုက်ခိုက်ရန် ပစ်လွှတ်ခဲ့ သည့် ဒုံးပျံနှင့် ဒရုန်းများကို လေကြောင်းနယ်နိမိတ်အတွင်း ပိတ်ဆို့ကာကွယ်ရန် ပူးပေါင်းပါဝင် ခဲ့သည်။
အီဂျစ်က အစ္စရေး-အီရန် ပစ်ခတ်ရပ်စဲရေးကို ကြိုဆိုခဲ့ပြီး ဒေသတွင်းအကျပ်အတည်းများအတွက် ရေရှည်ဖြေရှင်းနည်းရှာရန် သံတမန်ဆိုင်ရာ ကြိုးပမ်းမှုများ ဆက်လက်လုပ်ဆောင်မည်ဟု ကြေညာ ခဲ့သည်။ သို့သော် ကိုင်ရိုသည် ဂါဇာမှ ပါလက်စတိုင်းဒုက္ခသည်များကို အီဂျစ်က လက်ခံရန် ဖြစ်နိုင်ခြေရှိသည့် အမေရိကန် သို့မဟုတ် အစ္စရေးအစီအစဉ်များကို အခိုင်အမာ ငြင်းဆိုခဲ့သည်။
ဂျေရုဆလင်ရှိ Hebrew University ၏ အစ္စလာမ်ဘာသာရေး ပါမောက္ခ Simon Wolfgang Fuchs က DW သို့ ပြောကြားရာတွင် “အီဂျစ်အစိုးရသည် အမေရိကန်မှ စစ်ရေးအကူအညီကို အလွန် အမင်းမှီခိုနေရသည့်အတွက် အစ္စရေးနှင့် အမေရိကန်တို့၏ ငြိုငြင်မှုမှ ရှောင်ရှားရန် ကြိုးစားသည်” ဟု ဖော်ပြခဲ့သည်။ ဥပမာအားဖြင့် ဇွန်လ ၁၄ ရက်တွင် ဂါဇာအား ထောက်ခံသည့် တူနီးရှားမှ ချီတက်ပွဲကို ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။
အီရန်၏ အိမ်နီးချင်းနိုင်ငံများသည် ဒေသတွင်း ဟန်ချက်ညီမှုထိန်းသိမ်းရေး၏ အရေးပါမှုကို ရှင်းရှင်း လင်းလင်း နားလည်ထားသည်။ တစ်နည်းဆိုရလျှင် ၎င်းတို့သည် အီရန် အားနည်းလာမှုကို မြင်တွေ့လို သော်လည်း နိုင်ငံတွင်းအရှုပ်တော်ပုံ မဖြစ်စေလိုကြပေ။
အာရပ်နိုင်ငံများသည် အီရန်၏ နျူကလီးယားစွမ်းရည်နှင့် ဒုံးကျည်အစီအစဉ်များကို စိုးရိမ်နေကြ သော်လည်း အီရန်အစိုးရ အကြီးအကျယ်ပြိုလဲပါက ဖြစ်ပေါ်လာမည့် လူမှုရေး/နိုင်ငံရေး အရှုပ်တော်ပုံကို ပို၍ပင်စိုးရိမ်နေကြသည်။ အထူးသဖြင့် အီရန်အား နိုင်ငံတကာစီးပွားရေးပိတ်ဆို့မှုများကြောင့် ပြည်တွင်းမငြိမ်မသက်မှုများ မြင့်တက်လာပြီး အကယ်၍ အစိုးရပြိုလဲပါက အီရန်မှ ဒုက္ခသည်များ အိမ်နီးချင်းနိုင်ငံများသို့ စီးဝင်လာနိုင်ခြေရှိနေသည်ကို အထူးစိုးရိမ်နေကြသည်။
ကိုးကား- VN Express
https://vnexpress.net/xung-dot-israel-iran-xoay-chuyen-tinh-toan-cua-cac-nuoc-arab-4907374.html