ကိုယ်ကျင့်သီလပြည့်စုံသည့် ဝန်ထမ်းကောင်းများဖြစ်စေရေး

Posted_Date

Image

ကိုယ်ကျင့်သီလပြည့်စုံသည့် ဝန်ထမ်းကောင်းများဖြစ်စေရေး

Body

နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကြီးဖြစ်ပေါ်လာစေရန် ဦးတည် ဆောင်ရွက်လျက်ရှိရာတွင် ကောင်းမွန်သောအုပ်ချုပ်မှုစနစ် ဖြစ်ပေါ်လာစေရေးအတွက် ကိုယ်ကျင့်တရား ကောင်းမွန်သည့်နိုင်ငံ့ဝန်ထမ်းများက အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်လျက် ရှိပါသည်။
ဝန်ထမ်းကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် နိုင်ငံတော်အစိုးရက စဉ်ဆက်မပြတ် လေ့ကျင့်ဆောင်ရွက်ပေးလျက်ရှိရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ဗဟိုလေ့ကျင့်ရေးကျောင်းသည်လည်း ခေါင်းဆောင်မှုသင်တန်းများ၊ အရာရှိငယ် စီမံသင်တန်းများ၊ စာရေးဝန်ထမ်းသင်တန်းများ၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းများ၊ ခေတ်မီ မော်တာစက်ချုပ်သင်တန်းများ စသည့်သင်တန်းများ ဖွင့်လှစ်လေ့ကျင့်ပေးလျက်ရှိပြီး ထိုသင်တန်းများ တွင် ဝန်ထမ်းကောင်းများ၌ရှိအပ်သည့်ကိုယ်ကျင့်တရားကောင်းမွန်ရေး ဘာသာရပ်ကို ထည့်သွင်း သင်ကြား လေ့ကျင့်ပေးလျက်ရှိသည်။
ဗဟိုလေ့ကျင့်ရေးကျောင်းမှ ဖွင့်လှစ်သည့်သင်တန်းများတွင် စာရေးသူက ကိုယ်ကျင့်တရား ဘာသာရပ်ကို ၂၀၀၇ခုနှစ်မှ ယနေ့အထိ “ကိုယ်ကျင့်တရားနှင့်တာဝန်ဝတ္တရား” ခေါင်းစဉ် ကျမ်းငယ် တစ်စောင်ရေးသားပြုစု၍ တာဝန်ရှိသူအထက်ဌာနထံ တင်ပြခွင့်ပြုချက်ရယူပြီး သင်ကြားပို့ချ လေ့ကျင့် ပေးနေပါသည်။ ကိုယ်ကျင့်တရားဘာသာရပ်သည် ဝန်ထမ်းများအတွက် သာမကလူသားအားလုံးအတွက် လိုက်နာကျင့်ကြံရန် အလွန်အရေးကြီးပါသည်။ ကိုယ်ကျင့်တရား ဆိုသည်မှာ လူသားတိုင်း နေ့စဉ် ကြံစည်၊ ပြောဆို၊ ပြုမူလုပ်ကိုင်ဆောင်ရွက်ချက်များပင် ဖြစ်ပါသည်။ ထို့ကြောင့် ကိုယ်ကျင့်တရား များတွင် မှန်ခြင်းမှားခြင်း၊ ကောင်းခြင်းဆိုးခြင်း၊ မြင့်မြတ်ခြင်းယုတ်နိမ့်ခြင်း စသည့်တန်ဖိုးဖြတ်မှုများ ရှိလာပါသည်။
ကိုယ်ကျင့်တရား၏အဓိကအချက်များ
လူတစ်ဦးအတွက် မိမိ၏အပြောအဆို၊ အပြုအမူသည်မိမိကိုလည်း မထိခိုက်၊ သူတစ်ပါး ကိုလည်း နစ်နာမှုမရှိ၊ စိတ်ပူပန်စရာလည်းမလို၊ နောင်တရစရာလည်း မဖြစ်လျှင် ထိုအပြောအဆို၊ အပြုအမူသည် မှန်၏။ ကောင်း၏။ မိမိ၏အပြောအဆို၊ အပြုအမူ၊ လုပ်ကိုင်ဆောင်ရွက်မှုသည် မိမိအတွက်မကောင်း၊ သူတစ်ပါးကိုလည်း ထိခိုက်နစ်နာစေ၏၊ ထို့အတွက် စိတ်ပူပန်မှု ရောက်ရ၏။ ပူဆွေးသောကလည်း ဖြစ်ရ၏၊ ပြောဆိုလုပ်ကိုင်မိသည်မှာ မှားလေခြင်းဟု နောင်တ တစ်ဖန်လည်း ပူပန်ရ၏ ဟုဆိုလျှင် ထိုအပြောအဆိုပြုမူလုပ်ကိုင်မှုသည် မမှန်၊ မှား၏။ ယုတ်နိမ့် လေသည်။ ဤကား ကိုယ်ကျင့်တရား၏ အဓိကအချက်များပင် ဖြစ်ပါသည်။
ထို့ကြောင့် ကိုယ်ကျင့်တရားကောင်းလျှင် လူ့တန်ဖိုးမြင့်မားလာပြီး နိုင်ငံတာဝန် ထမ်းဆောင် ကြရသည့်ဝန်ထမ်းများအတွက်မူကား တာဝန်သိ၊ တာဝန်ယူတတ်သည့် ဝန်ထမ်း၊ နိုင်ငံတော်အပေါ် သစ္စာစောင့်သိသည့်ဝန်ထမ်း၊ အမျိုးဘာသာသာသနာအပေါ် ထိန်းသိမ်း စောင့်ရှောက်တတ်သည့် ဝန်ထမ်းကောင်းများ ဖြစ်လာပေလိမ့်မည်။
ကိုယ်ကျင့်တရားကောင်းမွန်စေရေး
ကိုယ်ကျင့်တရားပျက်ယွင်းလျှင်မူကား မိမိ၏ပစ္စုပ္ပန်ဘဝ၊ တမလွန်ဘဝ ဆင်းရဲဒုက္ခ ကြုံရမည့် အပြင် မိမိမိသားစု၊ မိမိတာဝန်ယူရာ အဖွဲ့အစည်း၊ လူ့ပတ်ဝန်းကျင်ကို ထိခိုက်နစ်နာ စေတတ်ပါသည်။ ထို့ကြောင့်ဝန်ထမ်းတိုင်း၊ လူသားတိုင်း မိမိဘဝတိုးတက်မြင့်မားစေသည့် ကိုယ်ကျင့်တရားများ မှန်ကန် ကောင်းမွန်စေရေး အလေးထား ဖြည့်ဆည်းကျင့်ကြံ သွားကြရမည် ဖြစ်ပါသည်။ 
မြန်မာမှုနယ်ပယ်တွင် ကိုယ်ကျင့်တရားနှင့်ပတ်သက်၍ ကိုယ်ကျင့်သီလဟု ယှဉ်တွဲသုံးနှုန်း ပါသည်။ ဤသို့ဆိုရခြင်းမှာ သီလစောင့်ထိန်းခြင်း၊ သီလကောင်းခြင်း၊ သီလ လုံခြုံခြင်းသည် ကိုယ်ကျင့် တရားများပင်ဖြစ်လေရာ သီလကောင်းခြင်းသည် ကိုယ်ကျင့်တရား ကောင်းခြင်းပင်ဖြစ်သည်။ သီလ ဆိုသည်မှာ မကောင်းမှုများ မပြုမိအောင် မိမိကိုယ်ကို ထိန်းသိမ်း စောင့်ရှောက်ခြင်း၊ သူတစ်ပါးမထိခိုက်၊ မနစ်နာ၊ မပျက်စီးအောင် ရှောင်ကြဉ်ခြင်းပင်ဖြစ်ရာ ကိုယ်ချင်းစာမှု၊ သနားကြင်နာမှု၊ မေတ္တာထားမှု များအပြင် ဘုရားရှင်ညွှန်ကြားထားသည့် “အတ္တသမ္မာပဏိဓိ” မိမိကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း ဖြစ်၍ ကိုယ်ကျင့်တရား ပြည့်စုံသောသူ ဖြစ်ပေမည်။
ဝန်ထမ်းများသည်လည်း နိုင်ငံသူနိုင်ငံသားများပင်ဖြစ်ကြရာ နိုင်ငံသားအားလုံး ကိုယ်ကျင့်တရား ကောင်းအောင် ဖြည့်ကျင့်ရမည်ဖြစ်ပါသည်။ ကိုယ်ကျင့်သီလ ပျက်စီးယိုယွင်း သောသူသည် မိမိကိုယ်ကို ဖျက်ဆီးရုံသာမက လူ့ဘောင်အဖွဲ့အစည်းကိုပါ ဖျက်ဆီးလာသည်ကို မျက်ဝါးထင်ထင် တွေ့မြင်နိုင် ပါသည်။ ကိုယ်ကျင့်သီလပျက်စီးယိုယွင်းသောသူသည် အပြစ်မဲ့သောသူကိုလည်း သတ်၏။ ပြည်သူပိုင် ပစ္စည်းများကိုလည်း ဖျက်ဆီး၏၊ သာသနာ့ဝန်ထမ်းများနှင့် သာသနိက အဆောက်အဦပစ္စည်းများ ကိုလည်း စော်ကားရဲ၏။ မှန်သည်မှားသည်ကိုလည်းမသိ၊ ကောင်းသည်ဆိုးသည်ကိုလည်း နားမလည်၊ မိုက်တွင်းနက်လေတော့သည်။
ကိုယ်ကျင့်သီလလုံခြုံအောင်စောင့်ထိန်းလိုက်နာလျှင်
ထို့ကြောင့် နိုင်ငံ့ဝန်ထမ်းများအပါအဝင် ပြည်သူအားလုံး ကိုယ်ကျင့်သီလလုံခြုံအောင် စောင့်ထိန်း လိုက်နာလျှင် သစ္စာစောင့်သိခြင်းကို တန်ဖိုးထားတတ်လာကြမည်ဟု ဆိုရခြင်းဖြစ်ပါသည်။ သို့ဖြစ်ရာ မည်သည့်အရာများအား သစ္စာစောင့်သိတန်ဖိုးထားရမည်နည်းဟုဆိုလျှင် . .
(က) အမျိုး၊ ဘာသာ၊ သာသနာအပေါ် သစ္စာစောင့်သိရပေမည်။
(ခ) နိုင်ငံတော်အပေါ် သစ္စာစောင့်သိရပေမည်။
(ဂ)မိမိတာဝန်ထမ်းဆောင်သော ဌာန(သို့)အဖွဲ့အစည်းအပေါ် သစ္စာစောင့်သိရပေမည်။
(ဃ) ဆရာနှင့် တပည့်၊ လင်နှင့်မယား တစ်ဦးအပေါ်တစ်ဦး သစ္စာစောင့်သိရပေမည်။
အချုပ်အားဖြင့်ဆိုရသော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက် (၁၂) ရပ် အနက် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့်ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေးဆိုသည့် နိုင်ငံရေးဦးတည်ချက်ကို အကောင်အထည်ဖော်နိုင်ရန်အတွက် နိုင်ငံ့ဝန်ထမ်းများအပါအဝင်၊ ပြည်သူပြည်သားအားလုံး၊ လူသား များအားလုံး ကိုယ်ကျင့်သီလများကိုသိရှိလိုက်နာ၊ ထိန်းသိမ်းစောင့်ရှောက်ခြင်းအားဖြင့် မိမိအကျိုးစီးပွား၊ နိုင်ငံအကျိုးစီးပွား၊ အမျိုးဘာသာသာသနာအကျိုးစီးပွား တိုးတက်ကောင်းမွန်ကာ တည်ငြိမ်အေးချမ်း သာယာသော အကျိုးရလဒ်များဖြစ်ထွန်းစေမည် ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။        ။


Source- MyanmarNationalPost

နှလုံးလှ ကျောင်းတော်များ

Posted_Date

EN-Article-Category

Image

နှလုံးလှ ကျောင်းတော်များ

Body

“မောင်တို့၊ မယ်တို့......
မိမိပညာရပ်တွေကို
မိမိသေချာလေ့လာဆည်းပူးသင်ကြားကြပါ။
ပညာမပြည့်စုံ၊ ဗဟုသုတမရှိရင်
ကိုယ့်ရဲ့အတတ်ပညာက ဘယ်သူ့ကိုမှကောင်းကျိုးမပြုဘဲ
မင်းတို့တွေဟာ “မယ်သုည၊ မောင်သုည” တွေ ဖြစ်လာလိမ့်မယ်။
မယ်သုည၊ မောင်သုညတွေ
တိုင်းပြည်တာဝန်ထမ်းရင်တော့
ငါတို့တိုင်းပြည် ခါးကျိုးလိမ့်မယ်....။”
ဤစကားရပ်သည် ၁၉၈၀ ကျော်ကာလ၊ ပုသိမ်တက္ကသိုလ်တွင် ပါမောက္ခဌာနမှူး (ပထဝီဝင်) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဆရာမကြီး “ဒေါ်စိန်စိန်”က Lecture ပို့ချရင်း ကျောင်းသား၊ ကျောင်းသူများအား ပြောကြားခဲ့သော ဆုံးမစကားပင်ဖြစ်ပါသည်။
ပညာရေးဟူသည်-
ပညာရေးသည် ကျယ်ဝန်းသောအဓိပ္ပာယ်များစွာကို ဆောင်ပါသည်။ ပညာရေးဆိုသည်မှာ တစ်ဦးနှင့်တစ်ဦး ပေါင်းသင်းဆက်ဆံရေးအတွက် အကောင်းဆုံးကြားခံပစ္စည်း ဖြစ်ပါသည်။ ပညာသည် လူတစ်ဦးတွင် တိမ်မြုပ်နေသည့် အစွမ်းအစများကို ဖော်ထုတ်နိုင်စွမ်းရှိ၏။ အစွမ်းအစကို ပညာဖြင့် ဆင်ခြင်လုပ်ဆောင်တတ်သူတိုင်းအတွက် အနာဂတ်များမှာ ပိုမိုတောက်ပနေမည်သာ ဖြစ်ပါသည်။ ဘဝကိုမြှင့်တင်ပေးနိုင်သည့်အရာမှာ ပညာဆိုတာ သံသယရှိစရာမလိုပေ။
ပညာတတ်သူသည် အမှား အမှန်ကို ခွဲခြားသိမြင်နိုင်စွမ်းရှိသည်။  သူတို့သည် အရာရာကို ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့်သာ မိမိဘဝကိုဦးဆောင်ကြသည်။ ပညာတတ်သူသည် တရားဥပဒေကို လေးစားလိုက်နာ တန်ဖိုးထားတတ်သည်။ လူ့အခွင့်အရေးကိုလေးစားပြီး ကိုယ့်တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်တတ်သည်။ နိုင်ငံသူ၊ နိုင်ငံသားတစ်ယောက် လိုက်နာရမည်ဟု သတ်မှတ်ထားချက်များကို မဖောက်မဖျက်ဘဲ လိုက်နာတတ်ကြသည်။ ဤအရည် အချင်းများကပင် “နိုင်ငံသားကောင်း”ဆိုသည့် ဂုဏ်ပုဒ်ဖြစ်သောကြောင့် အသိပညာ၊ အတတ်ပညာရပ်များကို ငယ်ရွယ်စဉ်အခါကပင် လေ့ကျင့်သင်ကြားပေးနိုင်ရန် အရေးကြီးလှပါသည်။ 
ထို့ကြောင့် မျိုးဆက်သစ်များစွာတို့အား မိမိကိုယ်မိမိ တန်ဖိုးထားတတ်စေရန်လည်းကောင်း၊ ကျွမ်းကျင်မှုဆိုင်ရာ အတတ်ပညာအရပ်ရပ်တို့ကို အသုံးပြုကာ နိုင်ငံတော်နှင့်နိုင်ငံသားတို့အား အကျိုးပြုစေခြင်းအလို့ငှာလည်းကောင်း၊ လှပသောနှလုံးသားအစုံနှင့်အတူ လူသားဆန်မှု၊ လူပီသမှု များနှင့် မိမိတို့၏အဝန်းအဝိုင်းမှသည် မိမိတိုင်းပြည်အား ချစ်မြတ်နိုးတတ်စေရန်လည်းကောင်း အသိပညာ၊ အတတ်ပညာများကို ကောင်းစွာလေ့ကျင့်သင်ကြားပေးရန် အထူးလိုအပ်လှပါသည်။  
လူ့စွမ်းအားအရင်းအမြစ်များ ဖော်ဆောင်ပေး
“နယ်စပ်ရေးရာဝန်ကြီးဌာန”၏ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် တိုင်းဒေသကြီး ၂ ခု၊ ပြည်နယ် ၇ ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသ ၆ ခု တို့တွင် တိုင်းရင်းသားလူမျိုးများ၏ ဒေသဖွံ့ဖြိုးတိုးတက်ရေး အခြေခံလုပ်ငန်းများအား ဒေသခံ တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိပါသည်။ 
ထို့အတူ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန သည်လည်း တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၊ ဗဟိုလေ့ကျင့်ရေးကျောင်း၊ လူငယ်သင်တန်းကျောင်းများ၊ အိမ်တွင်းမှုသင်တန်းကျောင်းများနှင့်စက်မှု လက်မှု သင်တန်းကျောင်းများ ဖွင့်လှစ်ထားပြီး နိုင်ငံတော်အတွက် လူ့စွမ်းအားအရင်းအမြစ်များ ဖော်ထုတ်ရေးနှင့် စွမ်းရည်ကောင်းများရရှိစေရေးအတွက် ပညာရပ်များကို ဖြန့်ဝေပံ့ပိုး ဖြည့်ဆည်း မွေးထုတ်ပေးလျက်ရှိပါသည်။
နိုင်ငံတော်အနေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားစည်းလုံးညီ ညွတ်ရေး တည်ဆောက်ရာတွင် အထောက်အကူပြုနိုင်ရန်အတွက် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးသိပ္ပံ (Academy for the Development of The National Group)ကို ၁၉၆၄ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက် နေ့တွင် စစ်ကိုင်းမြို့၌စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၆၈ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက် ရက်နေ့တွင် လက်ရှိ ရွာသစ်ကြီး သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။
နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသရှိ တိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး ပိုမိုတိုးမြှင့်ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးသိပ္ပံကို ၁၉၉၁ ခုနှစ်၊ မေလ ၁၀ ရက်နေ့တွင် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (University for the Development of the National Races of the Union) အဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးခဲ့ရာ ယခုနှစ်ဆိုလျှင် ၁၇ နှစ် ပြည့်မြောက် ခဲ့ပြီဖြစ်ပေသည်။
ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်သည် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်းလုံးညီညွတ်မှုတိုးတက်ခိုင်မာရေးအတွက် အရည်အသွေးမြင့်မားသည့် ပညာရေးဝန်ထမ်းကောင်းများ ဖြစ်ထွန်းအောင် အထူးလေ့ကျင့်ပျိုးထောင်ပေးလျက်ရှိပြီး  မူလတန်း ဆရာအတတ်သင်တန်း၊ အထူးမူလတန်းဆရာအတတ်သင်တန်း၊ အလယ်တန်းဆရာအတတ်သင်တန်း၊ ဆရာအတတ်ပညာဒီပလိုမာသင်တန်း၊ ပညာရေးဘွဲ့ ပေါင်းကူးသင်တန်း၊ ပညာရေးဘွဲ့သင်တန်း၊ မဟာပညာရေးဘွဲ့ အရည်အချင်းစစ်သင်တန်း၊ မဟာဒဿန(ပညာရေး)ဘွဲ့ သင်တန်းနှင့် မဟာ ပညာရေးဘွဲ့သင်တန်း စသည့် ပညာရေးသင်တန်း ၁၀ မျိုးအားဖွင့်လှစ်သင်ကြားပေးလျက်ရှိ၏။
ပြည်ထောင်စုစိတ်ဓါတ်ထွန်းကားပြန့်ပွားရေး
“နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ ငါးနှစ် သင်တန်း အမှတ်စဉ်(၄) ကျောင်းဆင်းမည့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံအမှာစကား” ပြောကြားရာတွင်-
“ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်အနေဖြင့် ယနေ့အထိ မဟာ  ပညာရေးဘွဲ့၊ မဟာဒဿနဘွဲ့၊ ပညာရေးဘွဲ့၊ ဆရာအတတ်ပညာဒီပလိုမာ၊ အလယ်တန်း ဆရာအတတ်သင်၊ မူလတန်းဆရာအတတ်သင်၊ အထူးမူလတန်းဆရာအတတ်သင် စုစုပေါင်း ၁၃၇၈၆ ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ တိုင်းရင်းသားမျိုးနွယ်စုပေါင်း ၁၀၀ ကျော် တက်ရောက် သင်တန်းဆင်းခဲ့ကြပြီး မောင်တို့၊ မယ်တို့သည် နိုင်ငံတော်က ပြုစုပျိုးထောင် ထားသည့် သားသမီးများပီသစွာ နိုင်ငံတော်၏ ကျေးဇူးသစ္စာကိုစောင့်သိပြီး နိုင်ငံတော်က မျှော်မှန်းထားသည့်အတိုင်း မိမိတို့တာဝန်ကျရာ နယ်စပ်ဒေသတွင်ရှိသည့် တိုင်းရင်းသား ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ထမ်းဆောင် ကြရန်နှင့် ပြည်ထောင်စုစိတ်ဓါတ်ကို တိုင်းရင်းသားများအကြား ထွန်းကားပြန့်ပွားအောင် လည်း ဆောင်ရွက်ပေးကြရန်” ဟု လမ်းညွှန်မှာကြားခဲ့ပါသည်။
ဤတက္ကသိုလ်အပြင် ပြည်ထောင်စုစိတ်ဓါတ်ခိုင်မြဲသော အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံ သော လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ပေးနိုင်မည့် “ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်” (ရန်ကုန်နှင့် မန္တလေး၊စစ်ကိုင်း)ကျောင်း ၂ ကျောင်း ကိုလည်း ၂၀၀၀ ပြည့်နှစ်မှစတင်၍ ဖွင့်လှစ်ပေးနိုင်ခဲ့ပါသည်။
စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်နှင့် စစ်ကိုင်း) ကျောင်းများတွင် ဝိဇ္ဇာဘွဲ့(မြန်မာစာ၊ ပထဝီဝင်၊ သမိုင်း)၊ သိပ္ပံဘွဲ့(သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ)နှင့် အင်ဂျင်နီယာဘွဲ့(မြို့ပြ၊ အီလက် ထရောနစ်၊ စက်မှု၊ လျှပ်စစ်စွမ်းအား)ဘွဲ့များ ပေးအပ်ချီးမြှင့်ပေးနိုင်ခဲ့ပါသည်။ 
ပညာပြည့်ဝ နှလုံးလှသော-
ဖူး အ ငုံ ချိန် ခါ သင့်
ပွင့် လာ ကြ ပန်း မာ လာ
မွှေး ပျံ့ ကြိုင် စွာ ....။
၂၀၂၁ ခုနှစ် နိုဝင်ဘာလ နောက်ဆုံးပတ်ကာလအတွင်း နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း) အမှတ်စဉ် (၄)၊ ပြည်ထောင်စု တိုင်းရင်းသား လူငယ်များစွမ်းရည် ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(စစ်ကိုင်း၊ ရန်ကုန်) အမှတ်စဉ် (၁၅)၊ (၁၈) သင်တန်း ဆင်းပွဲ အခမ်းအနားများ ကျင်းပပြုလုပ်ခဲ့ပါသည်။ 
ယနေ့အချိန်အထိ ဤကျောင်းတော်ကြီးများမှတိုင်းရင်းသားလူငယ်အင်အား မဟာပညာရေး ဘွဲ့၁၃၁ ဦး၊ မဟာဒဿနဘွဲ့ ၃၅ ဦး၊ ပညာရေးဘွဲ့ ၄၃၈၁ ဦး၊ ဆရာအတတ်ပညာဒီပလိုမာ ၉၃၂ ဦး၊ အလယ်တန်းဆရာအတတ်သင် ၉၅၆ ဦး၊ မူလတန်းဆရာအတတ်သင် ၇၁၆၂ ဦး၊ အထူးမူလတန်း ဆရာအတတ်သင် ၄၆၁ ဦး၊ ဝိဇ္ဇာဘွဲ့ ၉၆၅ ဦး၊ သိပ္ပံဘွဲ့ ၂၀၆၃ ဦး၊ B.Tech ၂၇၄ ဦး၊ A G T I ဒီပလိုမာ  ၁၃၉၆ ဦး စုစုပေါင်း ၁၈၇၅၆ ဦး ကိုမွေးထုတ်ပေးနိုင်ခဲ့လေပြီ။
ထိုကျောင်းဆင်းဘွဲ့ရတိုင်းရင်းသား မောင်၊ မယ်များသည် ဝန်ကြီးဌာနပေါင်း၂၃ ခုတွင် ပညာရေးဘွဲ့ရ ၁၄၀၅၈ ဦး၊ ဝိဇ္ဇာ၊သိပ္ပံဘွဲ့ရ ၃၀၂၈ ဦးနှင့် အင်ဂျင်နီယာဘွဲ့ရ ၁၆၇၀ ဦးတို့မှာ နိုင်ငံ့တာဝန်များကို ကျေပွန်စွာထမ်းဆောင် လျက်ရှိကြပေသည်။ 
                ဥ မ ကွဲ သိုက် မ ပျက်
                သွယ် လက် ယှက် ရင်း
                နာ ဂ အင်းသား
                ကယား  ကချင်
                မွန် ကရင်  ချင်း
                ဆွေရင်း ဗမာ   
                အခါ ရခိုင် ရှမ်း ဟု
                ပအို့ဝ် ဓနု ပလောင်
                ညီနောင်တစ်စု
                တည်ထောင်ပြုသော
                ပြည်ထောင်စုဖွား
                သွေးသားရင်နှစ်
                အားအင်သစ်လျက်
                ကိုင်းရွက်ခက်တွေ
                အပွင့်ဝေခဲ့....။
ဤကျောင်းတော်များတွင် တိုင်းရင်းသားလူငယ်များ၏ ဘဝရှေ့ရေး ဖြောင့်မတ်မှန်ကန်စေရန်၊ ကောင်းမွန်သည့်နှလုံးသား ဖြစ်လာစေရန်ဟူသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ပြုစုပျိုးထောင် တည်ဆောက်ပေးခဲ့၏။ နယ်စပ်ရေးရာဝန်ကြီးဌာန၏ ကျောင်းတော်ကြီးများသည် တိုင်းရင်းသား မျိုးဆက်သစ်များအတွက် ဥယျာဉ်မြေသဖွယ်သာဖြစ်၏။ စရိုက်ဆိုးများခြွေချပြီး စရိုက်ကောင်းများ ဖူးဝေအောင် လေ့ကျင့်ပေးနိုင်ခဲ့၏။‌
အနာဂတ်ခေါင်းဆောင်ကောင်းများ ဖြစ်လာစေမည့် စွမ်းရည်ပြည့်ဝသော လူတော်လူကောင်း များကို စစ်ထုတ်ပေးခဲ့၏။ ပြည်ထောင်စုကြီးအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူငယ် မျိုးဆက်သစ်များအား တစ်စိတ်တစ်ဝမ်းတည်းဖြစ်စေရေး ရှေးရှုဆောင်ရွက်လေ့ကျင့်ပေးခဲ့ပါသည်။
                “မြေဆီမြေသား၊ စွမ်းဆောင်အားကြောင့်
                ကြီးထွားသီးပွင့်၊ မာန်ဟုန်ဝင့်ပြန်
                မျိုးစေ့မှန်၍၊ အပင်သန်ခဲ့ပြီ....။”
စွမ်းအင်၊ စွမ်းအားများမှသည် စွမ်းရည်ဖွံ့ဖြိုးရေးဆီသို့ အရောက်လှမ်းပြီး အေးချမ်းသာယာ၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်အဖြစ် တည်ဆောက်ရာတွင် စွမ်းစွမ်းတမံဆောင်ရွက်သွား ကြမည့် တိုင်းရင်းသားလူငယ်များ၏ စွမ်းရည်များ မြှင့်တင်ပေးရာ၊ တူညီမျှခြင်း အလှတရားများ ဖော်ဆောင်ပေးရာ  ကျောင်းတော်မဟာများပင်တည်း။ 
နှလုံးသားကိုပညာသင်ကြားခြင်း
“နှလုံးသားကို ပညာသင်ပေးခြင်း” ဟုဆိုရာတွင် ကူညီရိုင်းပင်းလိုစိတ်၊ ကိုယ်ချင်းစာနာစိတ်၊ သနားကြင်နာစိတ်၊ ရိုးသားဖြောင့်မတ်စိတ်၊ စည်းလုံးညီညွှတ်အေးချမ်းစွာ ယှဉ်တွဲနေထိုင်လိုစိတ် တွေဖြစ်လာစေဖို့ သင်ကြားလေ့ကျင့်ပေးခြင်းကို ဆိုလိုရပါမည်။ တိုင်းရင်းသား မျိုးဆက်သစ်များအား ပညာရည်ပြည့်ဝ၍ နှလုံးလှသော လူကောင်း၊ လူတော်လေးများ၊ ဝန်ထမ်းကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်သင်ကြားပေးခဲ့ပေသည်။ 
လူငယ်များအနေဖြင့် အရည်အချင်းရှိမှ တိုင်းပြည်တိုးတက်အောင်ပြုလုပ်နိုင်မည်ဖြစ်သဖြင့် လူငယ်များ၏နှလုံးသားအား လေ့ကျင့်သင်ကြားပေးခြင်းသည် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် အောင်လုပ်ဆောင်ခြင်းဖြစ်ပေသည်။ လူငယ်များအတွက် Education ၊ Experience ၊  Explore ၊ Ethic စသည့်အချက်များသည် အလွန်အရေးကြီးပြီး ဘဝတစ်သက်တာ အတွက် အသုံးချနိုင်ရန် ကြိုးပမ်းဆောင်ရွက်ပေးကြရပေမည်။ 
ကျောင်းအသီးသီးတွင် “တိုင်းရင်းသားရေးရာ”ဌာနများ ဖွင့်လှစ်ထားရှိပြီး ပြည်ထောင်စု   စိတ်ဓာတ်ဘာသာရပ်၊အဆင့်မြင့်ယဉ်ကျေးမှုဘာသာရပ်များသင်ကြားပို့ချပေးလျက်ရှိရာ ပြည်ထောင်စု စိတ်ဓာတ်ခိုင်မာရင့်သန်ပြီး မိမိတို့၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ဘာသာသာသနာကို တန်ဖိုးထား မြတ်နိုး၍ စည်းလုံးညီညွတ်မှုခိုင်မြဲစေရန် လေ့ကျင့်ပျိုးထောင် သင်ကြားပေးနိုင်ခဲ့ပေပြီ။ 
ကျောင်းဆင်းပြီးသည်နှင့်တစ်ပြိုင်နက် ဝန်ကြီးဌာနအသီးသီးတွင် အလုပ်ခန့်အပ်ခြင်းခံရ၏။ ထို့ကြောင့်ကျောင်းဆင်း မောင်၊ မယ်များသည် နယ်စပ်ဒေသများ အလျင်အမြန် ဖွံ့ဖြိုးတိုးတက် စေရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းများတွင် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် တာဝန်ထမ်း ဆောင်မည့် နိုင်ငံ့ဝန်ထမ်းများဖြစ်ကြပေတော့မည်....။ 
တိုင်းရင်းသားလူငယ်မောင်မယ်များအား စည်းစည်းလုံးလုံးရှိပြီး အရည်အချင်းရှိရှိ လေ့ကျင့် သင်ကြားပျိုးထောင် ပေးခဲ့ပြီးဖြစ်သဖြင့် တာဝန်ကျရာဌာနအသီးသီး၊ ဒေသအသီးသီးတွင် တိုင်းပြည် ခါးကျိုးခြင်း မဖြစ်ရလေအောင် တာဝန်သိ၊ တာဝန်ခံ၊ တာဝန်ယူသော “ဝန်ထမ်းကောင်း” များ အဖြစ် တာဝန်ထမ်းဆောင်ကြပေတော့မည်။
    “ကျောင်းတော်သာမှ
    သွေခွာတက်လှမ်း ပြည့်ဝန်ထမ်းဖို့
    ဖြောင့်တန်းညီညီ လျှောက်လှမ်းမည်ဟု
    ရွယ်ရည်စိတ်ဓာတ် ခိုင်ခိုင်မတ်လျက်
    တွဲလက်စုပေါင်း
    အားသစ်လောင်း....။”
အနာဂတ်၏ လှပသောရောင်စုံပန်းများ
စာရေးသူသည် ဤဒီဂရီကောလိပ် ကျောင်းဆင်းပွဲများနှင့် ညစာစားပွဲများသို့ တက်ရောက်ခွင့် ရခဲ့ဖူးပါသည်။ ကျောင်းဆင်းတိုင်းရင်းသား ဘွဲ့ရမျိုးဆက်သစ်တို့နှင့် အခမ်းအနားတက်ရောက်လာ ကြသည့် မြန်မာနိုင်ငံ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဒေသအသီးသီးမှ ကျောင်းသားမိဘ တိုင်းရင်းသား မိသားစုတို့အား ချစ်ခင်ကြည်နူးနွေးထွေးစွာ ငေးကြည့်ရင်း နိုင်ငံတော်၏ လှပသော အနာဂတ်ကို တွေးဆ မြင်ယောင်နေမိပါသည်။
ဤတိုင်းရင်းသား ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ညီအစ်ကို မောင်နှစ်မအရင်း သဖွယ် ချစ်ခင်ရင်းနှီးစွာ နေထိုင်ခဲ့ကြရင်း အေးအတူပူအမျှ ပညာသင်ကြားခဲ့ကြရခြင်းဖြစ်လေသည်။ တိုင်းဒေသကြီး၊ ပြည်နယ် ဒေသအသီးသီးမှ လာရောက်ဆုံတွေ့ကြသူများဖြစ်ကြသည်။ ၎င်းတို့သည် မတူကွဲပြားမှုများအား အားသာချက်ဖြစ်အောင်ပုံဖော်၍ စည်းလုံးချစ်ခင်စွာနေထိုင်ကြရင်း နိုင်ငံတော်တည်ဆောက်ရေးတာဝန်များအား ကြိုးစားထမ်းဆောင်ကြပေတော့မည်ဟုလည်း ယုံကြည်မိပါသည်။
ကျောင်းဆင်းပွဲမြင်ကွင်းများကား-
    တစ်စုတစ်စည်းတည်းဖြင့်
    လှပခမ်းနားနေသည့်
    ရောင်စုံပန်းခင်းကြီးသဖွယ်လည်း မြင်ယောင်နေမိ၏....။
    “ပန်း” ဖြစ်သည်နှင့်အညီ ပြုစုပျိုးထောင်ပေးသော ဥယျာဉ်မှူးများ၏ စေတနာမမှန်ကန်မှု မကျွမ်းကျင်မှုကြောင့်လည်းကောင်း၊ ပြင်ပ ပယောဂများ၏ အန္တရာယ်ကျရောက်မှု၊ မသမာသူတို့၏ ဖျက်ဆီးမှုတို့ကြောင့်သော်လည်းကောင်း ပျက်စီးတတ်သော သဘောရှိသည်ကိုတော့ သတိပြုရပေလိမ့်မည်။
    ထို့ကြောင့် 
    ဤသို့လည်း ဆုတောင်းနေမိ၏....။
    ပန်းတိုင်းပွင့်ကြပါစေ
    ပွင့်သော ပန်းတိုင်း လှပါစေ
    လှသော ပန်းတိုင်း. မွှေးပါစေ...။
    ညီညွတ်ခြင်း၊ ချစ်ခင်ခြင်း
    စည်းရုံးခြင်း
    ငြိမ်းချမ်းခြင်း၊ ဖွံ့ဖြိုးတိုးတက်ခြင်းဟူသော
    ပန်းခင်းတို့သည်
    နိုင်ငံတော်အနှံ့
    ပျံ့ သင်း စေသတည်း...။
    ထုံ သင်း စေသတည်း...။
    ကြိုင်သင်းပါစေသတည်း...။

စိုက်ပျိုးမွေးမြူရေးပညာနှင့် နိုင်ငံတကာစိုက်ပျိုးမွေးမြူရေးတက္ကသိုလ်များ (အပိုင်း-၂)

Posted_Date

Image

Article

Body

နိုင်ငံတကာတက္ကသိုလ်များတွင် အဆင့်မြင့်စိုက်ပျိုးမွေးမြူရေးပညာ သင်ကြား သုတေသနပြုနေပုံများကို ဗဟုသုတအဖြစ် ရေးသားဆွေးနွေးသွားပါမည်။

(က) ကွင်းစလန်တက္ကသိုလ်၊ ဩစတေလျှနိုင်ငံ (The University of Queensland, Australia)ကွင်းစလန်တက္ကသိုလ်သည် ၁၉၁၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ကျွန်တော် ၁၉၈၇ မှ ၁၉၈၉ ခုနှစ်အထိမဟာစိုက်ပျိုးရေးသိပ္ပံ ပညာ၊ အပူပိုင်းဒေသသီးနှံသိပ္ပံ - အထူးပြု (M.Agr.St. – Tropical Crop Science) ပညာဆည်းပူးခဲ့ရသောတက္ကသိုလ် ဖြစ်ပါသည်။

ကွင်းစလန်ပြည်နယ်၊ ဘရစ်စဘိန်းမြို့ (Brisbane, Queensland State) တွင်ရှိ၍ နယ်မြေ (Campus) များစွာရှိပြီး မူလတက္ကသိုလ်ကြီးကတော့ စိန့်လူးရှားနယ်မြေ (St. Lucia Campus) တွင် ရှိပါသည်။ တက္ကသိုလ်ကြီးမှာ ကျွန်တော်တို့နိုင်ငံ ၁၉၆၂ ခုနှစ်မတိုင်ခင်က ရန်ကုန်တက္ကသိုလ် (The University of Yangon) ကဲ့သို့ ဘာသာရပ်ပေါင်းစုံ သင်ကြားပေးနေသော ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရ နိုင်ငံတကာအသိအမှတ်ပြု တက္ကသိုလ်ကြီး (Autonomous, Comprehensive University with Good Reputation) ဖြစ်ပါသည်။ 

အဓိကနယ်မြေ ၃ ခု - စိန့်လူးရှားနယ်မြေ (St. Lucia Campus/Main Campus) ဘရစ် စဘိန်းမြို့ပေါ်တွင်ရှိပြီး မဟာဌာနများ၊ အုပ်ချုပ်ရေးအဖွဲ့ ရုံးခန်းများရှိရာ အဓိက နယ်မြေဖြစ်ပါသည်)၊ ဂတ်တန်နယ်မြေ (Gatton Campus) ယခင်ဂတ်တန် စိုက်ပျိုးရေး ကောလိပ်ကို ကွင်းစလန်တက္ကသိုလ်နှင့် ပူးပေါင်းလိုက်ခြင်းဖြစ်ပါသည်၊ စိုက်ပျိုးရေးနှင့် တိရိစ္ဆာန်မွေးမြူကုသရေး မဟာဌာနများ  (Merging Gatton Agri-cultural College and UQ) နှင့် သုတေသနစိုက်ကွင်း အပါအဝင် ၁၀၆၈-ဟက်တာ ရှိပါသည်၊ တက္ကသိုလ်ကြီးနှင့် ၈၀-ကီလိုမီတာ (မိုင် ၅၀-ခန့်) ခန့်ဝေးပါသည်၊ ဟားစ တန်နယ်မြေ (Herston Campus) ကျန်းမာရေး၊ ဆေးပညာဆိုင်ရာ မဟာဌာနများ ရှိပါသည်၊ ကွင်းစလန်တက္ကသိုလ်၏ စုစု ပေါင်းဧရိယာ ၁၆၇၀ ဟက်တာ (ဧက ၄၀၀၀ ကျော်) ရှိပါသည်။ စုစုပေါင်း ဝင်ငွေ  အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၈ ဘီလီယံ(US$ 2.38 Billion) နှင့် သုတေသန အသုံး စရိတ် ဒေါ်လာ ၄၇၅ မီလီယံ (475 Million$) ရှိပါသည်။ 

ရန်ကုန်တက္ကသိုလ်ကတော့ ၁၉၆၄ ခုနှစ်နောက်ပိုင်း မဟာဌာနများစွာ (Faculties) သီးခြားခွဲထွက်လျက် ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္က သိုလ် (Rangoon Arts and Science University - RASU)(နောက်တော့ ရန်ကုန်တက္ကသိုလ် ပြန်ဖြစ်) ဖြစ်လာပါသည်။ သို့သော် ၁၉၆၂ ခုနှစ်မတိုင်မီ တက္ကသိုလ်ကိုတော့ မမီတော့ပါ။ 

ကျွန်တော်တို့ကျောင်းတက်စဉ် ၁၉၈၇ ခုနှစ်လောက်တုန်းကတော့ စိုက်ပျိုးမွေးမြူရေးပညာ မဟာဌာန (Faculty of Agricultural Science) ရှိပါသည်။ အဲဒီအောက်မှာပဲ စိုက် ပျိုးရေးတက္ကသိုလ်၊ ကိမိလဗေဒဌာနက ဆရာကြီး ဒေါက်တာမြင့်သောင်း၊ ဦးရန်လင်း၊ ဒေါက်တာအောင်ကြည်၊ ဒေါ်ဝင်း ဝင်းမြင့်တို့ တက်ရောက်ခဲ့သည့် ကိမိလဗေဒဌာန (Depart-ment of Entomology)  အကြီးကြီးရှိပါသည်။

ယခုတော့ အဲဒီဌာနလည်း သတ္တဗေဒဌာနနှင့်ပေါင်းသွားပြီး ကျွန်တော်တို့ စိုက်ပျိုးရေးမဟာဌာန ကတော့ သိပ္ပံမဟာဌာန (Faculty of Science) အောက်မှာ စိုက်ပျိုးရေးနှင့် အစားအသောက်ဆိုင်ရာ အဆင့်မြင့်ကျောင်း (School of Agri-culture and Food) ဖြစ်သွားပါပြီ။ ဗဟိုဦးစီးစနစ် (Centralized-Con-trol System) မဟုတ်ဘဲ ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ စီမံခန့်ခွဲခွင့်ရတက္က သိုလ် (Autonomous University) ဖြစ်၍ ခေတ်၊ စနစ်လိုအပ်ချက်အရ နှစ်စဉ်နှစ်တိုင်း မလိုသည့်ဘာသာများဖြုတ်၊ ပေါင်းသင့်တာပေါင်း၊ လိုအပ်သည့်ဘာသာများ အသစ်ထည့် လိုတိုး၊ ပိုလျှော့ လုပ်ဆောင်ခြင်း ဖြစ်ပါသည်။ ယခင်က  ဂက်တန်စိုက်ပျိုးရေးကောလိပ် (Gatton Agriculture College - ကျွန်တော်တို့ဆီက ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံကဲ့သို့ပါ) က သီးခြားဖြစ်ပြီး ယခုတော့ ကွင်းစလန်တက္ကသိုလ်၏ ဂက်တန်နယ်မြေ (Gatton Campus) ဖြစ်သွားပြီး စိုက်ပျိုးမွေးမြူရေးပညာ (Agriculture)၊ တိရစ္ဆာန်ကုသရေးပညာ (Veterinary Science) များ ဘွဲ့လွန်၊ ဘွဲ့ကြိုသင်ကြားပေးရာနယ်မြေ ဖြစ်သွားပါပြီ။

ကျွန်တော်တို့ခေတ်တုန်းက ကျွန်တော် မဟာသိပ္ပံသုတေသနအတွက် မြေပဲစိုက်ပျိုးခဲ့ရာ မြေနီပင်လယ်အော်သုတေသနစိုက်ကွင်း (Red Land Bay Research Station)၊ စားကျက်သီးနှံပင်များ သုတေသနလုပ်ရာ ဝါပင်များတောင် သုတေသနစိုက်ကွင်း (Mt. Cotton Research Station) တို့မှာ မလိုအပ်တော့သဖြင့် တက္ကသိုလ်ရန်ပုံငွေအတွက် ရောင်းပစ်လိုက်ပြီဟု ကျွန် တော် ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ် ဩစတေလျှ အပြည်ပြည်ဆိုင်ရာ သုတေ သနစီမံကိန်း (Australian Centre for International Agri-cultural Research – ACIAR Project) နှင့် ကွင်းစလန်တက္ကသိုလ်၊နှစ်ပတ်လည်  နေ့ (The University of Queensland Anniversary) များသို့ ဖိတ်ကြားခံရသဖြင့် သွားရောက် ခဲ့ရာတွင် သိရှိခဲ့ရပါသည်။

၁၉၈၅-၁၉၈၈ ခုနှစ်များက နိုင်ငံတကာကျောင်းသားများအတွက် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ဘွဲ့လွန် ပညာ သင်တန်းများ ခေါ်ယူခဲ့ရာတွင်..

  1.   အပူပိုင်းဆိုင်ရာ လယ်ယာသီးနှံသိပ္ပံ (Tropical Crop Science) ကျွန်တော်တက်ရောက်ခွင့်ရခဲ့ပါသည်။
  2.   အပူပိုင်းဆိုင်ရာ စားကျက်သီးနှံသိပ္ပံ (Tropical Pasture Science) ယခင်စိုက်ပျိုးမွေးမြူရေး ကော်ပိုရေးရှင်းက ဦးစိုးနိုင်၊ ဦးကို     ကို တို့ တက်ရောက်ခဲ့သည်ဟု သိရပါသည်။
  3.   အပူပိုင်းဆိုင်ရာ ဥယျာဉ်ခြံသီးနှံသိပ္ပံ (Tropical Horticultural Science) မြန်မာနိုင်ငံမှ ဘယ်သူမျှမတက်ရောက်ခဲ့ရပါ။      (ကျွန်တော်မသိတာလည်းဖြစ်နိုင်ပါသည်)။
  4.   အပူပိုင်းဆိုင်ရာ တိရစ္ဆာန်မွေးမြူထုတ်လုပ်ရေးပညာ (Tro-pical Animal Production) ဘယ်သူမျှ မတက်ရောက်ခဲ့ရပါ။ ဖိလစ်   ပိုင်နိုင်ငံမှသူငယ်ချင်းများစွာ တက်ရောက်ခဲ့ပါသည်။
  5.    စိုက်ပျိုးစီးပွားရေးပညာ (Agri-cultural Economics) ကျွန်တော် တို့တက္ကသိုလ်တွင် တက်ရောက်ခဲ့သူ မရှိပါ။ အာမီဒေးလ်မြို့      နယူးအင်္ဂလန် တက္ကသိုလ် (The Uni-versity of New England, Armidale) တွင်တော့ ဦးဘွန်သိန်း၊ ဒေါ်ချိုချိုဝင်း၊ ဒေါက်တာ    ဒေါ်လီကျော်တို့ တက်ရောက်ခဲ့ပါသည်။

ဆက်လက်ဖော်ပြပါမည်။

“ပြဿနာရဲ့အရင်းအမြစ်နဲ့ အဓိကအဟန့်အတားကဘာလဲ” ဆိုသည်ကို ထင်ဟပ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဟောင်း၏ ပြောဆိုချက်

Posted_Date

Image

“ပြဿနာရဲ့အရင်းအမြစ်နဲ့ အဓိကအဟန့်အတားကဘာလဲ” ဆိုသည်ကို ထင်ဟပ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဟောင်း၏ ပြောဆိုချက်

Body

မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ဖြေရှင်းရခက်နေတဲ့ အရှုပ်အထွေးတစ်ခုအပေါ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က အပြုသဘောဆောင်တဲ့ မှတ်ချက်တွေကြောင့် အမှန်အတိုင်း ရှိနေတဲ့ ပကတိအခြေအနေမှန်တစ်ခုကို ကမ္ဘာ့ပြည်သူတွေ သိခွင့်၊ မြင်ခွင့်ရခဲ့ပါပြီ။ မြန်မာ့သမိုင်းမှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့လူမျိုးတစ်ခုရဲ့ အရေးအရာဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးသမိုင်းမှာ အမြဲတမ်း ကစားနေကျ နိုင်ငံရေးခွင်တစ်ခုအဖြစ် အမြဲအသုံးချခံခဲ့ရပါတယ်။ အထူးသဖြင့် BNP လို့ခေါ်တဲ့ ဘင်္ဂလားဒေ့ရှ် အတိုက်အခံပါတီဟာ မြန်မာလူမျိုးတွေ လက်မခံတဲ့ ရိုဟင်ဂျာအမည်ကို အမြဲသုံးပြီး ပြောင်ပြောင်တင်းတင်း နိုင်ငံရေးလုပ်စားခဲ့ကြဖူးပါတယ်။ ယခုလက်ရှိအာဏာရ ရှိတ်ဟာစီနာ ခေါင်းဆောင်တဲ့ အဝါမီလိဂ်ပါတီကတော့ BNP နဲ့စာရင် ဆန့်ကျင်ဘက် အပြုသဘောဆန်တဲ့ဘက်မှာ ရပ်တည်လာနေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။


ယခင်နိုင်ငံခြားရေးဝန်ကြီး လက်ရှိလွှတ်တော်ကော်မတီဥက္ကဋ္ဌ၏ အမြင် 


ဆိုရရင် နှစ်နိုင်ငံအကြား အချေအတင်ဖြစ်နေရတဲ့ ဘင်္ဂါလီအရေးမှာ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည် စခန်းက ဒုက္ခသည်တွေကို မြန်မာနိုင်ငံဘက်သို့ ပြန်ခေါ်ရေးဟာ ယခင်ကတည်းက နှစ်နိုင်ငံအကြား သဘောတူညီထားပြီး ကိစ္စရပ်ဖြစ်ပါတယ်။ ဒုက္ခသည်တွေ နေရပ်ပြန်ခေါ်ရေးမှာ မြန်မာနိုင်ငံအစိုးရဘက်က စိတ်အားထက်သန်မှု အမှတ်လက္ခဏာတွေကို အကြိမ်ကြိမ်ပြသခဲ့ပြီးလည်း ဖြစ်ပါတယ်။ အကောင်အထည် မပေါ်နိုင်သေးတဲ့ အချက်တွေရှိရာမှာ ဘယ်လိုအချက်တွေကြောင့်လဲဆိုတာ ယခု ဘင်္ဂလားဒေ့ရှ်ဘက်က ထုတ်ဖော်ပြောဆိုလာပြီ ဖြစ်ပါတယ်။ 
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာခဲ့သူတွေကို မြန်မာနိုင်ငံက ပြန်လည်လက်ခံရေးကိစ္စနဲ့ စပ်လျဉ်းပြီး အခြေအနေမှန်ကို ပြောကြားခဲ့သူက ယခင်နိုင်ငံခြားရေးဝန်ကြီး မစ္စတာအေကေအဗ္ဗဒူမိုမန် (Mr.A K Abdul Moman) ဖြစ်ပါတယ်။ သူဟာ လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်လွှတ်တော် နိုင်ငံခြားရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်နေပြီး ဘင်္ဂလားဒေ့ရှ် သတင်းဌာနတစ်ခုဖြစ်တဲ့ Daily Jugantor နဲ့ တွေ့ဆုံရာမှာ ယခုလို ဖြေကြားပြောဆိုခဲ့တာပဲဖြစ်ပါတယ်။
သူတို့ဘက်ကတော့ ထုံးစံအတိုင်း ဘင်္ဂါလီကို ရိုဟင်ဂျာ အသုံးအနှုန်းပဲ သုံးစွဲပါတယ်။ ကျွန်တော်တို့ ဘက်ကတော့ မြန်မာတိုင်းရင်းသား ၁၃၅ မျိုးထဲမှာ မပါတဲ့အတွက် ဘင်္ဂါလီလူမျိုးကို ဘင်္ဂါလီလို့ပဲ သုံးနှုန်းပါရ‌စေ။ ကော်မတီ ဥက္ကဋ္ဌ အနေနဲ့က ဒုက္ခသည်တွေ နေရပ်မပြန်ရခြင်း အကြောင်းကို သူ့နိုင်ငံအတွင်းမှာ အမြစ်တွယ်လှိုက်စားနေတဲ့ နာတာရှည်ကင်ဆာဆဲလ်များအဖြစ် တင်စားသွားခဲ့ပါတယ်။ ဒုက္ခသည်တွေကို မြန်မာနိုင်ငံက ပြန်ခေါ်ဖို့ အစီအစဉ်ရှိကြောင်းကို သူ့အနေနဲ့ အသိအမှတ်ပြုသွားခဲ့ပါပြီ။ အဓိကအဟန့်အတားနဲ့ လက်သည်တရားခံက ကုလသမဂ္ဂမဟာမင်းကြီးရုံး (UNHCR)၊ နိုင်ငံအချို့နဲ့ မီဒီယာများ၊ နိုင်ငံအချို့လို့ဆိုရာမှာ အဓိကက အမေရိကန် ဖြစ်ကြောင်း ထောက်ပြသွားပါတယ်။ 


အဓိကလက်သည်တရားခံများဟု ဘာကြောင့်ဆိုရပါသလဲ


ဘင်္ဂလားဒေ့ရှ် လွှတ်တော်ကော်မတီ ဥက္ကဋ္ဌရဲ့ ဖြေကြားချက်အရ UNHCR ၊ အမေရိကန်နဲ့ အပေါင်းပါ မီဒီယာတွေဟာ ဒုက္ခသည်တွေကို မြန်မာနိုင်ငံသို့မပြန်ကြဘဲ လက်ရှိဒုက္ခသည်စခန်းတွေ မှာပဲ နေထိုင်ကြဖို့၊ လိုအပ်တဲ့ စားနပ်ရိက္ခာတွေကိုလည်း ထောက်ပံ့ပေးမှာဖြစ်တဲ့အကြောင်း စည်းရုံး ပြောဆိုနေခဲ့တယ်လို့ သိရပါတယ်။ ယခင် ၁၉၉၀ ပြည့်နှစ်များမှာ မြန်မာနိုင်ငံဘက်က ဒုက္ခသည်တွေကို အောင်အောင်မြင်မြင် ပြန်လည်ခေါ်ဆောင်ခဲ့တဲ့ သမိုင်းကြောင်း ရှိခဲ့ကြောင်းကိုလည်း အသိအမှတ်ပြု ပြောကြားခဲ့တဲ့အပြင် ဒီအချက်ဟာ အဲဒီကာလက အရေအတွက် နည်းပါးလှတဲ့ မီဒီယာတွေကြောင့် အခြေအနေမှန်ကို အမှန်အတိုင်း သိခွင့်ရခဲ့ခြင်းဖြစ်ပြီး ယခုအချိန်မှာတော့ မှိုလိုပေါက် လာတဲ့ မီဒီယာတွေကြောင့်ဖြစ်ပြီး ဒုက္ခသည်တွေ နေရပ်မပြန်ကြဖို့သာ အလေးပေးဖော်ပြကြတဲ့၊ မရိုးသားလိမ်လည်လှည့်ဖျားတဲ့ မီဒီယာတွေကြောင့်ဆိုတဲ့ အခြေအနေမှန်ကို ယခုလို ဖော်ထုတ်ပြောဆိုခဲ့ခြင်းဖြင့် အနာဂတ်မှာ ဒုက္ခသည်တွေအရေးဟာ အားရစရာ တိုးတက်မှုများ ရှိလာမှာဖြစ်ကြောင်း သုံးသပ်နိုင်မှာဖြစ်ပါတယ်။
လက်ရှိသူတို့နိုင်ငံက ဒုက္ခသည်တွေအရေး ယခုလိုကြန့်ကြာနေရတာဟာ UNHCR လို နိုင်ငံတကာအဖွဲ့တွေရဲ့ လက်ချက်ဖြစ်ကြောင်း၊ စီးပွားရေးအရ အသုံးချနေကြခြင်းဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတင်မက ကမ္ဘာတစ်ဝန်းက ဒုက္ခသည် စခန်းအားလုံးမှာလည်း စီးပွားရေးအရ ဒီလိုလုပ်ကွက်တွေရှိနေတာ အစဉ်အလာတစ်ခုဖြစ်ကြောင်း အတိအလင်းထောက်ပြခဲ့တာတွေ့ရပါတယ်။ ဒုက္ခသည်တွေမရှိရင် ဒီအဖွဲ့တွေအ‌နေနဲ့ အလုပ်လက်မဲ့ ဖြစ်သွားမယ့်အရေး ဘင်္ဂလားဒေ့ရှ် နိုင်ငံယခင်နိုင်ငံခြားရေးဝန်ကြီးက မှတ်ချက်ပြုသွားခဲ့ပြီဆိုတော့ အခြေအနေမှန်ကို နားလည်လက်ခံလာတဲ့ သဘောလို့ ယူဆရပါမယ်။ 
ဒုက္ခသည်တွေအနေနဲ့ မြန်မာနိုင်ငံကိုပြန်ဖို့ အခြေအနေကောင်းတွေ မရှိသေးကြောင်း၊ ပြန်လည်နေရာချထားရေးအတွက် အစီအစဉ်ကောင်းတွေလည်းမရှိသေးကြောင်း စသည်ဖြင့် ထိုအဖွဲ့ အစည်းတွေရဲ့ ဝါဒဖြန့်မှုတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံယခင်နိုင်ငံခြားရေးဝန်ကြီးက ပြန်လည်အသိပေး ပြောကြားခဲ့ပါတယ်။ ၎င်းရဲ့ပြောကြားချက်တွေထဲမှာ ဒုက္ခသည်တွေနေဖို့ အဲဒီဒေသမှာ အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံနဲ့ ဂျပန်နိုင်ငံတို့က နေအိမ်တွေကောင်းကောင်းဆောက်ပေးထားတဲ့ အချက်ကို ဘင်္ဂလား ဒေ့ရှ်ကော အမေရိကန်ကပါ အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ ဒုက္ခသည်တွေကို မြန်မာနိုင်ငံဘက် မပြန်ခိုင်းဘဲ အမေရိကန်နိုင်ငံကို ခေါ်ယူမယ်ဆိုပြီး မက်လုံးပေးကြပြန်တယ်လို့ ဥက္ကဋ္ဌက ပြောပါတယ်။ ဒါကြောင့် နှစ်နိုင်ငံအကြား ဒုက္ခသည်အရေးကို နှစ်နိုင်ငံချင်းသာ ညှိနှိုင်း ဖြေရှင်းသင့်တယ်လို့ ဥက္ကဋ္ဌ ဘက်က ပိုယုံကြည်သွားပါတယ်။ အခြားတတိယနိုင်ငံ၊ တတိယအဖွဲ့အစည်း ဘယ်လို Third party မျိုးကိုမှ မလိုအပ်ဘဲ ထိုအဖွဲ့အစည်းနဲ့ နိုင်ငံတွေအပေါ် ယုံကြည်မှု ကင်းမဲ့ သွားတဲ့သဘောကို ယခုလိုပြောဆိုလိုက်ခြင်းအားဖြင့် နှစ်နိုင်ငံနဲ့ပဲဆိုင်တဲ့ နှစ်နိုင်ငံကြား ပြဿနာဖြစ်ကြောင်းကို ပိုပြီး အလေးအနက်ထားလာခြင်း ဖြစ်တယ်လို့ သုံးသပ်မိပါတယ်။


ဒုက္ခသည်စခန်းရဲ့အနိဋ္ဌာရုံတွေမှာ ဘယ်သူတွေတာဝန်ရှိသလဲ ပြောပြီ


ဘင်္ဂလားဒေ့ရှ်လွှတ်တော်ကော်မတီဥက္ကဋ္ဌရဲ့ နောက်ထပ်ပြောကြားချက်တွေ ရှိပါသေးတယ်။ ဒုက္ခသည် သိန်းဂဏန်းရှိတဲ့ ကော့ဘဇား ဒုက္ခသည်စခန်းအ‌ကြောင်းပါ။ အနည်းငယ် ပြန်ကောက်ရရင် ထိုစခန်းတွေမှာ အနိဋ္ဌာရုံတွေများလှပါတယ်၊ မကြာခဏမီးရှို့ခံရတယ်၊ ရာဇဝတ်ဂိုဏ်းပေါင်းစုံတွေအကြား အပြန်အလှန်ပစ်ခတ်မှုတွေနဲ့ ဘင်္ဂါလီခေါင်းဆောင်တွေ လုပ်ကြံသတ်ဖြတ်ခံရမှုတွေရှိတယ်။ လုပ်ကြံခံရသူတွေဟာ မြန်မာဘက်ပြန်လိုတဲ့ ဘင်္ဂါလီတွေဖြစ်ပြီး လုပ်ကြံမှုတွေဟာ အာဆာအဖွဲ့နဲ့ ပတ်သက်မှုရှိတယ်လို့လည်း သိရပြန်တယ်။ ဒါ့အပြင် စိတ်ကြွမူးယစ်ဆေး ဖမ်းမိတဲ့သတင်းတွေကိုလည်း မကြာခဏကြားသိနေရတယ်။ ဒုက္ခသည်တွေဟာ တဲအိမ်တွေနဲ့ အစုလိုက်အပြုံလိုက် နေရတာဖြစ်တယ်။ သဘာဝဘေးဒဏ်၊ လူလုပ်ဘေးဒဏ်များ ခံစားရသလို ဘေးကင်းလုံခြုံမှုမရှိ ဂုဏ်သိက္ခာမဲ့စွာ နေရတယ်လို့ ဒုက္ခသည်တွေက ညည်းညူကြပါတယ်။ 
ဒါကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ ရောက်နေတဲ့ ဒုက္ခသည်တွေဟာ သူတို့နေရပ် သူတို့ ပြန်ချင်ကြတယ်။ ဒါပေမဲ့သူတို့ကို ပြန်ခွင့်မပေးတာက ဒီစခန်းမှာ အဓိကတာဝန်ယူ လုပ်ကိုင်နေကြတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အမေရိကန်တို့ပဲဆိုတာ ကော်မတီဥက္ကဋ္ဌက ပြောသွားပါတယ်။ ဒုက္ခသည်စခန်းတစ်ခုဆိုတာ နိုင်ငံတကာအလှူငွေကို လက်ခံရရှိစမြဲပါ၊ ဘယ်လောက် ပမာဏနဲ့ ဘယ်လိုရရှိနေသလဲ၊ ထိုစခန်းတွေက နိုင်ငံတကာအဖွဲ့အစည်းတွေက လက်ခံရရှိတဲ့ အလှူ ငွေတွေကို ဘယ်လိုသုံးစွဲနေကြသလဲ၊ အသေအချာမသိရပါဘူးတဲ့၊ ဒီလိုမသိရတဲ့အတွက် သူတို့အစိုးရအနေနဲ့ကြပ်ကြပ်မတ်မတ်ဆောင်ရွက်နေရကြောင်းနဲ့စခန်းတွေကို ပိတ်သိမ်းသင့်ကြောင်း ပြောကြားသွားပါတယ်။ 
ဒီလိုဖြစ်နေတာဟာ INGO အဖွဲ့တွေနဲ့ UNHCR လိုအဖွဲ့တွေ၊ အမေရိကန်လို နိုင်ငံတွေမှာပဲ တာဝန်ရှိတဲ့သ‌ဘောကို ဆိုလိုဟန်ရှိပါတယ်။ တစ်ချိန်တစ်ခါတုန်းကတော့ ဘင်္ဂလားဒေ့ရှ်အပါအဝင် အနောက်အုပ်စုဟာ မြန်မာနိုင်ငံဘက်က ယခုလိုပြင်ဆင်ထားရှိမှု အခြေအနေတွေကို အနှစ်မပါတဲ့လုပ်ရပ်အဖြစ် စွပ်စွဲခဲ့ကြဖူးကြောင်း ဒီနေရာမှာ ကြုံတုန်းထောက်ပြလိုပါတယ်။ 
ဘင်္ဂလားဒေ့ရှ်က လက်ရှိနေထိုင်နေရတဲ့ ဒုက္ခသည်စခန်းတွေနဲ့ ဆန့်ကျင်ဘက် မြန်မာနိုင်ငံဘက်မှာတော့ ယခင်ကတည်းကပင် ပြန်လည်လက်ခံရေးစခန်းတွေကို အဆင်သင့်နေထိုင်နိုင်အောင် ဆောက်လုပ်ပေးထားပြီးဖြစ်တယ်ဆိုတာ ပြန်အမှတ်ရဖို့လိုပါတယ်။ တောင်ပြိုလက်ဝဲ၊ ငါးခူရစခန်းနဲ့ လှဖိုးခေါင်ကြားစခန်းတွေဟာ ပြန်လာမယ့်သူတွေအတွက် ကောင်းမွန်တဲ့ပတ်ဝန်းကျင်တွေ ဖြစ်ခဲ့ပါ တယ်၊၊ ကုန်းလမ်းကလာလာ၊ ရေလမ်းကလာလာ နေဖို့ရွာတွေ အသင့်ပြင်ထားပေးခဲ့တယ်။ ပြင်ဆင်ထားရှိမှုအခြေအနေကို ဒုက္ခသည်တွေနဲ့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေကိုယ်တိုင် လာရောက် လေ့လာဖူးပါတယ်။ ဒုက္ခသည် ၃၄၅၀ ပြန်လာဖို့ ၂၀၁၉ ခုနှစ် ဩဂုတ်လအတွင်း သဘောတူညီမှု တစ်ခု ရပြီးခဲ့တာတောင် သူတို့ပြန်မလာခဲ့ကြပါဘူး။ တင်ပြခဲ့သလို အဟန့်အတားတွေကြောင့်ပဲ ဖြစ်ပါတယ်။ မိမိဘက်က ဘယ်လိုပဲပြင်ဆင်ထားရှိကာမူ ပြန်လည်လက်ခံရေးဟာ တစ်ဖက်က ပြန်ပို့နိုင်မယ့်အခြေအနေအပေါ် မူတည်ခဲ့ကြောင်း ယခင်ထားရှိခဲ့တဲ့ မြန်မာနိုင်ငံရဲ့ သ‌ဘောထားကို ယနေ့ မှာတော့ ပြန်လည်လက်ခံပြီလို့ပဲ ယူဆရမှာဖြစ်ပါတယ်။


ပြည်ပပယောဂအစုံနဲ့ထိုးကျွေးခံဘဝတွေအကြောင်း ပြောနေပြီ


သမိုင်းကြောင်းကို ပြန်ကြည့်ရင် ဘင်္ဂါလီတွေမှာ အကွဲကွဲအပြားပြားဖြစ်နေတဲ့ သဘောရှိတယ်။ ရိုးရိုးသားသား ဒုက္ခသည်တွေရှိကြသလို ARU အပါအဝင် အဖွဲ့အစည်းအသီးသီးရဲ့ အရိပ်အောက်မှာ ထိုးကျွေးခံဘဝတွေအဖြစ်နဲ့ ရပ်တည်နေကြရတယ်။ နိုင်ငံရပ်ခြား ပယောဂအပြည့်ပါတဲ့ အထဲမှာ OIC က ပိုပြီး ထင်ရှားတယ်။ US နဲ့ EU လည်းပါသလို ICJ နဲ့ HRW တို့ကလည်း ဝင်စွက်ခဲ့ကြတယ်။ ARSA လို အကြမ်းဖက်အဖွဲ့အစည်းတွေလည်း ပါတာပဲ။ 
ဘေးတီးတဲ့အထဲမှာ BBC ၊ VOA ၊ RFA၊ DVB နိုင်ငံခြားသတင်းဌာန အစုံလည်းပါတယ်။ သူတို့ အားလုံးရဲ့ ကိုယ်စီရည်မှန်းချက်မှာ ဘင်္ဂါလီနိုင်ငံအိပ်မက်ထူထောင်ဖို့အထိ ရည်မှန်းထားတယ်။ ပြင်ပ ပယောဂအစုံအောက်မှာ ကပ်ဘေးသင့်တဲ့အထဲ ဘင်္ဂါလီတွေသာမက ရခိုင်လူမျိုးတွေလည်း ပါခဲ့တာကို‌တော့ မျက်ကွယ်ပြုထားကြတယ်။ ဘင်္ဂါလီတွေသာမက ရခိုင်လူမျိုးတွေလည်း နေရပ်စွန့်ခွာကြ ရတာပါ။ မတူတာကဘင်္ဂါလီတွေက INGO တွေရဲ့အထောက်အပံ့နဲ့ စားရေရိက္ခာရကြတယ်။ ဘင်္ဂါလီတွေအတွက် ဒုက္ခသည်စခန်းတွေဟာ နိုင်ငံရပ်ခြား INGO တွေနဲ့ စွက်ဖက်လိုသူ ပြင်ပ အင်အားစုတွေအတွက်တော့ ဆုလာဘ်ကြီးဖြစ်သလို ဘင်္ဂါလီကို ဗန်းပြပြီး ဘင်္ဂါလီတွေကို သတ်ဖြတ်တယ်၊ အဓမ္မပြုကျင့်တယ် စသဖြင့် ဇာတ်နာအောင် လုပ်တာလည်း သူတို့ပါပဲ။ 
ဒါကြောင့်လည်း ဒုက္ခသည်တွေဟာ နေရပ်ပြန်ဖို့ ကြောက်လန့်ခဲ့ကြတယ်။ တစ်ချိန်တည်းမှာ မြန်မာနိုင်ငံအစိုးနဲ့ ဒုက္ခသည်တွေအကြားဒေသခံရခိုင်လူမျိုးတွေနဲ့ဒုက္ခသည်တွေအကြားမှာ ရန်တိုက်ပေးခဲ့တဲ့အတွက် မြန်မာနိုင်ငံကို ကမ္ဘာ့အလယ်မှာ အကောင်းမမြင်၊ လူဆိုးဖြစ်အောင် ဖန်တီးပြီးသား ဖြစ်သွားသလို သူတို့ရဲ့ မကောင်းတဲ့လုပ်ရပ်အမှား‌တွေကို ဖုံးကွယ်ပြီးသားလည်း ဖြစ်သွားပါတယ်။ လုပ်ရပ် အမှားတွေဆိုတာက စီးပွားရေးအရ ဂွင်တစ်မျိုး၊ နိုင်ငံရေးအရ မြန်မာနိုင်ငံကို မတည်မငြိမ် ဖြစ်အောင်လုပ်၊ မြန်မာ့တပ်မတော်ကို သိက္ခာချ၊ Genocide နဲ့ ထောင်ချောက်ဆင်၊ ဒုက္ခသည်အရေး ဗန်းပြပြီး မြန်မာနိုင်ငံကို မတော်မတရားစွပ်စွဲ၊ အခွင့်အရေးရရင် နယ်မြေလူမျိုးအပါခွဲထွက်ပြီး နိုင်ငံ ထူ‌ထောင်ဖို့အထိ အစီအစဉ်တွေရှိနေတာ ကို ဆိုလိုတာပါ။ 
အဲဒီအဖွဲ့တွေရဲ့ ဖန်တီးချက်တွေဟာ ဒေသတွင်းမတည်မငြိမ်ဖြစ်စေမှု အထူးသဖြင့် တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားထိခိုက်သည်အထိရည်ရွယ်ပါတယ်။ဥက္ကဋ္ဌရဲ့ ပြောကြားချက်တွေအရအမေရိကန်ဟာ မြန်မာကို အပုပ်ချနေပြီး ဒုက္ခသည်တွေကို အမေရိကန်က စာနာပေးသယောင် လုပ်ပြနေခြင်းဟာ ကျွန်တော့်အနေနဲ့တော့ သူတို့ပြည်တွင်းနိုင်ငံရေး ဂွင်အတွက်သာ လုပ်စားနေခြင်း တစ်မျိုးဟု မှတ်ယူမိပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဟောင်းရဲ့ အမှန်တကယ် ယခုလို ဖြေကြားပြောဆိုချက်တွေဟာ ယခင် ဆက်ဆက်ကတည်းက မြန်မာနိုင်ငံဘက်က အကြိမ်ကြိမ်ဖြေကြား ဖြေရှင်းခဲ့မှုတွေနဲ့ တစ်ထပ်တည်း ကျနေကြောင်းသတိထားမိပါတယ်။ ယခုအချိန်မှာဘင်္ဂလားဒေ့ရှ်ဘက်ကအခြေအနေမှန်ကို နားလည် လက်ခံလာပြီဖြစ်တဲ့အတွက် မြန်မာနိုင်ငံအစိုးရရဲ့ ဆောင်ရွက်ချက်တွေကို အသိအမှတ် ပြုလာတဲ့ သဘောဆောင်တယ်လို့လည်း ယူဆပါတယ်။ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနဲ့ အပြုသဘော ချဉ်းကပ်မှုတွေဟာ ယခုထက်ပိုပြီး အပေါင်းလက္ခဏာ ဆောင်လာမယ့် သဘောများ ရှိလာပြီလို့ မျှော်လင့်ပါတယ်။ 
အခြားဘယ်အဖွဲ့အစည်း ဘယ်နိုင်ငံမှမလိုပါ။ နှစ်နိုင်ငံအကြားကိစ္စရပ်ကို အိမ်နီးချင်းနိုင်ငံ အချင်းချင်း ညှိနှိုင်းဖြေရှင်းခြင်းအားဖြင့် ပိုပြီးထိရောက် အောင်မြင်မှုရှိလာမယ်လို့ ခံယူထားပါတယ်။ ပြဿနာတစ်ရပ်ကို အဖြေရှာရာမှာ ညှိနှိုင်းဖြေရှင်းတဲ့နည်းလမ်းက ဖိအားပေးနည်းလမ်းနဲ့ ဆန့်ကျင်ဘက် ဖြစ်ပါတယ်။ ပြဿနာရဲ့ အရင်းအမြစ်က ဘာလဲဆိုတာ ယနေ့ဘင်္ဂလားဒေ့ရှ် လွှတ်တော်ကော်မတီ ဥက္ကဋ္ဌ ရဲ့ ပြောဆိုချက်တွေမှာ ထင်ဟပ်နေပြီ ဖြစ်တဲ့အတွက် ထိုထောက်ပြချက်တွေကို ဘယ်လိုမှ မျက်ကွယ်ပြုလို့မရပါဘူး။ 
အရင်းအမြစ်ကို ဖြေရှင်းနိုင်ပြီဆိုမှသာ လက်တွေ့ကျ၊ မျှတပြီး ရေရှည်တည်မြဲတဲ့ ငြိမ်းချမ်း တည်ငြိမ်မှု တစ်ခုကို မလွဲမသွေရရှိနိုင်မှာဖြစ်ပါ‌ကြောင်း ဤနေရာကနေ တင်ပြလိုက်ရပါတယ်။

Source- www.moi.gov.mm