“ရှေ့ပြေးစီမံကိန်းများ၏ အသီးအပွင့်”

Posted_Date

EN-Article-Category

Image

Article

Body

“The purpose of a pilot project is to test whether the new concept is worth pursuing and assess existing implementation strategies.” 
“ရှေ့ပြေးစီမံကိန်းဟူသည် အကြီးစားစီမံကိန်းများ ပြုလုပ်နိုင်ရန် အောင်မြင်နိုင်မည့်နည်း လမ်းများရှာဖွေရန်နှင့် ဖြစ်နိုင်ခြေရှိသည့်နည်းလမ်းများကို ဖော်ထုတ်ရန်အတွက် ပုံစံတူလုပ်ငန်းငယ် များကို စတင်စမ်းသပ်ဆောင်ရွက်ခြင်း” ဟု အဓိပ္ပာယ်ဖွင့်ဆိုပေသည်။
စီမံကိန်းအများစုသည် ရှုပ်ထွေးလွန်းလှ၏။ မတူညီသော အပေါင်းအစပ်လည်း များလှ၏။ ကွဲပြားခြားနားသောအချက်အလက်များလည်း ရောပြွမ်းလျက်ရှိပါသည်။ စီမံကိန်းရေးဆွဲရာတွင် ရူပ ပထဝီ၊ ဘူမိဗေဒဖြစ်စဉ်များ၊ ဇလဗေဒဖြစ်စဉ်များ၊ ဒေသ၏ကျောက်အမျိုးအစားများ၊ မြေဆီလွှာ အခြေအနေများ၊ ရာသီဥတုဆိုင်ရာများ၊ မြေအသုံးချမှုများ၊ စီးပွားရေးလုပ်ငန်းများ၊ ပတ်ဝန်းကျင် ထိန်းသိမ်းမှုများ၊ ဒေသတွင်းနေထိုင်သူတို့၏ ဓလေ့ထုံးစံအပြုအမူနှင့် လက်ရှိနိုင်ငံရေးအခြေအနေ စသည်တို့ကို ထည့်သွင်းတွက်ချက်ရပါသည်။ ထို့ကြောင့် စီမံကိန်းကြီးများဆောင်ရွက်ရန်အတွက် အသေးစားစမ်းသပ်မှုများ ဆောင်ရွက်ရန် လိုအပ်ပေသည်။
အသေးစားစမ်းသပ်မှုတစ်ခုပင် ဖြစ်ငြားသော်လည်း ရှေ့ပြေးစီမံကိန်းများ ဆောင်ရွက်ရန် အတွက် အချိန်၊ ငွေကြေးနှင့် အခြားအရင်းအမြစ်များ များစွာရင်းနှီးမြှုပ်နှံရပါသည်။
မျက်မှောက်ခေတ်တွင် ခေတ်မီလမ်းမကြီးများ၊ ခိုင်မာသောတံတားကြီးများ၊ ပေါ်လွင်ခန့်ထည် သောမြို့ပြများ၊ စိုက်ပျိုးရေးအတွက်အားထားရသည့် ဆည်မြောင်းတာတမံများ၊ မြို့ပြ/ကျေးလက် မီးလင်းရေးလုပ်ငန်းများ၊ ကောင်းမွန်လာသည့် ဆက်သွယ်ရေးစနစ်များအား စာရေးသူတို့ထိတွေ့ အကျိုးခံစားနေကြရပါသည်။ 
ဤကဲ့သို့ဖြစ်ပေါ်လာခြင်းသည် တစ်ရက်တည်းနှင့် ပေါ်ပေါက်လာခြင်း တော့မဟုတ်ခဲ့ပေ။ တန်ခိုးရှင်များ ဖန်တီးခဲ့ခြင်းလည်း မဟုတ်ပေ။ ခေတ်အဆက်ဆက် စိန်ခေါ်မှုမျိုးစုံ၊ ပေးဆပ်မှုမျိုးစုံ တို့ဖြင့် အဆင့်ဆင့် မျိုးစေ့ချ လက်ဆင့်ကမ်း ကြိုးစား၍ အကောင်အထည်ဖော် ခဲ့ခြင်းများကြောင့်သာ ယခုကဲ့သို့ အသီးအပွင့်များကို ခံစားနေကြရခြင်းဖြစ်ပေသည်။ သို့သော် ပထမဆုံးသော ခြေလှမ်းများ စတင်ခဲ့သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကိုတော့ အများစုက သိရှိနိုင်ကြမည်မဟုတ်ပေ။ လက်ရှိ ဆက်လက် အကောင်အထည်ဖော်ပေးနေသော အဖွဲ့အစည်းများကိုသာ မြင်သာထင်သာ သိရှိနိုင်ကြ ပေလိမ့်မည်။
မြန်မာ့သမိုင်းကြောင်းတွင် နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက် တည်ငြိမ်အေးချမ်းသာယာရေးအတွက် ကဏ္ဍအသီးသီး၌ ပထမဆုံးခြေလှမ်းများကို စတင်မျိုးစေ့ချပေးခဲ့သည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ အများအပြားရှိခဲ့ပါသည်။ 
မင်းမြတ်အနော်ရထာ၏ Pilot Project များ
    ခေတ်သစ်သမိုင်းပညာရှင်များက မှေးမှိန်ယိမ်းယိုင်နေသောထေရဝါဒဗုဒ္ဓသာသနာကို သီဟိုဠ်ကျွန်း နှင့် အရှေ့တောင်အာရှတို့တွင် တည်တံ့ခိုင်မြဲအောင် ကာကွယ်ပေးခဲ့သူမှာ အနော်ရထာဘုရင်ဖြစ်သည် ဟု ဆိုကြသည်။
    မင်းမြတ်အနော်ရထာသည် ၄၂ ဆက်မြောက် ပုဂံမင်းဆက် ဖြစ်၏။ ခရစ်နှစ် ၁၀၄၄ ခုမှ ၁၀၇၇ ခုနှစ်အထိ သုံးဆယ့်သုံးနှစ်တိုင် နိုင်ငံကိုအုပ်ချုပ်ခဲ့သည်။ ထိုကာလအတွင်း နိုင်ငံကို တိုးတက်အောင်၊ ကျယ်ပြန့်အောင်၊ စည်းရုံးအောင်၊ သာယာဝပြောအောင်နှင့် ယဥ်ကျေးမှု တိုးတက်အောင် ဆောင်ရွက် နိုင်ခဲ့ပါသည်။ 
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်ရေးအတွက် တောက်ပသော အနာဂတ်များရရှိနိုင် စေရန် မင်းမြတ်အနော်ရထာသည် မိမိသွေးသားများကိုပင် စတေးပေးဆပ်ခဲ့ရပါသည်။ 
    အနော်ရထာနှင့် စုက္ကတေးသည်  အဖေတူ အမေကွဲ ဝမ်းကွဲနောင်တော်၊ ညီတော် ဖြစ်၏။ ထိုအချိန်က အနော်ရထာသည် ပုဂံနန်းကျဘုရင် ကွမ်းဆော်(ကြောင်ဖြူမင်း)၏ သား၊ စုက္ကတေးသည် ပုဂံဘုရင်ဖြစ်၏။ အနော်ရထာနှင့် စုက္ကတေးတို့သည် သမထီးချောင်းဘေး၌ မြင်းစီးချင်းတိုက်ခဲ့ကြ သည်။ စီးချင်းတိုက်ပွဲ၌ အနော်ရထာ အနိုင်ရခဲ့သည်။ ထိုသို့အနိုင်ရပြီးနောက်ပိုင်းမှသာ ကျည်စိုးနှင့် စုက္ကတေး ညီနောင်လက်ထက်က ဖရိုဖရဲနှင့် ယိုင်နဲ့နေသော နိုင်ငံတော်ကို ပြန်လည်ထူထောင်နိုင်ခဲ့ လေသည်။
    မင်းမြတ်သည် နိုင်ငံစီးပွားရေးလုပ်ငန်း၏ အဓိကသော့ချက်မှာ စိုက်ပျိုးရေးလုပ်ငန်းများဖြစ်ပြီး စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်စေရန်အတွက် ရေသည် အဓိက ကျကြောင်းသိရှိခဲ့ပါသည်။
ထို့ကြောင့် အနော်ရထာမင်းသည် မိတ္ထီလာကန်ကို ပြုပြင်ခဲ့သည်။ မိုးနည်းသောဒေသများတွင် ဆည်၊ မြောင်း၊ ကန်၊ ချောင်းများ ဖောက်လုပ်ခဲ့သည်။ ပန်းလောင်မြစ်မှ ကင်းတားဆည်၊ ငနိုင်းသင် ဆည်၊ ပြောင်းပြာဆည်၊ ကူမဲဆည် တို့ကို ဆည်ဖို့သည်။ ဇော်ဂျီ(မက္ခရာ)မြစ်မှာ နားတက်ဆည်၊ ကွမ်းဆေးဆည်၊ ကူတော်ဆည်တို့ကို ဆည်ဖို့သည်။ ထို့ပြင် ဆည်ရေသောက် လယ်တွင်း ၁၁ ရွာ ကို လည်း ပြုစုတော်မူခဲ့သည်။
    ဤကျေးဇူးကြောင့် ပုဂံပြည်သားတို့သည် လယ်၊ ယာ၊ ကိုင်း၊ ဥယျာဉ် တို့လုပ်ကိုင်နိုင်ခဲ့ကြ သည်။ စပါးစသော သီးနှံမျိုးစုံ အမြောက်အမြားထွက်အောင် ရာသီအလိုက် စိုက်ကြသည်။ အောင်မြင် သဖြင့် စားစရာ၊ သောက်စရာ၊ ချိုချဉ်အရသာမျိုးစုံ ဖောဖောသီသီ ရကြလေသည်။ ပုဂံသားတို့ စီးပွားရေးအထူး ကောင်းမွန်လာကြလေသည်။ 
    အင်အား ခိုင်မာတောင့်တင်းသော၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်သော ပုဂံတပ်မတော် ကိုလည်းဖွဲ့စည်းနိုင်ခဲ့ပါသည်။ ဖွဲ့စည်းရာ၌ လက်အောက်ခံ ရွာ၊ မြို့၊ ခရိုင်တို့၏ အင်အားကိုလိုက်၍ စစ်သည် အင်အား အချိုးကျ ပါဝင်စေသည်။ အရေးကြုံသောအခါ ခေါ်ယူနိုင်သော အရန်အင်အားများ ထားရှိသည်။ တကွဲတပြားစီဖြစ်‌နေသော နယ်ပယ်များကို သိမ်းသွင်းနိုင်ခဲ့ပါသည်။
    အနော်ရထာ နန်းတက်စက ပုဂံပြည်၏အကျယ်အဝန်းသည် မြန်မာနိုင်ငံ၏အလယ်ပိုင်းဒေသ တစ်ဝိုက်မျှသာဖြစ်သော်လည်း မြန်မာနိုင်ငံအောက်ပိုင်းကိုသာမက သထုံ၊ တနင်္သာရီ၊ ရခိုင်၊ ဗန်းမော်၊ မြစ်ကြီးနားဒေသတစ်ဝိုက်အထိ နယ်နမိတ်ကျယ်ပြန့်လာခဲ့ပါသည်။
    သို့ဖြင့် အနော်ရထာလက်ထက်တွင် ပထမဦးဆုံးအကြိမ်စည်းရုံး၍ အင်အားခိုင်မာတောင့်တင်း သော “ပထမမြန်မာနိုင်ငံတော်” ကိုတည်ထောင်နိုင်ခဲ့သည်။ ထေရဝါဒဗုဒ္ဓသာသနာတော်နှင့် သန့်ရှင်း သော ယဉ်ကျေးမှု ထွန်းကားအောင်လည်း ဆောင်ရွက်ခဲ့ပါသည်။
သူ၏စီမံဆောင်ရွက်မှုများသည်ကား မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၏ ရှေ့ပြေးစီမံကိန်းများ ဟုပင် ဆိုရပေလိမ့်မည်။
    သူ၏ Pilot Project များသည်ကား အနာဂတ်နိုင်ငံတော်အတွက် ခွန်အားရှိလှသည့် ပထမဆုံး ဦးဆုံးသော ခြေလှမ်းများဖြစ်သည်ဟုလည်း ယုံကြည်မိပါသည်။
ရှမ်းပြည်တောင်ပိုင်းလမ်းမကြီး၏ Pilot Project များ 
ယခုအသုံးပြုနေသည့် ရှမ်းပြည်နယ် (တောင်ပိုင်း) အဝေးပြေးလမ်းမကြီးများ၏ ရှေ့ပြေးစီမံကိန်း       ( pilot project ) သည်လည်း ရှေးဘိုးဘွား မြန်မာမင်းများလက်ထက်ကပင် စတင်ခဲ့ခြင်းဖြစ်သည်။ မြန်မာဘုရင်များလက်ထက်က ရှမ်းပြည်နယ်နှင့် ပြည်မဒေသများအကြား ကူးသန်းရောင်းဝယ် သွားလာရေးအတွက်လည်းကောင်း၊ စစ်ချီစစ်တက်သော စစ်လမ်းကြောင်းများအဖြစ်လည်းကောင်း၊ တောင်ကြားလမ်းများကိုသာ အသုံးပြုခဲ့ကြသည်။ ထိုအချိန်က နွားဝန်တင်များ သွားရာလမ်းများသာ ဖြစ်၏။ 
ထိုစဉ်က ပို့ဆောင်ဆက်သွယ်ရေးအတွက် ဧရာဝတီမြစ်ရေကြောင်းလမ်းသည် အဓိကဖြစ်ခဲ့ ၏။ ကုန်ပစ္စည်းများအား ဖလှယ်ရန် မြစ်ကမ်းမှ တောင်ပေါ်ဒေသများသို့ သွားလာရန် လမ်းကြောင်း များလိုအပ်ပါသည်။ ထို့ကြောင့် မြင်းခြံဆိပ်ကမ်းမှတစ်ဆင့် ရှမ်းပြည်နယ်(တောင်ပိုင်း)သို့ အုပ်ချုပ် ရေးနှင့် ဆက်သွယ်ရေးလမ်း ဖောက်လုပ်ရန် ရည်ရွယ်ခဲ့ကြသည်။
ရှမ်းပြည်နယ် (တောင်ပိုင်း)သို့ ဆက်သွယ်သည့် မူလ ရှိပြီးလှည်းလမ်းမကြီးကို မြင်းခြံမြို့မှ စတင်ကာ စတက်မန်းခံတပ် (ညောင်ရွှေဒေသ) အထိ အဆင့်မြှင့်တင်ဖောက်လုပ်ခဲ့ကြသည်။ လမ်း ဖောက်လုပ်ခြင်းလုပ်ငန်းများကို ၁၈၈၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သော ပြည်သူ့လုပ်ငန်းဌာန (Public Works Department) က တာဝန်ယူဆောင်ရွက်ခဲ့သည်။
၁၈၈၇ ခုနှစ်၊ နှစ်ဦးပိုင်းမှစ၍ မူလရှိနေပြီးဖြစ်သော တောင်ကြားလမ်းကို လှည်းများသွားလာ နိုင်သည့် ၁၆ ပေအကျယ်ရှိ မြေသားလမ်းအဖြစ် လမ်းတာချဲ့ခဲ့ပါသည်။ 
ထိုလမ်းပိုင်းသည် “ကလော” သို့  ၁၈၉၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် လမ်းပေါက်ခဲ့သည်ဟု မှတ်တမ်းများအရ သိရှိရပါသည်။ ထိုနှစ်အတွင်းမှာပင် နန့်ပန်တက် (Nampandet) တံတားလည်း ဆောက်လုပ်ပြီးစီးခဲ့ပါသည်။ 
ကလောမှ ဟဲဟိုး၊ ရွှေညောင်နှင့် ညောင်ရွှေ- တောင်ကြီးအထိ ဆက်လက်လမ်း‌ဖောက်လုပ်ခဲ့ ကြပါသည်။ ထို့ကြောင့် ရှမ်းပြည်(တောင်ပိုင်း) လှည်းလမ်းမအရှည်မှာ မြင်းခြံမှ သာစည်အထိ ၇၁ မိုင် နှင့် သာစည်မှ တောင်ကြီးအထိ ၁၀၁ မိုင်ရှိသောကြောင့် စုစုပေါင်း ၁၇၂ မိုင်အရှည်ရှိပါသည်။
ဤလမ်းဖောက်လုပ်ရေးလုပ်ငန်း၏ Pilot Project အစောပိုင်းအဆင့်မှာ နွားဝန်တင်သွား လမ်းမျှသာဖြစ်လေ၏။ ထိုမှမြေသားလမ်းအဆင့် လမ်းတာချဲ့ခဲ့ပြီး‌နောက် ကျောက်ခင်းလမ်းအဖြစ် အဆင့်မြှင့်ခဲ့ကြသည်။ ထိုမှ ကတ္တရာလမ်းအဖြစ်သို့ ပြောင်းလဲခဲ့ကြခြင်းဖြစ်လေသည်။
ဤသို့ဖြင့် ယခုအချိန်တွင် ပြည်မနှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဆက်သွယ်သည့် တောင်ကြား လမ်းအဆင့်မှ နှစ်ပေါင်းနှစ်ရာခန့် အဆင့်ဆင့်ပြုပြင်ရင်း  ၄ လမ်းသွား နိုင်လွန်ကတ္တရာလမ်းမကြီး အဖြစ် ခမ်းနားစွာရောက်ရှိခဲ့ပြီဖြစ်ကြောင်း မျက်ဝါးထင်ထင် တွေ့မြင်နိုင်ကြပြီ ဖြစ်ပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနသည်
    ယနေ့ကာလတွင်လည်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်မှုကဏ္ဍ၊ ပညာရေးကဏ္ဍ၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးကဏ္ဍများ၌ ရှေ့ပြေးစီမံကိန်း များစွာကိုအကောင်အထည်ဖော်လျက်ရှိကြပါသည်။ ထို Pilot Project များစွာအနက် “နယ်စပ်ရေးရာ ဝန်ကြီးဌာန” က  အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည့် ရှေ့ပြေးစီမံကိန်းများလည်း ပါဝင်ပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနသည် ၁၉၉၃-၁၉၉၄ ခုနှစ်မှစတင်၍ Border Line နှင့် ထိစပ် လျက်ရှိသည့် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို လိုအပ်နေသော ပြည်နယ် ၇ ခု၊ တိုင်း ဒေသကြီး ၂ ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ ၆ ခုရှိ မြို့နယ်ပေါင်း ၁၆၉ မြို့နယ်၊ ကျေးရွာပေါင်း ၁၁၀၆၉ ရွာ တို့အား တာဝန်ယူ၍ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် ပေးလျက်ရှိပါသည်။ ထိုဒေသများ၌ ဖွံ့ဖြိုးရေးလုပ်ငန်းများအား နှစ်တို၊ နှစ်ရှည် စီမံကိန်းများ၊  ရှေ့ပြေး စီမံကိန်းများဖြင့် စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါသည်။
ခေါင်လန်ဖူးလမ်းသည်လည်း Pilot Project
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးဒေသသည် ဖွံ့ဖြိုးရေးဆောင်ရွက်ပေးနေသည့် ဒေသများအနက်မှ တစ်ခုအပါအဝင် ဖြစ်သည်။ ပူတာအို- မဂွေဇ- ခေါင်လန်ဖူးလမ်းသည် ၁၃၂ မိုင် ကျော်ရှည်လျားပြီး ခြေလျင်၊ လား၊ မြင်းများဖြင့် ၁၂ ရက်မှ ၁၃ ရက်ကြာ ပင်ပန်းဆင်းရဲစွာသွားလာခဲ့ရ သည့်ဒေသတစ်ခု ဖြစ်ခဲ့ပါသည်။ 
ဤဒေသသည် ရာသီဥတုပြင်းထန်လှ၏။ တစ်နှစ်ပတ်လုံးလိုလို မိုးရွာသွန်းမှုများရှိ၏။ တော၊ တောင်၊ ချောက်၊ ထူထပ်၍ မတ်စောက်မြင့်မား၏။ မြစ်များ၊ ချောင်းများရေစီးကြမ်းတမ်းပြီး ဖြတ်သန်း ရခက်ခဲလှ၏။ ထိုအခက်အခဲများအား ကျော်ဖြတ်လျက် ခေါင်လန်ဖူးမြို့သို့ ကားလမ်းပေါက်ပြီး မော်တော်ကားများ ရောက်ရှိလာရန်မှာ ဒေသခံတိုင်းရင်းသားများအတွက်  အိပ်မက်သဖွယ်သာ ဖြစ်ခဲ့လေ၏။
ဒေသခံများသည် ထိုသို့သော မြင့်မားမတ်စောက်လှသည့် ဆန်းလွတ်ချက်တောင်ကြား အပါ အဝင် တောင်စဉ်တောင်တန်းများနှင့် ခက်ခဲလှသည့် လမ်းပန်းဆက်သွယ်ရေးအခြေအနေများကြောင့် နှစ်စဉ် စားနပ်ရိက္ခာပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့ရသည်။ တပ်မတော်မှ ရဟတ်ယာဉ်များဖြင့် နှစ်စဉ် ထောက်ပံ့ပေးပို့ရသော ဒေသတစ်ခုဖြစ်ခဲ့သည်။ဒေသခံတိုင်းရင်းသားများ၏ ဘဝအိပ်မက်ကိုတပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက် ပေးရန် လမ်းညွှန်ခဲ့ပါသည်။ လမ်းညွှန်ချက်အပေါ်မူတည်ပြီး ဖြစ်နိုင်ခြေဆန်းစစ်လေ့လာမှုများဖြင့် ၂၀၁၅ ခုနှစ်မှစတင်၍ လမ်းဖောက်လုပ်ရေး ရှေ့ပြေးစီမံကိန်းများကို ဆောင်ရွက်ခဲ့ပါသည်။
၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ်မှစတင်၍ ၄ နှစ် စီမံကိန်းဖြင့် အပိုင်း (၄) ပိုင်းခွဲကာ လမ်းဖောက် လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
အပိုင်း (၂) ၌ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၇၇၀၀ ကျော်ရှိသည့် မတ်စောက်သော ဆန်းလွတ်ချက် တောင်ကြားကို ဖြတ်သန်း ဖောက်လုပ်ခဲ့ရခြင်း၊ ကျောက်စွယ် ကျောက်ငုတ်များ ထူထပ်စွာတည်ရှိခြင်း၊ ရာသီဥတုကြမ်းတမ်းခြင်း၊ မြေအနေအထားမတ်စောက်ခြင်းများအပြင် အပိုင်း (၃)၌လည်း ရေစီးကြမ်းသော မေခမြစ်ကို ခက်ခဲစွာ ဖြတ်သန်း၍ ယာဉ်/ယန္တရားများ၊ ဆောက်လုပ်ရေး ပစ္စည်းများကို ပို့ဆောင်ရခြင်းစသည့် စိန်ခေါ်မှုမျိုးစုံကို တွေ့ကြုံခဲ့ရသော်လည်း အောင်မြင်စွာ ကျော်လွှား နိုင်ခဲ့လေသည်။ 
နယ်စပ်ရေးရာဝန်ကြီးဌာနမှ အင်ဂျင်နီယာများ၊ ဝန်ထမ်းများ၊ တပ်မတော်မှ မိုင်းဖောက်ခွဲရေး ကျွမ်းကျင်စစ်သည်များ၊ ဒေသခံပြည်သူများ ပူးပေါင်း၍ မဆုတ်မနစ်သော ဇွဲလုံ့လတို့ ဖြင့် လမ်း ဖောက်လုပ်ရေးလုပ်ငန်းများကို ရာသီဥတုမရွေး ရသမျှအချိန်အား အကျိုးရှိစွာ အသုံးချ ဆောင်ရွက် ခဲ့ကြသည့်အတွက် “အိပ်မက်လမ်း” ဟု တင်စားခေါ်ဆိုကြသည့် မဂွေဇ-ခေါင်လန်ဖူးလမ်း သည် စတင်ဖောက်လုပ်ချိန်မှ ၄ နှစ်နှင့် ၈ လအကြာ ၃- ၉- ၂၀၂၁ ရက်နေ့တွင် ခေါင်လန်ဖူးမြို့သို့ တစ်ကြောင်းထိုးလမ်း အောင်မြင်စွာပေါက်ကာ မော်တော်ကားများ စတင်ရောက်ရှိခဲ့ပေပြီ။ ရှေ့ပြေး စီမံကိန်းကားအောင်မြင်ခဲ့ပေပြီ။
အောင်ပွဲဆိုသည်မှာ စွဲစွဲမြဲမြဲ လုပ်ဆောင်ရသူများနှင့်သာသက်ဆိုင်ပါသည်။ ဤလမ်းဖောက်လုပ် ရေးလုပ်ငန်းသည် ကြီးကြပ်ကွပ်ကဲသူ၊ မြေပြင်တာဝန်ထမ်းဆောင်ရသူများ၏ စိတ်အား တက်ကြွမှု များကြောင့် အတားအဆီးများစွာကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ခြင်းဖြစ်ပါသည်။
ယခုအခါ မဂွေဇ- ခေါင်လန်ဖူး လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို အားသွန်ခွန်စိုက် ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။ မကြာမီကာလတွင်ကျောက်ခင်းလမ်းအဆင့်ပြီးမြောက်တော့ မည်ဖြစ်ပါသည်။ မေခမြစ်ကူး ရီဒမ်းတံတား ပြီးစီးချိန်တွင်တော့ ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ပါသည်။
ထို့ကြောင့် နယ်စပ်ရေးရာဝန်ကြီးဌာနက ရှေ့ပြေးစီမံကိန်း Pilot Project အဖြစ် စတင် အကောင်အထည်ဖော်ခဲ့သော မဂွေဇ- ခေါင်လန်ဖူးလမ်းသည် တစ်ချိန်တွင် ဒေသခံများအတွက် ပိုမို ကောင်းမွန်သော နိုင်လွန်ကတ္တရာလမ်းမကြီးတစ်ခု ဖြစ်ပေါ်လာပေလိမ့်မည်။
လမ်းမကြီးနှင့်အတူ ဒေသဖွံ့ဖြိုးမှုများလည်းရရှိလာပေလိမ့်မည်။ ဖွံ့ဖြိုးမှုရရှိပါမှ စိမ်းညို့သော တောင်တန်း၊ စိမ်းလန်းသောတော၊ စိမ်းစိုသော အနာဂတ်တို့နှင့်အတူ တိုင်းရင်းသားတို့ဒေသသည် ပိုမိုလှပလာပေလိမ့်မည် ။ 
ဆိုလာစနစ်ဖြင့် ချောင်းရေတင်ခြင်း Pilot Project များ
စိုက်ပျိုးရေကို အားထားရသော တောင်သူများအတွက် ရာသီမ‌ရွေး ရေရရှိရန်လိုအပ်ပါသည်။ မြစ်ရေ၊ ချောင်းရေများကို ဆိုလာရေတင်စနစ်အား အသုံးပြု၍စိုက်ခင်းများသို့ တိုက်ရိုက်‌ရေသွင်း စိုက်ပျိုးခြင်း (သို့) ရေလှောင်ကန်များမှတစ်ဆင့် ‌ရေသွင်းစိုက်ပျိုးခြင်းပြုလုပ်နိုင်လျှင်  သီးနှံမျိုးစုံကို ရာသီမရွေး စိုက်ပျိုးနိုင်မည် ဖြစ်ပါသည်။ ထိုအခါ တောင်သူများသည် စိုက်ပျိုးရေးမှ ဝင်ငွေပိုမိုရရှိကာ လူမှုစီးပွားဘဝများ ပိုမို ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်၏။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) သည် တောင်ကုန်းတောင်တန်းများ ပေါများပြီး စိုက်ပျိုးမြေဧရိယာ နည်းပါးသောဒေသဖြစ်ပါသည်။ ရာသီဥတုအပေါ်မူတည်၍ သီးနှံများ စိုက်ပျိုးရခြင်းကြောင့် ကောက်ပဲ သီးနှံထွက်ရှိမှုနည်းပါးကာ မိသားစုဝင်ငွေနည်းပါးကြသည်ကို တွေ့ရှိရပါသည်။ ထိုကဲ့သို့ သောဒေသ များအတွက် ရာသီပေါ်ကောက်ပဲသီးနှံများကို သီးထပ်၊ သီးညှပ် (သို့) နှစ်သီးစား၊ သုံးသီးစားအဖြစ် ထပ်တိုးစိုက်ပျိုးနိုင်ပါမှ တိုင်းရင်းသားတောင်သူများ သီးနှံအထွက်တိုးပြီး မိသားစုဝင်ငွေ ပိုမို ရရှိနိုင် ပေမည်။ စိုက်ပျိုးရေးကို အလေးထားရသော ဒေသခံတို့၏လူမှုစီးပွားဘဝ ပိုမိုတိုးတက် ကောင်းမွန် စေမည်ဖြစ်ပါသည်။ ထိုသို့ ရာသီမရွေးကောက်ပဲသီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုး ရေရရှိရန် အဓိကလိုအပ်ပါသည်။ မြစ်ရေ/ ချောင်းရေများကို ပိတ်ဆို့သွယ်ယူခြင်း၊ သိုလှောင်ကန်များ အတွင်းသို့ ‌ရေတင်သိုလှောင်ပြီး ရေဖြန့်ဝေပေးခြင်းတို့ဖြင့် ရာသီမရွေး စိုက်ပျိုးရေ အသုံးပြုနိုင်အောင် ဆောင်ရွက် ပေးရန်လိုအပ်ပါသည်။  
ထို့ကြောင့် နယ်စပ်ရေးရာဝန်ကြီးဌာနက ဆိုလာ‌ရေတင်စိုက်ပျိုးရေး Pilot Project များကို ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် နမ့်စန်မြို့နယ်၊ ပင်းတယခရိုင်၊ ဟိုပုံးခရိုင်၊ လွိုင်လင်ခရိုင်၊ လင်းခေး ခရိုင် နှင့် ဆီဆိုင်မြို့နယ်တို့တွင်လည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ဟိုပန်ခရိုင်၊ ကွတ်ခိုင် မြို့နယ်၊ လားရှိုးမြို့နယ်နှင့် မိုင်းရယ်မြို့နယ်များတွင်လည်းကောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင် မိုင်းပျဉ်းမြို့နယ်၊မိုင်းခတ်မြို့နယ်၊မိုင်းယောင်းမြို့နယ်၊ မိုင်းဆတ်မြို့နယ်နှင့် မိုင်းဖြတ်မြို့နယ်တို့တွင် လည်းကောင်း အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါသည်။ 
ယခုအခါ ထိုဒေသများတွင် ဆောင်ရွက်ခဲ့သည့် ဆိုလာရေတင်စနစ် Pilot Project များ အောင်မြင်ပြီး ရာသီမရွေး ရေကိုအလုံအလောက်ရရှိနေပြီဖြစ်သဖြင့် နွေရာသီတွင်ပင် ရေတဖွေးဖွေး နှင့် စိမ်းစိုသော စိုက်ခင်းမြေတို့ဖြင့်ဒေသခံများ ပျော်ရွှင်နေကြပေပြီ။ မြန်မာနိုင်ငံ တစ်နံတစ်လျား ရေတင် စိုက်ပျိုးရေး လုပ်ငန်းများအား ပြည်နယ်/တိုင်းအနှံ့ ဆောင်ရွက်ပေးနိုင်ပါက တောင်သူလယ်သမားများ အတွက် အကျိုးပြု အားထားရသော စနစ်တစ်ခု ကျယ်ပြန့်စွာ ဖြစ်ပေါ်လာမည်ဟုလည်း ယုံကြည်မိ ပါသည်။
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည်  အဆိုပါ ဆိုလာစနစ် ဖြင့် ‌ရေတင်စိုက်ပျိုးရေး Pilot Project များအတွက် ရန်ပုံငွေကျပ် ၂၉၄ ဒသမ ၆၃၅ သန်း သုံးစွဲခဲ့ပြီး အကျိုးပြုသောစိုက်ပျိုးမြေဧကပေါင်းမှာ ၃၀၄ ဒသမ ၅ ဧက ဖြစ်ပါသည်။ 
ဆက်လက်ပြီး ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်များတွင် Solar ရေတင်စနစ် စိုက်ပျိုးရေး Pilot Project များ ဆက်လက်အကောင်အထည်ဖော်ပေးသွားမည် ဖြစ်ပါသည်။
အတ္တကင်းသော Pilot Project များ
    စီမံကိန်းများအကောင်အထည်ဖော်‌ဆောင်ရွက်ကြရာတွင် ပန်းတိုင်သို့ ဖြောင့်ဖြူးချောမောစွာ ရောက်ရှိ အောင်မြင်မှုများရှိသလို မအောင်မြင်မှုများလည်း ရှိနိုင်ပါသည်။
    အကောင်းနှင့်ကြုံတွေ့သလို အဆိုးနှင့်လည်း ကြုံတွေ့ကြရမည်ဖြစ်သည်။ အောင်မြင်မှု၏ သော့ချက်၊ အခြေခံအုတ်မြစ်တွင် ဒေသခံများ၏ ပူးပေါင်းဆောင်ရွက်မှုသည်လည်း အဓိကကျလှပေ သည်။    
    Pilot Project များသည် အခြေခံမှစ၍ ကြိုးစားအားထုတ်ရခြင်းဖြစ်သဖြင့် အခက်အခဲများ၊ ဆုံးရှုံးမှုများ ရင်ဆိုင်ကြရမည်ဖြစ်ပါသည်။ ရုတ်တရက် နေ့ချင်း၊ညချင်း အောင်မြင်ခဲ့သောစီမံကိန်းများ ရှားပါးပါလိမ့်မည်။ စီမံကိန်းစတင်အကောင်အထည်ဖော်သူတို့သည် မဆုတ်မနစ်သော ဇွဲသတ္တိမျိုးဖြင့် ကြိုးစားခဲ့ကြရသည်။ အခက်အခဲ အမျိုးမျိုးကို ရင်ဆိုင်ခဲ့ရသော်လည်း ထက်သန်သော စေတနာ၊ မလျော့သော ဇွဲလုံ့လဖြင့် အချိန်၊ ငွေကြေး၊ အသက်၊ အခြားအရင်းအမြစ်စသည့် ပေးဆပ်မှုမျိုးစုံကို စတေးကာ ကြိုးစားခဲ့ရပါသည်။ ထို့ကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှ Pilot Project များအား စတင်စမ်းသပ်ဆောင်ရွက်ခဲ့ကြသူများကို ဦးဆောင်လမ်းထွင်သူ (Pioneer) များဟု အသိအမှတ်ပြုကြရပေမည်။
ယနေ့ အောင်မြင်စွာဖြစ်ပေါ်နေသည့်စီမံကိန်းများ၊ လုပ်ငန်းကဏ္ဍများသည် Pilot Project စီမံကိန်းများဖြင့် ရှေ့ပြေးစတင်ခဲ့ခြင်းသာဖြစ်ပါသည်။ အကောင်အထည်ဖော်ခဲ့ကြသည့်ပုဂ္ဂိုလ်များ၊ ရှေးမြန်မာမင်းများ၊ ဘိုးဘေးများ၊ အဖွဲ့အစည်းများ၏ကျေးဇူးကား အနန္တရှိလေ၏။ သူတို့ကား ကွယ်လွန် ခဲ့သည်မှာ ကြာခဲ့ပြီ၊ သို့ရာတွင် သူတို့အမည်၊ သူတို့စိတ်ဓါတ်၊ သူတို့၏ကျေးဇူးတို့ကားမပျယ်၊ သင်းပျံ့ ဆဲပင် ဖြစ်လေသည်။
“ဤနေရာ၊ ဤဒေသတို့တွင် ဖွံ့ဖြိုးတိုးတက်လာမည်၊ စည်ပင်သာယာဝပြောလာမည်၊ နိုင်ငံသားတို့ ပျော်ရွှင်ခံစားကြရသည့်  အကျိုး/အမြတ်၊ အသီးအပွင့်များဖြစ်ပေါ်လာမည်ကို ကြိုတင်သိရှိ မျှော်မှန်း ခဲ့ပါသလား” ဟု တစ်ချိန်က ကောင်းသော မျိုးစေ့ချပေးခဲ့သူများအား နှိုး၍ မေးကြည့်ချင်ပါသည်။ 
သူတို့ ဤသို့ ဖြေပေလိမ့်မည်။ “ မိမိတို့သည် မိမိနိုင်ငံ၊ မိမိလူမျိုးကို ချစ်ခင်မြတ်နိုး တန်ဖိုးထား သည်။ ဒေသများအားလုံး တည်ငြိမ်အေးချမ်းစေချင်သည်၊ နိုင်ငံတော်ကို ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက် စေချင်သည့်အတွက် အတ္တကင်းသောနှလုံးသားမှ ယိုစိမ့်ကျလာသည့် မေတ္တာ၊ စေတနာ၊ ကရုဏာဖြင့် ကဏ္ဍအသီးသီးမှ စီမံကိန်းများကို အကောင်အထည်ဖော်ခဲ့ကြခြင်းသာဖြစ်သည်” ဟု သစ္စာစကားကို တညီတညွတ်တည်း ဖြေကြားပေလိမ့်မည်ဟု ယုံကြည်မိပါတော့သည်။

ပင်လယ်ပျော်တို့ဒေသသို့ ဖွံ့ဖြိုးရေးဖြင့်ပွေ့ဖက်ခြင်း

Posted_Date

EN-Article-Category

Image

Article

Body

လှလိုက်တဲ့ “တနင်္သာရီ”
ဤလှပသောမြင်ကွင်းကို ငေးကြည့်ရင်း “အမိမြန်မာပြည်၏တောတောင်များ အစဉ်စိမ်းလန်းပြီး၊ တောင်တန်းများအမြဲခိုင်ခံ့တည်တံ့ကာ၊ ပင်လယ်ပြင်ကြီးများ ထာဝရရှင်သန်ပါစေ” ဟု ဆုတောင်းနေမိ ပါသည်။ စာရေးသူတို့စစ်ကြောင်း ရောက်ရှိနေသောတောင်ထိပ်မှ မြောက်စွန်းသို့ လှမ်းကြည့်လျှင် ထင်ထင်ရှားရှားမြင်ရသည်က တနင်္သာရီဒေသအတွင်းအမြင့်ဆုံး မိုးထိနေသည့် မြင့်မိုရ်လက်ခတ်တောင်။ ကျန်သည့်အရပ်လေးမျက်နှာတွင်လည်း တောင်ပင်လယ်အနိမ့်အမြင့်များက မျက်စိတစ်ဆုံး။ 
တောင်များကိုရစ်သိုင်းနေသည့် မြူနှင်းတိမ်စိုင်ကြားက တောင်တန်းများ၏အလှက အံ့ဖွယ် ပန်းချီကား တစ်ချပ်လိုပင်။ ကြီးထွားမင်းမူနေသည့် မြက်ရိုင်းပင်များက တောင်အောက်မှ ဝှေ့ရမ်းပင့် တိုက်နေသည့်လေ တဟူးဟူးနှင့်အတူ ဘယ်ညာယိမ်းနွဲ့နေကြသည်။ တောင်ထိပ်မှနေ၍ နိမ့်ဆင်း သွားသောတောင်စွယ်များကိုကျော်ကာ အန်ဒမန် (Andaman Sea) ပင်လယ်ပြင်ကြီးကို ကြည့်ရသည် မှာလည်း အလွန်အရသာရှိလှပေသည်။ ပင်လယ်ပြင်တွင် ကျွန်းငယ်လေးများက ဟိုသည်အစုအစု ရှိနေကြ၏။ ထိုကျွန်းများကား မြိတ်ကျွန်းစုများ ဖြစ်ကြပေသည်။ စိမ်းပြာသောပင်လယ် နောက်ခံတွင် မျက်စိတစ်ဆုံး ထင်ရှားလှပစွာတွေ့မြင်နေရသည်။
မုတ္တမကိုဖြတ်သန်းလျက်
တနင်္သာရီဒေသသို့ စာရေးသူတပ်မတော်သားဘဝ ၁၉၉၆- ၁၉၉၇ ခုနှစ်လောက်က ရောက်ခဲ့ ပါသည်။ ပြည်မြို့အခြေစိုက်ခြေမြန်တပ်မ၏ စစ်ကြောင်းများနှင့်အတူ ထားဝယ်၊ မြိတ်၊ ပုလော၊ ပလောက်၊ မေတ္တာ၊ ကျောက်လုံးကြီး၊ ဘန်းချောင်း၊ တနင်္သာရီ၊ ထီးထ၊ ကထောင်းနီ၊ ကွမ်းချောင်းလေး၊ ကွမ်းချောင်းကြီး၊ ကျောက်ထု၊ မြင့်မိုရ်လက်ခတ်တောင်၊ အောင်သာဝရ ဒေသတို့တွင် နယ်မြေ လုံခြုံရေး နှင့် နယ်မြေစိုးမိုးရေးအတွက် စစ်ဆင်ရေးတာဝန် ထမ်းဆောင်ခဲ့ချိန်ဖြစ်ပါသည်။
စာရေးသူအပါအဝင် တပ်မတော်သားများ ပြည်မှ ထားဝယ်သို့ ယာဉ်တန်းများဖြင့် ချီတက်ခဲ့ ကြသည်။ ထိုအချိန်က သံလွင်မြစ်ကူးတံတား(မော်လမြိုင်) မတည်ဆောက်ရသေးပေ။ 
၁၆ ရာစု၊ ၁၇ ရာစုမှ ၁၉ ရာစုအထိ မြန်မာနိုင်ငံ၏ အရေးကြီးဒေသတစ်ခုဖြစ်ခဲ့ဖူးသည့် “မုတ္တမမြို့” ဆိပ်ကမ်းတွင် စစ်ကြောင်းကားများရပ်ကြရသည်။ ထိုမှမော်တော်ယာဉ်များကို “ဇက်သင်္ဘော” များဖြင့် သံလွင်မြစ် ကိုဖြတ်၍ မော်လမြိုင်ဘက်ကမ်းသို့ ကူးကြရသည်။ ထိုမှ ကားပေါ်ပြန်တက်၍ မုဒုံ၊  သံဖြူဇရပ်၊ လမိုင်း၊ ရေး၊ မလွဲတောင်၊ ကလိန်အောင်၊ ရေဖြူ၊ ထားဝယ်၊ သရက်ချောင်း၊ ဝင်းဝ၊ ပလောက်၊ ပုလော၊ ပလ တို့ကိုဖြတ်ကာ မြိတ်ဒေသသို့ ခရီးဆက်ခဲ့ရသည်။ တောတောင်လမ်းများ ဖြစ်သဖြင့် လမ်းတစ်လျှောက် တောအုပ်စိမ်းစိမ်း၊ တောင်တန်းညို့ညို့တို့က မြင်ကွင်း၌ကပ်ပါလာ ကြသည်။
ကားလမ်းများရှိသော်လည်း တောက်လျှောက်သွား၍မရသေး။ ချောင်းကူး၊ မြစ်ကူး တံတားများ မတည်ဆောက်ရသေး။ မိုးများသောဒေသ၊ မြစ်ချောင်းများပေါများသောဒေသ ဖြစ်သည်နှင့်အညီ မြစ်များ၊ ချောင်းများ ပေါများလှသည်။ ဝင်းဝရွာ၊ ပလောက်ရွာ၊ ပုလောအဝင်၊ သမုတ်၊ လော့လော့ ချောင်း၊ ကျွဲကူး၊ ကျောက်ဖျာရွာတို့တွင် ကားများကို ဇက်များ၊ ဖောင်များဖြင့်တင်၍ ဖြတ်ကူးခဲ့ရသည့် အချိန်ဖြစ်ပါသည်။ အချို့နေရာများ ကျောက်ကြမ်းလမ်းဖြစ်ပြီး မြို့များနှင့်အနီးတဝိုက်တွင်မူ ကတ္တရာ လမ်းများကိုဖြတ်သန်းရသည်။ ကျောက်ကြမ်းလမ်း၊ သဲကြမ်းလမ်း၊ ရွှံ့တန်း၊ ဗွက်တန်း၊ လှည်းလမ်း အနေ အထားမျိုးစုံကို ဖြတ်သန်းသွားရခြင်းဖြစ်ပါသည်။ ခရီးသည်ကားများ သွားလာနိုင်မှု အနည်းငယ်သာ ရှိသောကာလဖြစ်ပါသည်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုမရှိသေးသဖြင့် အချိန်ကြာခဲ့သည်။
အလောင်းမင်းတရားကြီး၏ စစ်ချီရာလမ်းကြောင်း
“ကုန်းဘောင်ခေတ်မဟာရာဇဝင်တော်ကြီး” ၌ “ မြန်မာသက္ကရာဇ် ၁၁၂၁ ခု နှစ်တွင် ယိုးဒယား တို့က ထားဝယ်ကိုထိပါးခဲ့သည်။ အလောင်းမင်းတရားကြီးသည် ကုန်းကြောင်းဖြင့် စစ်ချီခဲ့သည်။ ဘဝရှင် မင်းတရားကြီးဘုရားသည် ထားဝယ်မြို့က ချီတော်မူသည်။ ထိုက ချီတော် မူသည့်နေ့ ကျောက်မြောင်းတွင် ချတော်မူသည်။ ထိုကမှ တောင်ပျောက်တွင် ချတော်မူသည်။ ထိုကမှ တိန်ညင် ချောင်း (ကညင်ချောင်း) တွင် ချတော်မူသည်။ ထိုကမှ ပလောင်ရွာ (ပလောက်ရွာ) တွင် ချတော်မူ သည်။ ထိုကမှ ပုလောရွာတွင် ချတော်မူသည်။ ထိုကမှ ပုလောချောင်း တွင် ချတော်မူသည်။ ထိုကမှ ဘဝတ်ရွာ (ပဝတ်ကုန်း) တွင် ချတော်မူသည်။ ထိုကမှ သကောရွာတွင် ချတော်မူသည်။ ထိုက မှ တမုတ်ရွာတွင် ချတော်မူသည်။ ထိုက ချီတော်မူသည့်နေ့ မြိတ်မြို့ကို သိမ်းယူတော်မူသည်။” ဟု ဖော်ပြထားကြောင်း လေ့လာတွေ့ရှိရပါသည်။ ထိုစဉ်က စစ်ချီစစ်တက် စစ်ကြောင်းကြီးများသည် တောရှင်း၊ တောနင်း၍ချီတက်ခဲ့ကြဟန်တူသည်။ လမ်းဟူ၍ ပီပီပြင်ပြင်ဖောက်ခဲ့ဟန်မတူ။ ကျွန်တော် တို့စစ်ကြောင်းယာဉ်များ ဖြတ်သန်းနေသည့် ကားလမ်းများသည်ပင်လျှင် ရှေးမြန်မာမင်းများ၏ စစ်ချီရာလမ်းကို အခြေခံ၍ဖောက်ခဲ့ကြခြင်းပင် ဖြစ်ပေလိမ့်မည်။ 
လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး
ဤဒေသ၏ နယ်မြေအခြေအနေကြောင့် ယခင်ကဤကားလမ်းကို ဆယ်စုနှစ်တစ်စုနီးပါး ပိတ်ထားသောမှတ်တမ်းများရှိခဲ့ပါသည်။ ကမ်းရိုးတန်းဒေသဖြစ်သဖြင့် ဒေသခံတို့သည် ပင်လယ်ရေ လမ်းခရီးကို အားကိုးအားထားပြုခဲ့ကြသည်။ ဒေသခံတို့သည်သာ နယ်မြေမအေးချမ်းမှုဒဏ်၊ မိသားစု ဘဝလုံခြုံမှုမရှိသည့်ဒဏ်ကို ခါးစည်းခံခဲ့ရသည်။ နယ်မြေမတည်ငြိမ် မအေးချမ်းမှုနှင့်အတူ ဤ‌ဒေသ တို့သည် ဖွံ့ဖြိုးမှုများနောက်ကျခဲ့ရပါသည်။
၁၉၈၈ ခုနှစ်၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က  တာဝန်ယူခဲ့ရာ အဓိက တာဝန်ကြီး  ၄  ရပ်အနက် “ လမ်းပန်းဆက်သွယ်မှု လွယ်ကူချောမွေ့စေရေး ” ဟူသော တာဝန်နှင့်အညီ နိုင်ငံအနှံ့အပြား လမ်းများဖောက်ခြင်း၊ တံတားများတည်ဆောက်ခြင်းများကို ဆောင်ရွက်ပေးခဲ့သည်။ တနင်္သာရီဒေသတွင်မူ နယ်မြေအခြေအနေများအရ မြို့နယ်များအလိုက် အပိုင်းလိုက်ရွေးချယ်၍သာ လမ်းဖောက်၊ တံတားဆောက်နိုင်ခဲ့ပါသည်။ ထို့ကြောင့် ထားဝယ်မှ မြိတ်သို့ ကားဖြင့် တောက်လျှောက် မသွားနိုင်ခဲ့သေးပေ။
၁၉၉၆ ခုနှစ်တွင် တနင်္သာရီတိုင်း ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ် သူရသီဟသူရစစ်မောင် တာဝန်ယူခဲ့ပါသည်။ သူသည် ဤထားဝယ်- မြိတ် ကားလမ်းကို ပီပီပြင်ပြင် အသုံးပြုနိုင်ရေး လမ်းဖောက်ရန်စီစဉ်ခဲ့သည်။ ထို့ကြောင့် ထားဝယ်မှ မြိတ်အထိ ၁၅၆ မိုင် ၆ ဖာလုံ ရှည်လျားသောလမ်းပျက်ကြီးမှာ ကောင်းမွန်သွားပြီး ရာသီမရွေးသွားနိုင်သောလမ်းမကြီးအဆင့်ဖြစ်ခဲ့ ပါသည်။ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှုနှင့်အတူ တနင်္သာရီဒေသကား လှပဝေစည်ဖွံ့ဖြိုးတိုး တက်ခဲ့ပါသည်။
ယခုကာလတွင်မူ နယ်မြေမအေးချမ်း၊ မတည်ငြိမ်မှုကြောင့် ဤလမ်းမကြီးအား အသုံးပြုနိုင်မှု နည်းပါးနေကြောင်းသိရှိရပါသည်။ ဤဒေသတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဒေသအနှံ့ဆောင်ရွက်ပေး လိုသော်လည်း လွတ်လပ်စွာသွားလာရန်မလွယ်ကူသည့်အခါ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် နှောင့်နှေးပေတော့သည်။ ဆိုရလျှင် နယ်စပ်ဒေသများတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများအား နယ်မြေအခြေ အနေ၊ ရာသီဥတုအခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေးအခြေအနေ ကန့်သတ်ချက်များပေါ်မူတည် ၍ ခက်ခက်ခဲခဲဆောင်ရွက်နေရခြင်းများရှိနေပါသည်။ 
တည်ငြိမ်အေးချမ်းရေးကိုအခြေခံ၍
နယ်စပ်ဒေသများဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် တည်ငြိမ်အေးချမ်းရေး (Peace and Stability)သည် အရေးအကြီးဆုံးဖြစ်ပါသည်။ တည်ငြိမ်အေးချမ်းရေးဆိုသည်မှာလည်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အခြေခံ၍ဆောင်ရွက်ရန်လိုပေသည်။ နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးတို့သည် အပြန်အလှန်ဆက်စပ်နေပါသည်။ အလားတူ တိုင်းရင်းသား အချင်းချင်း အပြန်အလှန်ယုံကြည်မှု၊ ချစ်ခင်ရင်းနှီးမှု တိုးတက်ဖြစ်ထွန်းရန်အတွက်မှာလည်း လမ်းပန်းဆက်သွယ်ရေး ကဏ္ဍသည် အလွန်အရေးကြီးသည့်အစိတ်အပိုင်းတွင် ပါဝင်နေပါသည်။ 
 နယ်စပ်ဒေသအသီးသီး၏ လမ်းပန်းဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုး/မွေးမြူရေး စသည့်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့်သက်ဆိုင်သည့်ကဏ္ဍ အသီးသီးသည်လည်း အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်ရန်လိုအပ်ပေသည်။ အဆိုပါလုပ်ငန်းစဉ်များ အားလုံးကို ဌာနတစ်ခုတည်းကဆောင်ရွက်ခြင်းထက် သက်ဆိုင်သည့်ဌာနအားလုံးက ပူးပေါင်းပါဝင် ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါသည်။
ယခုအခါ “နယ်စပ်ဒေသများအပါအဝင် နယ်မြေအားလုံး အကြားအလပ်မရှိ ဆူကြုံနိမ့်မြင့်ကွာ ဟနေမှုများ လျော့နည်းကျဆင်းပြီး ပြည်ထောင်စုကြီးတစ်ခုလုံး တစ်စည်းတစ်လုံးတည်း မကွဲမပြား ညီညီညွတ်ညွတ် ဖွံ့ဖြိုးတိုးတက်ရမည်”ဆိုသည့် မွန်မြတ်သောရည်မှန်းချက်ကြောင့် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကဏ္ဍအသီးသီး၌  ‌အောင်မြင်မှုတိုးတက်မှု ရရှိနေသည်ကိုလည်း တွေ့မြင်ကြရ မည်ဖြစ်ပါသည်။
တနင်္သာရီတိုင်းဒေသကြီးဖွံ့ဖြိုးရေး
ယခုအချိန်တွင် စာရေးသူရောက်ခဲ့ ခြေချခဲ့ဖူးသည့် ဤတနင်္သာရီဒေသသည်ကားနှစ်ပေါင်း ၂၅ နှစ် ကျော်ကာလအတွင်း များစွာဖွံ့ဖြိုးတိုးတက်ခဲ့လေပြီ။ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ၁၈၈၉- ၁၉၉၀  ဘဏ္ဍာ‌ရေးနှစ်မှစတင်၍ ဆောင်ရွက်ပေးခဲ့ပါသည်။ ဤဒေသအတွင်း ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေး နှစ်အထိ လမ်းတံတားလုပ်ငန်းကဏ္ဍတွင် မြေလမ်း ၄၆၂ မိုင် ၅ ဖာလုံ၊ ကျောက်ခင်းလမ်း ၃၃၁ မိုင် ၆ ဖာလုံ၊ ကျောက်ရော မြေလမ်း ၂၄ မိုင် ၅ ဖာလုံ၊ ကတ္တရာလမ်း ၃၈ မိုင် ၅ ဖာလုံ၊ ကတ္တရာထပ်ပိုးလွှာ ခင်းခြင်း ၄ မိုင်၊ ကွန်ကရစ်လမ်း ၄ မိုင် ၁ ဖာလုံ၊ လမ်းတာချဲ့ခြင်း ၂၂ မိုင်၊ လမ်းပြုပြင်ထိန်သိမ်းခြင်း ၂၄၇ မိုင် ၃ ဖာလုံ၊ တံတားပြုပြင်ထိန်းသိမ်းခြင်း ၅ စင်း၊ မြေထိန်းနံရံနှင့် လှိုင်းကာနံရံတည်ဆောက်    ပေးခြင်း ၁၈၇၀ ပေ၊ ကျောက်စီ၊ အုတ်စီနှင့် ကွန်ကရစ်ရေမြောင်း ၁၃၂၀ ပေ၊ တံတားကြီး ၃၃ စင်း၊ တံတားငယ် ၂၀၁ စင်း၊ Box Culvert ၄၀၈ စင်း၊ ရေပြွန် ၂၄၈ ခု ဖြစ်ပါသည်။ ထို့ကြောင့်ဒေသ၏ လမ်းပန်းဆက်သွယ်ရေးကွန်ယက်များ ပိုမိုကောင်းမွန်လာခဲ့ပေပြီ။
 ကျန်းမာရေးကဏ္ဍတွင် ဆေးရုံ ၂ ရုံ၊ ဆေးပေးခန်း ၃ ခန်း၊ ကျေးလက်ကျန်းမာရေးဌာန ၂ ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ၁၃ ခု တိုးချဲ့ဖွင့်လှစ်ပေးနိုင်ခဲ့ပါသည်။
 ပညာရေးကဏ္ဍတွင် အထက်တန်းကျောင်း ၇ ကျောင်း၊ အလယ်တန်းကျောင်း ၇ ကျောင်း၊ မူလတန်းကျောင်း ၅၀ ကျောင်း တည်ဆောက်ပေးခဲ့ပါသည်။ စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍတွင် စိုက်ပျိုးရေးစခန်း ၁ ခု၊ စိုက်ပျိုးမြေဖော်ထုတ်ခြင်း ၂၀၀ ဧက၊ စိုက်ပျိုးရေသွယ် ယူခြင်းလုပ်ငန်း ၁၂ မိုင်၊ မီးလင်းရေးကဏ္ဍတွင် မီးရရှိရေးဆောင်ရွက်ပေးခဲ့သည့်မြို့ ၂ မြို့၊ ဆိုလာ နှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးခြင်း ၃၁၇၂ စုံ ဖြစ်ပါသည်။
 ပြည်သူ့ဆက်ဆံရေးကဏ္ဍတွင် ရုပ်မြင်သံကြားထပ်ဆင့်ထုတ်လွှင့်စက်ရုံ ၁၀ ရုံ၊ စာကြည့်တိုက် ၂ လုံး၊ တည်ဆောက်‌ရေးကဏ္ဍတွင် မြို့တည်ဆောက်ရေး ၆ မြို့၊ သောက်သုံးရေရရှိရေးလုပ်ငန်း ၇၁ ခု၊ တန်ဖိုးနည်းအိမ်ရာ ၂၂ လုံး၊ ဝန်ထမ်းအိမ်ရာလုံးချင်း ၁ လုံး၊ ၂ ခန်းတွဲ ဝန်ထမ်းအိမ်ရာ ၂၂ လုံး၊ ၆ ခန်းတွဲ ဝန်ထမ်းအိမ်ရာ ၁ လုံး နှင့် သာသနာ‌ရေးကဏ္ဍတွင် ဘုန်းတော်ကြီးကျောင်း ၁၇ ကျောင်း ဆောက်လုပ်ခြင်း၊ အခြားသာသနိကအဆောက်အဦများ ပြုပြင်မွမ်းမံခြင်း ၅ ခု တို့အား ဆောင်ရွက် ပေးနိုင်ခဲ့ပါသည်။  
နိုင်ငံတော်မှ ခွင့်ပြုရန်ပုံငွေအားဖြင့် ကျပ်သန်းပေါင်း ၄၆၆၁၄ ဒသမ ၅၆ သန်း ကျခံသုံးစွဲပေးခဲ့ ပြီးဖြစ်သည်။ ဆက်လက်ဆောင်ရွက်ပေးရန်ကဏ္ဍများလည်း များစွာကျန်ရှိနေပေသေးသည်။
ဆလုံကျေးရွာများ
    ဤဒေသ၏ ထူးခြားမှုတစ်ခု၌ “ပင်လယ်ပျော်ဆလုံတိုင်းရင်းသား”တို့ ပါဝင်ပါသည်။ မြိတ် ကျွန်းစုများတွင် ဆလုံတိုင်းရင်းသားများ နေထိုင်သည်ဆိုသောအသိအမြင်ကို ကလေးအရွယ်ကပင် ကျောင်းစာအုပ်ထဲ၌ ဖတ်ခဲ့မှတ်ခဲ့ရသည်။ မြန်မာတိုင်းရင်းသားအစ “ပျူ၊ မွန်၊ မြန်မာ၊ သက်” ဟူသော လူမျိုးကြီး ၄ စုအနက် ဆလုံတိုင်းရင်းသားတို့မှာ “သက်” လူမျိုးတို့မှတစ်ဆင့် ဆင်းသက်လာခဲ့သည်ဟု မှတ်သားခဲ့ဖူးပါသည်။ ဆလုံတိုင်းရင်းသားတို့ကို “မော်ကင်း” ဟုလည်းခေါ်ကြသည်။ ပင်လယ်နှင့် အနီးနားတွင်နေ၍လား မသိ၊ ပင်လယ်ပျော်တို့၏အသားအရောင်မှာ အညိုရောင်သန်းနေကြသည်။ သစ်ထွင်းလှေတွေထဲ၌ သူတို့မိသားစုများကအိမ်အဖြစ် နေထိုင်ကြသည်။ လွတ်လပ်မှုကို မြတ်နိုးကြ ၏။ တစ်လင်တစ်မယားစနစ်ကိုသာ ကျင့်သုံးကြသည်။ အိမ်ထောင်ရေးဖောက်ပြန်မှုကို လုံးဝလက်မခံ ပေ။ လူကြီးလူငယ်မရွေး မအားမနေဘဲ အမြဲအလုပ်လုပ်နေသော တိုင်းရင်းသားများပင်။ အားလုံးစုပေါင်းဝိုင်းဝန်း ၍ ညီညွတ်စွာလုပ်ဆောင်လေ့ရှိကြသည်။ သို့သော် စာတတ်မြောက်မှုတော့ နည်းပါးနေပါသေးသည်။    
ဆလုံလူမျိုးတို့သည်ကား မြိတ်ကျွန်းစု၏ အဖိုးမဖြတ်နိုင်သောပြယုဂ်တစ်ခုပင်။ သူတို့၏ ဓလေ့စရိုက်၊ ရိုးသားဖြောင့်မတ်မှုကို တုနှိုင်းရန်အရာမရှိပါ။ ထို့ကြောင့် ၎င်းလူမျိုးတို့မှာ လူသိများ ထင်ရှားနေခြင်းဖြစ်ပါသည်။ ဆလုံလူမျိုးတို့သည် နေရာအတည်တကျမရှိ၊ ပင်လယ်ပြင်တစ်ခွင် ဝမ်းစာ အတွက် လှည့်လည်ကျက်စားကြသည်။ ရေကူး၊ ရေငုပ်ရာတွင် ကျွမ်းကျင်ကြသည်။ ပင်လယ်ခရု၊ ကမာ(မုတ်)ကောင်များ၊ ငါးကြီးအံဖတ်၊ ပင်လယ်ရေမှော်ပင်၊ ပုလဲ၊ ငှက်သိုက်၊ ပျားရည်၊ ပရဆေးပင် များကို ရှာဖွေစုဆောင်း ရောင်းချလေ့ရှိသည်။ ထို့ကြောင့် Men of the Sea ဟုပင် ခေါ်ဆို နိုင်ပါသည်။
ဆလုံလူမျိုးများကို ကော့သောင်းမြို့အနီးရှိ ကျွန်းစုများတွင်လည်း မြင်တွေ့နိုင်ပါသည်။
    ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်းမြို့နယ်ရှိ ကျွန်းများ၊ မြိတ်ကျွန်းစု၊ ပုလော၊ တနင်္သာရီ မြို့နယ်တို့ရှိ ကတန်ကျွန်း၊ ဒုံးကျွန်း၊ တနင်္သာရီကျွန်း၊ ကော့သောင်းမြို့နယ်ရှိ ဆလုံကျွန်းစု၊ ဇာဒက်ကြီး၊ ဇာဒက်လေး၊ ဂျလန်းကျွန်း၊ မကြုံဂလက်ကျေးရွာတို့တွင် ဆလုံတို့ စုစုခဲခဲ နေထိုင်လျက်ရှိကြသည်။    
ပင်လယ်ပျော်တို့ဒေသဖွံ့ဖြိုးရေး
ထိုဆလုံကျေးရွာများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်ကိုလည်း နယ်စပ်ရေးရာဝန်ကြီးဌာနက ဆောင်ရွက်ပေးခဲ့ပါသည်။ ၂၀၁၃- ၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ဇာဒက်ကြီးကျွန်းရှိ ဆလုံတိုင်းရင်းသား များအတွက် အခြေခံပညာမူလတန်းကျောင်းနှင့် ကျောင်းဆောင်များဆောက်လုပ်ပေးခြင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ဆလုံကျေးရွာရှိ အိမ်ခြေ ၂၂၀ မီးလင်း‌ရေးအတွက် ဆိုလာနှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ပေးခြင်း၊ ဇာဒက်ကြီးကျွန်းရှိ ဆလုံကျေးရွာ ရေရရှိရေးအတွက် ရေသွယ်တန်း ပေးခြင်း၊ ၂၀၂၁- ၂၀၂၂ တွင် မကြုံဂလက်ရွာနှင့် ညောင်ဝိရွာတို့အတွက် ဆိုလာ ၁၄၁ စုံနှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင် ပေးခြင်း၊ ၂၀၂၂- ၂၀၂၃ တွင် ဆလုံကျေးရွာများဖြစ်သည့် မကြုံဂလက်၊ ညောင်ဝိ၊ ဇာဒက်ကြီးနှင့် ဂျလန်း စသည့်ကျေးရွာများတွင် တန်ဖိုးနည်းအိမ်ရာ ၈၀ လုံး တည်ဆောက်ပေးခြင်းနှင့် Aluzinc သွပ်၊ ရိုးရိုးသွပ် များထောက်ပံ့လှူဒါန်းခြင်းတို့အပြင် ဇာဒက်ကြီးကျွန်းပေါ်ရှိ ‌ဆလုံကျေးရွာများ ရာသီမရွေးသောက်သုံးရေ ဖူလုံစွာရရှိစေရေးအတွက် စမ်းကြီးချောင်းအားပိတ်ပြီး ‌‌ရေတားတမံ တည်ဆောက်ကာ ၄ မိုင် ရေသွယ် ယူခြင်းလုပ်ငန်းတို့အား တည်ဆောက်ပေးခဲ့ပြီးဖြစ် ပါသည်။ ထို့ကြောင့် ဆလုံတိုင်းရင်းသားကျေးရွာများ ဖွံ့ဖြိုးရေးအတွက် ကျပ်သန်းပေါင်း ၄၁၆ ဒသမ ၃၆၉ သန်း သုံးစွဲဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါသည်။ 
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအပြင် ဒေသ၏လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးကိုလည်း ဆောင်ရွက် ပေးခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီး၏  တိုင်းဒေသကြီးအတွင်းရှိဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး ခဲ့သည့်ခရီးစဉ်များတွင် ဇာဒက်ကြီးကျွန်းပေါ်ရှိ ဆလုံတိုင်းရင်းသား ‌ကျောင်းသား၊ ကျောင်းသူကလေးများ အတွက် ကျောင်းဝတ်စုံ၊ ဗလာစာအုပ်နှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့လှူဒါန်း ပေးခဲ့ပါသည်။ ၂၀၁၀ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်များသို့ ဆလုံတိုင်းရင်းသား ၃ ဦး၊ တိုင်းရင်းသူ ၄ ဦး စုစုပေါင်း ၇ ဦး တက်ရောက် ပညာသင်ယူခဲ့ပြီး ဘွဲ့များ အသီးသီးရရှိကာ ဝန်ကြီးဌာနအသီးသီးတွင် နိုင်ငံ့တာဝန်ထမ်းဆောင်နေ ကြလေပြီ။ ယခင်က စာတတ် မြောက်မှုနည်းပါးခဲ့သော်လည်း နိုင်ငံတော်၏စီစဉ်ပေးမှုဖြင့် ယခုအခါ ဆလုံတိုင်းရင်းသားပညာတတ်များ ပေါ်ပေါက်ခဲ့လေပြီ။
အကောင်းဆုံးခရီးသွားလုပ်ငန်း
တနင်္သာရီကမ်းရိုးတန်း၌ ထူးခြားထင်ရှားသော ကျွန်းကြီး၊ ကျွန်းငယ်များ အမြာက်အမြားရှိနေ သည်။ အချို့ကျွန်းများမှာ မူလသဘာဝအတိုင်း ရှိနေဆဲပင်ဖြစ်သည်။ ကျွန်းစုများ သဘာဝအတိုင်း တည်ရှိနေကြသည်။ သန္တာကျောက်တန်းများ ရှင်သန်ဖွံ့ဖြိုးနေကြသည်။ သဘာဝမျိုးကွဲ၊ မျိုးစိတ်များ၊ ရေနေသတ္တဝါများ ပေါများစွာတည်ရှိနေကြသည်။ ထိုကဲ့သို့ တနင်္သာရီကမ်းရိုးတန်းရှိကျွန်းများ သဘာဝ အတိုင်းတည်ရှိနေခြင်းသည်ပင် မြန်မာနိုင်ငံအတွက်သာမက ကမ္ဘာအတွက်ပါ မပျက်စီးသေးသော သဘာဝ အမွေအနှစ်များဖြစ်သည်ဟု ဆိုရပေမည်။ ထို့ကြောင့် တနင်္သာရီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများတွင် အကောင်းဆုံးခရီးစဉ်တစ်ခု ဖြစ်လျက်ရှိနေပါသည်။
    သဘာဝအတိုင်းတည်ရှိသော တနင်္သာရီကမ်းရိုးတန်းခရီးစဉ် ဖွံ့ဖြိုးတိုးတက်လာရေးတွင် လမ်းပန်း ဆက်သွယ်ရေး လွယ်ကူချောမွေ့ကောင်းမွန်မှု နှင့် ပြည်တွင်းပြည်ပခရီးသွားများ ဆက်သွယ် သွားလာရာ၌ လမ်းပိုင်းများ အဆင့်မြင့်မြင့်ဖြင့် ဖြောင့်ဖြူးကောင်းမွန်ရန် လိုအပ်ပါသည်။ 
စိမ်းလန်း ခိုင်ခံ့ ရှင်သန်စေရန်
    ထိုသို့ဖြစ်စေရန် နယ်မြေတည်ငြိမ်အေးချမ်းရန်တော့ အထူးလိုအပ်လှပါသည်။ အဘယ့်ကြောင့် နည်း။ ဆိုရသော် ငြိမ်းချမ်းသော ရပ်ရွာများ၌သာ သဘာဝပတ်ဝန်းကျင်ကို ပြုပြင်ခွင့်ရရှိနိုင်ပါလိမ့် မည်။ ဒေသတွင်းနယ်မြေဝန်းကျင်မှာ ညီညွတ်ခြင်းတေးသံများ ပျံ့နှံ့နေရန်လိုသည်။ သို့မှသာ ညီညွတ် ခြင်း၏အသီးအပွင့်ကို ဒေသခံများ ခံစားခွင့်ရကြပါလိမ့်မည်။ အချင်းချင်း မညီမညွတ် မငြိမ်းချမ်း သရွေ့ သဘာဝပတ်ဝန်းကျင်ကို ပြုပြင်၍မရ၊ ဖွံ့ဖြိုးရေးကို ဖော်ဆောင်၍မရပေ။
     အချင်းချင်း မေတ္တာတရားရှိမှသာလျှင် သဘာဝအလှတရားများကို ခံစားနိုင်ပါလိမ့်မည်။ ငြိမ်းချမ်း နိုင်ပါလိမ့်မည်။ အမုန်းတရားတို့သည် အလုံးစုံပျက်စီးခြင်းသို့သာ ဦးတည်စေပါသည်။ အမှောင်တံတိုင်း ထဲက လွတ်မြောက်၍ အလင်းရောင်အောက်ရောက်ပြီးမှ အမှောင်တံတိုင်းနောက်သို့ ပြန်ရောက်သွား သည့်ဒေသများစွာ လည်းရှိနေပါသည်။ အတိတ်ဖြစ်စဉ်တို့ကို သင်ခန်းစာရယူ၍ ပစ္စုပ္ပန်တွင် သိရှိနားလည် ပြုပြင်မှသာ နောင်အနာဂတ်ကာလ သားစဉ်မြေးဆက် သာယာအေးချမ်းဖွံ့ဖြိုးသည့်အကျိုးကို ခံစားရ ပေမည်။
    လှပသောတနင်္သာရီတိုင်းဒေသကြီး၏ ဖွံ့ဖြိုးတိုးတက်မှုများနှင့်အတူ “ အမိမြန်မာပြည်၏ သစ်ပင် သစ်တောများ အစဉ်စိမ်းလန်းပြီး၊ တောင်တန်းကြီးများ အမြဲခိုင်ခံ့တည်တံ့ကာ၊ ပင်လယ်ပြင်ကြီးများ ထာဝရ ရှင်သန်ပါစေ ” ။

သဘာဝကပေး အစာနှင့်ဆေး ၊ ထနောင်း

Posted_Date

Image

Article

Body

အညာဒေသ၏ အထင်ကရ အပင်များတွင် တစ်မျိုးအပါအ၀င်ဖြစ်သည့် ထနောင်းပင်၏ အင်္ဂလိပ်အမည်မှာ Acacia Soma ဟု ခေါ်ဆိုကြသကဲ့သို့ white-bark acacia ဟုလည်း ခေါ်ဆိုကြ၏။ ယင်း၏ ရုက္ခဗေဒအမည်မှာ Vachellia leucophloea ဟု ခေါ်ဆိုသကဲ့သို့  Acacia leucophloea ဟုခေါ်ဆိုကာ မျိုးရင်း     Fabaceae တွင် ပါ၀င် ၏။  ထနောင်းပင်ကို တောင်အာရှနှင့် အ‌ရှေ့တောင် အာရှနိုင်ငံများ အထူးအားဖြင့် အိန္ဒိယ၊ သီရိလင်္ကာ၊ မြန်မာ၊ နီပေါလ်၊ ပါကစ္စတန်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့တွင် တွေ့ရှိရ၏။

ထနောင်းပင်သည် အပူပိုင်းဒေသတွင် သဘာဝအလျှောက် ပေါက် ရောက် တတ်သည့် ရွက်ကြွေ အပင်ကြီးမျိုးဖြစ်ပြီး အပင်၏ ကိုင်းအခက် အလက်များတွင် ဆူးများပါဝင်၏။ ထနောင်းပင်၏ ဝေဖြာစွာထွက်လာသည့် ကိုင်းအခက် အလက်များကြောင့် ပူပြင်းသည့် နွေလရာသီတွင် အေးမြသည့် အရိပ်အာဝါသကို ပေးစွမ်းနိုင်သည့်အတွက် နွေမှာ ထနောင်း၊ ဆောင်းမှာမန်ကျည်း၊ မိုးမှာဇရပ် ဟုပင် တင်စားခေါ်ဆိုခဲ့ကြ ၏။ နွေဦးရောက်လျှင် ရိုးတံကျဲနှင့် ပင်အိုတို့ အလှခြင်း ပြိုင်ကြသည့်အချိန်တွင် ထနောင်းပင်ကမူ ရွက်နုများစိမ်းစိုဝေဖြာနေတတ်သည့် အတွက် မြင်ရသူ ရင်ကို အေးမြစေနိုင်၏။ အဝါရောင် အောက်ခံထားပြီး အညိုအနက်ကွက်များ ရောယှက်နေသည့် ထနောင်းပင်စည်၏ အလှ၊ အပင်၏ အကိုင်းအလက်များတွင်လည်း ရွက်နုစိမ်းနှင့် ပင်ထိပ်ဖျားတွင် ဝေဆာနေသည့် နို့နှစ်ရောင်မှသည် ဝါနုသွေးရောင်လွှမ်းသည့် ပန်းဖူးတို့၏ အလှကိုပါ ထပ်လောင်းဖြည့်စွက်လိုက်သည့်အခါ ကဗျာ ဆန်သော ထနောင်းပင်၏အလှမှာ နွေ၏ပန်းချီကို အသက်ဝင်စေပြန် ၏။ သီးတောင့်များမှာ ပြားပြီးရှည်သော အဝါရောင်၊ အစိမ်းရောင်၊ အညိုရောင်ရှိကြ၏။အစေ့များမှာ ပြောင်ချောပြီး အညို‌နက်ရောင်ခပ်ရှည်ရှည်ပုံစံရှိ၏။  

ထနောင်းစေ့တွင် သဘာဝ ပရိုတင်းဓာတ် ၂၇ ရာခိုင်နှုန်းပါဝင်၏။ ထို့အပြင် သဘာဝအဆီ ၅ ရာခိုင် နှုန်း၊ သဘာဝအမျှင်ဓာတ် ၇ ရာခို င်နှုန်း၊ ပြာဓာတ် ၄ ရာခိုင်နှုန်းနှင့် ကာဘိုဟိုက်ဒရိတ် ၅၈ ရာခိုင်နှုန်းပါဝင်၏။ ထို့အပြင် သတ္တုဓာတ်များအနေဖြင့် ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်၊ ဖော့စ်ဖရပ်စ်၊ သံဓာတ်၊ မဂ္ဂနိစ်တို့ပါဝင်၏။ အာဟာရဓာတ် ကြွယ်ဝစွာပါဝင်သည့်အတွက် ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအစာဖြစ်၏။

ထနောင်းရွက်ကို စားသုံးပေးခြင်းဖြင့် ကိုယ်ခန္ဓာရှိ တစ်သျူးများရောင် ရမ်းနာကျင်ခြင်းကို သက်သာစေနိုင်စွမ်းရှိ၏။ သွေးတွင်းရှိ သကြားဓာတ်ကိုလည်း လျော့နည်းစေနိုင်၏။  အစာအိမ်နှင့် အူလမ်းကြောင်းကို သန့်စင်စေ၏။

ထနောင်းရွက်နုဖူးကို သုပ်စားခြင်းဖြင့် ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်းကို သက်သာစေနိုင်သကဲ့သို့ ကိုယ်တွင်း အပူကိုငြိမ်းစေ၏။


သွားဖုံးအတွင်း သွေးယိုစီးခြင်းဝေဒနာခံစားရပါက ထနောင်းခေါက်ကို သုံးခွက်တစ်ခွက်တင်ပြုတ်ပြီး ရရှိလာသည့် အရည်ကို တစ်နေ့လျှင် ၃ ကြိမ်ငုံပေးခြင်းဖြင့် သက်သာစေနိုင်၏။

ထနောင်းရွက်နုနုကလေးများကိုခူး၍ သန့်စင်အောင် ရေဆေးပြီး စစ်ထားပါ။ ပြီးလျှင် ပွက်ပွက်ဆူနေသော ရေနွေးထဲတွင် ၃ မိနစ်ခန့် ပြုတ်ပြီးလျှင် အရွက်လေးများကို ရေအေးနှင့် ပြန်ဆေးပါ။ ပြီးလျှင် ရေကုန်အောင်ညှစ်ပြီး  ငှက်ပျော ဖက်/အင်ဖက်တို့ဖြင့် ထုပ်ပိုးသိမ်း ဆည်းထားနိုင်၏။ ထနောင်းရွက်နုဖူးပြုတ်ကို အညာ‌ဒေသထွက် စား သောက်ကုန် ရောင်းချသူများထံမှ တစ်ဆင့်  ဝယ်ယူစားသုံးနိုင်၏။

ထနောင်းရွက်နုဖူးပြုတ်များကို ငါးပိရည်ကျိုဖျော်၊ ခရမ်းချဥ်သီးချက်၊ ငရုတ်သီးစိမ်းချက်၊ ငါးပိချက် စသည်တို့နှင့် တွဲဖက်ကာ တို့စရာအဖြစ် စားသုံးတတ်ကြ၏။

ထနောင်းရွက်နုဖူးပြုတ်များကို ဓားဖြင့် ပါးပါးလှီးပေးပါ။   ပြီးလျှင် ပါးပါးလှီးထားသော ကြက်သွန်နီ၊ ဆား၊ ငံပြာရည်၊ ဟင်းခပ်မှုန့်အနည်း ငယ်၊ ပုစွန်‌‌ခြောက်မှုန့်၊ ပဲကျက်မှုန့်၊ မြေပဲဆန်ထောင်း၊ ကြက်သွန်နီဆီချက်၊ သံပရာရည်ညှစ်ပြီး သမအောင် ရောနယ်ပေးပါ။ အနံ့အရသာနှင့် ပြည့်စုံပြီး ဆေးဖက်ဝင်လှသည့် ရာသီစာ ထနောင်းဖူးသုပ်လေး ရပါပြီ။ ကြက်သွန်ဖြူလေးကိုက်၊ ငရုတ် သီးစိမ်းလေးကိုက်ကာ အဖန်ရည်ပူပူလေးနှင့်တွဲဖက်ကာ နေ့လည်ခင်း နေပူသည့်အချိန် ထနောင်းပင်အောက် အေးရိပ်ခိုကာ သုံးဆောင်နိုင်၏။ ရာသီစာလည်းဖြစ် ဆေးဖက်လည်းဝင်၊ အာဟာရတန်ဖိုးလည်း မြင့်မားလှသည့်အတွက် မိသားစုထမင်းဝိုင်းအတွက် နှုတ်မြိန်စာ ဟင်းတစ်မယ်တိုးစေ၏။

ထနောင်းစေ့ပင်ပေါက်လေးများကိုလည်း ထနောင်းရွက်နုဖူးကဲ့သို့ပင် သုပ်စားနိုင်၏။ ကြော်ချက်ပြုလုပ်ပြီးလည်း စားသုံးနိုင်၏။

ထနောင်းရွက်မှ အနက်ရောင်ဆိုးဆေးကို ထုတ်ယူရရှိနိုင်၏။  ထနောင်းခေါက်မှ အရည်အသွေးမြင့်သော တယ်နင်များပါဝင်၏။ အခေါက်အတွင်းဘက်မှ သန်မာပြီး ကြမ်းတမ်းသော အမျှင်များ ထုတ်ယူနိုင်ပြီး ငါးဖမ်းပိုက်နှင့် ကြံ့ခိုင်သောကြိုးများပြုလုပ်ကြ၏။

မြေဆီလွှာညံ့ဖျင်းပြီး မိုးရေချိန်ရရှိမှုနည်းပါးသည့် ဒေသများတွင်ပါ ရှင်သန်ဖြစ်ထွန်းလွယ်သည့် ထနောင်းပင်ကို သစ်တောများပြန် လည်ထိန်းသိမ်းခြင်းအတွက် ရည် ရွယ်ကာ  စိုက်ပျိုးကြ၏။ လယ်ယာသစ်တောစိုက်ပျိုးခြင်းတွင်ထနောင်း ပင်ကို မီးတားအပင်အဖြစ် စိုက်ပျိုးကြ၏။ ထနောင်းပင်စည်မှ ထွက်ရှိသည့်ကော်ကို ဆေးဝါးအဖြစ် အသုံး ပြုကြ၏။

ထနောင်းပင်စည်မှရရှိသည့် သစ်သားမှ စက္ကူထုတ်လုပ်နိုင်၏။ ပင်စည်အတွင်းသားသည် အုတ်နီခဲရောင်ဖြစ်ပြီးအိမ်တွင်းသုံးအိမ် ထောင်ပရိဘောဂပစ္စည်းများ ပြုလုပ်အသုံးပြုရန် သင့်လျော်သော်လည်း အဝါရောင်အပြင်သားမှာမူ ဆွေးမြေ့လွယ်၏။  

ထနောင်းသီးကို ဆိတ်၊ နွားတို့ စားမိပြီး မစင်ပြန်စွန့်သည့်အခါ ယင်းအစေ့မှ အပင်ပြန်‌ပေါက်လာခြင်းဖြစ်၏။  သတိပြုရန်အချက်မှာ ထ နောင်းခေါက်များကို ခွာပြီးအရက်ချက်ရာတွင်လည်းကောင်း၊ ဆိုးဆေးပြုလုပ်ရာတွင် လည်းကောင်း၊ ယွန်း ထည်လုပ်ငန်းများတွင် စစ်စေးအနေ ဖြင့် အရောင်တောက်အောင် အသုံး ပြု ရာတွင်လည်းကောင်း၊  လောင်စာအဖြစ်လည်းကောင်း အသုံးပြုကြသည့်အတွက် နှစ်ကာလအတော်ကြာမှ ဖြစ်ထွန်းလာသည့် ထနောင်းပင်မှာ ဒဏ်ရာရပြီး အစာရေကြောဖြတ်တောက်သကဲ့သို့ဖြစ်ကာ တဖြည်း ဖြည်းချင်း ခြောက်သွေ့လာပြီး အပင်ပျက်စီးဆုံးရှုံးရ တတ်၏။ သို့ဖြစ်ရာ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အသိပညာပေးလုပ်ငန်းများကို ထိရောက်စွာ  လုပ်ဆောင်သင့်ပေ၏။

ရာသီချိန်ခါနှင့်အညီ သဘာ၀ တရားမှပေးသည့် လက်ဆောင်မွန် ထနောင်းပင်မှ ရရှိသည့် အစိတ်အ ပိုင်းများကို အမြတ်တနိုးတန်ဖိုးထားပြီး ‌ဒေသအလိုက် မတူညီကွဲပြားသည့် ချက်ပြုတ်နည်းမျိုးစုံဖြင့် ပြင် ဆင်စားသုံးခြင်းဖြင့် ကုန်ကျစရိတ် သက်သာစေပြီး ကျန်းမာရေးအကျိုး ကျေးဇူးကောင်းများကို ရရှိနိုင်မည်ဖြစ်၏။

Source- Agribiz news

ပေါင်းစည်းတူယှဉ် ပြည်ထောင်စုဥယျာဉ်

Posted_Date

Image

Article

Body

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း  မှီတင်းနေထိုင်ကြသော ကချင်၊ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း စသော မြန်မာပြည်ဖွား တိုင်းရင်းသားလူမျိုး ၁၀၀ကျော် တို့သည် ရှေးနှစ်ပေါင်းများစွာကပင် စည်းလုံးညီညွတ်စွာ အတူလက်တွဲနေထိုင်ခဲ့ကြပါသည်။ တောင်တန်း ပြည်မ ဒေသ မတူ၊ ဘာသာစကားမတူ၊ ကိုးကွယ်ယုံကြည်မှု၊ ဝတ်စားဆင်ယင်မှုမတူ ကွဲပြားကြသော်လည်း မြန်မာပြည်သားဟူသော စိတ်ဓာတ်တူညီမှုဖြင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ခဲ့ကြပါသည်။
       ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် ပထဝီအနေအထား ယဉ်ကျေးမှုကြီး မားသော အိန္ဒိယယဉ်ကျေးမှုနှင့် တရုတ်ယဉ်ကျေးမှုတို့အကြားတွင် တည်ရှိနေသော်လည်း ယနေ့အထိခိုင်မာသော မြန်မာ့ယဉ်ကျေးမှု တည်ဆောက်နိုင်ခဲ့ပေသည်။ ထိုသို့မြန်မာ့ ယဉ်ကျေးမှု တည်တံ့ခိုင်မာစွာ တည်ဆောက်နိုင်ခြင်းမှာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသော တိုင်းရင်းသားပေါင်းစုံ၏ ယဉ်ကျေးမှုအဖုံဖုံတို့ ပေါင်းဆုံခြင်းမှ ကမ္ဘာ့အလယ်တွင် မြန်မာ့ယဉ်ကျေးမှု ထည်ဝါစွာ ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။
        ပညာရပ်များ လေ့လာသင်ကြားရာတွင်လည်း မတူညီသောအရာများ ပေါင်းစပ်မှု၊ သီအိုရီ အရ ဘာသာရပ်များကို ပေါင်းစပ်လေ့လာရာမှ ပိုမိုကျယ်ဝန်းသော စွမ်းရည်များ  ပေါ်ထွက်လာသည်ကို တွေ့ရှိရပါသည်။ ယခုခေတ် လေ့လာသင်ယူနေသော သိပ္ပံပညာ ရပ်များ၊ ဝိဇ္ဇာပညာရပ်များသည် ဘာသာရပ်တစ်ခုချင်းအလိုက် သီးခြားဂုဏ်ထူး ဝိသေသများရှိသော်လည်း ၎င်းဘာသာရပ်များကို လိုအပ်သလို ပေါင်းစပ်လိုက်သောအခါတွင် ပိုမိုကျယ်ဝန်းသော စွမ်းရည်များပေါ်လာသည်။ သိပ္ပံပညာရပ် အချင်းချင်း၊ ဝိဇ္ဇာပညာရပ် အချင်းချင်း ဆက်နွယ်ပေါင်းစပ်လေ့လာနိုင်သလို သိပ္ပံပညာရပ်နှင့် ဝိဇ္ဇာပညာရပ်များကိုလည်း လိုအပ်ပါက ပေါင်းစပ်လေ့လာရပေသည်။ သိပ္ပံပညာရပ်များဖြစ်သော ဇီဝဗေဒနှင့် ဓာတုဗေဒ ပေါင်းစပ်သောအခါ Biochemistry ဟူသော ဘာသာရပ် ဖြစ်ပေါ်လာပြီး ရူပဗေဒနှင့် ဓာတုဗေဒ ပေါင်းစပ်သောအခါ Nuclear chemistry ဟူသော ဘာသာရပ်အသစ်များ ပေါ်ပေါက်လာပေသည်။
         ထို့အတူ နိုင်ငံတစ်နိုင်ငံ(သို့မဟုတ်) လူမျိုးတစ်မျိူး၏ Socioeconomy (လူမှုစီးပွားဘဝ) ကို လေ့လာလိုပါက ဝိဇ္ဇာပညာရပ်များဖြစ်သော သမိုင်း၊ ပထဝီဝင်၊ ဘောဂဗေဒ စသည့် ဘာသာရပ်များ ပေါင်းစပ်လေ့လာရပေသည်။ နိုင်ငံတစ်နိုင်ငံ၏ မဟာဗျူဟာ အချက်အချာကျမှုကို သိရှိရန် သမိုင်းနှင့်ပထဝီကိုပေါင်းစပ်ပြီး Geopolitic ဟူသော ပထဝီနိုင်ငံရေးရှုထောင့်မှ လေ့လာရပေမည်။ ထို့အပြင် သမိုင်းဘာသာရပ်နှင့် မြန်မာစာဘာသာရပ်များကိုလည်း လိုအပ်ပါက ယှဉ်တွဲလေ့လာသင့်ပေသည်။ ဥပမာအားဖြင့် - ဒသမတန်းတွင်  သင်ကြားသည့် ကဗျာတစ်ပုဒ်ဖြစ်သော အချုပ်တန်းဆရာဖေ ရေးသားသည့် "ဆောင်းရတုပွဲ" ကဗျာကို လေ့လာလျှင် မြန်မာစာ အရေးအသားရှုထောင့်မှ လေ့လာရုံသာမက ထိုကဗျာပေါ်ထွန်းလာသော ခေတ်အခြေအနေကို သမိုင်းရှုထောင့်ကပါ ပေါင်းစပ်လေ့လာပါက စာဖတ်သူအတွက် ပိုမိုပြည့်စုံသော ခံစားချက်များ ပေးစွမ်းနိုင်မည်ဖြစ်သည်။
         ထိုကဲ့သို့ပင် မတူညီသော ပညာရပ်များကို လိုအပ်သလို ပေါင်းစပ်လေ့လာပါက လူ့လောကအတွက် ပိုမိုအကျိုးရှိစွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ယခုကာလတွင် နိုင်ငံတော်အစိုးရအနေဖြင့် မတူညီသောအရာများကို ပေါင်းစပ်ရာမှ စွမ်းအင်များ ပေါ်ထွက်လာကာ နိုင်ငံတော်ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ထိရောက်စွာ ဆောင်ရွက်ပေးရန် ကြိုးပမ်းနေပြီဖြစ်သည်။ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ နိုင်ငံတော်ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် နယ်စပ်ဒေသများ၌ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်များ တည်ထောင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။ ထိုဒီဂရီကောလိပ်များ တက်ရောက်ရန်အတွက် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သော နယ်စပ်ဒေသအသီးသီးရှိ တိုင်းရင်းသားလူငယ်များအား သတ်မှတ်ထားသော စည်းကမ်းများနှင့်အညီ ရွေးချယ်ပြီး ဝိဇ္ဇာဘွဲ့(B.A)၊ သိပ္ပံဘွဲ့ (B.Sc)၊ အင်ဂျင်နီယာ ဒီပလိုမာဘွဲ့ (AGTI) အတွက် သင်ကြားပို့ချလျက် ရှိပါသည်။
    ဝိဇ္ဇာဘွဲ့အတွက် သင်ကြားရသော ဘာသာရပ်များမှာ စီးပွားရေးပညာ၊ မနုဿဗေဒ၊ မြန်မာစာ၊ ပထဝီဝင်၊ သမိုင်း၊ အင်္ဂလိပ်စာ၊ စိတ်ပညာတို့သင်ကြားပေးပြီး သိပ္ပံဘွဲ့အတွက် သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒနှင့် အင်ဂျင်နီယာဘွဲ့အတွက် မြို့ပြ၊ အီလက်ထရောနစ်၊ လျှပ်စစ်စွမ်းအား၊ စက်မှု့စွမ်းအား ဘာသာရပ်များသင်ကြားရပြီး ကျောင်းသားအားလုံး အနေဖြင့် ကွန်ပျူတာသိပ္ပံ၊ ပြည်ထောင်စုစိတ်ဓာတ် ဘာသာရပ်နှင့် ယဉ်ကျေးမှု ဘာသာရပ်များကိုလည်း သင်ကြားပေးသည်။ ထို့ကြောင့် ဤဒီဂရီကောလိပ်များမှ ကျောင်းသားများသည် သက်ဆိုင်ရာစာပေ ဘာသာရပ်ပေါင်းစုံ၏ အခြေခံသဘောတရား များကို ခြုံငုံလေ့လာနိုင်သောကြောင့် အတွေးအမြင်များ ကျယ်ပြန့်စွာ တွေးခေါ်နိုင်သကဲ့သို့ လက်တွေ့ဘာသာရပ်များ ဆောင်ရွက်ရာတွင်လည်း ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ပေမည်။ ဤဒီဂရီကောလိပ်တို့မှ အရည်အချင်းမှီသူများသည် ဘွဲ့လွန်သင်တန်းများကို သက်ဆိုင်ရာ တက္ကသိုလ်များတွင်  ဆက်လက်တက်ရောက်နိုင်ပြီး မဟာဘွဲ့၊ မဟာသုတေသနဘွဲ့၊ ပါရဂူဘွဲ့များ အသီးသီးရရှိနိုင်ပါသည်။ ထို့အပြင် အင်ဂျင်နီယာ ဒီပလိုမာရရှိပြီးသော သူများတွင်လည်း ထူးချွန်ထက်မြက်သော သူများကို ဆက်လက်ပညာဆည်းပူးခွင့်ရအောင် စီစဉ်ပေးသဖြင့် အင်ဂျင်နီယာဘွဲ့(B.E) မဟာအင်ဂျင်နီယာဘွဲ့(M.E) များရရှိရန် ဆက်လက်ကြိုးစားခွင့်ရှိပါသည်။
       ဤဒီဂရီကောလိပ်များတွင် မြန်မာနိုင်ငံ၏ ဒေသပေါင်းစုံမှ တိုင်းရင်းသားများဖြစ် သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း စသော တိုင်းရင်းသားလူငယ်များ လာရောက်ပေါင်းစုံ၍ ပညာသင်ယူလျက်ရှိသည်။ ထိုတိုင်းရင်းသားလူငယ်များသည် မိမိတို့၏ ကျောင်းစာများသာမက     တက္ကသိုလ်ဗုဒ္ဓဘာသာအသင်းကြီး (ရန်ကုန်)က   ကြီးမှူး ကျင်းပသော အာဂုံဆောင်စာပြန်ပွဲများ၊ သာသနာရေးဝန်ကြီးဌာနက ကျင်းပသော အဘိဓမ္မာ စာမေးပွဲများ၊ ကျောင်းတွင်းအားကစားလှုပ်ရှားမှုနှင့် အခြားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ပြီး ထူးချွန်ဆုများ ရရှိခဲ့သည်။
     ဤဒီဂရီကောလိပ်ကျောင်းများတွင် တိုင်းရင်းသားရေးရာဌာန ဖွင့်လှစ်ထားပြီး ပြည်ထောင်စုစိတ်ဓာတ်  ဘာသာရပ်၊ အဆင့်မြင့်ယဉ်ကျေးမှုဘာသာရပ်များကို ပထမနှစ်မှ စတုတ္ထနှစ်အထိ သင်ကြားပို့ချလျှက်ရှိပါသည်။ မျက်မှောက်ခေတ် မြန်မာ့ရေးရာသာမက ကမ္ဘာ့ရေးရာများကိုလည်း သင်ကြားပို့ချပေးပါသည်။ ထိုသို့သင်ကြားရသည့်အတွက် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ခိုင်မာ လာပြီး တိုင်းရင်းသားအချင်းချင်း နားလည်မှုရှိပြီး စည်းလုံးညီညွတ်မှုခိုင်မြဲစေသည်။ ပြည်ထောင်စု မြန်မာနိုင်ငံအနေဖြင့် ပြောင်းလဲလာသော အခြေအ‌နေများနှင့်အညီ ကမ္ဘာ့နိုင်ငံများနှင့် ကူးလူးဆက်ဆံရာတွင် ဝန်းရံထိုးဖောက် လာသော  Cultural Globalization များကို ဘေးတွင်အကာ အဖြစ်သာထားပြီး မျိုးချစ်ပြည်ချစ်စိတ်နှင့် ညီညွတ်မှုရှိသော ပြည်ထောင်စု စိတ်ဓာတ်(Union Spirit) ကို အနှစ်အဖြစ်ထားကာ ကိုယ်ပိုင်ယဉ်ကျေးမှုအင်အားကို ဖြည့်ဆည်းရမည်ဖြစ်သည်။ ကမ္ဘာ့နိုင်ငံများနှင့်  ခေတ်မီရင်ဘောင်တန်းနိုင်ရန် တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ် သည့် ပြည်ထောင်စု စိတ်ဓာတ်(Union Spirit) သည်သာ အဓိကစွမ်းအားဖြစ်ပေသည်။ ထို့ကြောင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရန်အတွက် တိုင်းရင်းသားအားလုံး ပြည်ထောင်စုစိတ်ဓာတ်ကို ခိုင်ကျည်စွာမွေးမြူရန် အထူးလိုအပ် ပါသည်။ သို့မှသာ ပတ်ဝန်းကျင်က ရိုက်ခတ်လာသော ဒဏ်ကို ကြံ့ကြံ့ခံနိုင်ပြီး၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ ရိုးရာယဉ်ကျေးမှုများကို ထိန်းသိမ်းလျက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်ကြီး တည်တံ့ခိုင်မြဲအောင် ဆောင်ရွက်ကြရပေမည်။
        ဤဒီဂရီကောလိပ်များမှ ကျောင်းဆင်းသော ပညာတတ်လူငယ်များသည် ဒို့တာဝန်  အရေးသုံးပါးကို အသက်နှင့်ထပ်တူ ထိန်းသိမ်းစောင့်ရှောက်လိုသော စိတ်ရှိခြင်း၊ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ခိုင်မာ၍ ပြည်ထောင်စုဖြိုခွဲမည့်ရန်သူများအား ဖယ်ရှားပြီး ကာကွယ်လိုစိတ်ရှိခြင်း၊ တိုင်းရင်းသားတို့၏ ရိုးရာ ယဉ်ကျေးမှုဓလေ့ထုံးစံများ မပျောက်ပျက်အောင် ထိန်းသိမ်းလိုစိတ်ရှိခြင်း၊ တစ်အူထုံဆင်း ညီရင်းအစ်ကိုများပမာ ဥမကွဲသိုက်မပျက် စည်းလုံးညီညွတ်စွာ နေထိုင်လိုခြင်း၊ အနာဂါတ်တွင် တိုင်းရင်းသား လူမျိုးအချင်းချင်း တစ်ဦးနှင့်တစ်ဦးနားလည်ပြီး အေးအတူပူအမျှ အေးချမ်းသာယာသော လူ့ဘောင်လောက ဖော်ဆောင်လိုခြင်းစသော တရားများပြည့်ဝသည့် လူကောင်းလူတော် နိုင်ငံသားကောင်းများဖြစ်ပေါ်လာရန် စနစ်တကျ လေ့ကျင့်ကြိုးပမ်းခဲ့သူများဖြစ်သည်။ ဤဒီဂရီကောလိပ်များမှသင်ကြားသော ပညာရပ်များနှင့် လေ့ကျင့်ပျိူးထောင်ပေးသော လက်တွေ့သင်ခန်းစာ များကြောင့် ကျောင်းတော်သားများသည် ဘာသာရပ်ပေါင်းစုံ၏ စုပေါင်းမှု စွမ်းအားကိုရရှိပေသည်။ ကျောင်းတော်သားများသည် ကျောင်းတော်ကြီးက သင်ကြားပေးလိုက်သော ပညာရပ်အရောင်အသွေးများဖြင့် စုံလင်သောသက်တန့် ရောင်စဉ်များ လွှမ်းခြုံနေသောသူများဖြစ်ကြောင်း တင်စားကာ ဆိုလိုက်ချင်ပါသည်။ သက်တန့်ရောင်စဉ်များသည် ဤဒီဂရီကောလိပ်များမှ စတင်ပေါ်ထွက်လာပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော် တစ်ဝန်းလုံး၏ နယ်နိမိတ်အဆုံးတိုင် တံတားသဖွယ် ဆက်သွယ်နိုင်ပေသည်။ ပြည်ထောင်စုစိတ်ဓာတ်ခိုင်မာပြည့်ဝသော ပညာရပ်အမြင် ကျယ်ပြန့်သော တိုင်းရင်းသားလူငယ်များသည် ဘွဲ့ရကျောင်းသားလူငယ်များ အဖြစ်ဖြင့် နိုင်ငံတော်၏ အစွန်အဖျားဒေသအသီးသီးတွင် နိုင်ငံတာဝန်ကို အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်နေပြီဖြစ်ရာ  သက်တန့်ရောင်စဉ်များ နိုင်ငံတစ်ဝန်းထွန်းလင်းဖြာလျက်  ရှိနေပေ တော့သည်။ 
ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား အပေါင်း ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော်အစိုးရများက အစဉ်တစိုက် ရှေ့ရှုဆောင်ရွက်ခဲ့ကြသည်။ ထိုဆောင်ရွက်ချက်များ၏ အသီးအပွင့်များအဖြစ် ပေါ်ထွန်းလာခဲ့သည်မှာ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများ၊ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်)၊ (စစ်ကိုင်း) ကျောင်းများ စသည်ဖြင့် ဖွံ့ဖြိုးတိုးတက်ခဲ့ပြီး အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက် လျက်ရှိနေပြီဖြစ်ပေသည်။ ပြည်ထောင်စုဖွား တိုင်းရင်းသားများအား လူ့စွမ်းအား အရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်အတွက် ဝန်ထမ်းကောင်း၊ ခေါင်းဆောင်ကောင်းများ ဖြစ်ပေါ်လာရေးတို့အတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက် လျက်ရှိပေသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးသည် တိုင်းရင်းသားပေါင်းစုံ စည်းလုံးတူယှဉ်ကာ ပွင့်လန်းနေသော ပန်းဥယျာဉ်ကြီးသာ ဖြစ်ပေတော့သည်။ မြန်မာပြည်ဖွားတိုင်းရင်းသားတို့၏ ချစ်ကြည်ပေါင်းစည်းမှုကို ဖော်ဆောင်သော ကဗျာတစ်ပုဒ်ဖြင့် ဂုဏ်ပြုတင်ပြအပ်ပါသည်။

မြောက်ဖျားမြန်မာ
ကချင်ပြည်မှာ
မေခ မလိခပေါင်းစုံကာ
တောလည်းတောင်သာ
ဖြတ်ကျော်တော့
ဧရာဝတီဖြစ်တည်ပေါ့။
ချင်းပြည်နယ်လည်းဖြတ်သန်းလာ
ဧရာချင်းတွင်းပေါင်းစုံကာ
မေတ္တာရေတွေ တိုးကာပွား
တောင်ပေါ်မြေပြန့် ညီအစ်ကိုများ။
ရှမ်းပြည်နယ်မှ
ကိုရွှေလီ ဧရာဝတီနဲ့
ပေါင်းစုံသည်
မြန်ပြည်အလှတိုးကာပွား
တစ်အူတုံဆင်းညီအစ်ကိုများ။

ရခိုင်ဒေသ ကစ္စပနဒီ
စီးဆင်းလာသည့် မြန်ရွှေပြည် ၊
ညီပုကလေးစစ်တောင်းလည်း
အားဖြည့်ကာပင် စီးဆင်းမြဲ။
ရွှေသံလွင်လည်း မနေသာ
ကရင်၊ ကယား ၊ မွန်  မကျန် သယ်ဆောင်လာ
မြန်ပြည်အင်အားတိုးကာပွား
အေးအတူ ပူအမျှ ညီအစ်ကိုများ။
ဤသို့သာပင်
မြန်ပြည်တခွင်
မြစ်နဒီတို့ အလှဆင်
ကချင်လည်းချစ် ချင်းလည်းချစ်
ရခိုင် မွန် ကယား ရှမ်းပါချစ်
တိုင်းရင်းသားတို့ မေတ္တာဝေ
တောင်တန်းမြေပြန့် မခွဲခြားပေ 
ပေါင်းစုံလာလို့ ချစ်ကြည်မဆုံး
မြန်ပြည်သားတို့ တစ်ပြုံးပြုံး
သွေးစည်းကြမည် တစ်သက်လုံး။     ။

Source- Myawady Webportal