လက်တွေ့အသုံးချဆေးနည်းတို(ဆေးမြီးတို)များ

Posted_Date

Image

လက်တွေ့အသုံးချဆေးနည်းတို(ဆေးမြီးတို)များ

Body

ဆရာကြီးခင်ဗျာ။     ကျွန်တော်ကအသက် ၆၈ နှစ်ရှိပါပြီ။ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးကတည်းက နေထိုင်မကောင်း ပါ။  ဆီးကျိတ်ကြောင့်  ဆေးတွေစားနေ တာ ၁၀ လလောက်ရှိပါပြီ။  ပထမတော့ဆီးက  ညဘက်မှာ  အသွားများရာကနေ အခုနောက်ပိုင်း    ညလည်းသိပ်မသွား၊ နေ့မှာလည်း ဆီးနည်းနေပါတယ်။ ခြေခုံနှစ်ဖက်ကလည်း  ဖောင်းပြီးရောင်လာလို့ လမ်းကောင်းကောင်း   လျှောက်မရပါ။ ဆရာဝန်ကဆီးဆေးပေးတဲ့အခါ အရောင် ကျသွားပါတယ်။  ဆီးဆေးမသောက်ရင် ပြန်ရောင်လာပါတယ်။ ကျောက်ကပ်အဖော ရောဂါနဲ့   သင့်တော်မယ့်ဆေးပင်များနဲ့ အသီးအရွက်များကို   ညွှန်ပြပေးစေလိုပါတယ်။

ကျောက်ကပ်ရောဂါအတွက်   အစွမ်းထက်တဲ့တိုင်းရင်းဆေးတွေ၊ အသီးအရွက်တွေနဲ့ ဆေးပင်တွေအများကြီး ရှိပါတယ်။တိုင်းရင်းဆေးဆိုတိုင်း လျက်ဆားနဲ့ ဆားပါတဲ့ဆေးတွေကိုပဲမြင်နေရင်  အမြင်မှားပါ လိမ့်မယ်။ အထူးသဖြင့် Herbal Medicine ဆေးပင်တွေနဲ့ကုသမှုက ဘေးထွက်ဆိုးကျိုးအနည်းဆုံးလို့ ဆေးပညာရှင်များက လက်ခံထားပါတယ်။ ဖော်စပ်ပြီးသား တိုင်းရင်းဆေးဝါးတွေနဲ့ မကုသချင်ဘူးဆိုရင်   ကျောက်ကပ်အတွက် အဆင်ပြေမယ့်နည်း လမ်းတွေကို ပြောပြပေးပါမယ်။

- ကျောက်ကပ်ရောဂါအတွက် ကျောက်ဖရုံသီးကို ထက်ခြမ်းခွဲပြီး အစေ့တွေဖယ်၊ အသားကိုခြစ်၊  ဖျော်ရည်စက်နဲ့ကြိတ်ပြီး အရည်စစ်ယူ၊ ကော်ဖီတစ်ခွက်စာမှာ ချင်းကိုကြိတ်ပြီး  အရည်စစ်ယူ၊  ဟင်းစားဇွန်း တစ်ဇွန်းရောထည့် ထိုအထဲမှာ အနည်းငယ် နီအောင်လှော်ထားတဲ့သကြား  တစ်ဇွန်း ထည့်  အဲဒီနည်းအတိုင်း ကျောက်ဖရုံသီး၊ ချင်း၊ သကြားဖျော်ရည်ဆေးကို ဟင်းစား ဇွန်းသုံးဇွန်းမှ  ငါးဇွန်းအထိ နံနက်၊  ည တစ်ရက်နှစ်ကြိမ်သောက်ပေးပါ။ ကျောက်ကပ်ရောဂါ၊ ဆီးကြောင့်ဖြစ်တဲ့အဖောရောဂါ၊ ခန္ဓာကိုယ်အောက်ပိုင်း ဖောရောင်တဲ့ ရောဂါတွေ ပျောက်ကင်းစေနိုင်ပါတယ်။

- တောဆီးဖြူပင်ကလည်း  ဆီးကောင်းပြီး အဖောအရောင်ကျစေပါတယ်။  တောဆီးဖြူပင်တွေက မိုးဦးကျမှာပေါပါတယ်။ လယ်ကွင်းပြင်တွေမှာ   ပေါက်လေ့ရှိပြီး နွေရာသီမှာတော့ ရှားပါတယ်။  တောဇီးဖြူ ပင်က အသီးသေးသေးလေးတွေ စုပြုံသီးနေတဲ့ အပင်မျိုးပါ။   ဆီးကိုသန့်စင်စေပြီး ကျောက်ကပ်အဖောရောဂါ၊ အသည်းရောင် အသားဝါရောဂါ၊ ဆီးပူ၊ ဆီးအောင့်ရောဂါ၊ မီးယပ်ဖြူဆင်းရောဂါတွေအတွက် ကောင်း တဲ့ဆေးပင်မျိုးဖြစ်ပါတယ်။ အပင်တစ်ပင် လုံးနုတ်ပြီး   ပဉ္စငါးပါးကို ရေနွေးနဲ့ကျို၊ တစ်ရက်ကို မတ်ခွက်တစ်လုံးကနေ နှစ်လုံးသောက်နိုင်ပါတယ်။

- နောက်တစ်နည်းကတော့ ဟင်းဂလာပင်ကိုရှာပါ။ မြစ်ချောင်းရှိတဲ့နေရာနဲ့ သဲသောင်ခုံတွေမှာကပ်ပြီး   ပေါက်တဲ့အပင်မျိုးပါ။ ဟင်းဂလာကို အများစုက ချဉ်ဖတ် ထည့်ပြီးစားသုံးတတ်ကြပါတယ်။   ဟင်းဂလာပင် စငါးပါးကို   အရည်ညှစ်ယူပြီး    ရေနွေးကြမ်းပန်းကန်တစ်လုံးစာ  နံနက်၊ ညသောက်ပေးရင် ကျောက်ကပ်ဖောရောဂါ နဲ့ ခန္ဓာကိုယ်ရောင်ရောဂါတွေ ပျောက်ကင်း စေနိုင်ပါတယ်။

- ကျောက်ကပ်အတွက်     ကောင်းတဲ့နောက်ဆေးပင်တစ်မျိုးကတော့   ကန့်ကလာပင်ပါ။ သဲသောင်ခုံတွေပေါ်မှာ၊ ရေ အစိုဓာတ်ရှိတဲ့ ကုန်းမြေတွေပေါ်မှာ ကပ် ပေါက်တဲ့အပင်မျိုးပါ။ ကန့်ကလာရွက်ကို အရည်ညှစ်ယူပြီး  သောက်လို့ရပါတယ်။ အပင်တစ်ပင်လုံးနုတ်ယူပြီး ရေနဲ့သုံးခွက် တစ်ခွက်တင်   ကျိုပြီးသောက်ရင်လည်း ရပါတယ်။ ကျောက်ကပ်ဖောရောဂါအတွက်  အဖောအရောင်ကျစေတဲ့ အပင်မျိုးဖြစ်ပါတယ်။  

ကျောက်ကပ်မကောင်းသူတိုင်း ရေကိုများများသောက်ပေးပါ။ မြန်မာ့ရိုးရာရေ နွေးကြမ်း  များများသောက်ပေးရင်လည်း ဆီးကောင်းပြီး အဖောအရောင်ကျစေနိုင်ပါတယ်။   ကျောက်ကပ်ဖောရှိသူတွေက ခြေထောက်နှစ်ဖက်ကို တွဲလောင်းချ ထိုင်ရင် ပိုပြီးတော့ ဖောရောင်စေနိုင်တာကြောင့်  ထိုင်နေတဲ့အခါမှာ  ခြေနှစ်ဖက်ကိုဆန့်ပြီး ခုံတစ်ခုံပေါ်မှာ တင်ထားရပါမယ်။  ခြေထောက်ရောင်ရင်  ရေမချိုးမီ တမာရွက်ပြုတ်ရည် စိမ်ပေးပါ။  ကနဖော့ရွက်၊  ကနဖော့ပင်များကိုပြုတ်ပြီး ရေချိုးပေးရင်လည်း အဖောအရောင်ကျစေတယ် လို့ဆိုပါတယ်။

ဆရာကြီးခင်ဗျာ။ ကျွန်တော်မကြာခဏ ခါးနာတတ်ပါတယ်။    အလုပ်မှာလည်း အထိုင်မများဘဲ    အသွားအလာများပါတယ်။  နေ့စဉ် မော်တော် ဆိုင်ကယ်တော့ စီးရပါတယ်။  တစ်ခါတစ်ရံ   ခါးနာရင်ကျောနဲ့ခါးမှာ ပူအောင့်ပြီး ဆီးလည်းနည်း ပါတယ်။ ကျွန်တော်ကဝမ်းလည်းချုပ်လေ့ ရှိပါတယ်။ ခါးနာရောဂါအတွက် သင့်တော် မယ့်ဆေးနည်းပေးစေလိုပါတယ်။

ခါးနာရောဂါလို့ဆိုရင် ကျောက်ကပ်မှာ ကျောက်တည်လို့ဖြစ်တဲ့ ခါးနာ၊ ခါးရိုးဆစ်အကြောအဆစ်ရောင်လို့ဖြစ်တဲ့ ခါးနာ နဲ့ အထိုင်များသူတွေမှာဖြစ်လေ့ရှိတဲ့ ကျီးပေါင်းခါးနာဆိုပြီး အခြေခံအားဖြင့်တော့  သုံးမျိုးတွေ့ရှိ ရတတ်ပါတယ်။ အထိုင်များတာ၊   ကျောက်ကပ်မှာ  ကျောက်တည်တာတို့ကြောင့်    ရက်ရှည်ခါးနာတတ်ပါတယ်။

- ကျောက်ကပ်ခါးနာဖြစ်ရင်  တောဆီးဖြူပင်၊   ထိကရုံးပင်ပြုတ်သောက်ပါ။

ကျောက်ဖရုံသီး ဟင်းချိုချက်သောက်ပါ။မြင်းခွာရွက်အသုပ်ပြုလုပ်စားပါ။ ဟင်းချိုချက်သောက်ပါ။

- အကြောအဆစ်ရောင်ခါးနာဖြစ်လျှင် မုန်ညင်းဆီ၊ နှမ်းဆီကိုနွေးအောင် မီးဖြင့်ချက်လိမ်းပါ။ သက်ရင်းကြီးမြစ်သွေးလိမ်းပါ။ အသက်ကြီးသူတွေ   ခါးနာရင်သက်ရင်းကြီးရွက်ကို အိပ်ရာအောက်မှာ ခင်းအိပ်ပေးပါ။

- ကျီးပေါင်းတက်   ခါးနာဖြစ်နေရင် မိဿလင်ကို  အမှုန့်ပြုလုပ်ပြီး  ပိတ်စနဲ့ ထုပ်ပြီးကြပ်ထုပ်ပြုလုပ်ပါ။ ကျီးပေါင်းဖြစ်တဲ့ နေရာမှာ မုန်ညင်းဆီ၊ နှမ်းဆီတစ်မျိုးမျိုး လိမ်း၊ မိဿလင်ကြပ်ထုပ်ကိုရေနွေးငွေ့ခံ အပူပေးပြီး  ခံနိုင်သမျှကြပ်ပူထိုးပေးပါ။ ဆီစိမ့်ဝင်အောင်ကြပ်ပူထိုးပေးပါ။ ကျီးပေါင်း တက်တဲ့နေရာ၊ မောက်နေတဲ့နေရာ၌ လိမ်းဆေးအဖြစ် ချင်းခြောက်အမှုန့်နှစ်ဆ၊ လင်းနေအမှုန့် တစ်ဆရောစပ်ပြီး ရေနွေးနဲ့ဖျော်ပြီး လိမ်းပေးပါ။ မိဿလင်ဥအစိုကို ထုထောင်းပြီး အရက်ဦးရည်ဖြင့်စိမ်ထား ပြီးလိမ်းပါ။ ဝံအူမြစ်နဲ့ တောရှောက်မြစ်တို့ကိုသွေးပြီး ပုံမှန်လိမ်းပေးရင် ကျီးပေါင်းတက်ခြင်းကိုသက်သာစေနိုင်ပါတယ်။

ဆရာကြီးခင်ဗျာ။ ကျွန်တော်တို့မိသားစု မှာ ကလေးတွေရော လူကြီးတွေပါ ရာသီ အကူးအပြောင်းဖျားပြီးနောက်   အဖျား သက်သာတော့ ချောင်းဆိုးကျန်ခဲ့ပါတယ်။ ချောင်းခြောက်ကြီးဆိုးပြီး လည်ချောင်းတွေ လည်းနာပါတယ်။   အသံလည်းပျက်ပါတယ်။ ပျောက်ကင်းအောင်ကုသနိုင်မယ့် ဆေးနည်းများသိလိုပါတယ်။

ဖျားပြီးနောက် အပူငုပ်ကျန်တဲ့အခါချောင်းခြောက်ဆိုးလေ့ရှိပါတယ်။ ဖျားပြီးနောက် ရေနိုင်နိုင်မချိုးရင်လည်း ချောင်းခြောက်ဆိုးတတ်ပါတယ်။ ချောင်းခြောက် ဆိုးရာမှာ ရိုးရိုးအပူငုပ်ပြီးဆိုးတဲ့ချောင်းမျိုးရှိသလို အဆုတ်မှာရောဂါပိုးကျရောက်ပြီး အဆုတ်မကောင်းလို့ဖြစ်တဲ့  ချောင်းခြောက်ဆိုးခြင်းမျိုးလည်း ရှိပါတယ်။

ဆရာဝန်နဲ့ပြပြီး သေချာစစ်ဆေးဖို့တော့လိုပါတယ်။ အပူငုပ်ပြီးဖြစ်တဲ့ ချောင်းဆိုးရောဂါအတွက် ကုသနည်းတွေကို ဖော်ပြပေးပါမယ်။

- အပူကုန်စေဖို့  နံနက်စောစောအုန်းသီးအနု   အုန်းစိမ်းရည်သောက်ပြီး  ရေချိုးပေးပါ။

- အုန်းစိမ်းရည်ထဲ   ချင်းပါးပါးလှီးထည့်ပြီး မီးဖြင့်ဆူရုံမျှအပူပေးကာ ခပ်နွေးနွေးသောက်ပေးပါက   ရက်ရှည်အပူငုပ် ချောင်းခြောက်ဆိုးခြင်းကို    သက်သာ ပျောက်ကင်းစေပါတယ်။

- လောက်သေရွက်ကို လက်တစ်ဆုပ်လောက်  ရေနွေးမတ်ခွက်နှစ်လုံးစာထည့်ကျိုပြီး တစ်ရက်လျှင် မတ်ခွက်တစ်လုံးစာ သောက်ပေးပါ။

- မီးကွင်းဂမုန်းရွက်ကို အရည်ညှစ်ယူထားတဲ့ သတ္တုရည်ထဲမှာ ဆားလှော်အနည်း ငယ်ထည့်သောက်ပါက    အသံကပ်ပြီး ချောင်းခြောက်ဆိုးတဲ့ရောဂါကို  သက်သာ ပျောက်ကင်းစေပါတယ်။

- ချောင်းခြောက်ဆိုးပြီး  အသံဝင်နေရင်    ပြည်ပန်းညိုရွက်ကို ဟင်းချိုချက်သောက်ပါ။

- ချောင်းအဆက်မပြတ်ဆိုးပြီး  အာခေါင်ခြောက်ရင် ရှောက်သီးအရည်သုံးဇွန်း၊ ပျားရည်တစ်ဇွန်းစပ်ပြီး  သိန္ဓောဆား အနည်းငယ်ထည့်လျက်ပေးပါ။

- ကြက်သွန်နီဥကြီးကိုမီးအုံးပြီး ပူတုန်း စားပါ။

- သင်္ဘောအဖိုပင်ရဲ့ အရွက်၊ အဖူးကို မီးမြှိုက်ပြီး အတို့အမြှုပ်ပြုလုပ်စားပါ။

- ဥသျှစ်ရွက်ကိုဟင်းချိုချက်သောက်ပါ။ အတို့အမြှုပ်ပြုလုပ်စားပါ။

- ရဲယိုသီးအမှည့်ကို ထန်းလျက်နဲ့ ခေါက်ပြီးစားပါ။ လေပူထပြီးချောင်းဆိုးခြင်းကို သက်သာစေပါတယ်။

- တိုင်းရင်းဆေးအမှတ် (၁) မက်လင် ချဉ်ဆေးကို  တိုင်းရင်းဆေးအမှတ်   (၇) နွယ်ချိုကဲဆေးနဲ့       ဆတူရောစပ်ပြီး မကြာခဏလျက်ပေးပါက   သလိပ်ကပ်ချောင်းဆိုးခြင်း၊ ချောင်းခြောက်ဆိုးခြင်းတွေကို သက်သာစေပါတယ်။

- ချောင်းခြောက်ဆိုးပြီး ရင်ကျပ်ရောဂါရှိရင်   ဇော်ဂျီတောင်ဝှေးပင်အရွက်ရော အရိုးပါနုပ်နုပ်စဉ်းပြီး  ပရဆေးဆိုင်တွေမှာ  ဝယ်ယူရရှိနိုင်တဲ့  ဒိုဘာလာသကြား (ခေါ်)  မှန်ရောင်သကြားခဲ  အနည်းငယ် ရောပြုတ်ပြီး    တစ်ရက်လျှင်   မတ်ခွက် တစ်လုံးစာသောက်ပါ။

- ကလေးငယ်များ  ချောင်းခြောက်ဆိုးချွဲကပ်လျှင်   ကွမ်းရွက်ကိုမီးကင်ပြီးရင်ဘတ်နဲ့နောက်ကျောမှာ  ကပ်ပေးပါ။ကွမ်းရွက်နဲ့ဆားကိုထုပ်ပြီး   သံပြားပေါ် မှာ မီးဖုတ်ပြာချ၊  ထိုပြာကိုသံပရာရည်နဲ့ ဖျော်လျက်ပါ။

- ကလေးငယ်များ  ကြက်ညှာချောင်း ဆိုးခေါ် ရက် (၁၀၀) ချောင်းဆိုးဖြစ်လျှင် တရုတ်စကားပင်၏အခေါက် ဒါမှမဟုတ် အကိုင်းကိုအခြောက်လှန်း ပြာချပြီး သိန္ဓော ဆားနှင့်ရောလျက်ပေးပါက   သက်သာ ပျောက်ကင်းစေနိုင်ပါတယ်။

Source: Myawady Web Portal

 

ရုရှား-အမေရိကန် သံတမန်တိုးမြှင့်ရန် ဆော်ဒီ၌ သဘောတူ

News Image

ရုရှား-အမေရိကန် သံတမန်တိုးမြှင့်ရန် ဆော်ဒီ၌ သဘောတူ

ရုရှားနှင့်အမေရိကန်တို့၏ သံတမန်ဆက်ဆံရေး ပြန်လည်တည်ဆောက်လိုကြောင်း၊ မော်စကိုနှင့် ဝါရှင်တန်တို့ရှိ သံရုံးများ၏ ဝန်ထမ်းအင်အားကို ယခင်ကထက် ပိုမို တိုးမြှင့်လိုကြောင်း ဆော်ဒီအာရေဗီးယားနိုင်ငံ၊ ရီယာ့ဒ်မြို့၌ ယူကရိန်းပဋိပက္ခအဆုံးသတ်နိုင်ရေး အစည်းအဝေးတွင်  အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက  ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂျေးလာဗရော့ဖ်ကို ပြောကြားလိုက်ပါသည်။ 

နိုင်ငံက အလေးထား ရာနှုန်းပြည့် MSME ထုတ်ကုန်သစ်များ

Posted_Date

Image

နိုင်ငံက အလေးထား ရာနှုန်းပြည့် MSME ထုတ်ကုန်သစ်များ

Body

ကမ္ဘာ့နိုင်ငံ အသီးသီးသည် စီးပွားရေး အားပြိုင်မှုအကောင်းဆုံးဖြင့် အနာဂတ် လူ့ဘောင်လောကတစ်ခုကို   ပီပြင်စွာ ထုဆစ်လျက်ရှိကြသည်။ နိုင်ငံအလိုက် စီးပွားရေးမူဝါဒအသီးသီး ကျင့်သုံးလျက် လူသားများအတွက် ခေတ်ကတောင်းဆိုလာသည့် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေး လုံ့လပြုကြိုးပမ်း ဆောင်ရွက်လာကြသည်။ ချိန်ဆတွက်ချက်လျက် အပြိုင်အဆိုင်ကြိုးပမ်း ဆောင်ရွက်ရာတွင် ဝယ်လိုအား၊    ရောင်းလိုအားသည်  ကုန်ထုတ်လုပ်မှု အခန်းကဏ္ဍအတွက်  ထင်သာမြင်သာသည့် အညွှန်းကိန်းတစ်ခုဖြစ်သည်။  ပြည်တွင်းသုံးစွဲမှု၊ ပြည်ပတင်ပို့မှုဟူ၍  အခန်းကဏ္ဍများခွဲခြား၍ လယ်ယာ၊ သားငါး၊ သစ်တော၊ စွမ်းအင်   အစရှိသော ကဏ္ဍအလိုက် ဂျီဒီပီတိုးတက်ရေး ဆောင်ရွက်ချက်များသည်  နိုင်ငံ့စီးပွားရေး မောင်းနှင်အားကို အရှိန်မြှင့်တင် ဆောင်ရွက်ခြင်းဖြစ်သည်။

GDP(Gross Domestic Product)အညွှန်းကိန်းသည်  တစ်နှစ်တာကာလအတွင်း  ပြည်တွင်း၌ထုတ်လုပ်သည့် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ၏   စုစုပေါင်းငွေကြေးတန်ဖိုး၊ တိုင်းပြည်၏ စီးပွားရေး အတက်အကျကို  ညွှန်ပြနေခြင်းလည်းဖြစ်သည်။

ပြည်တွင်း၌ထုတ်လုပ်သည့် ကုန်ပစ္စည်းများကို သုံးစွဲအားပေးခြင်းဖြင့် ပြည်ပသို့နိုင်ငံခြားငွေ စီးဆင်းမှုကို  တားဆီးနိုင်သည်။ ပြည်ပသွင်းကုန်အစား  ပြည်ပပို့ကုန်အသွင် ပြောင်းလဲ၍    နိုင်ငံ၏စီးပွားရေး အဆင့်အတန်း  မြှင့်တင်သွားရပေမည်။   နိုင်ငံခြားဝင်ငွေ စီးဆင်းမှု အားကောင်းခြင်းမှတစ်ဆင့်   နိုင်ငံအတွက် လိုအပ်သည့်ကဏ္ဍ အသီးသီးကို ဖြည့်ဆည်းဆောင်ရွက် သွားနိုင်မည်ဖြစ်သည်။   စီးပွားရေးလုပ်ငန်း အများစုလိုအပ်သည့်   အခြေခံအရင်းအနှီးမှာ  လျှပ်စစ်ကဏ္ဍဖြစ်သည်။ လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးသည်နှင့် အခြားသော စီးပွားရေးလုပ်ငန်းများ ကောင်းမွန်စွာ လည်ပတ်မောင်းနှင်နိုင်စွမ်း ရှိပေသည်။ ရေမီးအစုံစုံပြည့်စုံလျှင်  ထိုရေမြေပေါ်တွင် အခြေပြုတည်ဆောက်သွားနိုင်မည့်     စီးပွားရေး အဆောက်အအုံများစွာ ပေါ်ထွက်လာနိုင်ပေသည်။

စွန့်ဦးတီထွင်လုပ်ငန်းများနှင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို အားပေးကူညီခြင်းဖြင့် နိုင်ငံတော်တည်ဆောက်ရေး   လုပ်ငန်းများစွာကို ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်သည်။ အဆိုပါ လုပ်ငန်းစုများစွာမှသည်   စီးပွားရေးတွန်းအား တစ်ရပ်ဖြစ်လာပြီး   ကျယ်ပြန့်သော စီးပွားရေးအင်အားစုကြီးများ   ဖြစ်လာသည်အထိ တိုးတက်ပြောင်းလဲ  လာနိုင်ပေသည်။ အောင်မြင်သော စီးပွားရေးလုပ်ငန်းတစ်ရပ် တည်ဆောက်ရာတွင် စီးပွားရေးဆိုင်ရာ လိုအပ်သော   နည်းစနစ်နှင့်အသုံးဝင်သော နည်းလမ်းများကို  ကောင်းစွာ အသုံးချရမည်ဖြစ်သည်။ လုပ်ငန်းတစ်ခုချင်းစီတွင်    စိတ်ကူးသစ် များစွာ ပါရှိသည်။  မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများစွာကို လေ့လာဆန်းစစ်ကြည့်ပါက အငယ်စားစီးပွားရေးလုပ်ငန်းများကို ဗဟိုပြုသည်ကို တွေ့ရှိရသည်။  မြို့ရွာများတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးခြင်း၊ မွေးမြူခြင်းလုပ်ငန်းများ ဆောင်ရွက်ကြသကဲ့သို့   တစ်နိုင်တစ်ပိုင် ကုန်ထုတ်လုပ်ငန်းများစွာကိုလည်း လုပ်ကိုင်ဆောင်ရွက်ကြသည်။ ဈေးကွက်ဝင်ရောင်းအား ကောင်းသည့် ပြင်ဦးလွင်က ဝိုင်၊ စတော်ဘယ်ရီ၊  နာနတ်ယိုနှင့်  မလိုင်မုန့်များ၊ ပုဂံညောင်ဦးက ပုန်းရည်ကြီးနှင့်ဆီးယို၊ ကျောက်ပန်းတောင်းအာလူးကြော် အစရှိသည့်   ဒေသထွက်စားစရာများသည်  လူတိုင်းပါးစပ်ဖျားတွင်   ရေပန်းစားလှသည်။

လုပ်ငန်းရပ်အသီးသီးသည် စားသုံးသူများ၏ လိုအပ်ချက်၊ သုံးစွဲသူများ၏ အသုံးပြုမှုအပေါ်ရပ်တည်ကြသည်။   အပြန်အလှန်အားဖြင့်   ဆက်သွယ်မှုရှိသဖြင့် ဈေးကွက်၏ တောင်းဆိုမှုအလိုက် ဖြည့်စွမ်းနိုင်သည့်အစီအမံများချမှတ်ရန်လိုသည်။ စားသုံးသူသည် စဉ်ဆက်မပြတ်တည်ရှိနေမည့် ဖြစ်တည်မှုဖြစ်သည်။ စီးပွားရေးကို ဗဟိုပြုလုပ်ဆောင်သူများသည်  စားသုံးသူတိုင်းအတွက် လိုအပ်သည့်ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးကြရမည်ဖြစ်သည်။ အရည်အသွေးနှင့် ဈေးနှုန်းသည် ဆက်စပ်မှုရှိသည်။ အရည်အသွေးနိမ့်သော  ပစ္စည်းများကို လူတိုင်းနှစ်သက်လေ့မရှိကြပေ။ သုံးစွဲသူနှစ်သက်သည့်   ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ခြင်း၊    အသုံးပြုမှုဆိုင်ရာ ဝန်ဆောင်မှုပေးခြင်း လုပ်ငန်းများသည် ကုန်စည်စီးဆင်းမှုအတွက် သိမ်မွေ့သောဖြစ်စဉ်များဖြစ်သည်။

အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများသည် မျက်မှောက်ကာလနှင့် အနာဂတ်လိုအပ်ချက်ကို တွက်ဆ၍ ဈေးကွက်အပေါ်  သုတေသနပြုခြင်း၊ ဆန်းစစ်ခြင်းများ  ပြုလုပ်ကြရလေ့ရှိသည်။ တိုးတက်ပြောင်းလဲလျက်ရှိသည့် ခေတ်နှင့်အပြိုင် အရည်အသွေးမြင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်း၊   တီထွင်ဆန်းသစ်သည့် ထုပ်ပိုးမှုပုံစံပြုပြင်ခြင်း၊ ဈေးကွက်ရှာဖွေခြင်း၊ ဝန်ဆောင်မှုပေးခြင်း လုပ်ငန်းများကို ထိထိမိမိ အသုံးချရန် လိုအပ်ပေသည်။ အလားတူ စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသော ဒေသတွင်းထွက်ရှိသည့် ကုန်ကြမ်းများ လုံလောက်စွာထွက်ရှိအောင် ဆောင်ရွက်ပြီး   ကုန်ချောထုတ်လုပ်မှု အပိုင်းတွင်လည်း လူအများကြိုက်နှစ်သက်သည့်   အရည်အသွေးပြည့်မီသော ကုန်ပစ္စည်းများထုတ်လုပ်၍ ပြည်ပနိုင်ငံများအထိ    ဈေးကွက်ထိုးဖောက်ရမည်ဖြစ်သည်။

နိုင်ငံ၏ဒေသအသီးသီးသည် မြန်မာ့ရိုးရာဒေသထွက် ကုန်စည်အမျိုးမျိုးထွက်ရှိပေသည်။ အဆိုပါဒေသ ထွက်ကုန်ပစ္စည်းများတွင် လိုအပ်သည့်   ကုန်ကြမ်းများရှာဖွေခြင်း၊ ကုန်ချောထုတ်လုပ်ခြင်း လုပ်ငန်းစဉ်များတွင်   ဝယ်လိုအား/ရောင်းလိုအားကို အခြေပြုဆောင်ရွက်ကြလေ့ရှိသည်။ စားသုံးသူနှစ်ခြိုက်သည့် ကုန်ပစ္စည်းသည် နာမည်ရထင်ရှားသည်။ နာမည်ရှိသည့် အမှတ်တံဆိပ်နောက်တွင်လည်း   ပုံစံတူအတုအပ သတိပြုစရာအခြေအနေများ ပေါ်ပေါက်လေ့ရှိသည်။ ကုန်အမှတ်တံဆိပ် တစ်ခုသည်  သက်မဲ့တစ်ခုဖြစ်သော်လည်း ကုန်ပစ္စည်းတီထွင် ထုတ်လုပ်မှုကို ကိုယ်စားပြုသည်။ အရည်အသွေးညံ့လျှင် ကုန်အမှတ်တံဆိပ်ကို ထိခိုက်နိုင်ပြီး စားသုံးသူများအကြား ဝယ်လိုအား ကျဆင်းသွားစေနိုင်သည်။

အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းတစ်ခုအနေဖြင့် ဈေးကွက်အတွင်း  ရေရှည်ရပ်တည်နေနိုင်သည့် စွမ်းဆောင်ချက်ရှိရန် လိုအပ်ပြီး လုပ်ငန်းအပေါ် စီမံခန့်ခွဲနိုင်စွမ်းအားကို   ပြသရန်ဖြစ်ပါသည်။ အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးရေး   အလေးထား ဆောင်ရွက်ရာတွင် ကုန်ကြမ်း၊ နည်းပညာ၊ သွင်းအားစုများနှင့် ရင်းနှီးစိုက်ထုတ်ငွေ လိုအပ်မှု  အစရှိသည့် လုပ်ငန်းတစ်ခု၏ အားသာချက်နှင့် လုပ်ငန်းလည်ပတ်မှု အခြေအနေ၊ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများကို  ထည့်သွင်းစဉ်းစားရလေ့ရှိသည်။ ထို့အတူ ဈေးကွက်အပေါ် နားလည်ခြင်း၊ စီးပွားရေးဝန်းကျင်ကို လေ့လာသုံးသပ်ခြင်းဖြင့် ဝယ်လိုအားနှင့်ရောင်းလိုအားကို  အကဲခတ်နိုင်ရမည်ဖြစ်သည်။ ဈေးကွက်အခြေအနေသည် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများသိရှိရမည့် စနစ်တစ်ခုဖြစ်သည်။  ဈေးကွက်အတွင်းရှိ ကုန်စည်၊ ဝန်ဆောင်မှု၊ ဈေးနှုန်းပမာဏတို့သည် လုပ်ငန်းတွင်ပါဝင် လုပ်ကိုင်သူများအတွက် ရင်ဆိုင်ကြရမည့် ယှဉ်ပြိုင်မှုအသွင်အပြင်ဖြစ်သည်။ အသေးစားနှင့် အလတ်စား စီးပွားရေးကုန်ထုတ်လုပ်မှု လုပ်ငန်းများ၏ ၆၅ ရာခိုင်နှုန်းခန့်သည် စားသောက်ကုန်ထုတ်လုပ်သော လုပ်ငန်းများဖြစ်ပြီး လူသုံးကုန်ပစ္စည်း၊ စက်ပစ္စည်းနှင့်   အခြားကုန်ထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းများ၏ရာခိုင်နှုန်းမှာ  နည်းပါးနေသည်ကို တွေ့ရှိရသည်။

သို့ဖြစ်၍   ကုန်ထုတ်လုပ်မှုလုပ်ငန်း နယ်ပယ်တွင်  လိုအပ်လျက်ရှိသည့် ကွက်လပ်များကို  ဖြည့်ဆည်းနိုင်ရေး စီးပွားရေး လုပ်ငန်းရှင်အားလုံး အသေးစားနှင့်အလတ်စား  စီးပွားရေး လုပ်ငန်းများ လုပ်ငန်းတစ်ခုချင်းမြှင့်တင် ဆောင်ရွက်ခြင်းဖြင့် ဝယ်လိုအား/ရောင်းလိုအားကို ကိုယ်စားပြုသည့် ကုန်စည်အရေအတွက်နှင့် အရည်အသွေးကို   အာမခံရရှိစေနိုင်မည်ဖြစ်သည်။ ယှဉ်ပြိုင်ခြင်းသည် တိုးတက်မှုကိုဖြစ်စေသည်။  လုပ်ငန်းတိုင်းသည် မှန်ကန်သော လုပ်ဆောင်ချက်၊ ခိုင်မာသောယုံကြည်ချက်ဖြင့် ရှေ့သို့ချီရန်ဖြစ်သည်။ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်  မိမိ၏အရည်အသွေးကို ပြသရန်လိုသည်။

တစ်ဦး၏အားသာချက်ကို   တစ်ဦးကနားလည်ပြီး  မိမိ၏အရည်အသွေးကို တိုးတက်စေသည့်   ပြိုင်ဘက်ကောင်း ရွေးချယ်ကြရမည်ဖြစ်သည်။ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းအစီအစဉ်များတွင် စတင်လုပ်ကိုင်မည့်သူများကို လမ်းဖွင့်ကြိုဆိုကြရမည်ဖြစ်သည်။ ထုတ်ကုန်အသစ်၊ အမယ်သစ်များ   ပိုမိုထုတ်လုပ်နိုင်ရေး ဝိုင်းဝန်းအားပေး ဆောင်ရွက်ရမည်ဖြစ်သည်။   ချေးငွေနှင့် အကူအညီရရှိရေး လမ်းပြကူညီကြရပါမည်။ အတွေ့အကြုံ ရင့်ကျက်သော လုပ်ငန်းတိုင်းတွင် မဟာဗျူဟာ၊ နည်းဗျူဟာလုပ်ငန်း အစီအစဉ်ရှိသည်။ မတူညီသောလုပ်ငန်း အစီအစဉ်၊   မတူညီသောလုပ်ငန်း နယ်ပယ်များတွင်  လုပ်ငန်းတစ်ခု    ရေရှည်တည်တံ့ရေး ရှုထောင့်ပေါင်းစုံမှ စဉ်းစားဆောင်ရွက်ရလေ့ရှိသည်။ လုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံခြင်းသည်  အကျိုးအမြတ်ကို  ဖန်တီးပေးစွမ်းနိုင်သည်။ လုပ်ငန်းတစ်ခုသည် ဈေးကွက်နှင့်ဝန်းကျင် ကောင်းပေါ်တွင်  တည်မှီနေခြင်းကြောင့်  ခိုင်မာသော ဈေးကွက်ကို ဖော်ဆောင်ကြရမည်ဖြစ်သည်။ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ  ပိုမိုအားကောင်းလာပါက   အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်သည်။ တစ်ဖက်တွင်လည်း ပြည်တွင်းမှ ထုတ်လုပ်သည့် စားသောက်ကုန်၊   လူသုံးကုန်များနှင့် အဝတ်အထည်များ သုံးစွဲအားပေးခြင်းဖြင့် နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချသွားနိုင်မည်ဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့်လည်း   ၂၀၂၅  ခုနှစ်  ဖေဖော်ဝါရီလ ၁၀ ရက်မှ ၁၄ ရက်အထိ  နေပြည်တော်ရှိ  ဥပ္ပါတသန္တိစေတီတော် တပေါင်းကွင်း၌  (၇၈) နှစ်မြောက်   ပြည်ထောင်စုနေ့အထိမ်းအမှတ်  MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲများကို တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ MSME များ ပူးပေါင်းဆောင်ရွက်မှု တိုးပွားလာစေပြီး   ကုန်ထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက် ဒေသတစ်ခု၏ လိုအပ်ချက်ကို   အခြားဒေသမှ  ဖြည့်ဆည်းလာရန်နှင့် အားသာချက်၊  အားနည်းချက်များကို   သိမြင်ဖော်ထုတ်လာစေရန်၊ ထုတ်ကုန်ပစ္စည်းများသည်    “ဈေးနှုန်းတူပါက ပစ္စည်းကောင်းရန်၊ ပစ္စည်းချင်းတူပါက အရည်အသွေးပိုကောင်းရန်”ကိုထုတ်လုပ်သည့် လုပ်ငန်းရှင်များအနေဖြင့် လိုအပ်ချက်များကို သိမြင်ဆောင်ရွက်လာစေရန်၊ ဒေသတစ်ခု ထုတ်ကုန်တစ်ခု  အစီအမံများ  အောင်မြင်ရေးအတွက်   အားပေးမြှင့်တင်ရန်၊  MSME  များ၏ ထုတ်ကုန်နှင့်ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ်မြှင့်တင်နိုင်စေရန်နှင့်    တန်ဖိုးမြှင့်ထုတ်ကုန်အသစ်များကို  ပြည်ပသွင်းကုန်အစားထိုးအဖြစ် ပြည်တွင်းမှ ပိုမိုသုံးစွဲနိုင်ရန်နှင့်   ပြည်ပသို့ဈေးကွက်ချဲ့ထွင်နိုင်ရန်၊  MSME များနှင့် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများ ပိုမိုချိတ်ဆက်ပူးပေါင်း ဆောင်ရွက်လာစေရန်၊   ပြည်ထောင်စုအဆင့် အသိအမှတ်ပြု  MSME  လုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရေး ကူညီပံ့ပိုးဆောင်ရွက်ပေးရန် စသည့် ရည်ရွယ်ချက်များနှင့်    ကျင်းပပြုလုပ်ပေးလျက်ရှိသည်။ 

သို့ဖြစ်၍ တစ်နိုင်တစ်ပိုင် အိမ်တွင်းထုတ်လုပ်ငန်းများ၊အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများမှ လူတိုင်းအသုံးချနိုင်သည့် အရည်အသွေးမြင့်ကုန်ပစ္စည်းများ  ထုတ်လုပ်နိုင်မည်ဆိုပါက    ပြည်ပဝင်ငွေများလည်း ရရှိနိုင်ပေသည်။  နိုင်ငံတော်၏အကျိုးစီးပွား၊ လူမှုစီးပွားဘဝ တိုးတက်ရေးကို အထောက်အကူပြုနိုင်ခြင်း၊ နိုင်ငံခြားငွေသုံးစွဲမှုလျှော့ချနိုင်ခြင်း၊ ပြည်ပဝင်ငွေရရှိခြင်း   အစရှိသည့်အခြေအနေများကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွား‌ရေး(MSME) လုပ်ငန်းများကို   အားပေးကူညီဆောင်ရွက်ကြရမည်ဖြစ်ပြီး မြန်မာ့ဒေသအသီးသီးမှ ထွက်ရှိသည့်ကုန်ပစ္စည်းအားလုံး Made in  Myanmar  စာတန်းထိုး ဖော်ပြပါရှိမှုနှင့်အတူ ထုတ်ကုန်များ ကမ္ဘာပတ်နိုင်ခြင်းသည် မြန်မာတို့အတွက် ဂုဏ်ယူစရာပင် ဖြစ်ပါကြောင်း   သုံးသပ်တင်ပြလိုက်ရပါသည်။    ။

Source: Myawady Web Portal

ယူကရိန်းဆိုင်ရာ အမေရိကန်အထူးသံတမန် ယူကရိန်းသို့ ဖေဖော်ဝါရီ ၁၉ တွင် ရောက်မည်

News Image

ယူကရိန်းဆိုင်ရာ အမေရိကန်အထူးသံတမန် ယူကရိန်းသို့ ဖေဖော်ဝါရီ ၁၉ တွင် ရောက်မည်

ယူကရိန်းဆိုင်ရာ အမေရိကန်သမ္မတ၏ အထူးသံတမန် Keith Kellogg သည် ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်းတွင် ယူကရိန်းသို့ ရောက်ရှိမည် ဖြစ်ပါသည်။