ပင်လယ်ရေကြောင်းကုန်သွယ်မှုအတွက် အဓိကအရေးပါသည့် ကမ်းလွန်ရေကြောင်းပြစခန်း

Posted_Date

Image

ပင်လယ်ရေကြောင်းကုန်သွယ်မှုအတွက် အဓိကအရေးပါသည့် ကမ်းလွန်ရေကြောင်းပြစခန်း

Body

ပင်လယ်ရေကြောင်းကုန်သွယ်မှုအတွက် အဓိကအရေးပါသည့် ကမ်းလွန်ရေကြောင်းပြစခန်း

မြန်မာနိုင်ငံသည် ကမ်းရိုးတန်းအရှည် ရေမိုင် ၁၂၆၀ ကျော်ကို  ပိုင်ဆိုင်သည့် ပင်လယ်ပိုင်နက်နိုင်ငံဖြစ်သဖြင့် နိုင်ငံတကာကုန်သွယ်မှု တန်ဖိုး၏ ၇၅ ရာခိုင်နှုန်းခန့်ကို ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့် ပင်လယ်ရေကြောင်းဖြင့် ကုန်သွယ်လျက်ရှိပြီး ကျန် ၂၅ ရာခိုင်နှုန်းကိုသာ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ  ကုန်သွယ်လျက်ရှိသည်။ ဤအချက်ကိုကြည့်ခြင်းအားဖြင့် မိမိနိုင်ငံ၏ဆိပ်ကမ်းလုပ်ငန်းကဏ္ဍသည် နိုင်ငံ၏လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် မည်မျှအရေးပါသည်ကို ဆန်းစစ်သုံးသပ်နိုင်မည်ဖြစ်သည်။  ထိုနည်းတူစွာပင် ဆိပ်ကမ်းလုပ်ငန်းများ ကောင်းစွာလည်ပတ်နိုင်ရန်နှင့်   အထူးသဖြင့် နိုင်ငံတကာကုန်သွယ်သင်္ဘောကြီးများကို ရန်ကုန်ဆိပ်ကမ်းသို့ ဝင်/ထွက်သွားလာရာတွင် ဘေးကင်းလုံခြုံစွာ ဝန်ဆောင်မှုများပေးနိုင်ရန်အတွက် ရန်ကုန်မြစ်အတွင်းသို့ စတင်ဝင်ရောက်မည့်ပင်လယ်ဝမှသည် ရန်ကုန်မြစ်ရေလမ်းကြောင်းတစ်လျှောက် နေ့/ည ရာသီမရွေး တာဝန်ထမ်းဆောင်နေကြရသော ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှဆိပ်ကမ်းဆိုင်ရာ၊ ရေကြောင်းဆိုင်ရာဝန်ထမ်းများဖြစ်ကြသည့် ရေကြောင်းပြမှူးကြီး(Pilot)များနှင့် အဆင့်ဆင့်သောဝန်ထမ်းများ၏တာဝန်ကျေပွန်စွာဆောင်ရွက်နေမှုအခြေအနေများကို ဂုဏ်ယူစွာရေးသားတင်ပြလိုက်ရပါသည်။

ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်မှုအရ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးသည် ဇန်နဝါရီလ ၂၅ ရက်တွင် ရန်ကုန်မြစ်ဝရှိ ကမ်းလွန်ရေကြောင်းပြစခန်း (Offshore Fixed Pilot Station)သို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူး၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ  ခေတ္တညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တာဝန်ရှိသူများနှင့်အတူ သွားရောက်ခဲ့သည်။ အဆိုပါခရီးစဉ်တွင် စာရေးသူအနေဖြင့်လည်း လိုက်ပါခွင့်ရခဲ့သဖြင့် ဆိပ်ကမ်းနှင့်ရေကြောင်းပြဆိုင်ရာ ဝန်ထမ်းများနှင့် ကမ်းလွန်ရေကြောင်းပြစခန်း၏  အတိတ်နှင့်ပစ္စုပ္ပန်ဆောင်ရွက်နေမှုအခြေအနေအရပ်ရပ်ကို  ကောင်းစွာလေ့လာသိရှိခွင့်ရခဲ့သည်။

၂၀၁၅ ခုနှစ် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ဥပဒေ၏ ပုဒ်မ ၅၆၊  ပုဒ်မခွဲ(က)တွင် “ဆိပ်ကမ်းသို့ ဝင်ရောက်သော သို့မဟုတ် ဆိပ်ကမ်းမှထွက်ခွာသော   ရေယာဉ်နှင့်ကုန်ပါ စုစုပေါင်းတန်ချိန် ၅၀၀ ထက်ပိုသည့်ရေယာဉ်၏   ရေယာဉ်မှူးသည်-  ရေကြောင်းပြမှူးကြီးမပါဘဲ ဝင်/ထွက်ခွင့် တောင်းခံရယူနိုင်ရန် ရေကြောင်းဌာနက သတ်မှတ်ထားသော  စည်းမျဉ်းစည်းကမ်းများနှင့် မညီညွတ်ပါက ရေကြောင်းပြမှူးကြီး၏အကူအညီကို  မဖြစ်မနေ တောင်းခံရယူပြီး    ဆိပ်ကမ်းသို့ ဝင်ရောက်ဆိုက်ကပ်ခြင်း၊ ရပ်နားခြင်း၊ ထွက်ခွာခြင်း သို့မဟုတ် ဆိပ်ကမ်းနယ်နိမိတ်အတွင်း   နေရာရွှေ့ပြောင်းခြင်းပြုရမည်”ဟု ထည့်သွင်းပြဋ္ဌာန်းထားသည့်အတိုင်း ဒေသတွင်းနှင့် နိုင်ငံတကာဆိပ်ကမ်းများနည်းတူ ရန်ကုန်ဆိပ်ကမ်းသို့ ဝင်/ထွက်သွားလာကြသည့် နိုင်ငံတကာကုန်သွယ် သင်္ဘောကြီးများသည် ပင်လယ်ဝနှင့်ဆိပ်ကမ်းတံတားများအကြား ရေလမ်းကြောင်း တစ်လျှောက် ဘေးကင်းလုံခြုံစွာ ဝင်/ထွက်သွားလာနိုင်ရေးအတွက်  ရေကြောင်းပြဝန်ဆောင်မှု(Pilotage Service)ကို မပျက်မကွက် ရယူကြရသည်။

၂၀၁၉  ခုနှစ်မတိုင်မီ  နှစ်များဆီသို့ ပြန်ပြောင်းတွေးဆကြည့်ပါက နိုင်ငံတကာကုန်သွယ်သင်္ဘောကြီးများကို ရေကြောင်းပြဝန်ဆောင်မှုပေးနိုင်ရန်အတွက် ရေကြောင်းပြရေယာဉ်(Pilot Vessel) နှစ်စင်းဖြစ်သောအလျား ၆၀ မီတာဝန်းကျင်၊ တန်ချိန်(Gross Tonnage-GT) ၇၇၈  နှင့် ၅၀၀ အသီးသီးရှိကြသည့်သမ္မတရေယာဉ်နှင့် ဧကရီရေယာဉ်တို့ကို  ရေကြောင်းပြစခန်း(Pilot Station)အဖြစ်  ရန်ကုန်မြစ်ဝမှ ပင်လယ်ဘက်ရေမိုင် ၂၀ ခန့်အကွာတွင် အလှည့်ကျကျောက်ချထားရှိဆောင်ရွက်ရသည်။ ထိုအချိန်က ရေကြောင်းပြမှူးကြီးများနှင့် ဝန်ထမ်းများသည် ရေကြောင်းပြရေယာဉ်ပေါ်တွင်ပင် အနေအစားပင်ပန်းဆင်းရဲစွာ စခန်းချနေထိုင်ပြီး ရန်ကုန်ဆိပ်ကမ်းသို့ ဝင်/ထွက်ကြသည့် သင်္ဘောကြီးများပေါ်ကို  ရေကြောင်းပြ ကြို/ပို့ခြင်းလုပ်ငန်းကို သစ်သားကတ္တူလှေငယ်(Pilot Cutter)များဖြင့် လှိုင်းကြားလေကြား အန္တရာယ်ကြားမှခက်ခဲစွာရေကြောင်းပြ ကြို/ပို့ခြင်း (Pilot Transfer Operation)ဆောင်ရွက်၍  တက်/ဆင်းမောင်းနှင်ပေးခဲ့ကြရသည်။  ထိုအချိန်ကာလများတွင် ရေကြောင်းပြမှူးကြီးများနှင့်ရေကြောင်းပြဝန်ထမ်းများ လှိုင်းလေထန်လှသည့် ပင်လယ်ပြင်တွင် ကတ္တူလှေငယ်ဖြင့် သင်္ဘောကြီးများဆီသို့ သတိပြုချဉ်းကပ်၍ တက်/ဆင်းရပုံများကို ယူကျူ(Youtube)ပေါ်တွင် မြန်မာရေကြောင်းပြမှူးကြီး၏ နေ့စဉ်ဘဝ (Daily Life of Myanmar Pilot)အမည်ဖြင့် မြန်မာရေကြောင်းပြမှူးကြီးများအသင်း (Myanmar Maritime Pilot Association)မှ ဗဟုသုတအဖြစ် လွှင့်တင်ပေးထားသည်ကိုလည်း ဝင်ရောက်ကြည့်ရှုခြင်းဖြင့် သိရှိနိုင်မည်ဖြစ်သည်။

ထို့ပြင် ရာသီဥတုဆိုးရွားချိန်များတွင် ရေကြောင်းပြစခန်းအဖြစ်အသုံးပြုသော ရေကြောင်းပြရေယာဉ်ကို ဘေးကင်းလုံခြုံသည့် နေရာသို့ ရွှေ့ပြောင်းရခြင်း၊ ရေယာဉ်များ၏သက်တမ်းအရ ရေယာဉ်ပြုပြင် ထိန်းသိမ်းစရိတ် ကြီးမြင့်လာပြီး ဘေးကင်းလုံခြုံမှုအဆင့်လျော့ကျလာခြင်းနှင့် ၂၀၁၁ ခုနှစ်မှစ၍ ပြည်တွင်းနိုင်ငံရေး၊ စီးပွားရေးပြုပြင် ပြောင်းလဲမှုများနှင့်အတူ တစ်နှစ်ထက်တစ်နှစ်တိုးတက်လာနေသည့်   ပင်လယ်ရေကြောင်း ကုန်သွယ်မှုလိုအပ်ချက်အရ  ရန်ကုန်ဆိပ်ကမ်းသည်လည်း နိုင်ငံတကာကုန်သွယ်ရေယာဉ်ကြီးများ အဝင်/အထွက် ပိုမိုများပြားလာပြီး ရေကြောင်းပြလုပ်ငန်းတွင် တာဝန်ထမ်းဆောင်ရမည့်ဝန်ထမ်းများ ပိုမိုများပြား လာသောကြောင့် ရေကြောင်းပြရေယာဉ်ဖြင့် ဘေးကင်းလုံခြုံစွာဆောင်ရွက်နိုင်ရန်အတွက်  နေရာလုံလောက်မှု မရှိခြင်း၊ လှိုင်းဒဏ်လေဒဏ်ကို တိုက်ရိုက်ခံစားကြရခြင်းနှင့်   ကိုယ်စိတ်လုံခြုံမှု (Physical and Mental Safety and Security) အားနည်းခြင်း စသည့်ကန့်သတ်ချက်များကြုံတွေ့လာခဲ့ရသည်။

အဆိုပါကြုံတွေ့လာရသည့်အခက်အခဲများကိုဖြေရှင်းနိုင်ရန်အတွက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ဌာနအကြီးအမှူးအဆင့်ဆင့်တို့သည် အမြော်အမြင်ကြီးစွာ ချင့်ချိန်သုံးသပ်၍ ရေကြောင်းပြမှူးကြီးများနှင့် ဆိပ်ကမ်းဆိုင်ရာ၊ ရေကြောင်းဆိုင်ရာနှင့်ဆက်သွယ်ရေးဆိုင်ရာဝန်ထမ်းများအတွက် ကမ်းလွန်ရေကြောင်းပြစခန်း တည်ဆောက်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ကြသည်။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တာဝန်ရှိသူများကို  အိမ်နီးချင်းနှင့်   ဒေသတွင်းနိုင်ငံဆိပ်ကမ်းများသို့သွားရောက်လေ့လာစေခဲ့ပြီး လေ့လာတွေ့ရှိချက်များအပေါ်  ပြန်လည်သုံးသပ်၍ ရန်ကုန်ဆိပ်ကမ်းနှင့်မြစ်ကြောင်းအနေအထား၊  ရေလမ်းကြောင်းအနေအထားတို့ နီးစပ်တူညီမှုရှိသည့်   ထိုင်းနိုင်ငံ  ဗန်ကောက်ဆိပ်ကမ်း၏  ပင်လယ်ဝရှိ ကမ်းလွန်ရေကြောင်းပြစခန်း၏ ပုံစံကိုနမူနာယူပြီး အခြေခံဒီဇိုင်း(Conceptual Design)ကိုရေးဆွဲခဲ့ကြသည်။ ထို့နောက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ပြဋ္ဌာန်းထားသော လုပ်ထုံးလုပ်နည်းများနှင့်အညီ နိုင်ငံပိုင်သတင်းစာများ၌ ကြော်ငြာထည့်သွင်း၍ ပြည်တွင်း/ပြည်ပမှ ကမ်းဝေးပင်လယ်ပြင်တည်ဆောက်ရေး လုပ်ငန်းအတွေ့အကြုံရှိလုပ်ငန်းရှင်များကို တင်ဒါခေါ်ယူခဲ့ရာ China Harbour Engineering Co., Ltd. (CHEC)မှ စီမံကိန်းတန်ဖိုး အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၉ သန်းဖြင့် တင်ဒါအောင်မြင်တည်ဆောက်ခဲ့သည်။

ကမ်းလွန်ရေကြောင်းပြစခန်းကို မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၁၂ ဒသမ ၇ လက်မနှင့် အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၁၆ ဒသမ ၇ လက်မတွင် အလျား ၃၃ ဒသမ၂ မီတာနှင့်အနံ ၃၀ ဒသမ ၄ မီတာအရွယ်အစားရှိ  သံကူကွန်ကရစ်သုံးထပ်အဆောက်အအုံအဖြစ်တည်ဆောက်ထားခြင်းဖြစ်သည်။ တည်ဆောက်ရေးလုပ်ငန်းကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် တည်ဆောက်ရေး လုပ်ငန်းအားလုံးပြီးစီး၍   ဖွင့်ပွဲအခမ်းအနား(Grand Opening Ceremony)ကို ၃၀-၃-၂၀၁၉ရက်တွင်ပြုလုပ်ခဲ့ပြီး  မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှလွှဲပြောင်းလက်ခံရယူကာ Operation လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့သည်။ စီမံကိန်းလုပ်ငန်းတွင် တန်ချိန် GT ၁၅၀၀ အရွယ်အစားရှိ ရေယာဉ်များ ဆိုက်ကပ်နိုင်သည့် ဆိပ်ခံတံတားတစ်စင်း၊ ၂၀ မီတာ ရေကြောင်းပြ ကြို/ပို့ ဖိုက်ဘာရေယာဉ်(Pilot Boat) သုံးစင်း၊ မီးစက်၊ ရေချိုချက်လုပ်သည့်စနစ် (Desalination System)၊ ရေဆိုးသန့်စင်စက်၊ မီးငြှိမ်းသတ်စနစ်၊ ရေကြောင်းပြလုပ်ငန်းထိန်းချုပ်ခန်း(Control Room)နှင့် ရေကြောင်းဆိုင်ရာ ဆက်သွယ်ရေးစက်ကိရိယာများစ်ကြသည့် ရေဒါ(Radar)နှင့် အလိုအလျောက် ရေယာဉ်အမျိုးအစားနှင့် အချက်အလက်ဖော်ပြသည့်စနစ်(Auto-matic Identification System – AIS)တို့ ပါဝင်သည်။ ထို့ပြင် ဘုရားခန်း၊ လူနေတစ်ယောက်/နှစ်ယောက်/သုံးယောက်အိပ်ခန်းများ၊ အားကစားခန်း၊ ရိက္ခာသိုလှောင်ခန်း၊ မီးဖိုခန်း၊ စားသောက်ခန်းနှင့် ရေချိုးခန်း၊ သန့်စင်ခန်း၊ အဝတ်လျှော်စက်၊ အခြောက်ခံစက်၊ စက်သုံးဆီသိုလှောင်ကန် စသည်တို့ပါဝင်ပြီး ဝန်ထမ်း ၃၆ ဦးသက်သောင့်သက်သာ အဆင်ပြေစွာနေထိုင်၍ တာဝန်ထမ်းဆောင်နိုင်သောအဆောက်အအုံတစ်ခုဖြစ်သည်။

Operation လုပ်ငန်းများဆောင်ရွက်ရာတွင် ပွင့်လင်းရာသီ၌ ရေကြောင်းပြ ကြို/ပို့ ဖိုက်ဘာရေယာဉ်များဖြင့် ဆိုက်ကပ်၍ ရေကြောင်းပြမှူးကြီးများ အတက်/အဆင်းပြုလုပ်ရာတွင်    အဆင်ပြေမှု ရှိသော်လည်း   မိုးရာသီမုတ်သုံ ကာလ၌ လှိုင်းလေပြင်းထန်ချိန်တွင် လှိုင်းလေဒဏ်မခံနိုင်သောကြောင့် အန္တရာယ်ရှိသဖြင့် ဖိုက်ဘာရေယာဉ် များကို မြစ်ကြောင်းအတွင်း   ရေကြောင်းပြကြို/ပို့ရန်သာအသုံးပြုပြီး   ပင်လယ်ပြင်တွင်အသုံးပြုနိုင်ရန်အတွက် သံထည်ဖြင့်ပြုလုပ်ထားသော ၂၀ မီတာရှိသည့် PilotBoat  သုံးစင်းကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်များတွင် စုစုပေါင်းအမေရိကန်ဒေါ်လာ ၁ ဒသမ ၄၄၄ သန်းလျာထားပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ဒါခေါ်ယူ၍ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏  သိမ်ဖြူသင်္ဘောကျင်းတွင် ပုဂ္ဂလိကနှင့်ပူးပေါင်းပြီး ထပ်မံတည်ဆောက်  ဖြည့်တင်းပေးခဲ့သည်။  ထို့ပြင်  ရေကြောင်းပြစခန်း၏ လေကွယ်ရာဘက်တွင် Pilot Boat များ အန္တရာယ်ကင်းရှင်းစွာဆိုက်ကပ်၍ ရေကြောင်းပြမှူးကြီးများ လုံခြုံစိတ်ချစွာ အတက်/အဆင်းပြုလုပ်နိုင်ရေးအတွက် ထပ်တိုးရေယာဉ်ဆိုက်ကပ်ရန်နေရာတစ်ခုကိုလည်း ၂၀၂၀-၂၀၂၁  ဘဏ္ဍာနှစ်တွင် CHEC နှင့် ညှိနှိုင်း၍ တည်ဆောက်ပေးခဲ့သည်။ အဆိုပါရေကြောင်းပြစခန်းသည် ရန်ကုန်မြို့တွင်း   ဆိပ်ကမ်းဧရိယာမှ ရေမိုင် ၃၆ မိုင် ကွာဝေးသဖြင့် ဒီရေအတက်/အကျအခြေအနေများအပေါ်မူတည်ပြီး ရေကြောင်းပြစခန်းသို့ရောက်ရှိရန် ခုတ်မောင်းချိန် လေးနာရီမှခြောက်နာရီခန့်အထိ ကြာမြင့်နိုင်သည်။

စာရေးသူသည်  ခရီးစဉ်တွင်  ခေတ်မီ Pilot Boat ဖြင့် ရန်ကုန်မြစ်အတွင်းသို့ ဝင်ရောက်မည့် ကုန်သွယ်သင်္ဘောကြီးပေါ်သို့ ရေကြောင်းပြကြို/ပို့ခြင်းလုပ်ငန်းစဉ်ကို စောင့်ကြည့်မှတ်တမ်းတင်ခွင့်ရရှိခဲ့သည်။ ရန်ကုန်ဆိပ်ကမ်းသို့ ဝင်ရောက်ရန်အတွက် သင်္ဘောကြီးများကို သတ်မှတ်အချိန်တွင် ကျောက်ချဧရိယာ (Anchorage Area)မှ စတင်ဝင်ရောက်လာရန်ခေါ်ယူခြင်း၊ Pilot Boat စေလွှတ်ခြင်းနှင့်  ပြန်လည်ခေါ်ယူခြင်း၊  တာဝန်ကျရေကြောင်းပြမှူးကြီး၏ဦးဆောင်မှုဖြင့် သင်္ဘောကြီး ရန်ကုန်မြစ်ရေလမ်းကြောင်းသို့ ဝင်ရောက်ခြင်း စသည့်လုပ်ငန်းစဉ်များကို ရေကြောင်းပြစခန်းရှိ Control Room တာဝန်ကျရေ ယာဉ်မှူးကြီးများနှင့်   ဆက်သွယ်ရေးတာဝန်ခံတို့က    ပေါင်းစပ်ညှိနှိုင်းဆက်သွယ်ခြင်း(Pilot Transfer Coordi-nation)ကို Radar နှင့် AIS စနစ်များ၊ ဆက်သွယ်ရေးစက်များအသုံးပြု၍ စောင့်ကြည့်ဆက်သွယ်ဆောင်ရွက်ပေးကြရသည်။

ဤခေတ်မီ ကမ်းလွန်ရေကြောင်းပြစခန်းနှင့်  Pilot  Boat  များအတွက်  နိုင်ငံတော်မှ ရင်းနှီးတည်ဆောက် ဖြည့်တင်းပေးရသည်နှင့် ထိုက်တန်သည့် အကျိုးရလဒ်ကောင်းများဖြစ်သော နိုင်ငံတကာကုန်သွယ် သင်္ဘောကြီးများ ရန်ကုန်ဆိပ်ကမ်းသို့ ဝင်/ထွက်သွားလာရာတွင်လည်းကောင်း၊ ရေကြောင်းပြမှူးကြီးများနှင့် ဝန်ထမ်းများ တာဝန်ထမ်းဆောင်ရာတွင်လည်းကောင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းအောင်စီမံ ဆောင်ရွက်ပေးနိုင်ခြင်းအပြင် တာဝန်ထမ်းဆောင်သူများ၏ ကိုယ်စိတ်လုံခြုံမှုပိုမိုရရှိပြီး မိမိကိုယ်ကိုယုံကြည်မှု(Self-Confidence)ရှိစွာ တာဝန်ထမ်းဆောင်နိုင်ခြင်း၊ အကျိုးဆက်အနေဖြင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ဆိပ်ကမ်းနှင့် ရေကြောင်းပြဝန်ဆောင်မှုလုပ်ငန်းများတွင် လုပ်ငန်းခွင် မတော်တဆမှုနှင့် ထိခိုက်မှုအနည်းဆုံး (Zero Accident) အဆင့်သို့ရောက်ရှိထိန်းသိမ်းလာနိုင်ပြီး ဆိပ်ကမ်းသုံးစွဲသူ နိုင်ငံတကာသင်္ဘောလိုင်းများနှင့်  ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်များ၏ ယုံကြည်မှု(Trust)ပိုမိုရရှိလာနိုင်ပြီ ဖြစ်သောကြောင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့်ဆိပ်ကမ်းလုပ်ငန်းကဏ္ဍ၏ ပုံရိပ်(Image)သည်လည်း ပိုမိုကောင်းမွန်လာပြီဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။

ထို့ပြင်  ရေကြောင်းပြမှူးကြီးများ၊ ဆိပ်ကမ်းနှင့်ရေကြောင်းဆိုင်ရာ၊ ဆက်သွယ်ရေးဝန်ထမ်းများအနေဖြင့် ကမ်းလွန်ရေကြောင်းပြစခန်းတွင် လှိုင်းလေဒဏ်ကို    တိုက်ရိုက်မခံစားရတော့ဘဲ Facilities အပြည့်အစုံဖြင့်  လုံခြုံစိတ်ချစွာနေထိုင်နိုင်ပြီဖြစ်၍ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် စိတ်ပိုင်း၊ ကိုယ်ပိုင်းဆိုင်ရာယုံကြည်မှု အပြည့်ဖြင့်  တာဝန်ထမ်းဆောင်နေနိုင်ကြပြီဖြစ်သည်။ ပင်လယ်ပြင်ရာသီဥတု ဆိုးရွားချိန်များတွင် အခြားလုံခြုံသည့်နေရာသို့ ရွှေ့ပြောင်းရန် မလိုအပ်တော့ခြင်း၊ ပြုပြင်ထိန်းသိမ်းစရိတ် လျှော့ချနိုင်ခြင်း၊ ဘေးကင်းလုံခြုံစိတ်ချရခြင်း၊ ထင်ရှားသည့်ရေကြောင်းပြအမှတ်အသားအဖြစ်   ပင်လယ်ဝကျောက်ချဧရိယာအနီးတွင် တည်ရှိနေသောကြောင့် ဖြတ်သန်းသွားလာသည့် နိုင်ငံတကာကုန်သွယ် သင်္ဘောကြီးများနှင့်   တပ်မတော် (ရေ) အပါအဝင်  အရပ်ဘက်ကုန်တင်သင်္ဘောများအတွက် ရေကြောင်းပြ အမှတ်အသားအဖြစ် အထောက်အကူပေးနိုင်ခြင်း၊ ယခင်က ရေကြောင်းပြလုပ်ငန်းကို ၂၄ နာရီအပြည့်မဆောင်ရွက်နိုင်ဘဲ  ယခုအခါ ရန်ကုန်ဆိပ်ကမ်းများသို့  ဝင်/ထွက်ဆိုက်ကပ်သည့် နိုင်ငံတကာကုန်သွယ်ရေယာဉ်ကြီးများကို ရာသီမရွေး၊ ၂၄ နာရီ နေ့/ည အချိန်အခါမရွေး၊ ဆိပ်ကမ်းနှင့်ရေကြောင်းဆိုင်ရာ ဝန်ဆောင်မှုများကို ပေးလာနိုင်ပြီး နိုင်ငံ၏ သွင်းကုန်/ ပို့ကုန်များကို ပိုမိုကိုင်တွယ်လာနိုင်ခြင်းဖြင့် နိုင်ငံ၏လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကိုများစွာ အထောက်အကူပြုစေနိုင်သည့်အပြင် နိုင်ငံတော်အတွက် နိုင်ငံခြားငွေများစွာကို ရှာဖွေပေးနိုင်လျက်ရှိသည်။

ဒုတိယဝန်ကြီးအနေဖြင့်လည်း ရေကြောင်းပြစခန်းတွင် တာဝန်ထမ်းဆောင်နေကြသည့် ရေကြောင်းပြမှူးကြီးများနှင့် ဝန်ထမ်းများကို  တွေ့ဆုံအားပေးစကားပြောကြားရာတွင်  နိုင်ငံတော်အနေဖြင့် မိမိဝန်ထမ်းများ၏ လုပ်အားတန်ဖိုးကို အလေးထားပြီး  ဝန်ထမ်းများ ဘေးကင်းလုံခြုံစွာ တာဝန်ထမ်းဆောင်နိုင်ကြစေရန် ငွေလုံးငွေရင်းစိုက်ထုတ်ရင်းနှီး ဆောင်ရွက်ပေးထားမှုကြောင့်  မိမိဝန်ထမ်းများ ရေကြောင်းပြစခန်းကြီးတွင် ဘေးအန္တရာယ်ကင်းစွာနေထိုင်၍ တာဝန်ထမ်းဆောင်နေနိုင်ပြီ ဖြစ်သည့်အတွက်   များစွာဝမ်းမြောက်ရကြောင်း၊  နှစ်စဉ်လိုအပ်သည့် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို ဆောင်ရွက်ပေးထားမှုနှင့်  နေထိုင်ရေးအပြင် စားသောက်ရေးအတွက်ပါ ပြည့်စုံအောင် ဆောင်ရွက်ပေးထားမှုတို့ကို တန်ဖိုးထားကာ ပေးအပ်သည့်တာဝန်ကိုကျေပွန်စွာထမ်းဆောင်ကြရန်၊ ဌာနနှင့်ဝန်ထမ်းများအတွက် အရေးပါလှသည့် Offshore Fixed Pilot Station ကြီးကို ရေရှည် ကောင်းမွန်စွာအသုံးပြုနိုင်ရေး တန်ဖိုးထားဝိုင်းဝန်း ထိန်းသိမ်းဆောင်ရွက်ကြရန်၊  မျိုးဆက်သစ်လူ့စွမ်းအားအရင်းအမြစ်များကိုလည်း  စဉ်ဆက်မပြတ် မွေးမြူလေ့ကျင့်ပေးရန်၊  လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အထူးဂရုပြုဆောင်ရွက်သွားရန်၊  လုပ်ငန်းတာဝန်များကို စွမ်းအားပြည့်ထမ်းဆောင်နိုင်ရန်အတွက် ဝန်ထမ်းတစ်ဦးချင်း ကျန်းမာရေးကို အထူးသတိပြု ဆောင်ရွက်ကြရန်၊ မီးဘေးအန္တရာယ်နှင့်လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးကို တာဝန်ရှိသူ အဆင့်ဆင့်က အလေးထားကြပ်မတ်ဆောင်ရွက်ရန်နှင့် နိုင်ငံတော်အတွက် ဝင်ငွေတိုးတက်ရှာဖွေပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းအားပေးပြောကြားခဲ့သည်။

 မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၌ လက်ရှိကာလတွင် တပ်မတော်(ရေ)မှပြောင်းရွှေ့လာသည့် ရေကြောင်းပြမှူးကြီး ၃၅ ဦး တာဝန်ထမ်းဆောင်လျက်ရှိပြီး ဌာနတွင်းမှ ကျွမ်းကျင်လက်မှတ်ရ ရေယာဉ်မှူးကြီးများ၊  ရေယာဉ်မှူးများနှင့်  ရေယာဉ်အင်ဂျင်နီယာမှူးကြီးများ၊ ဆက်သွယ်ရေး အရာရှိများနှင့်အတူပူးတွဲ၍ ကမ်းလွန်ရေကြောင်းပြစခန်းတွင် တာဝန်ထမ်းဆောင်စေလျက်ရှိသည်။ ရန်ကုန်ဆိပ်ကမ်းအနေဖြင့်  ပင်လယ်ရေကြောင်း ကုန်သွယ်မှု လိုအပ်ချက်အရ နှစ်အလိုက်  နိုင်ငံတကာကုန်သွယ် သင်္ဘောကြီးများပိုမိုများပြားစွာ ဝင်/ထွက်လျက်ရှိပြီး ကုန်ကိုင်တွယ်ရရှိမှုသည်လည်း တိုးတက်လျက်ရှိနေသည်။

ရန်ကုန်ဆိပ်ကမ်းအနေဖြင့် တစ်နှစ်လျှင် သင်္ဘောစင်းရေ ၁၄၀၀ ခန့်၊ ကုန်သေတ္တာ (ပေ ၂၀၊ Twenty-foot Equivalent Unit – TEU) တစ်သန်းခန့်နှင့်  အထွေထွေကုန်စည်မက်ထရစ်တန် လေးသန်းခန့်၊ စက်သုံးဆီ မက်ထရစ်တန်  လေးသန်းကျော်နှင့် စားသုံးဆီ မက်ထရစ်တန် ငါးသန်းခန့်ကိုင်တွယ်လျက်ရှိသည်။ ၂၀၂၄ ခုနှစ်တွင် ပြည်ပသို့ လယ်ယာထွက်ပို့ကုန် ဆန်တန်ချိန် ၂ ဒသမ ၇၈ သန်း၊ ပြောင်းတန်ချိန် ၂ ဒသမ ၇၃ သန်း၊ ပဲအမျိုးမျိုး တန်ချိန် နှစ်သန်းခန့်၊   နှမ်းတန်ချိန် ၆၇၂၂၀ အသီးသီးတင်ပို့နိုင်ခဲ့သည်။

သို့ဖြစ်ရာ နိုင်ငံ့လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကမဏ္ဍိုင်တစ်ရပ်ဖြစ်သည့်     ပင်လယ်ရေကြောင်းဖြင့် ကုန်သွယ်မှုလွယ်ကူအဆင်ပြေချောမွေ့ဖွံ့ဖြိုးတိုးတက်စေရန်   အဓိကဆိပ်ကမ်းကြီးဖြစ်သော    ရန်ကုန်ဆိပ်ကမ်း၏ ရန်ကုန်ဧရိယာတွင် ဆိပ်ကမ်းတံတား ၂၈ စင်း၊ သီလဝါဧရိယာတွင် ဆိပ်ကမ်းတံတား ၂၀ စင်း  စုစုပေါင်းဆိပ်ကမ်းတံတား ၄၈ စင်းဖြင့်  ဝန်ဆောင်မှုပေးလျက်ရှိရာ ရန်ကုန်ဆိပ်ကမ်းသို့ ဝင်/ထွက်သွားလာကြသည့် နိုင်ငံတကာကုန်သွယ်သင်္ဘောကြီးများအတွက်  ဘေးကင်းလုံခြုံစွာ ဆိပ်ကမ်းနှင့်ရေကြောင်းပြဝန်ဆောင်မှုလုပ်ငန်းများကို ၂၄ နာရီ လှိုင်းလေကြားက ဝန်ဆောင်မှုပေးနေကြသော ရေကြောင်းပြမှူးကြီးများနှင့် သတ်မှတ်ကာလအလိုက် အလှည့်ကျ တာဝန်ထမ်းဆောင်နေကြသည့်  ဆိပ်ကမ်းဆိုင်ရာ၊  ရေကြောင်းဆိုင်ရာနှင့်ဆက်သွယ်ရေးဆိုင်ရာဝန်ထမ်းများကိုယ်စိတ်လုံခြုံစွာ  ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ရန် အပြည့်အဝအထောက်အကူဖြစ်စေသည့်  ရန်ကုန်မြစ်ဝရှိ  ကမ်းလွန်ရေကြောင်းပြ စခန်းကြီး(Offshore Fixed Pilot Station)နှင့်   တာဝန်ထမ်းဆောင်နေကြသည့်   ဝန်ထမ်းများအားလုံးကို  ဤဆောင်းပါးဖြင့် မှတ်တမ်းတင် ဂုဏ်ပြုရေးသား တင်ပြလိုက်ရပါကြောင်း။      ။

Source: Myawady Web Portal

 

ဟော်မုန်းဓာတ်ညီမျှစေသည့် အပြုအမူနှင့် ကိုယ်အလေးချိန်တက်စေမည့် အစားအစာများ

Posted_Date

Image

Photo Credit- Olis and Herbs UK

Body

ရောဂါပိုးမွှားစုံလင်လှတဲ့  ယနေ့ကာလမှာ ဝိတ်ချဖို့ထက် ကိုယ်ခံအားကောင်းအောင်၊  ကျန်းမာရေးနဲ့ညီညွတ်ပြီး     ရှိသင့်ရှိထိုက်တဲ့ကိုယ်အလေးချိန်နဲ့ ဟော်မုန်းဓာတ်ညီမျှအောင် စားသောက်ပြုမူနေထိုင်သင့်ပါတယ်။

လူ့ခန္ဓာကိုယ်မှာ   သိုင်းရွိုက်ဂလင်း၊ အက်ဒရီနယ်ဂလင်း၊  ပစ်ကျူထရိဂလင်း၊  သားဥအိမ်၊  ပန်ကရိယ စတဲ့ကိုယ်တွင်းအင်္ဂါတွေကနေ        ဟော်မုန်းတွေ ထုတ်ပေးပါတယ်။ သိုင်းရွိုက်ဟော်မုန်း၊ အီစတြိုဂျင်၊   တတ်စတိုစတီရုန်း၊ အင်ဆူလင် စတဲ့ဟော်မုန်းတွေက   သွေးစီးဆင်းမှုနဲ့အတူ ခန္ဓာကိုယ်အနှံ့လှည့်လည်ပြီး  ကျန်းမာရေးအပေါ်  များစွာသက်ရောက်မှုရှိပါတယ်။     ခန္ဓာကိုယ်မှာ     ဟော်မုန်းညီမျှမှုမရှိပါကမျိုးမပွားနိုင်တာ၊ ကိုယ်အလေးချိန်များတာ၊ စိတ်ကျတာ၊  မောပန်းနွမ်းနယ်တာ၊ အိပ်မပျော်တာ၊  ဆံပင်ကျွတ်တာ စတဲ့ဆိုးကျိုးတွေဖြစ်နိုင်ပါတယ်။

ဟော်မုန်းအစားထိုးကုသနိုင်တယ်ဆိုပေမယ့် ဒီနည်းလမ်းက ဘေးထွက်ဆိုးကျိုးလည်းရှိတာကြောင့်      အရေးကြီးတဲ့ကျန်းမာရေးအခြေအနေမဟုတ်ဘူးဆိုရင် သဘာဝနည်းလမ်းတွေနဲ့ဟော်မုန်းညီမျှအောင် လုပ်ဆောင်နိုင်ပါတယ်။

အဆိပ်အတောက်ဖြစ်နိုင်တာတွေကိုဖယ်ရှားသင့်ပါတယ်

ခန္ဓာကိုယ်အဆိပ်အတောက်ထိတွေ့မှုလျော့နည်းအောင် ဒီအီးအေ(DEA)၊ ပါရာဘင်၊ ပရိုဖိုင်လင်းဂလိုင်ကော(Propylene Glycol)၊ ဆိုဒီယမ်လိုင်း(Sodium Lyne)နဲ့    ဆာလဖိတ်ပါဝင်တဲ့   အလှကုန်ပစ္စည်းတွေအသုံးပြုမှုကို ရှောင်ကြဉ်ဖို့လိုတယ်။    ပလတ်စတစ်ဘူးတွေ၊ ပန်းကန်တွေ၊  ခွက်တွေ အသုံးပြုမယ့်အစားဖန်ခွက်နဲ့  စတီးပစ္စည်းတွေကို  အစားထိုးသုံးစွဲသင့်ပါတယ်။    ဟင်းလျာတွေချက်ပြုတ်ရာမှာ    ဟင်းအိုးမကပ်စေဖို့နဲ့    ဆီကုန်သက်သာစေဖို့    အိမ်ရှင်မတွေအသုံးပြုတတ်ကြတဲ့ လက်ကိုင်ကိုင်းပါတဲ့ ဒယ်အိုးတွေက  ခန္ဓာကိုယ်ရဲ့ဟော်မုန်းစနစ်  ပြောင်းလဲမှုဖြစ်စေလို့ အသုံးမပြုသင့်ပါဘူး။

လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်တာရှောင်ကြဉ်သင့်ပါတယ်

သင့်တင့်တဲ့လေ့ကျင့်ခန်းပြုလုပ်တာက ကျန်းမာရေးအတွက်ကောင်းမွန်စေသလို    ခန္ဓာကိုယ်တွင်းဟော်မုန်း ပမာဏကိုလည်း ညီညွတ်မျှတ‌စေပါတယ်။

လေ့ကျင့်ခန်းပုံမှန်ပြုလုပ်တာကြောင့်     အန်ဒေါ်ဖင်(Andorphin)၊ တတ်စတိုစတီရုန်း (Testosterone)၊ ကြီးထွားဟော်မုန်း(Growth Hormone)၊ အင်ဆူလင်(Insulin) စတဲ့ဟော်မုန်းတွေညီညွတ်မျှတပြီး စိတ်ဖိစီးမှု လျော့နည်းစေပါတယ်။  ခန္ဓာကိုယ်ခုခံစွမ်းအား ပိုမိုကောင်းမွန်စေတာ၊    ဇီဝရုပ်ဖြစ်ပျက်မှု မှန်ကန်စေတာ၊      ကိုယ်အလေးချိန်ထိန်းသိမ်းပေးတာ  စတဲ့င်းကျိုးတွေ ရရှိစေပါတယ်။ ဒါပေမဲ့ လေ့ကျင့်ခန်းကို    ပြင်းပြင်းထန်ထန်ပြုလုပ်တာက  ဟော်မုန်းထုတ်လုပ်မှုကိုပြောင်းလဲစေပါတယ်။

ကော်ဖီသောက်သုံးမှုလျှော့ချသင့်ပါတယ်

ကော်ဖီကို     အလွန်အကျွံသောက်တာကြောင့်အိပ်စက်မှုကို  အနှောင့်အယှက်ဖြစ်စေတယ်။ စိတ်ဖိစီးမှုဟော်မုန်းလို့ခေါ်တဲ့  ကော်တီစုန်း မြင့်မားစေပြီး သိုင်းရွိုက်ဟော်မုန်းပမာဏကို     လျော့နည်းစေပါတယ်။ ဒါကြောင့် တစ်နေ့ကို ကော်ဖီ ၁-၂ ခွက်ထက်ပိုမသောက်သင့်ပါဘူး။      ကော်ဖီသောက်သုံးမှုကို လျှော့ချလိုက်ပါက ခန္ဓာကိုယ်တွင်းဟော်မုန်းပမာဏပုံမှန်ဖြစ်အောင်ထိန်းထားနိုင်ပြီး ကိုယ်အလေးချိန်ထိန်းသိမ်းနိုင်ကာ    ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေလျော့နည်းစေတဲ့ ကောင်းကျိုးတွေရစေပါတယ်။

အိပ်ရေးဝဝအိပ်စက်သင့်ပါတယ်

တစ်ညကို   ပုံမှန်အိပ်ချိန် ၆-၈    နာရီအပြည့်အိပ်သင့်ပါတယ်။ အိပ်ချိန်နည်းပါးတာ၊ နေ့ညအိပ်ချိန်မှားယွင်းစွာ အိပ်တာက   ခန္ဓာကိုယ်မှာ   ဟော်မုန်းညီညွတ်မျှတမှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။

ဘာကြောင့်လဲဆိုတော့    ဟော်မုန်းတွေက  အချိန်အပိုင်းအခြားနဲ့  အလုပ်လုပ်တာကြောင့်ဖြစ်ပါတယ်။  

စိတ်ဖိစီးမှုဖြစ်စေတဲ့အခါ  ထွက်ရှိတဲ့  ကော်တီစုန်းဟော်မုန်းက ညဉ့်နက်သန်းခေါင်ကျော်ချိန်မှာ ပုံမှန်ထွက်ရှိမှုဖြစ်အောင်     ပြန်လည်ထိန်းညှိပါတယ်။

အိပ်ချိန်နောက်ကျပြီး ညဉ့်နက်သန်းခေါင်မှ အိပ်စက်သူတွေအနေနဲ့     စိတ်ဖိစီးမှုဟော်မုန်းထွက်ရှိမှုကို    ပုံမှန်ပြန်လည်ပြုလုပ်ချိန်မရှိတာကြောင့် စိတ်ဖိစီးမှုနဲ့ဆက်စပ်တဲ့ ကျန်းမာရေးပြဿနာတွေ  ခံစားရနိုင်ပါတယ်။   ဟော်မုန်းထုတ်လုပ်မှုပုံမှန်ဖြစ်စေဖို့၊   ခန္ဓာကိုယ်က  ပြုပြင်ချိန်ရဖို့အတွက်  ည ၁၀ နာရီမှာ  ပုံမှန်အိပ်စက်သင့်ပါတယ်။

ဗီတာမင်  D3 ဖြည့်စွက်သင့်ပါတယ်

အမေရိကန်အာဟာရဆိုင်ရာ ဆေးပညာဂျာနယ်မှာ  ဗီတာမင်  D3 ရဲ့  ကျန်းမာရေးအပေါ်ကောင်းကျိုးတွေကို ရေးသားဖော်ပြထားပါတယ်။ လူအများစုက ရုံး၊ အလုပ်၊   ကျောင်း၊   အိမ်တွင်းမှာ နေ့လယ်နေ့ခင်းအချိန်တွေ ကုန်ဆုံးတတ်တာကြောင့်  နေရောင်ခြည်နဲ့ထိတွေ့မှုမရှိလို့ တခြားကျန်းမာရေးပြဿနာတွေခံစားရနိုင်ပါတယ်။

ဗီတာမင်  D3 ကတော့  ပန်ကရိယက အင်ဆူလင်ဟော်မုန်းထုတ်လုပ်မှုကို  ပုံမှန်ဖြစ်စေပါတယ်။ နှလုံးလုပ်ငန်းတွေ ကောင်းမွန်စေတာ၊ သွေးဖိအားကို ပုံမှန်ဖြစ်စေတာ၊     သန္ဓေသားရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကိုအားပေးတာ   စတဲ့ကောင်းကျိုးတွေကို    ရရှိစေပါတယ်။ နေရောင်ခြည်နဲ့ထိတွေ့မှုမရှိပါက တစ်နေ့ကိုဗီတာမင်  D3 ပမာဏ ၂၀၀၀-၅၀၀၀  အိုင်ယူဖြည့်စွက် သောက်သင့်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေစားသင့်ပါတယ်။

အချိုစာများ

အညိုရောင်ချောကလက်၊  ရေခဲမုန့်၊   ကိတ်မုန့်စတာတွေမှာ    ကယ်လိုရီများစွာပါဝင်လို့    ကိုယ်အလေးချိန်တက်လိုသူတွေ        စားသုံးသင့်ပါတယ်။

ဒါပေမဲ့  လွန်လွန်ကဲကဲစားသုံးမှုကိုတော့ ရှောင်ရှားသင့်တယ်။ အများစုက  အချိုကဲတဲ့အစားအစာတွေ စားသုံးရတာ နှစ်ခြိုက်တတ်ကြတယ်။ သကြား၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေပါဝင်တဲ့      အစားအစာတွေက ကိုယ်အလေးချိန်ကို အမြန်တက်စေပါတယ်။

နို့နှင့်နို့ထွက်ပစ္စည်းများ

နို့နဲ့နို့ထွက်ပစ္စည်းတွေမှာ ကယ်လ်စီယမ်၊ ပရိုတင်းနဲ့ အဆီများစွာပါဝင်နေလို့ ကြွက်သားတည်ဆောက်ဖိုနဲ့    ကိုယ်အလေးချိန်တက်ဖို့အတွက်     များစွာအထောက်အကူဖြစ်စေပါတယ်။

အစေ့အဆန်များ

မြေပဲ၊ ဗာဒံစေ့၊ သီဟိုဠ်စေ့  စတဲ့အစေ့အဆန်တွေမှာ အဆီ၊ အမျှင်ဓာတ်၊ ဗီတာမင်နဲ့သတ္တုဓာတ် စတဲ့အာဟာရဓာတ် များစွာပါဝင်ပါတယ်။ အစေ့အဆန်တစ်မျိုးမျိုးကို  နေ့စဉ်စားသုံးပေးပါက နှလုံးကျန်းမာရေးကိုကောင်းမွန်စေပြီး    ကိုယ်အလေးချိန်လည်း  အနည်းငယ်တက်စေပါတယ်။    အစေ့အဆန်တွေထဲမှာ မရှိမဖြစ်အဆီပါဝင်လို့ ကိုယ်အလေးချိန် အမြန်တက်စေဖို့အားပေးပါတယ်။

အသား

အသားစားသုံးရာမှာ   အဖြူရောင်အသားနဲ့ အနီရောင်အသားဆိုပြီးနှစ်မျိုးရှိပါတယ်။   ကြက်သား၊ကြက်ဆင်သား၊ ငါးတို့က အဖြူရောင်အသားတွေဖြစ်ပြီး  ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်နဲ့  အဆီအနည်းငယ်ပါဝင်ပါတယ်။     အမဲသား၊ ဆိတ်သားက အနီရောင်အသားတွေဖြစ်ပြီး   ကယ်လိုရီနဲ့  အဆီဓာတ်ပါဝင်ပါတယ်။ ကိုယ်အလေးချိန်တက်စေဖို့  စားသုံးသင့်ပြီး အလွန်အကျွံစားသုံးမှုကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။

ကောက်နှံတစ်ခုလုံးပါဝင်စာ

ဆန်လုံးညို၊   ကွေကာ၊   အုတ်ဂျုံနဲ့   နှံစားပြောင်းစတာတွေက ကောက်နှံတစ်ခုလုံး ပါဝင်စာတွေဖြစ်ပြီး အာဟာရဓာတ်မျိုးစုံရရှိနိုင်ပါတယ်။    ဆန်လုံးညိုနဲ့အုတ်ဂျုံမှာပါဝင်တဲ့   ကာဗိုဟိုက်ဒရိတ်က  ကြွက်သားတွေ တည်ဆောက်ရာမှာ    အားပေးကူညီပါတယ်။ ကွေကာက  ကယ်လိုရီပါဝင်မှုများလို့ နံနက်စာအဖြစ်စားသုံးဖို့သင့်တော်ပါတယ်။

ငှက်ပျောသီး

ကိုယ်အလေးချိန်တက်လိုသူတွေအတွက်   ငှက်ပျောသီးစားသင့်ပါတယ်။ ငှက်ပျောသီးတစ်လုံးမှာ ၁၂၀ ကယ်လိုရီပါဝင်ပြီး    အဆီ၊    ပိုတက်ဆီယမ်နဲ့  တခြားသတ္တုဓာတ်တွေများစွာပါဝင်ပါတယ်။ ငှက်ပျောသီးအမှည့်ကိုအခွံနွှာပြီးစားနိုင်သလို ဖျော်ရည်ပြုလုပ်ပြီး သောက်သုံးနိုင်ပါတယ်။

ထောပတ်

ထောပတ် ၅ ဂရမ်ကနေ ၃၆ ကယ်လိုရီရရှိနိုင်လို့ကိုယ်အလေးချိန်တက်လိုသူတွေအနေနဲ့    စားသုံးဖို့ သင့်တော်ပါတယ်။   မြေပဲထောပတ်မှာ    ကယ်လိုရီ၊ဗီတာမင်နဲ့သတ္တုဓာတ်တွေအပြင်  တခြား အာဟာဓာတ်တွေလည်း များစွာပါဝင်ပြီး  ကိုယ်အလေးချိန်တက်ဖို့ဆိုရင်  စားသုံးဖို့ အကောင်းဆုံး အစားအစာပဲဖြစ်ပါတယ်။

အာလူး

အာလူးမှာ  ကာဗိုဟိုက်ဒရိတ်နဲ့  ပရိုတင်းများစွာပါဝင်လို့ ကိုယ်အလေးချိန်တက်စေဖို့ အားပေးကူညီပါတယ်။   ဂျပန်နပန်းသမားတွေစားသုံးတဲ့   အစားအစာထဲမှာ အာလူး အဓိကပါဝင်ပါတယ်။

သစ်သီးဖျော်ရည်

သစ်သီးဖျော်ရည်တွေသောက်သုံးတာက ကယ်လိုရီများစွာရရှိ‌စေလို့  ကိုယ်အလေးချိန်တက်ဖို့ အားပေးကူညီပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်ပြီး  ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ဗီတာမင်နဲ့  သတ္တုဓာတ်များစွာရရှိစေပါတယ်။     သစ်သီးဖျော်ရည်တစ်ခွက်ကနေ ၅၇  ကယ်လိုရီရရှိစေပါတယ်။

ဥအမျိုးမျိုး

ဥအမျိုးမျိုးက   ကယ်လိုရီကြွယ်ဝပြီး   ခန္ဓာကိုယ်အတွက်လိုအပ်တဲ့  ပရိုတင်း၊ အဆီ၊ ဗီတာမင်နဲ့သတ္တုဓာတ်တွေကို ဖြည့်တင်းပေးပါတယ်။ မျက်စိ၊ ဦးနှောက်စတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေအတွက် လိုအပ်တဲ့အာဟာရဓာတ်တွေကို      ဖြည့်ဆည်းပေးတဲ့အပြင်ကိုယ်အလေးချိန်တက်စေဖို့လည်း အထောက်အကူပြုပါတယ်။ 

Source: Myawady Web Portal

 

မြန်မာ့ဂုဏ်ဆောင်သည့်ကမ္ဘာ့အကောင်းဆုံးဆန် (World Best Rice)

Posted_Date

Image

မြန်မာ့ဂုဏ်ဆောင်သည့်ကမ္ဘာ့အကောင်းဆုံးဆန် (World Best Rice)

Body

“မြေကြီးမှ ရွှေသီး” ဆိုသလို ဆန်စပါးသည် မြန်မာ့စီးပွားရေးအသက်သွေးခဲဖြစ်သည်။ ဆန်သည် ကမ္ဘာပေါ်တွင် အရေးကြီးဆုံး  အဓိကအစားအစာများထဲမှ တစ်ခုဖြစ်ပြီး သန်းပေါင်းများစွာသော လူများအတွက် အထူးသဖြင့် အာရှတိုက်ရှိ  အစားအစာများ၏ အဓိကအစိတ်အပိုင်းဖြစ်သည်။ စပါးသည်   မြက်ပင်မျိုးဖြစ်သည်။ အများအားဖြင့် တစ်နှစ်ခံပင်မျိုးဖြစ်၍   အချို့အပူပိုင်းဒေသများတွင် နှစ်ကြာခံပင်မျိုးဖြစ်သည်။  ရုက္ခဗေဒပညာရှင်များက ယခုစိုက်ပျိုးလုပ်ကိုင်နေကြသော စပါးမျိုးများသည်   ရှေးအခါက အရိုင်းပေါက်ခဲ့သောစပါးမျိုးမှ ဆင်းသက်လာသည်ဟုဆိုသည်။   ရုက္ခဗေဒအလိုအရ စပါးသည် “အိုရီဇာ”မျိုးစုတွင်ပါဝင်သည်။

မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးကဏ္ဍသည် အရေးပါသောအခန်းကဏ္ဍမှပါဝင်နေပြီး အမျိုးသားပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး၏ ၁၅ ရာခိုင်နှုန်းပါဝင်သည်။ နိုင်ငံတော်၏ တောတောင်ရေမြေရာသီဥတုအနေအထားသည် ကောင်းမွန်ပြီး    စိုက်ပျိုးမြေပေါကြွယ်ဝသည့်အလျောက် စိုက်ပျိုးရေးကဏ္ဍဖြစ်သည့် ဆန်စပါးကို အဓိကစီးပွားရေးကဏ္ဍအဖြစ် စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။ ဆန်စပါးသည် မြန်မာနိုင်ငံ၏အဓိကစားနပ်ရိက္ခာဖြစ်သည်။

ဒုတိယကမ္ဘာစစ်မတိုင်မီက မြန်မာနိုင်ငံတွင် စပါးစိုက်ဧက ဟက်တာငါးသန်းအထိရှိခဲ့ပြီး ထိုစဉ်က မြန်မာနိုင်ငံသည် နှစ်စဉ်ပြည်ပသို့ ဆန်တန်ချိန်သုံးသန်းတင်ပို့နိုင်ခဲ့ကာ ကမ္ဘာပေါ်တွင် ဆန်တင်ပို့မှု အများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ခဲ့သော်လည်း စစ်ပြီးကာလတွင် ပြည်တွင်းမငြိမ်သက်မှုများကြောင့် စပါးစိုက်ပျိုးမှုလျော့နည်းခဲ့ရသည်။  ၁၉၆၅ ခုနှစ်နောက်ပိုင်းတွင် ဆန်ထုတ်လုပ်မှုအနည်းငယ်  ပြန်လည်တိုးတက်လာခဲ့သည်။ စားရေရိက္ခာဖူလုံစေရန်နှင့် ဆန်တင်ပို့မှုတိုးတက်မြင့်မားလာစေရန် အထူးဆန်အထွက်နှုန်းအစီအစဉ်မှတစ်ဆင့် ဆန်နည်းပညာသစ်ကို  ၁၉၇၇-၁၉၇၈ ခုနှစ်မှစတင်မိတ်ဆက်စိုက်ပျိုးခဲ့သည်။ ဆည်မြောင်းတာတမံများ၊  ရေလှောင်ကန်များ ဆောက်လုပ်ပေးခြင်း၊  ရှိရင်းစွဲဆည်မြောင်းများ  ပိုမိုကောင်းမွန်လာစေရန်  ပြုပြင်ပေးခြင်း၊ မြစ်ရေတင်စက်များတည်ထောင်ခြင်းနှင့် အထူးသဖြင့် စိုက်ပျိုးရေကို အာမခံချက်ပေးရန်မြေအောက်ရေကိုတူးဖော်ပေးခြင်း၊ နွေစပါးစိုက်ပျိုးခြင်း စသည်တို့ကြောင့် မြန်မာ့ဆန်စပါးလုပ်ငန်းသည် တိုင်းပြည်၏ဆန်ကုန်ထုတ်စွမ်းအားကို မြှင့်တင်ပေးသည့်ရလဒ်ကောင်းများကို   ရရှိခဲ့သည်။  မြန်မာနိုင်ငံတွင်    ပြည်တွင်းဈေးကွက်အကြိုက်စပါးမျိုး ၅၀ ခန့်နှင့် ပြည်ပဈေးကွက်အကြိုက် စပါးမျိုး ၂၀ ခန့်အပါအဝင် စပါးအမျိုးပေါင်း ၉၀ ကျော်ကို စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။

ပေါ်ဆန်းဆန်အား ၁၉၉၇-၁၉၉၈ ခုနှစ်ခန့်က ရွှေဘိုမြို့နယ် သီးလုံးကျေးရွာရှိ တောင်သူတစ်ဦးက ရန်ကုန်တိုင်းဒေသကြီးကျောက်တန်းမြို့နယ်ရှိ  ဗုံလုံကျေးရွာမှ ပေါ်ဆန်းဘေးကြားစပါးမျိုးလေးပြည်ယူဆောင်ပြီး စမ်းသပ်စိုက်ပျိုးရာမှစတင်ခဲ့သည်။  စိုက်ပျိုးခါစတွင်  တောင်သူကြိုက်နှစ်သက်မှု  နည်းခဲ့သော်လည်း နှစ်အနည်းငယ်ကြာလာသည်နှင့်အမျှ မိမိတို့ဒေသရေမြေရာသီဥတုနှင့်  ကိုက်ညီသဖြင့် စိုက်ပျိုးဖြစ်ထွန်းခြင်း၊ အထွက်နှုန်းကောင်းခြင်း၊  ဆန်ထွက်ကောင်းခြင်း၊ စားသုံးမှုအရသာကောင်းခြင်းတို့ကြောင့်  အသုံးများပြီး    လူကြိုက်များလာခဲ့ရာ  တောင်သူအချင်းချင်းမျိုးဖလှယ်၍ စိုက်ပျိုးမှုမှာတစ်စတစ်စများလာခဲ့သည်။ ရွှေဘိုပေါ်ဆန်းစပါးမျိုးကို   ရွှေဘိုမြို့နယ်တင်မကဘဲ ခရိုင်အတွင်းရှိ  ဝက်လက်၊ ရေဦး၊ ခင်ဦး၊ ဒီပဲယင်း စသည့်မြို့နယ်များအထိပါ   တိုးချဲ့စိုက်ပျိုးလာကြပြီး ဈေးကွက်ဝင်မျိုးကောင်းမျိုးသန့်အဖြစ် ထင်ရှားလာကာ ၂၀၀၆-၂၀၀၇ ခုနှစ်ခန့်မှစ၍  မန္တလေးဈေးကွက်တွင်  “ရွှေဘိုပေါ်ဆန်း”ဆိုပြီး   နေရာရလာခဲ့သည်။ ရွှေဘိုပေါ်ဆန်းစပါးမျိုးသည်    မီးဒုန်းအုပ်စုဝင်ဖြစ်ပြီး သက်ကြီး၊  သက်လတ်၊ သက်လျင်ဟူ၍ သုံးမျိုးရှိသည့်အထဲမှ သက်လတ်ရာသီ စပါးရွှေဘိုပေါ်ဆန်းက ဈေးကွက်ဝင်  လူကြိုက်အများဆုံးဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီးသည် နိုင်ငံတော်၏   တတိယစပါးကျီတစ်ခုဖြစ်သည့်အားလျော်စွာ ရွှေဘိုဒေသတွင် သဖန်းဆိပ်ဆည်ရေဖြင့် စပါးစိုက်လယ်ဧက ၄ ဒသမ ၄ သိန်းခန့်ရှိရာ မိုးရေချိန် လက်မ ၄၀ ရှိသည့်အတွက်  အထွက်နှုန်းနှင့်အရည်အသွေးကောင်းမွန်သည့်  ရွှေဘိုပေါ်ဆန်းစပါးတိုးတက်စိုက်ပျိုးလာကြသည်ကို စိုက်ပျိုးရေးဦးစီးဌာန၏  စာရင်းများအရသိရှိရသည်။ ရွှေဘိုပေါ်ဆန်းစပါးသည်   ရွှေဘိုဒေသ၏   ရေမြေရာသီဥတုနှင့်ကိုက်ညီခြင်း၊ မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ဖြန့်ဖြူးလာနိုင်ခြင်းတို့ကြောင့် တင်ပို့ရောင်းချသူများအနေဖြင့် ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်များအထိ ထိုးဖောက်ချဲ့ထွင်နိုင်ရန်ဆောင်ရွက်လျက်ရှိသည်။  ထိုသို့ ပြည်ပဈေးကွက်ရရှိရေး အတွက်လည်း ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအနေဖြင့်  အထွက်နှုန်းကောင်းသော၊ အရည်အသွေးကောင်းသော မျိုးကောင်းမျိုးသန့် စပါးများရွေးချယ်စိုက်ပျိုးခြင်း၊ ဈေးကွက်ခိုင်မာသော စပါးမျိုးပြောင်းလဲစိုက်ပျိုးခြင်း၊ GAP စနစ်ဖြင့် စနစ်တကျစိုက်ပျိုးခြင်း   အစရှိသည့် နည်းလမ်းများကို ဆောင်ရွက်လျက်ရှိကြသည်။

ရွှေဘိုပေါ်ဆန်းစပါးနှင့်ဆန်၏ထူးခြားကောင်းမွန်သည့် လက္ခဏာများသည် ဒေသ၊ ရေမြေရာသီဥတုနှင့်ကိုက်ညီသည့်အတွက်   စပါးအထွက်ကောင်းခြင်း၊ အလေးချိန်စီးပြီး အနှစ်ပြည့်ဝခြင်း၊ စပါးပေါ်ချိန်မှစ၍  သိုလှောင်ချိန်ကာလများအထိ ဈေးကွက်ခိုင်မာပြီး ဈေးကောင်းရခြင်း၊ ဆန်ထွက်ကောင်းပြီး ဆန်အရည်အသွေးနှင့်   ဆန်သားကောင်းမွန်ခြင်း၊ စပါးရိတ်ချိန်တွင် အစေ့ကြွေကျမှုနည်း၍ လေလွင့်မှုသက်သာခြင်း၊    အိုးတက်ခြင်း၊  အနံ့မွှေးပြီးနူးညံ့ခြင်းတို့ကြောင့် စားကောင်းသည့်ဆန်ဖြစ်သည်။

၂၀၁၁ ခုနှစ်၌  ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ကျင်းပခဲ့သော  အပြည်ပြည်ဆိုင်ရာဆန်စပါးညီလာခံတွင်   မြန်မာနိုင်ငံမှ ထုတ်လုပ်သည့်   ရွှေဘိုပေါ်ဆန်း သည် “ကမ္ဘာ့အကောင်းဆုံးဆန်(World Best Rice)”အဖြစ် ရွေးချယ်ခံခဲ့ရသည်။ အရှေ့တောင်အာရှ ဆန်စိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံများတွင် အကောင်းဆုံးသောအရည်အသွေးများနှင့်ထိပ်တန်းဆန်များ ကိုယ်စီပိုင်ဆိုင်ထားကြသည့်အနက် မြန်မာနိုင်ငံသည်လည်း   ပါဝင်လာခြင်းဖြစ်သည်။

ထိုင်းမှစံပယ်နံ့မွှေးသော Hom Mali ဆန်၊ ကမ္ဘောဒီးယားနိုင်ငံမှ Malys Angkor ဆန်၊ ဗီယက်နမ်နိုင်ငံမှ ST24 ဆန်များနည်းတူ မြန်မာနိုင်ငံမှ  ရွှေဘိုပေါ်ဆန်းကလည်း ကမ္ဘာ့အကောင်းဆုံးဆန်အဖြစ် ရပ်တည်လာခြင်းဖြစ်ရာ  မိမိတို့၏ဆန်အရည်အသွေးကို   မပြတ်မြှင့်တင်နေရန်နှင့် အကောင်းဆုံးဆန်စပါးမျိုးသစ်များ ထပ်မံထွက်ပေါ်လာစေရန်လည်း ကြိုးပမ်းနေကြရမည်ဖြစ်သည်။ ရွှေဘိုပေါ်ဆန်းကို ပြည်တွင်းဈေးကွက်တွင်  အများဆုံးရောင်းချရပြီး ပြည်ပဈေးကွက်တွင်လည်း “မြန်မာ့ပုလဲ” အမည်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

ရွှေဘိုပေါ်ဆန်းဆန်ကို  အသေးစိတ်တိကျသော  သီးခြားအရည်အသွေးများ၊ နာမည်ဂုဏ်သတင်း သို့မဟုတ်  ထူးခြားသော အသွင်အပြင်လက္ခဏာရှိသည့် အချို့သော တိုင်းပြည်၊ ဒေသ သို့မဟုတ် တိုင်းဒေသကြီး/ ပြည်နယ်များမှလာသော ထုတ်ကုန်ပစ္စည်းများအပေါ်  ပထဝီဝင်ဒေသဆိုင်ရာညွှန်းဆိုမှုအတွက်  သိသာထင်ရှားစေသည့်   အထောက်အထားလက်မှတ်တစ်ခုဖြစ်သော Geographical Indication(GI) ရရှိရေးအတွက်  အဖွဲ့အစည်းအဆင့်ဆင့်ဖွဲ့စည်း၍ ကျွမ်းကျင်ပညာရှင်များ၊ အဖွဲ့အစည်းများနှင့် စုပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။  အဆိုပါ အသိအမှတ်ပြုလက်မှတ်သည် ပုံမှန်အားဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများတွင်ရောင်းချသော   ကုန်ပစ္စည်းများအတွက်   ဈေးကွက်တန်ဖိုးကို တိုးပွားစေပြီး   ၎င်းထုတ်ကုန်များ၏ အရည်အသွေးကြောင့် စားသုံးသူများ၏ အသိအမှတ်ပြုမှုကို   တည်ဆောက်နိုင်ခြင်းဖြင့်  ဒေသထုတ်ကုန်များ၏ ကုန်အမှတ်တံဆိပ်ကိုကာကွယ်ပေးကြောင်း   သိရှိရသည်။

မြန်မာ့ဆန်ကို  ကမ္ဘာ့ဈေးကွက်တွင် ဈေးကွက်ဝေစုပိုမိုရရှိနိုင်ရန် စပါးစတင်စိုက်ပျိုးချိန်တွင် GAP စနစ်များဖြင့်စိုက်ပျိုးခြင်းမှစတင်ကာ ဓာတ်မြေဩဇာကျွေးခြင်း၊ စပါးအထွက်နှုန်းကောင်းစေရန်နှင့်  ဆန်အရည်အသွေးမြင့်မားစေရန် အချိန်မီရိတ်သိမ်းခြင်း၊    ရိတ်သိမ်းချိန်လွန်နည်းပညာများဖြစ်သည့် စပါးအခြောက်ခံခြင်း၊ စပါးသန့်စင်ခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ အရည်အသွေးစစ်ဆေးခြင်း၊ ဖြန့်ချိခြင်းနှင့်ကြိတ်ခွဲခြင်း စသည့်အဆင့်တိုင်းတွင် ဈေးကွက်ဝင်ဖြစ်စေရေးတို့ကို နိုင်ငံတကာကသတ်မှတ်ထားသောအဆင့်မီနေရန်   ဆောင်ရွက်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ စီးပွားရေးသည် စိုက်ပျိုးရေးနှင့်    မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုကို  ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး    အခြားစီးပွားရေးကဏ္ဍများကိုလည်း   ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေးသည် နိုင်ငံတော်၏ ဦးတည်ချက်(၉)ရပ်တွင် တစ်ခုအပါအဝင်ဖြစ်သည်။ နိုင်ငံတော်အကြီးအကဲက “မြန်မာနိုင်ငံအနေဖြင့်   နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်   ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ရာ အရည်အသွေးနှင့်အထွက်နှုန်း   ပိုမိုကောင်းမွန်သည့် ဆန်စပါးတိုးချဲ့စိုက်ပျိုးထုတ်လုပ်ရေးနှင့် ပြည်ပသို့ပိုမိုတင်ပို့နိုင်ရေးကို ဦးစားပေးလုပ်ငန်းတစ်ခုအနေဖြင့်  ဆောင်ရွက်သွားကြရန်”လိုအပ်ကြောင်းကို  “မြန်မာ့ဆန်စပါးညီလာခံ ၂၀၂၂”ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။ ထို့ပြင် “မိမိတို့နိုင်ငံမှထုတ်လုပ်သည့် ဆန်နှင့်ပဲများသည် ဈေးကွက်ရရှိပြီးဖြစ်သဖြင့် ယခုထက်အရည်အသွေး  ပိုမိုကောင်းမွန်သည့်   ဆန်နှင့်ပဲများတင်ပို့နိုင်ရေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊  ဥပမာအားဖြင့် ဂုဏ်သတင်းရှိပြီးဖြစ်သည့် ပေါ်ဆန်းမွှေးဆန် ရောင်းအားမြှင့်တင်ရန်လိုကြောင်း”ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်  ဇန်နဝါရီလ ၁၇ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး   အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။ ထိုသို့ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အတိုင်း အရည်အသွေးနှင့်အထွက်နှုန်းပိုမိုကောင်းမွန်သည့် ဆန်စပါးတိုးချဲ့စိုက်ပျိုးပြီး အရည်အသွေးမြင့် မြန်မာ့ဆန်များပြည်ပသို့ပိုမိုတင်ပို့နိုင်ရေး၊ ကမ္ဘာ့ဆန်တင်ပို့သည့်  ထိပ်တန်းနိုင်ငံနေရာသို့ ပြန်လည်ရောက်ရှိရေးနှင့် နိုင်ငံခြားဝင်ငွေရရှိရေး တို့အတွက်   ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ တောင်သူများနှင့် အစိုးရဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း တိုက်တွန်း ရေးသားတင်ပြလိုက်ရပါသည်။    ။

Source: Myawady Web Portal

 

သွေးချိုဆီးချိုရောဂါရှိသူများစားသုံးနိုင်သောသကြားပါဝင်မှုအနည်းဆုံးသစ်သီးများ

Posted_Date

Image

သွေးချိုဆီးချိုရောဂါရှိသူများစားသုံးနိုင်သောသကြားပါဝင်မှုအနည်းဆုံးသစ်သီးများ

Body

သစ်သီးများတွင်  ဗီတာမင်၊  သတ္တု ဓာတ်၊ အမျှင်ဓာတ်နှင့်ရေဓာတ်များ ကြွယ်ဝပြီး  အင်တီအောက်စီးဒင့်အများအပြားပါဝင်သဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများရှိသည်။ သွေးချိုဆီးချိုရောဂါ ရှိသူများအပါအဝင်   လူတိုင်းနီးပါးသည် သစ်သီးများစားခြင်းမှ     အကျိုးကျေးဇူး များရရှိနိုင်ပါသည်။ သစ်သီးအားလုံးတွင် Fructose  နှင့်  Glucose   သဘာဝသကြားဓာတ်အမျိုးအစား  နှစ်မျိုးပါဝင်သည်။  သကြားဓာတ်တစ်ခုချင်းစီ၏ပါဝင်မှုအချိုးအစားမှာ ကွဲပြားသော်လည်း သစ်သီးအများစုတွင် Glucose တစ်ဝက် နှင့်  fructose  တစ်ဝက်ခန့် ပါဝင်သည်။  Glucose  သည်  သွေးတွင်းသကြားဓာတ်ကို    မြင့်တက်စေသဖြင့်  ခန္ဓာကိုယ်က အင်ဆူလင်အကူအညီဖြင့် ဇီဝဖြစ်ပျက်မှုတွင် အသုံးပြုရသည်။ Fructose သည် သွေးတွင်းသကြားဓာတ်ကို မတိုးမြင့်စေ ဘဲ အသည်းတွင်ဖြိုခွဲ၍ စွမ်းအင်ထုတ်လုပ်သည်။

သရက်သီးနှင့် ဖရဲသီးအပါအဝင် အလွန်ချိုသောသစ်သီးများတွင် သဘာဝအတိုင်း သကြားပါဝင်မှုမြင့်မားသည်။    သို့သော် ယေဘုယျအားဖြင့်  သစ်သီးများသည် အချိုပါသော အစားအစာများထက် သကြားပါဝင်မှုနည်းသည်။  သစ်သီးများ တွင် ကျန်းမာရေးနှင့်ညီညွတ်သော အာဟာရဓာတ်များ၊  ဗီတာမင်၊ အမျှင် ဓာတ်၊   သတ္တုဓာတ်နှင့်   ရေဓာတ်များ ပါဝင်သောကြောင့် ပြုပြင်ပြီး သကြား များပါရှိသော  သရေစာများထက်  ပိုမိုကောင်းမွန်သည်။  သွေးချိုဆီးချိုရောဂါရှိသူများသည်   သကြားပါဝင်မှုမြင့်မားသောသစ်သီးအများစုကို   ရှောင်စားရန်လိုအပ်သည်။  သွေးချိုဆီးချိုရောဂါရှိသူများ သရေစာအဖြစ်  ရွေးချယ်စားသုံးနိုင်သည့် သကြားပါဝင်မှုအနည်းဆုံးသစ်သီးများမှာ လိမ္မော်သီး၊  သံပရာသီး၊ ဂရိတ်ဖရုသီး၊  မာလကာသီး၊  ထောပတ်သီး၊ ဆီးသီး၊ မက်မွန်သီး၊ ကီဝီသီး၊ ပန်းသီးစိမ်း၊ သင်္ဘောသီး၊  ဖရဲသီး၊   သခွားမွှေးသီးနှင့်ဘယ်ရီသီးများဖြစ်ပြီး  ကယ်လိုရီပါဝင်မှု လည်းနည်းသောကြောင့် ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းထားနိုင်သည်။

Citrus fruits ခေါ် သံပရာသီး၊ သံပရိုသီး၊ လိမ္မော်သီးနှင့်ဂရိတ်ဖရုသီး သံပရာသီးတစ်လုံးတွင်  သကြား  ၁ ဂရမ်၊  သံပရိုသီးတစ်လုံးတွင် သကြား  ၂ ဂရမ်၊ လိမ္မော်သီး  ၁၀၀ ဂရမ်တွင် သကြား ၉  ဂရမ်၊  ဂရိတ်ဖရုသီး   ၁၀၀  ဂရမ်တွင် သကြား ၆ ဒသမ ၇ ဂရမ်ပါဝင်ပြီး ဗီတာမင် C ကြွယ်ဝစွာပါဝင်သောကြောင့် ကိုယ်ခံ အားစနစ်ကို မြှင့်တင်ပေးနိုင်သည်။သစ်သီး၏အကျိုးပြုဇီဝဒြပ်ပေါင်းများစွာစုစည်းထားသောနေရာဖြစ်သည့်  Citrus fruits ပေါ်ရှိ အဖြူရောင်အလွှာနှင့် အမြှေး ပါးများကိုစားခြင်းသည် ကျန်းမာရေးနှင့် ညီညွတ်သည်။ သံပရာသီးများသည် စားသုံးရန်အလွန်ချဉ်သော်လည်း လူ အများစုသည်  သံပရာရည်   သို့မဟုတ် သံပရိုရည်ကို တခြားသကြားဓာတ်ပါသောဖျော်ရည်များအစား သောက်ရန်နှစ်သက်ကြသည်။ တစ်ခါတစ်ရံ အသုပ်များတွင် ညှစ်ထည့်ပြီး စားနိုင်သည်။ Citrus zest ခေါ်  သံပရာသီးအပြင်ဘက်ရှိ  အခွံ၏ မွှေးကြိုင်သောအနံ့ကြောင့် ဖျော်ရည်များနှင့်ဟင်းများတွင်   ဟင်းခတ်အမွှေးအကြိုင်အဖြစ်နှင့်  ဟင်းအရသာများအတွက် ထည့်သွင်းအသုံးပြုနိုင်သည်။ လိမ္မော်သီးများကို အမြွှာလိုက်စားခြင်းကဖျော်ရည်သောက်ခြင်းထက် အမျှင်ဓာတ်များစွာရနိုင်သည်။ ဂရိတ်ဖရုသီးတွင်အမျှင်ဓာတ်များကြွယ်ဝစွာပါဝင်ပြီး အသီးလွှာနှင့်အမြှေးပါးများသည်ချဉ်၍  အခွံ မှာ အနည်းငယ်ခါးသည်။

မာလကာသီး

မာလကာသီး ၁၀၀ ဂရမ်တွင် သကြား၈ ဒသမ ၉ ဂရမ်ခန့်ပါဝင်ပြီး ဗီတာမင်C၊ ပိုတက်ဆီယမ်နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်သည်။   မာလကာသီးသည်   အမျှင်ဓာတ်များ  အံ့မခန်းကြွယ်ဝသောကြောင့်   သကြားဓာတ်စုပ်ယူမှုကိုနှေးကွေးစေပြီး သွေးတွင်းသကြားဓာတ် ပမာဏကို ထိန်းချုပ်နိုင်သည်။

ထောပတ်သီး

ထောပတ်သီး ၁၀၀ ဂရမ်တွင် သကြား  သုည ဒသမ  ၆၆  ဂရမ်သာ ပါဝင်သဖြင့်  သကြားမပါသလောက်ဖြစ်ပြီး   ကျန်းမာရေးနှင့်ညီညွတ်သော monounsaturated fatty acids (oleic acid) နှင့်  အမျှင်ဓာတ်များပါရှိသည်။   ကာဗိုဟိုက်ဒရိတ်ပါဝင်မှုနည်းပြီး   အင်ဆူလင်အာရုံခံနိုင်စွမ်းကို     တိုးမြင့်စေနိုင်သောကြောင့်   သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းညှိပေးနိုင်သည်။

ဆီးသီး

လတ်ဆတ်သော   ဆီးသီးတစ်လုံးတွင် သကြား ၆ ဂရမ်ပါရှိသည်။ ချိုသော်လည်း ကယ်လိုရီနည်းသော ဆီးသီးများသည်အမျှင်ဓာတ်ပါဝင်မှုမြင့်မားသောကြောင့်ဗိုက်ပြည့်သည့်ခံစားမှုရစေပြီး   ဝမ်းချုပ်ခြင်းကိုကာကွယ်ပေးနိုင်သည်။    အထူးသဖြင့် ပျော်ဝင်နိုင်သောအမျှင်ဓာတ်သည် အစာခြေချိန်တွင် ဂျယ်အဖြစ်ပြောင်းလဲကာ အစာခြေခြင်းကို နှေးကွေးစေနိုင်သည်ဟု အမျိုးသားဆေးပညာစာကြည့်တိုက်မှ သိရသည်။ ဆီးသီးတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနှင့်    တခြားအကျိုးပြုအပင်ဒြပ်ပေါင်းများပါရှိသည်။

မက်မွန်သီး

မက်မွန်သီး  ၁၀၀  ဂရမ်တွင် သကြား ၇ ဒသမ ၉  ဂရမ်ပါဝင်ပြီး  အသားနှင့် အခွံနှစ်မျိုးစလုံးသည် အင်တီအောက်စီးဒင့်နှင့်    ရောင်ရမ်းမှုကိုဆန့်ကျင်သည့် အာနိသင်ရှိကြောင်း သုတေသနပြုချက်များမှတွေ့ရှိခဲ့သည်။ အရသာရှိပြီး အရည်ရွှမ်းသောမက်မွန်သီးတွင် တခြားအစေ့ပါသော   အသီးများထက်   အမျှင်ဓာတ်၊ ဗီတာမင် C နှင့် ပိုတက်ဆီယမ်တို့ ပိုမိုပါဝင်သည်ဟု အစားအသောက်ပညာရှင်များ ကဆိုသည်။    မက်မွန်သီးတစ်လုံးသည် ၁၀၀ ဂရမ်ခန့်ရှိပြီး   စူပါမားကက်တိုင်းတွင်  ဝယ်ယူရရှိနိုင်သဖြင့်   တစ်နေ့လျှင် တစ်လုံးခန့်စားသုံးရန် အကောင်းဆုံးဖြစ်သည်။

ကီဝီသီး

ကီဝီသီး     အနေတော်တစ်လုံးတွင်သကြား  ၇  ဂရမ်ပါဝင်၍  ဗီတာမင် C အကြွယ်ဝဆုံးအသီးဖြစ်ပြီး ဗီတာမင် E လည်း ပါဝင်သောကြောင့် အရေပြား ကျန်းမာရေးအတွက် အစွမ်းထက်သည်။ မျက်စိကျန်းမာရေးအတွက်  အကျိုးပြုသော အင်တီအောက်စီးဒင့် Lutein ပါဝင်ပြီး အမျှင်ဓာတ်လည်း ကြွယ်ဝသည်။ တစ်နေ့လျှင် ကီဝီသီးနှစ်လုံးစားခြင်းသည် ဝမ်းချုပ်ခြင်းကိုသက်သာစေရန် သင့်လျော်သော    အစားအသောက်ကုသမှုတစ်ခု ဖြစ်ကြောင်း  လေ့လာမှုများအရ  တွေ့ရှိခဲ့ သည်။

ပန်းသီးစိမ်း

ပန်းသီးစိမ်း ၁၀၀ ဂရမ်တွင် သကြား၉ ဒသမ ၅၉ ဂရမ်မှ ၁၁ ဂရမ်ခန့်ပါဝင်ပြီး အနီရောင်ပန်းသီးထက် သကြားဓာတ် နည်းသည်။အမျှင်ဓာတ်နှင့် ဓာတ်တိုး ဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါဝင်ပြီး ဗီတာမင်A၊ C၊ E၊ K၊  B-complex၊  ကယ်လ်စီယမ်၊ သံ၊ ပိုတက်ဆီယမ်၊  မဂ္ဂနီဆီယမ်နှင့်ကြေးနီတို့ပါဝင်သည်။

သင်္ဘောသီး

 သင်္ဘောသီး ၁၀၀ ဂရမ်တွင် သကြား ၇  ဒသမ ၈  ဂရမ်ပါဝင်ပြီး   မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊  ဖောလိတ်၊   Lycopene၊ ဗီတာမင် A၊ C၊ E၊ K နှင့် ဘီတာကယ်ရိုတင်း တို့ပါဝင်သည်။  အစာအိမ်ကျန်းမာရေး အတွက် အမျှင်ဓာတ်နှင့်နှလုံးကျန်းမာရေး အတွက် ပိုတက်ဆီယမ်တို့ပါရှိသည်။သင်္ဘောသီးတွင်    ကျန်းမာရေးအကျိုး ကျေးဇူးများရှိသောကြောင့်  Fruit of long life   (အသက်ရှည်စေသောအသီး) ဟုခေါ်ကြသည်။

ပင်မှည့်သီး

ပင်မှည့်သီးသည် မွှေးကြိုင်ချိုမြိန်သောအရသာရှိပြီး ၁၀၀ ဂရမ်တွင် သကြား ၁၁ ဂရမ်ခန့်ပါရှိသည်။ ဗီတာမင် A၊ ဗီတာမင် B2၊ ဗီတာမင် C၊ သံ၊  မဂ္ဂနီဆီယမ်နှင့်ပိုတက်ဆီယမ်ဓာတ်များ၊   အမျှင်ဓာတ်နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝသည်။    ကယ်လိုရီနည်းပြီး    အာဟာရ ဓာတ်များပြည့်ဝသော သရေစာဖြစ်သည်။ တခြားသစ်သီးဖျော်ရည်များတွင် အနံ့မွှေးလာစေရန်ထည့်လေ့ရှိသော  အသီးဖြစ်သည်။

ဖရဲသီး

ဖရဲသီးတစ်ခွက်တွင် သကြား ၉ ဂရမ် ပါဝင်ပြီး သွေးပေါင်ချိန်လျော့ကျမှုနှင့် လေဖြတ်နိုင်ခြေကိုလျှော့ချပေးသည့် အနီ ရောင်ခြယ်ပစ္စည်းနှင့် အစွမ်းထက်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်း lycopene  ပါဝင်သည်။ ပိုတက်ဆီယမ်နှင့်မဂ္ဂနီဆီယမ် တို့လည်း ကြွယ်ဝစွာပါရှိသောကြောင့် နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုသည်။ ရေဓာတ်နှင့်  Electrolytes   ကြွယ်ဝစွာပါဝင်သောကြောင့် ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်တင်းပေးနိုင်သည်။  ဖရဲသီး ကဲ့သို့ အရွယ်အစားကြီးသောအသီးများကို  ပိုင်းဖြတ်ပြီး ရေခဲသေတ္တာထဲတွင်  သိမ်းဆည်းထားခြင်းဖြင့်  သရေစာအဖြစ် အလွယ်တကူစားသုံးနိုင်သည်။

သခွားမွှေးသီး

သခွားမွှေးသီးတစ်ခွက်တွင်  သကြား၁၂ ဂရမ်နှင့် ဗီတာမင် A မြင့်မားစွာ ပါဝင်သောကြောင့်     မျက်စိကျန်းမာရေးနှင့်ကိုယ်ခံအားအတွက်    အရေးကြီးသောအာဟာရပမာဏ၏   ၄၀  ရာခိုင်နှုန်းကိုထောက်ပံ့ပေးနိုင်သည်။ နေ့စဉ် ဗီတာမင် C  လိုအပ်ချက်၏   သုံးပုံနှစ်ပုံခန့်လည်း ပါဝင်သည်။

ဘယ်ရီသီးများ

စတော်ဘယ်ရီ၊ ရက်စ်ဘယ်ရီ၊ ဘလက်ဘယ်ရီ၊ ခရင်မ်ဘယ်ရီ စသည့်ဘယ်ရီသီးများတွင် သကြားပါဝင်မှုနည်းပြီး ကျန်းမာရေးနှင့်ညီညွတ်သည်။ စတော်ဘယ်ရီ ၁၀၀ ဂရမ်တွင် သကြား ၅ ဒသမ ၁ ဂရမ်ပါရှိပြီး အမျှင်ဓာတ်နှင့် ဗီတာမင် C မြင့်မားသည်။ ရက်စ်ဘယ်ရီသီး ၁၀၀ ဂရမ်တွင် သကြား  ၄  ဒသမ ၅  ဂရမ်နှင့် ဘလက်ဘယ်ရီသီး ၁၀၀ ဂရမ်တွင် သကြား ၄  ဒသမ  ၉ ဂရမ်ပါရှိသည်။  လတ်ဆတ်သော  ခရင်မ် ဘယ်ရီသီး  ၁၀၀   ဂရမ်တွင်    သကြား
၃ ဒသမ ၄ ဂရမ်သာပါဝင်သည်။   ခရင်မ် ဘယ်ရီသီးတွင်ရှိသော ကာဗိုဟိုက်ဒရိတ် ၏သုံးပုံတစ်ပုံခန့်သည် အမျှင်များဖြစ်ပြီး    အစာကြေရန်ခက်ခဲသောကြောင့် အစားအစာများကို  ခန္ဓာကိုယ်အတွင်း ချောမွေ့ စွာဖြတ်သန်းနိုင်ရန်    ကူညီပေးသည်။ ဆာလောင်မှုနှင့် သွေးတွင်းသကြားဓာတ် ကို   ထိန်းချုပ်ရန်လည်း  ကူညီပေးသည်။ လတ်ဆတ်သောခရင်မ်ဘယ်ရီသီးများကို စားသုံးရန် အချဉ်ဓာတ်လွန်ကဲလွန်းသော် လည်း ဗီတာမင် C နှင့် ဓာတ်တိုးဆန့်ကျင် ပစ္စည်းများပါဝင်သောကြောင့်   အရသာရှိသော ဖျော်ရည်များ၊ အသုပ်များ  သို့မဟုတ်  Oatmeal   နှင့်   ဒိန်ချဉ်တို့တွင် ထည့်သွင်းစားသုံးနိုင်သည်။

သွေးချိုဆီးချိုရောဂါရှိသူများ    အပါအဝင်  လူတိုင်းနီးပါးသည်  သစ်သီးများစားခြင်းဖြင့်   အကျိုးကျေးဇူးများရရှိနိုင်သည်။ သစ်သီးများသည် မျှတပြီး ကျန်းမာရေးနှင့်ညီညွတ်သော စားသောက်မှုအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းတွင် ပါဝင်သင့်သည်။ ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးစင်တာ(CDC)မှ သုတေသနပြုချက်အရ အရွယ်ရောက်ပြီးသူများသည် တစ်နေ့လျှင်   အသီးအနှံတစ်ခွက်ခွဲမှ   နှစ်ခွက်အထိ စားသုံးသင့်သည်ဟု အကြံပြုထားသည်။ ကျန်းမာရေးအကျိုးကျေးဇူးများရှိသော်လည်း တစ်ကြိမ်တည်းတွင် အသီးများများစားခြင်းသည် ကယ်လိုရီလွန်ကဲ စွာစားသုံးမှုကို  ဖြစ်စေနိုင်သောကြောင့်  လူတစ်ဦးသည် အစာစားတိုင်းတွင် သကြားဓာတ်နည်းသော  သစ်သီးများကို  ပေါင်းစပ်စားသုံးနိုင်သည်။ သကြားဓာတ်နည်းသောသစ်သီးများကို သရေစာအဖြစ် အလွယ်တကူပြုလုပ်နိုင်သည်။ သကြားပါဝင်မှုမြင့်မားသော ဖျော်ရည်များသောက်မည့်အစား သံပရာသီးတစ်ဝက်ကို ရေထဲသို့ညှစ်ထည့်သောက်ခြင်း   သို့မဟုတ် သံပရာသီးဖျော်ရည်သောက်ခြင်းသည် လန်းဆန်းစေသော နည်းလမ်းတစ်ခုဖြစ်သည်။ သွေးချိုဆီးချိုရောဂါရှိသူများအနေဖြင့် စားသင့်သည့်အသီးအနှံပမာဏအကြောင်းကို ဆရာဝန် သို့မဟုတ် အစားအသောက်ပညာရှင်နှင့် ဆွေးနွေးတိုင်ပင်၍ ကျန်းမာရေးနှင့်ညီညွတ်စေရန် ရွေးချယ်နိုင်ပါကြောင်း   ရေးသားတင်ပြလိုက်ရပါသည်။