လျစ်လျူရှုခံ ကျောက်သားပျက်သီး (Gac Fruit) သို့မဟုတ် ကောင်းကင်ဘုံမှ နတ်သစ်သီး

Posted_Date

Image

လျစ်လျူရှုခံ ကျောက်သားပျက်သီး (Gac Fruit) သို့မဟုတ် ကောင်းကင်ဘုံမှ နတ်သစ်သီး

Body

မြန်မာနိုင်ငံသည်  စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်ပြီး     သီးနှံမျိုးစုံ ပေါက်ရောက် စိုက်ပျိုးဖြစ်ထွန်းနိုင်သည့် ရေမြေသဘာဝကို ပိုင်ဆိုင်ထားရှိသည်။ နိုင်ငံ၏စီးပွားဖြစ်သီးနှံအဖြစ် သီးနှံ (၁၀)မျိုးကို သတ်မှတ်ပြီး ပန်းတိုင်အထွက်နှုန်းများ သတ်မှတ်ကာ ဆောင်ရွက်လျက်ရှိသည်။ သီးနှံစုံပေါက်ရောက်ဖြစ်ထွန်းနေသည့် နိုင်ငံတွင် အချို့သော သီးနှံများမှာ အသုံးပြုမှုနည်းခြင်း၊ အသုံးပြုရန် မေ့လျော့နေကြခြင်း စသည်တို့ကြောင့် စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်မှု မပြုလုပ်သေးသည့် သီးနှံများစွာရှိနေသည်။ ၎င်းတို့အနက် ယခုရေးသားတင်ပြမည့် သီးနှံဖြစ်သော ကျောက်သားပျက်သီးလည်း တစ်ခုအပါအဝင်ဖြစ်သည်။

ကျောက်သားပျက်သီး (Gac Fruit) သည် ကြက်ဟင်းခါးမျိုးနွယ်၊ ဘူး၊ ဖရုံ၊ သခွားများ ပါဝင်သည့်   အပင်မျိုးနွယ် (Cucurbita) အုပ်စုဝင်တစ်ခုဖြစ်သည်။၎င်းသည် ကြက်ဟင်းခါးမျိုးများနှင့် မျိုးရင်း (Momordica) တူညီပြီး မျိုးစိတ်သာကွဲပြားခြားနားသည်။ အင်္ဂလိပ်အမည်အားဖြင့် GAC fruit ဟုခေါ်ပြီး နိုင်ငံဒေသအလိုက် အခေါ်အဝေါ်ကွဲပြားမှုများရှိသည်။ ကျောက်သား ပျက်သီး၏ သိပ္ပံအမည်မှာ   Momordica cochinchinensis Spreng ဖြစ်သည်။

ကျောက်သားပျက်၏ မူရင်းဒေသမှာ အရှေ့တောင်အာရှဖြစ်ပြီး    မြန်မာနိုင်ငံ အပါအဝင် ဗီယက်နမ်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံစသည်တို့တွင် သဘာဝအတိုင်း ပေါက်ရောက်ပြီး ယခုကာလတွင် ဗီယက်နမ်နိုင်ငံ၊  ထိုင်းနိုင်ငံနှင့်   တရုတ်နိုင်ငံတို့တွင်  စီးပွားဖြစ်စိုက်ပျိုးလာကြသည်။ မြန်မာနိုင်ငံတွင် သာစည်မြို့နယ် လှိုင်းတက် ကျေးရွာ၊ ကူမဲမြို့နယ်နှင့် ဧရာဝတီတိုင်း ဒေသကြီး မြောင်းမြမြို့နယ်ရှိ  ကျေးရွာများတွင် သဘာဝအတိုင်း  အရိုင်းပေါက်ရောက်နေသည်ကို  လေ့လာတွေ့ရှိရသည်။ ယခုထိ စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်ခြင်း မရှိသေးပါ။

ကျောက်သားပျက်သီးအပင်သည် ဘူး၊ ဖရုံ၊ ကြက်ဟင်းခါး  စသည်တို့နည်းတူ တစ်နှစ်ခံနွယ်ပင်  အမျိုးအစားဖြစ်ပြီး ထိုင်းနိုင်ငံတွင် နှစ်ရှည်ပင်အဖြစ်လည်း စိုက်ပျိုးကြသည်။ ဘူး၊ ဖရုံအုပ်စုဝင်အပင်ဖြစ်သော်လည်း  ကျန်သောဘူးမျိုးနွယ် အပင်မျိုးများနှင့်မတူညီဘဲ အဓိကခြားနားချက်မှာ  အဖိုပင် အမပင်သီးခြားရှိသော အပင်မျိုးဖြစ်သည်။ ပင်စည်သည် စပျစ်ကဲ့သို့ သစ်မာပါသော ပင်စည်အမျိုးအစားဖြစ်ပြီး  ပင်ပိုင်းမျိုးပွားနိုင်သည့် အဓိက အချက်ဖြစ်သည်။ အမြစ်သည် ရေသောက်မြစ်မကြီးအပြင် ပီလောပီနံကဲ့သို့  အစာသိုလှောင်မြစ် (tuberous roots )အဖြစ် ဖွဲ့စည်းတည်ရှိပြီး   rhizomes ကဲ့သို့ တည်ရှိနေသည်။ ထိုအချက်က ကျောက်သားပျက်ပင်ကို နှစ်ရှည်အဖြစ် စိုက်ပျိုးနိုင်သည့် စွမ်းရည်ကိုရရှိစေသည်။ သဘာဝအတိုင်း     ပေါက်ရောက်နေသည့် ကျောက်သားပျက်သီးပင်များတွင်  နွေရာသီကဲ့သို့    ပူပြင်းခြောက်သွေ့ချိန်တွင် အရွက်များ ပင်စည်များ ညှိုးကျသွားပြီး မိုးဦးကျအချိန်တွင် မြေအောက်ရှိ ကျန်ရှိနေသောအမြစ် rhizomes အစိတ်အပိုင်းမှ အညွန့်သစ်ထွက်ကာ     အပင်အဖြစ် ကြီးထွားလာကြသည်။  ဤကဲ့သို့သော ဖြစ်ပေါ်မှုသည် ကျီးအာသီးပင်နှင့်ဆင်တူသည်ကိုလည်းတွေ့ရှိရသည်။ ကျောက်သားပျက်သီး၏အရွက်မှာ ရွက်ခွပါသော ရိုးရိုးအရွက်အမျိုးအစားဖြစ်ပြီး ပင်စည်၊ အကိုင်းတို့မှ ရွက်လွဲပုံစံထွက်ရှိသည်။  စိုက်ပျိုးသည့် မျိုးပေါ် မူတည်၍ ရွက်ခွသုံးခုမှ ငါးခုအထိပါရှိသည်။   ပန်းပွင့်မှာ အဖိုပွင့်၊အမပွင့်သီးခြားရှိသည်။ ပန်းပွင့်ပြီး သန္ဓေအောင်ပြီးသည်မှ နှစ်လမှသုံးလတွင် ရင့်မှည့်သည်။  အသီးစတင်တည်ချိန်မှ ရင့်မှည့်သည်အထိကြာမည့်အချိန်မှာ မျိုးအပေါ်တွင်လည်းကောင်း၊  ပတ်ဝန်းကျင်ရာသီဥတုပေါ်တွင်လည်းကောင်းမူတည်သည်။ အ‌ဝေးတင်ပို့မည်ဆိုပါက အသီးအဝါရောင်မှ အညှာထိပ်ပိုင်း လိမ္မော်ရောင်ပြောင်းချိန်တွင် ခူးဆွတ်နိုင်ပြီး    ခူးပြီးချက်ချင်း အသုံးပြုမည်ဆိုပါက အသီးအနီရောင် ဖြစ်မှခူးဆွတ်ခြင်းသည် အာဟာရပါဝင်မှု အများဆုံးရရှိစေနိုင်သည်။   အမပင်မှ တစ်ပင်ပါ အမပွင့်အရေအတွက် ၇၀ နှင့် အထက်ထွက်ရှိသည်။   အဖိုပင်သည် အမပင်ထက် ပန်းပွင့်ပိုများသည်။ အခြားသောဘူး၊ ဖရုံများကဲ့သို့ပင် နံနက်ပိုင်းတွင်ပန်းပွင့်ပြီး ဝတ်မှုန်ကူးခြင်းကိုဖြစ်ပေါ်စေသည်။  အသီးမှာ ဆူးပါသောအသီးဖြစ်ပြီး ငယ်စဉ်တွင် အစိမ်း‌ရောင်ရှိ၍ ရင့်မှည့် လာသည့်အခါ    အဝါရောင်၊ လိမ္မော်ရောင်မှ အနီရောင်သို့ပြောင်းလဲသွားသည်။

အသီးအရွယ်အစားမှာ   ကျွဲကောသီး အလတ်စားအရွယ်ရှိသည်။ အတိုင်းအတာအားဖြင့်   လုံးပတ် ၆ လက်မအရွယ်ရှိသည်။ အသီး၏ ရုပ်သွင်ပြင်အရ အပိုင်း သုံးပိုင်းပါဝင်သည်။    အခွံ၊ အသား၊ အစေ့အနှစ်ဟူ၍    ပုံတွင်ပြထားသည့်အတိုင်းဖြစ်သည်။ အဓိကအသုံးပြုသည့် အစိတ်အပိုင်းမှာ အစေ့နှင့် ကပ်နေသော အနီရောင်အနှစ်ဖြစ်သည်။ ယခုအခါ အစေ့နှင့်ကပ်လျက်    အနီရောင်အနှစ် သာမက အသားနှင့်အခွံကိုပါ အသုံးပြုလာကြသည်။

ကျောက်သားပျက်သီးကို ကောင်းကင်ဘုံမှ နတ်သစ်သီးဟု   တင်စားခေါ်ဝေါ်ရခြင်းမှာ  ဤအသီးတွင်   လူတို့အတွက် အသုံးဝင်သည့် ကျန်းမာ‌ရေးကို အထောက်အကူပြုနိုင်သည့် အပင်ဇီဝဓာတ်ပေါင်းများစွာပါဝင်နေသောကြောင့်ဖြစ်သည်။ အဓိကပါဝင်သည့် ဓာတ်ပေါင်းအနေဖြင့် ဗီတာမင်အေ၏    ကနဦးပစ္စည်းဖြစ် သည့် ဘီတာကယ်ရိုတင်းပင်ဖြစ်သည်။ ဘီတာကယ်ရိုတင်းပါဝင်မှုမှာ မုန်လာဥနီတွင်ပါဝင်သည့်ပမာဏထက်   အဆ ၂၀ သာလွန်သည်။   ၎င်းအပြင် လိုင်ကိုပင်းဓာတ်မှာလည်း ခရမ်းချဉ်သီးတွင် ပါဝင်သည်ထက် အဆ ၇၀ ပါဝင်သည်။ အခြားသောဓာတ်ပေါင်းများအပြင် သက်စောင့်ဓာတ်များ၊ အန်တီအောက်စီဒန့်ဟုခေါ်သည့် အိုမင်းခြင်းကို ကာကွယ်ပေးနိုင်သော သတ္တိပါဝင်သည်။ ထို့ပြင် ဖလာဗိုနိုက်၊ ဗီတာမင်အီး၊ ဖီနော စသည့်ဓာတ်ပေါင်းများလည်းပါဝင်သည်။

ကျောက်သားပျက်သီးကို ဗီယက်နမ်နိုင်ငံတွင် ရိုးရာပွဲများ၊ မင်္ဂလာဆောင်နှင့် နှစ်ကူးပွဲ အခမ်းအနားများတွင် ဆန်နှင့်ရောချက်၍ (မြန်မာနိုင်ငံတွင်    အုန်းထမင်းချက်သကဲ့သို့) စားသုံးကြသည်။ ဗီတာမင်အေ ချို့တဲ့သည့် ကလေးငယ်များကို ဤအသီးဖြင့်ချက်ထားသည့်   အစားအသောက်များ ကျွေးမွေးခြင်းဖြင့် ဗီတာမင်အေချို့တဲ့မှုအပေါ်ကာကွယ်နိုင်သည်ကို   လေ့လာသိရှိရသည်။ ထို့ပြင် တရုတ်နိုင်ငံ၌ ကျောက်သားပျက်သီးအရွက်နှင့် အသီးခွံကို ရောင်ရမ်းသောအနာများတွင် အုံပေးခြင်းဖြင့်   အရောင်သက်သာစေသည့် အတွက် ဆေးဖက်ဝင်အပင်အဖြစ် အသုံးပြုကြသည်။ ယခုနောက်ပိုင်းတွင် အစေ့နှင့် ကပ်နေသည့်အနှစ်သားကို ဖျော်ရည်အဖြစ် ထုတ်လုပ်ရောင်းချလျက်ရှိပြီး ထိုင်းနိုင်ငံ နှင့် အခြားသောနိုင်ငံများတွင် စီးပွားဖြစ်စိုက်ပျိုးကာ   ထုတ်ကုန်ပစ္စည်းမျိုးစုံကို ထုတ်လုပ် ရောင်းချလျက်ရှိနေကြပြီဖြစ်သည်။    

အာဟာရဓာတ်တန်ဖိုး   မြင့်မားစွာ ပါဝင်သည့်   ဤအသီးကို အချို့နိုင်ငံများတွင် တိုးချဲ့စိုက်ပျိုးထုတ်လုပ်လာကြသကဲ့သို့   ဤအသီးနှင့်ပတ်သက်သည့် အာဟာရတန်ဖိုးပါဝင်မှုကို လွှမ်းမိုးသည့်အချက်များ၊ ရိတ်သိမ်းချိန်လွန်နည်းပညာ အပါအဝင် ကုန်ကြမ်းမှ ကုန်ချောထုတ်လုပ်ရာတွင်    လုပ်ဆောင်ရမည့်အချက်များ စသည်တို့ကို  သုတေသနများလုပ်ဆောင် လာကြကာ   စိုက်ပျိုးထုတ်လုပ်မှုကို အားပေးဆောင်ရွက်နေကြပြီဖြစ်သည်။

ကျောက်သားပျက်သီးပင်သည် အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း  အပူပိုင်း သီးနှံပင်ဖြစ်ပြီး စိုက်ပျိုးရန်အကောင်းဆုံး အပူချိန်မှာ ၂၅ မှ ၃၅ စင်တီဂရိတ်ဖြစ်သည်။ အပူချိန်နိမ့်လွန်းမြင့်လွန်းပါက အပင်ဖြစ်ထွန်းမှုကို ထိခိုက်စေနိုင်သည်။ ဆီးနှင်းကျခြင်းသည်   ကျောက်သားပျက်ပင်ကို ထိခိုက်ပျက်စီးစေနိုင်သည့်အတွက် နှင်းကျမှုရှိသည့် ဒေသများတွင် စိုက်ပျိုးရန်မသင့်တော်ပါ။ စိုက်ပျိုးမည့်နေရာသည် နေရောင်ခြည်ကောင်းစွာရရှိရမည်ဖြစ်ပြီး    အရိပ်ကျခြင်းကို ကြိုက်နှစ်သက်ခြင်းမရှိပါ။ နေရောင်ခြည် တစ်နေ့ ၆-၈နာရီထိရရှိမှု သည်   အပင်ကြီးထွားမှု အကောင်းဆုံးကိုရရှိစေသည်။ထို့ကြောင့် စိုက်ပျိုးရာတွင် နေရောင်ခြည်    ကောင်းစွာရရှိစေရန် စင်တင်၍ စိုက်ပျိုးသင့်သည်။  ကျောက်သားပျက်သီးပင်ကို    မြေအမျိုးအစားမရွေး စိုက်ပျိုးနိုင်သော်လည်း မြေချဉ်ငန်အညွှန်းကိန်း ၆- ၇ ဒသမ ၅ ရှိသည့် ရေစီးဆင်းမှုကောင်းသည့်မြေမျိုးတွင် အကောင်းဆုံးစိုက်ပျိုးဖြစ်ထွန်းသည်။ အော်ဂဲနစ်ပစ္စည်းထက်သန်သော မြေမျိုးကို ပို၍နှစ်သက်သည်။ မိုးရေချိန်အနေဖြင့် ၁၅၀၀မှ၂၅၀၀ မီလီမီတာ ရွာသွန်းသည့်အနေအထားတွင်  အသင့်တော်ဆုံးဖြစ်ပြီး တစ်နှစ် မိုးရေချိန် ၁၀၀၀-၃၀၀၀ မီလီမီတာရသည့် ဒေသများတွင် ကောင်းစွာစိုက်ပျိုးနိုင်သည်။ ရေလိုအပ်မှုများသည့် သီးနှံဖြစ်ပြီး ခြောက်သွေ့ရာသီတွင် စိုက်ခင်းကိုရေလောင်းပေးရန်လိုအပ်သည်။ သို့ရာတွင် ရေဝပ်ခြင်းကို ကြိုက်နှစ်သက်ခြင်းမရှိသဖြင့် ရေမများစေရန် ဂရုပြုသင့်သည်။   ရေများပါက   အမြစ်ပုပ်ပြီး အပင်သေခြင်းကို ဖြစ်စေနိုင်သည့်အတွက် ကြောင့်ဖြစ်သည်။ စိုထိုင်းဆလိုအပ်ချက်အနေဖြင့် အပင်ပတ်ဝန်းကျင်တွင် ၆၀-၈၀ ရာခိုင်နှုန်းသည် အပင်ကျန်းမာသန်စွမ်း ကြီးထွားရန်အတွက်   အကောင်းဆုံးအနေ အထားဖြစ်သည်။ ကျောက်သားပျက်သီးကို   ပင်လယ်ရေမျက်နှာပြင်မှ မီတာ ၁၀၀၀ အထိမြင့်သည့် ဒေသများအထိ စိုက်ပျိုးနိုင်သည်။   အထက်ဖော်ပြထားသည့် စိုက်ပျိုးရန်  လိုအပ်ချက်များရှိသော်လည်း ကျောက်သားပျက်သီးပင်သည် ဘူး၊ ဖရုံ၊ ကြက်ဟင်းခါး စသည်တို့နှင့်     အပင် မျိုးစိတ်တူပြီး စိုက်ပျိုးရှင်သန်ပုံပါတူညီသည့်အတွက် အလွယ်တွေးလျှင် ဘူး၊ ဖရုံ၊ ကြက်ဟင်းခါးစိုက်ပျိုးနိုင်သည့်  ဒေသနေရာတိုင်းတွင် ဤကျောက်သားပျက်သီးပင်ကို စီးပွားဖြစ်စိုက်ပျိုးနိုင်သည်။    စိုက်ပျိုးပြုစုစောင့်ရှောက်မှုပုံစံမှာလည်း ဘူး၊ ဖရုံ၊ ကြက်ဟင်းခါးကဲ့သို့ပင်ဖြစ်ပြီး စိုက်ပျိုးရာတွင် ၎င်းတို့ထက်သာလွန်သည့်အချက်မှာ နှစ်ရှည်ခံပင်အဖြစ်    စိုက်ပျိုးနိုင်ခြင်း၊ ရောဂါပိုးမွှားကျရောက်မှုနည်းခြင်း (သီးထိုးပိုး ယင်သာ အဓိကဂရုပြုရသည်။)နှင့် အကြမ်းခံခြင်းတို့ဖြစ်သည်။   တစ်နိုင်တစ်ပိုင် စိုက်ပျိုးမည်ဆိုပါက  ခြံစည်းရိုးသီးနှံပင်အဖြစ်စိုက်ပျိုးနိုင်သကဲ့သို့ စီးပွားဖြစ် စိုက်ပျိုးမည်ဆိုပါကလည်း   စိုက်ပျိုးနိုင်သည့်သီးနှံဖြစ်သည်။

စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်မည်ဆိုပါက သတိထားရမည့် အချက်တစ်ချက်ရှိသည်။ ကျောက်သားပျက်ပင်သည် အဖိုပင် အမပင်သီးခြားရှိသည့် နှစ်ပင်ပေါင်း လိင်စုံ   အမျိုးအစားဖြစ်သည့်အတွက် ထိုအချက်သည် စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်ရာတွင် ထားရှိစိုက်ပျိုးရမည့် အဖိုပင်နှင့် အမပင်အချိုးကိုသိရှိရန်မှာ   အဓိကထားရမည့် အချက်ဖြစ်သည်။ စီးပွားဖြစ်စိုက်ပျိုးမည့် စိုက်ခင်းအတွက် အဖိုပင်နှင့် အမပင်အချိုးမှာ ၁:၁၀ ရှိလျှင်   လုံလောက်သော်လည်း စိုက်ပျိုးသည့်အခါ အဖိုပင်များ ပိုများနေသည်ကို ကြုံတွေ့ရသည့် အတွက် နောက်ပိုင်းတွင် ကျန်သည့်ဘူး၊ ဖရုံ၊ သခွားအပင်များကဲ့သို့  ပင်တည်းလိင်စုံရရှိလာစေရန် မျိုးစပ်မွေးမြူခြင်းများ စတင်လုပ် ဆောင်နေပြီဖြစ်သည်။   ထိုသို့ရရှိရန် ကြိုးပမ်းနေသော အနေအထားတွင် စီးပွားဖြစ် စိုက်ပျိုးသူများအနေဖြင့် လိုအပ်သည့် အမပင်အရေအတွက်ရရှိရန်    မျိုးစေ့မှ မျိုးပွားခြင်းအစား အမပင်မှ အကိုင်းများ၊ မြေအောက်ပင်စည် (Rhizomes) များမှ ပင်ပိုင်းမျိုးပွားခြင်းဖြင့်   မျိုးပွားယူကာ စိုက်ပျိုးနေကြသည်။    စီးပွားဖြစ်စိုက်ပျိုးသည့် စိုက်ခင်းတွင် ထိုင်းနိုင်ငံ၌ တစ်တန်းနှင့်တစ်တန်းကြား   ၄-၅မီတာခြားပြီး အတန်းတွင်းရှိ အပင်များကို     တစ်ပင်နှင့်တစ်ပင် ၃-၄ မီတာခြား၍    စိုက်ပျိုးကြသည်။ မြန်မာနိုင်ငံတွင်  စိုက်ပျိုးမည်ဆိုပါက ဘူးစိုက်သကဲ့သို့ သင့်တော်ရာ အကွာအဝေးထား၍ စိုက်ပျိုးနိုင်သည်။

သီးနှံတစ်ခုကို တောင်သူများ စိုက်ပျိုးလာစေရန် အားပေးသည့် အဓိကအချက်မှာ ခိုင်မာသည့် စျေးကွက်တည်ရှိခြင်းပင်ဖြစ်သည်။ ကိုင်းကျွန်းမီ ကျွန်းကိုင်းမီဆိုသကဲ့သို့ ကုန်ကြမ်းမှ    ကုန်ချောထုတ်လုပ်သည့်နည်းပညာထွန်းကားပြီး  MSME လုပ်ငန်းများအားကောင်းလာစေရန်    အဆိုပါ လုပ်ငန်းနှင့်သက်ဆိုင်သည့် ကုန်ကြမ်းများ စိုက်ပျိုးရန်လိုအပ်သကဲ့သို့ MSME လုပ်ငန်းနှင့် သက်ဆိုင်သည့်   သီးနှံများ စိုက်ပျိုးလာနိုင်ရန် ခိုင်မာသည့် စျေးကွက်ရှိဖို့လိုအပ်သည်။ ထို့ကြောင့် နိုင်ငံစီးပွား တိုးတက်စေရန် MSME လုပ်ငန်းကို အားပေးနေသည့် အချိန်အခါတွင် ကျောက်သားပျက်သီးမှ တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ခြင်းလုပ်ငန်းကိုလေ့လာပြီး ထုတ်လုပ်မည်ဆိုပါက ကျောက်သားပျက် သီးစိုက်ပျိုးခြင်းတိုးတက်လာပြီး   တောင်သူများဝင်ငွေရစေသကဲ့သို့ နိုင်ငံစီးပွားလည်းတိုးတက်လာစေနိုင်မည်ဖြစ်သည်။   ဥပမာအားဖြင့် FAMEကဲ့သို့သော   ဆေးဝါးလုပ်ငန်းမှ ကျောက်သားပျက်သီးတွင်  များပြားစွာ ပါဝင်သောဗီတာမင်အေ  ကနဦးဓာတ်ပေါင်းဖြစ်သည့် ဘီတာကယ်ရိုတင်းကို ထုတ်ယူပြီး ဗီတာမင်အေဆေးတောင့် ထုတ်လုပ်ရောင်းချပါက လုပ်ငန်းပိုမိုကျယ်ပြန့်လာ နိုင်သည့်အပြင် ဗီတာမင်အေဆေးတောင့်ကို လွယ်ကူစွာဝယ်ယူနိုင်မည်ဖြစ်သည့် နည်းတူ ဆေးဝါးလုပ်ငန်းအတွက် လိုအပ်သည့်ကုန်ကြမ်း ကျောက်သားပျက်သီးကို စီးပွားဖြစ် စိုက်ပျိုးလာနိုင်မည်ဖြစ်သည့်အတွက်   မြေကြီးမှ ရွှေသီးလာစေမှာ အမှန်ပင်ဖြစ်သည်။ ထို့ပြင် စီးပွားဖြစ်စိုက်ပျိုး၍ ထွက်ရှိလာသည့် အသီးများကို ပြည်တွင်းတွင်    ဖျော်ရည်လုပ်ငန်း၊ အလှကုန်လုပ်ငန်း စသည်တို့တွင် အသုံးပြုနိုင်သည့်အပြင်  ဖော်ပြထားသည့်   ထုတ်ကုန်များကို ထုတ်လုပ်ခြင်းဖြင့် နိုင်ငံ၏ MSME လုပ်ငန်းများပိုမိုဖွံ့ဖြိုးလာစေနိုင်သည်။      ထို့ပြင် ပြည်ပမှ ကျောက်သားပျက်သီးနှင့် ပတ်သက်သည့် အမှုန့်၊ အဆီ စသည့် ကုန်ကြမ်းဝယ်လိုအားမှာ မြင့်မားနေသည့်အနေအထားတွင်ရှိသည်။ သို့ရာတွင် ကျောက်သားပျက်သီးမှပါဝင်သော အာဟာရဓာတ်များ မပျက်စီးဘဲ အမှုန့်နှင့် အဆီထုတ်နိုင်ရန် နည်းပညာအကူအညီ  လိုအပ်နေသေးသည်။ မည်သို့ပင်ဖြစ်စေ  ကျောက်သားပျက်သီးကို  ပြည်တွင်းတွင်အသုံးပြုရုံသာမက ပြည်ပသို့ပါတင်ပို့နိုင်သည့် အခြေအနေတွင်ရှိနေသည့်   အသီးဖြစ်သည်။

သို့ဖြစ်ပါသဖြင့် အာဟာရဓာတ် ကြွယ်ဝ၍ ကျန်းမာရေးကို အထောက်အကူ ပြုစေနိုင်သည့် အာဟာရ တန်ဖိုးမြင့်မားသည့် ကျောက်သားပျက်သီးကို စီးပွားဖြစ် စိုက်ပျိုးရန် လုပ်ဆောင်သင့်ပါကြောင်း တင်ပြလိုက်ရပါသည်။      ။

မြန်မာနိုင်ငံ၏ ဆိတ်မွေးမြူ ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး အလားအလာများ

Posted_Date

Image

မြန်မာနိုင်ငံ၏ ဆိတ်မွေးမြူ ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး အလားအလာများ

Body

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဆိတ်မွေးမြူရေးလုပ်ငန်းကို ကျေးလက်နေပြည်သူများအတွက် ဝင်ငွေရရှိစေသည့်လုပ်ငန်းတစ်ခုအဖြစ် တစ်နိုင်တစ်ပိုင်လုပ်ငန်းအနေနှင့် သာမကဘဲ စီးပွားဖြစ်လုပ်ငန်း တစ်ခုအနေနှင့်ပါ မွေးမြူနေကြသည်။

ဆိတ်မွေးမြူရေးလုပ်ငန်းသည် အရင်းအနှီးအနည်းငယ်ဖြင့် ရင်းနှီးမြှုပ်နှံ၍  လုပ်ငန်းကိုစတင်နိုင်ပြီး ကျေးလက်ဒေသများတွင် ဝင်ငွေကောင်းမွန်စေသည့် အလုပ်အကိုင် တစ်ခုဖြစ်သည်။

မြန်မာနိုင်ငံတွင် ဆိတ်မွေးမြူရေးလုပ်ငန်းသည် ကျေးလက်ဒေသများအတွက် အလားအလာကောင်းရှိသော စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်။ ဆိတ်များကို အဓိကအားဖြင့်အသားနှင့်နို့အတွက် မွေးမြူကြသည်။ဆိတ်မွေးမြူရေးလုပ်ငန်းသည် ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ စားရေရိက္ခာဖူလုံရေးနှင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက်လည်း အထောက်အကူပြုနိုင်သည့် လုပ်ငန်းတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံတွင် ဆိတ်မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အလားအလာများစွာ ရှိကြောင်း လေ့လာသုံးသပ်မိသည်။

သဘာဝအရင်းအမြစ်နှင့် ကိုက်ညီမှု

မြန်မာနိုင်ငံသည်     ကျေးလက်ဒေသများတွင်    သဘာဝစားကျက်ခင်းများ၊ သဘာဝပေါက်ပင်များနှင့် သဘာဝအရင်း အမြစ်များ ကြွယ်ဝသောကြောင့်    ဆိတ်မွေးမြူရေး လုပ်ငန်းအတွက်   အလွန် သင့်တော်သည်။ ဆိတ်များသည် ပူပြင်းခြောက်သွေ့သည့် ရာသီဥတုကို နှစ်သက်ပြီး ချုံပင်၊ ဆီးပင်နှင့် ကန္တာရပင် စသည့်အပူပိုင်းတွင်  ပေါက်ရောက်သည့်အပင်တို့၏ အရွက်များကို အဓိကစားသုံးသော တိရစ္ဆာန်များဖြစ်သည်။ မြန်မာနိုင်ငံ၏ ကျေးလက်ဒေသများတွင် လွယ်ကူစွာ မွေးမြူနိုင်သည်။ထို့ကြောင့် ဆိတ်မွေးမြူရေး လုပ်ငန်းကို အလယ်ပိုင်း ခြောက်သွေ့ဒေသများ  (ဥပမာ - မကွေး၊ စစ်ကိုင်း၊ မန္တလေး) တွင် အဓိကတွေ့ရှိရပြီး အခြားဒေသများထက် ပိုမိုဖွံ့ဖြိုးလျက်ရှိသည်ကို တွေ့ရှိရသည်။

ရင်းနှီးမြှုပ်နှံမှုအနည်းငယ်ဖြင့်စတင်နိုင်ခြင်း

ကျေးလက်ဒေသများတွင် ဆိတ်များ အား သဘာဝအစာများကို အဓိကအားထား၍ မွေးမြူနိုင်ပြီး ဖြည့်စွက်စာအနည်းငယ်သာ လိုအပ်သည့်အတွက် အစာကုန်ကျစရိတ် သက်သာသည်။ ဆိတ်ခြံကိုလည်း ဒေသထွက် သစ်၊ ဝါး စသည်တို့ကိုအသုံးပြု၍ စရိတ်စကနည်းနည်းဖြင့် ဆောက်လုပ်နိုင်သည်။   ထို့ကြောင့် ဆိတ်မွေးမြူရေးလုပ်ငန်းသည် ရင်းနှီးမြှုပ်နှံမှု အနည်းငယ်ဖြင့် စတင်နိုင်သော လုပ်ငန်းတစ်ခုဖြစ်သည်။

ဆိတ်သားတွင် ကျန်းမာရေးနှင့်ညီညွတ်သည့် အာဟာရဓာတ်များပါဝင်မှုဆိတ်သားသည် အမျှင်ဓာတ်များပြီး ပရိုတင်းဓာတ်ကြွယ်ဝစွာ ပါဝင်ပြီး ကြွက်သားဖွံ့ဖြိုးမှု၊   တစ်သျှူး ပြန်လည်ပြုပြင်မှုနှင့် ခုခံအားစနစ်အတွက် အရေးပါသည့် အာဟာရဓာတ်ဖြစ်သည်။

ဆိတ်သားတွင် ဟီမိုဂလိုဘင် ထုတ်လုပ်မှုအတွက် အရေးပါသော  သံဓာတ်ပါဝင်မှု မြင့်မားသဖြင့် သွေးအားနည်းရောဂါကို ကာကွယ်ပေးနိုင်သည်။ ဗီတာမင် B 12၊ B 3 (နီယာစင်)၊ B 6 စသည့် ဗီတာမင်များ ကြွယ်ဝစွာပါဝင်သဖြင့်  ဦးနှောက်လုပ်ဆောင်မှုနှင့် အာရုံကြောစနစ်ကိုလည်း အထောက်အကူပြုသည်။ ထို့ပြင် ဆိတ်သားတွင်ဇင့်ဓာတ် ပါဝင်သဖြင့် ခုခံအားစနစ်ကိုမြှင့်တင်ပေးပြီး ဆယ်လီနီယမ်ပါဝင်ခြင်းကြောင့်    ဓာတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ် လုပ်ဆောင်ကာကင်ဆာကာကွယ်မှုကိုအထောက်အကူပြုနိုင်ပါသည်။ ဆိတ်သားတွင် အဆီနှင့်ကိုလက်စထရောပါဝင်မှုနည်းပါးသဖြင့် သွေးတိုးနှင့် နှလုံးရောဂါအန္တရာယ်ကို လျှော့ချပေးနိုင်သည်။ တန်ဆေးလွန်ဘေးဆိုသကဲ့သို့ လူ့ကျန်းမာရေးအတွက် အကျိုးပြုအာဟာရဓာတ်များ   မြင့်မားစွာပါဝင်သော်လည်း ဆိတ်သားတွင်   ပျမ်းမျှ ပျူရင်း(Purine)ပါဝင်မှုမြင့်မားသောကြောင့်  အဆစ်အမျက် ရောင် ဂေါက်ရောဂါရှိသူများအနေဖြင့်   လျှော့စားသင့်ကြောင်း သိရှိရသည်။

ပြည်တွင်းနှင့် နိုင်ငံတကာဈေးကွက် အလားအလာ

မြန်မာနိုင်ငံတွင်ဆိတ်သားသည် ပြည်တွင်းဈေးကွက်၌ အခြားအသားနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းတည်ငြိမ်သဖြင့် ဝယ်လိုအားမြင့်မားသည်။ ကမ္ဘာတစ်ဝန်းတွင်လည်း ဆိတ်သားအတွက် ဝယ်လိုအားမြင့်မားလျက်ရှိသည်။ အထူးသဖြင့် အရှေ့အလယ်ပိုင်း၊ တရုတ်နိုင်ငံနှင့် အာရှနိုင်ငံများတွင် ဆိတ်သားအတွက်  ဝယ်လိုအားမြင့်မားပြီး မိမိတို့နိုင်ငံအနေဖြင့် ထိုဈေးကွက်များသို့ ဆိတ်သားတင်ပို့နိုင်ရန် အလားအလာများရှိသည်။ထို့ပြင် ဆိတ်နို့သည်လည်း နွားနို့ထက် အာဟာရပြည့်ဝ ပြီး    ကျန်းမာရေးနှင့်ညီညွတ်သည်ဟု ယုံကြည်လာကြခြင်းကြောင့် နိုင်ငံတကာတွင် ဈေးကွက်တိုးတက်လျက်ရှိသည်။

စိုက်ပျိုးရေးနှင့်   မွေးမြူရေးပေါင်းစပ်လုပ်ကိုင်နိုင်ခြင်း

မြန်မာနိုင်ငံတွင် အခြားတစ်နိုင်တစ်ပိုင် မွေးမြူရေးလုပ်ငန်းများနည်းတူ ဆိတ်မွေးမြူရေးကိုလည်း  စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကိုပေါင်းစပ်၍ လုပ်ကိုင်နိုင်သည်။ စိုက်ပျိုးရေးလုပ်ငန်းမှ ထွက်ရှိလာသည့် ဘေးထွက်ပစ္စည်းများဖြစ်ကြသည့် ကောက်ရိုး၊ ပဲရိုး၊ ပဲမှော်၊ ဝါကြိတ်ဖတ်နှင့် ဆီးမှုန့်တို့ကို ဆိတ်များအားကျွေးမွေးလေ့ရှိကြသည်။ ထိုစိုက်ပျိုးရေးဘေးထွက်ပစ္စည်းများကို စနစ်တကျပြုပြင်၍ ကျွေးမွေးနိုင်ပါက ဆိတ်အတွက် အာဟာရဓာတ်များပိုမိုရရှိစေပြီး  ဆိတ်မွေးမြူရေးလုပ်ငန်းကို ပိုမိုအကျိုးကျေးဇူးရရှိနိုင်သည်။ ထို့ပြင် ဆိတ်များ၏မစင်ကိုလည်းသဘာဝ မြေဩဇာအဖြစ် ပြန်လည် အသုံးပြုနိုင်သဖြင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးတွဲဖက် လုပ်ငန်းအနေဖြင့် ဆိတ်မွေးမြူရေးကို လုပ်ကိုင်နိုင်သည်။

နိုင်ငံတော်မှ ကူညီပံ့ပိုးပေးနိုင်မှု

ဆိတ်မွေးမြူရေးလုပ်ငန်းနှင့် ပတ်သက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ  မြို့နယ်တိုင်းတွင် ဖွင့်လှစ်ထားသည့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးများတွင် နည်းပညာနှင့်အကြံဉာဏ်များရယူနိုင်သည်။ နိုင်ငံတော်အစိုးရအနေဖြင့်လည်း လိုအပ်သည့်အရင်းအနှီးများကို ပံ့ပိုးမှုများပြုလုပ်ပေးနေကြောင်း သိရှိရသည်။

ထို့ပြင် မွေးမြူရေးသုတေသနဦးစီးဌာန၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တို့တွင်လည်းဆိတ်၏ အစာနှင့်အာဟာရ ဖွံ့ဖြိုးရေးသုတေသနများ၊ ဆိတ်ရောဂါ ကာကွယ်ကုသရေးဆိုင်ရာ သုတေသနလုပ်ငန်းများ စသည့်    မြန်မာနိုင်ငံ ဆိတ်မွေးမြူရေးဖွံ့ဖြိုးမှုအထောက်အကူပြု သုတေသနလုပ်ငန်းများကို  စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။ နည်းပညာများကိုလည်း အခါအားလျော်စွာဖြန့်ဝေပေးလျက်ရှိသည်။ဆိတ်မွေးမြူရေးလုပ်ငန်းကို အောင်မြင်စွာလုပ်ကိုင်နိုင်ရန်အတွက်    အောက်ပါအချက်များကို သိရှိလိုက်နာသင့်သည်။

(က) ဆိတ်မျိုးစိတ်ရွေးချယ်ခြင်း

ဆိတ်မွေးမြူရာတွင် မျိုးစိတ်ရွေးချယ်မှုသည်အရေးကြီးသည်။ ကြီးထွားနှုန်းကောင်းမွန်ပြီး မိမိဒေသနှင့်လိုက်ဖက်သည့် မျိုးစိတ်ကောင်းများကို ရွေးချယ်မွေးမြူခြင်းဖြင့် အသားနှင့်နို့ထွက်နှုန်း ပိုမိုကောင်းမွန်စေသည်။ မြန်မာနိုင်ငံတွင် အဓိကမွေးမြူလေ့ရှိသော ဆိတ်မျိုးစိတ်များမှာ ဂျိတ်နီ၊ ထိန်စမ်း၊ အိန္ဒိယဆိတ်မျိုးများ၊ ဂျမ်မာပါရီဆိတ်နှင့် ဘိုးအာဆိတ်မျိုး စသည်တို့ဖြစ်သည်။

(ခ) ရောဂါကာကွယ်ခြင်းနှင့်ကျန်းမာရေး စောင့်ရှောက်ခြင်း

ဆိတ်များကို ကျန်းမာရေးကောင်းမွန်စေရန် ပုံမှန်စောင့်ကြည့်ပြီး လိုအပ်သော ကာကွယ်ဆေးများကို အချိန်မီထိုးပေးရသည်။ ဆိတ်များတွင် ဖြစ်ပွားတတ်သော ရောဂါများမှာ ဗက်တီးရီးယားနှင့် ဗိုင်းရပ်ရောဂါများ (အဆစ်အမျက်ပြည်တည်နာ၊ အကျိတ်ရောင်ရမ်းနာ၊ ဆိတ်ပလိပ်ရောဂါ(Peste des Petits Ruminants (PPR)နှင့် နှုတ်ခမ်း၊ ပါးစပ်နှင့် နို့သီးခေါင်းတွင် အနာဖုများဖြစ်ခြင်း (Orf)စသည်)၊   ကပ်ပါးရောဂါများ (အစာအိမ်အူလမ်းကြောင်းသန်ကောင်များ၊ ခရုမှတစ်ဆင့်ကူးစက်သည့် သန်ပြားကောင်များ၊ သွေးစုပ်သည့် အင်းဆက်များမှတစ်ဆင့် ကူးစက်သော သွေးတွင်းကပ်ပါးရောဂါများ၊ အရေပြားကပ်ပါးရောဂါများ)   စသည်တို့ဖြစ်ကြသည်။   ထို့ပြင်  အာဟာရဓာတ်များ မညီမျှမှုကြောင့်လည်း ရောဂါများဖြစ်ပွားနိုင်သည်။   နားလည်တတ်ကျွမ်းသော တိရစ္ဆာန်ဆေးကု ဆရာဝန်များနှင့် တိုင်ပင်၍ အထက်ပါရောဂါများကို ကာကွယ်ကုသနိုင်သည်။

(ဂ) လုံလောက်မျှတသည့် အစာနှင့် အာဟာရကျွေးမွေးခြင်း

 ဆိတ်များကို အာဟာရပြည့်ဝသော အစာများကျွေးမွေးရသည်။ သဘာဝ ပေါက်ပင်များနှင့် စိုက်ပျိုးရေးဘေးထွက်ပစ္စည်းများကျွေးမွေးသည့်အပြင် လိုအပ်ပါက  အာဟာရဖြည့်စွက်စာများကို ထည့်သွင်းကျွေးမွေးသင့်သည်။

(ဃ) မွေးမြူရေးခြံနေရာ

 ဆိတ်မွေးမြူရာတွင် သင့်တော်သော မွေးမြူရေးခြံနေရာရှိရန် အရေးကြီးသည်။ ဆိတ်များအတွက် ခြံဆောက်လုပ်ရာတွင် ခွေးများ၏ရန်မှကာကွယ်နိုင်ရန် လုံခြုံပြီး သန့်ရှင်းသောနေရာဖြစ်ရမည်။ ထို့ပြင် ဆိတ်များကို မိုးရေနှင့် နေရောင်ဒဏ်မှ ကာကွယ်နိုင်သည့်  နားခိုမည့်နေရာလည်းဖြည့်ဆည်းပေးရန်လိုအပ်သည်။

(င) စီမံခန့်ခွဲမှု

ဆိတ်မွေးမြူရေးလုပ်ငန်းတွင် စနစ်တကျစီမံခန့်ခွဲမှုသည် အရေးကြီးသည်။ ဆိတ်များကို ပုံမှန်စောင့်ကြည့်ပြီး လိုအပ်သော ပြုစုစောင့်ရှောက်မှုများကို အချိန်နှင့်တစ်ပြေးညီ ပြုလုပ်ပေးရသည်။ ထို့ပြင် ဆိတ်များကို   စနစ်တကျသားဖောက်မျိုးပွားခြင်း၊ ရောဂါကာကွယ်ခြင်း၊ အစာကျွေးခြင်း စသည့်လုပ်ငန်းများကို စနစ်တကျစီမံခန့်ခွဲရသည်။

(စ) စိန်ခေါ်မှုများ

ဆိတ်မွေးမြူရေးလုပ်ငန်းတွင် ရောဂါဘယများဖြစ်ပွားခြင်း၊ ဈေးကွက်ပြောင်းလဲမှုများ၊ ရာသီဥတုဖောက်ပြန်မှုများ စသည့်စိန်ခေါ်မှုများရှိနိုင်သည်။   ထို့ကြောင့် ဆိတ်မွေးမြူရေးလုပ်ငန်းကို စနစ်တကျလုပ်ကိုင်၍   အဆိုပါစိန်ခေါ်မှုများကို ကျော်လွှားသွားရန်လိုအပ်သည်။

နိဂုံး

ဆိတ်မွေးမြူရေးလုပ်ငန်းသည်  ကျေးလက်ဒေသများတွင် ဆောင်ရွက်နိုင်သည့်   စီးပွားရေးအခွင့်အလမ်းကောင်းတစ်ခုဖြစ်ပြီး စနစ်တကျလုပ်ကိုင်ပါက အောင်မြင်သော စီးပွားရေးလုပ်ငန်း တစ်ခုအဖြစ်ပင်ရရှိနိုင်သည်။ စိန်ခေါ်မှုများရှိနေသေးသော်လည်း မြန်မာနိုင်ငံသည် ဆိတ်သားတင်ပို့နိုင်မှုအတွက် အလားအလာကောင်းများရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ ရာသီဥတု၊ သဘာဝအရင်းအမြစ်များနှင့် သင့်တော်သည့် ဆိတ်မွေးမြူရေးကို အောင်မြင်စွာ ဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေပြည်သူ လူထုအတွက် ဝင်ငွေကောင်းမွန်စေနိုင်ပြီးနိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကိုလည်း အထောက်အကူပြုနိုင်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။      ။

Source: https://myawady.net.mm/stories

 

အသေးစား အငယ်စားနှင့် အလတ်စား(MSME)လုပ်ငန်းများ အားပြုစရာ ဂျုံသီးနှံ

Posted_Date

Image

အသေးစား အငယ်စားနှင့် အလတ်စား(MSME)လုပ်ငန်းများ အားပြုစရာ ဂျုံသီးနှံ

Body

စိုက်ပျိုးရေးနိုင်ငံဖြစ်သည့်   မိမိတို့မြန်မာနိုင်ငံ၌   နိုင်ငံ့လူဦးရေ အများဆုံးနေထိုင်ရာ ကျေးလက်ဒေသများ၏ အဓိကကုန်ထုတ်လုပ်ငန်းသည် လယ်ယာကဏ္ဍကို အခြေခံလျက်ရှိနေသော်လည်း ပြည်ပမှတင်သွင်းသော    စားသောက်ကုန် လူသုံးကုန်များကို   များစွာမှီခိုနေရဆဲဖြစ်ရာ ပြည်တွင်းစားရေရိက္ခာ ဖူလုံရေးနှင့်နိုင်ငံခြားငွေသုံးစွဲရမှု   လျှော့ချနိုင်ရေးအတွက် နိုင်ငံတော်အစိုးရက သီးနှံအမျိုးအစားအလိုက် အထွက်နှုန်းမြှင့်တင်နိုင်ရေးနှင့်  စိုက်ဧရိယာ တိုးတက်ရေးကို အလေးထားစီမံ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် ဆန်စပါးပြီးလျှင် စားသုံးမှုအများဆုံး သီးနှံတစ်မျိုးဖြစ်သည့် ဂျုံသီးနှံစိုက်ပျိုးထုတ်လုပ်မှု  တိုးတက်မြင့်မားရေးလည်း ပါဝင်ကြောင်း တွေ့ရှိ ရမည်ဖြစ်သည်။

ရှေးယခင်က မိမိတို့နိုင်ငံတွင် ဂျုံစားသုံးမှုအနေဖြင့် ပေါင်မုန့်၊ ကိတ်မုန့်၊ ပေါက်စီ၊  ဘီစကွတ်နှင့်လူတန်းစား အလွှာစုံစားသုံးသည့် ရွှေကြည်၊ ခေါက်ဆွဲသုပ်၊ ခေါက်ဆွဲကြော်များကိုသာ အသုံးပြုမှု များပြားခဲ့သော်လည်း   ဆယ်စုနှစ်အနည်းငယ်အတွင်း၌ အသင့်စားခေါက်ဆွဲထုပ် စားသုံးခြင်း တွင်ကျယ်လာမှုနှင့်အတူ  မာလာရှမ်းကော၊   မာလာမောက်ချိုက်အပါအဝင် ချက်ပြုတ်နည်းမျိုးစုံ၊ စားသုံးသည့် ပုံသဏ္ဌာန်အမျိုးမျိုးတို့ဖြင့်  ခေါက်ဆွဲစားသုံးမှုများစွာ တိုးတက်လာသည်ကို သတိပြုမိကြမည်ဖြစ်သည်။  အလားတူ ဂျုံအခြေခံသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား(MSME)လုပ်ငန်းများက ထုတ်လုပ်သည့် စားသောက်ကုန်အများအပြား ဈေးကွက်ဝင်လာသကဲ့သို့ စားသုံးမှုပမာဏသည်လည်း တစ်နေ့တခြား တိုးပွားလာလျက်ရှိနေသည်။

ပြည်တွင်းဂျုံသီးနှံထုတ်လုပ်မှုအနေဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်ခြောက်ခုတွင် ဧက ၁၂၆၀၀၀ ကျော်စိုက်ပျိုးလျက်ရှိပြီး  စုစုပေါင်းဂျုံအထွက် တင်း ၂,၉၇၀,၀၀၀ ကျော်ထွက်ရှိကာ ဂျုံမှုန့်တန်ချိန် ၇၂၇,၀၀၀ ကျော်ကို  နှစ်စဉ်ထုတ်လုပ်လျက် ရှိနေသော်လည်း ကမ္ဘာ့ဂျုံတင်သွင်းသည့်နိုင်ငံ ၁၂၅ နိုင်ငံတွင် မြန်မာနိုင်ငံက ၆၉ နိုင်ငံမြောက် ဂျုံအများဆုံး တင်သွင်းသည့်  နိုင်ငံဖြစ်နေခြင်းက ပြည်တွင်းဂျုံလိုအပ်ချက်ကို သိသာထင်ရှားစေလျက်ရှိသည်။

သို့ဖြစ်၍လည်း ဖေဖော်ဝါရီလ ၆ ရက်က မြန်မာနိုင်ငံ ဂျုံစက်လုပ်ငန်းရှင်များ အသင်းတာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များကိုဖိတ်ကြားပြီး   နေပြည်တော်ရေဆင်းရှိ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန  နဝရတ်ခန်းမ၌  ဂျုံအခြေခံသည့်  စားသောက်ကုန်များ ထုတ်လုပ်ရန်အရည်အသွေးကောင်းသည့်  ပြည်တွင်းထုတ်ဂျုံမျိုးများ တိုးချဲ့စိုက်ပျိုးရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ဦးဆောင်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ညှိနှိုင်းဆွေးနွေးပွဲမကျင်းပမီ  ပြည်ထောင်စုဝန်ကြီးနှင့် ဌာနတာဝန်ရှိသူများ၊ ဂျုံသီးနှံပညာရှင်များ၊ သုတေသီများက ပြည်တွင်းဂျုံမျိုးများဖြင့် ထုတ်လုပ်ထားသည့် ပေါင်မုန့်၊ ပေါက်စီနှင့်ဂျုံအခြေခံ စားသောက်ကုန်နမူနာများကို ပြသကာ ဂျုံမျိုးအလိုက် စားသုံးမှုအရည်အသွေးကို ဂျုံစက်လုပ်ငန်းရှင်များအား  လက်တွေ့မြည်းစမ်းနိုင်ကြစေရန် စီစဉ်ပေးထားသည်။

ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး၏ အဓိကဆွေးနွေးချက်အနေဖြင့် ပြည်တွင်းစားသုံးသူများ ကြိုက်နှစ်သက်သော   အရည်အသွေးနှင့် အနံ့အရသာကောင်းမွန်သည့် ဂျုံမျိုးများကို နှစ်အလိုက်တိုးချဲ့စိုက်ပျိုး၍   ဂျုံစေ့၊  ဂျုံမှုန့်များတိုးမြှင့်ထုတ်လုပ်ရေး ဆောင်ရွက်ရာတွင်  တောင်သူများ စိုက်ပျိုးထုတ်လုပ်လိုက်သည့်  ဂျုံကို ဝယ်ယူမည့်ဈေးကွက် သေချာစေရန် ဂျုံစက်လုပ်ငန်းရှင်များနှင့် ပဏာမ ညှိနှိုင်းဆွေးနွေးခြင်းဖြစ်ကြောင်း၊ လုပ်ငန်းရှင်များလိုအပ်သည့်  ဂျုံအမျိုးအစားနှင့် လိုအပ်ချက်ပမာဏကို သိရှိမှသာ မျိုးပွားခြင်း၊ မျိုးဖြန့်ခြင်းနှင့်အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေး လုပ်ငန်းများကို  စီမံဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများနှင့် လုပ်ငန်းရှင်များအတွက် အမှန်တကယ်အကျိုးရှိစေပြီး ရေရှည်ဖွံ့ဖြိုးသည့် စီမံဆောင်ရွက်မှုဖြစ်မှသာ    ပြည်ပမှဂျုံကုန်ကြမ်းမှီခိုမှုကင်းသော အခြေအနေကို  ရောက်ရှိနိုင်မည်ဖြစ်ကြောင်း၊  ဂျုံစက်လုပ်ငန်းရှင်များ လက်တွေ့မြည်းစမ်းထားကြသည့် ပြည်တွင်းဂျုံမျိုးအလိုက် စားသုံးမှုအရည်အသွေးကို လွတ်လပ်ပေါ့ပါးစွာ အားမနာစတမ်း သဘောထားမှတ်ချက်ပေးကြရန်နှင့် အသုံးပြုလိုသည့်  အခြားဂျုံမျိုးကို သဘောထားမှတ်ချက်ပေးမည် ဆိုပါကလည်း ပြည်တွင်း၌ အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

လုပ်ငန်းရှင်များ၏ တင်ပြချက်များကို  အနှစ်ချုပ်လေ့လာကြည့်ပါက ပြည်ပမှတင်သွင်းသော ဂျုံကုန်ကြမ်းများမှာ ဖုန်၊ သဲ၊ ခဲကင်းစင်ပြီး ကုန်ကြမ်းအရည်အသွေး တည်ငြိမ်မှုရှိသဖြင့်  ထုတ်လုပ်မှု၏ ၇၀ ရာခိုင်နှုန်းခန့်ကို   တင်သွင်းအသုံးပြုရခြင်း ဖြစ်ကြောင်းနှင့်  ပြည်တွင်းထွက် ဂျုံကုန်ကြမ်းများ အရည်အသွေးတည်ငြိမ်မှုရှိရန် စီမံဆောင်ရွက်နိုင်ပါက ပြည်တွင်းဂျုံကုန်ကြမ်းကိုသာ   အသုံးပြုလိုကြကြောင်း  မှတ်သားခဲ့ရသည်။  အဆိုပါအချက်သည် ဂျုံသီးနှံတွင်သာမက သီးနှံများ   ရောင်းဝယ်ဖောက်ကားရာတွင် ကြားသိနေရသည့်  ပြဿနာတစ်ခုဖြစ်သည်။ ရိတ်သိမ်းခြွေလှေ့မှုတွင် ဖုန်၊ သဲ၊ ခဲ အနည်းငယ်   ပါဝင်မှုရှိနိုင်သော်လည်း မသမာသူအချို့ကြောင့်    ဈေးကောင်းမရခြင်း၊ ဈေးကွက်ပျက်ရခြင်းများကို တားဆီးကာကွယ်နိုင်စေရန် ရိတ်သိမ်းသူ၊ သိုလှောင်သူ၊ သယ်ယူဖြန့်ချိသူ စသည့် ဈေးကွက်စီးဆင်းမှုကွင်းဆက်တွင် ပါဝင်ပတ်သက်သူ အားလုံးသတိပြု၍ ဝိုင်းဝန်းထိန်းကျောင်း သွားကြရန်  လိုအပ်မည်ဖြစ်သည်။

လုပ်ငန်းရှင်များ တင်ပြသကဲ့သို့ ပြည်တွင်း၌စားသုံးလျက်ရှိသည့် ဂျုံအခြေခံစားသောက်ကုန်များ ထုတ်လုပ်ရာတွင် ပြည်တွင်းဂျုံကုန်ကြမ်းကိုသာ အပြည့်အဝအသုံးပြု သွားမည်ဆိုပါက ဂျုံသီးနှံစိုက်ပျိုး ထုတ်လုပ်မှုနှင့် ရောင်းဝယ်ဖောက်ကားမှု ကွင်းဆက်တွင်ပါဝင်သည့်   အသေးစား၊ အငယ်စားနှင့်  အလတ်စား(MSME)လုပ်ငန်းများ ဖွံ့ဖြိုးလာမှုနှင့်အတူ အလုပ်အကိုင်အခွင့်အလမ်းလည်း   များစွာဖော်ဆောင်ပေးနိုင်မည်ဖြစ်သည်။

တောင်သူများထံမှ သတင်းစကားများအရ ပုံမှန်စိုက်ပျိုးပြုစုမှုဖြင့် ထွက်ရှိသည့် ဂျုံအထွက်နှုန်းနှင့် သီးနှံပေါက်ဈေးအရ ဝင်ငွေအကျိုးအမြတ် သင့်တော်ကောင်းမွန်မှုရှိကြောင်း၊ သို့သော် အချို့ဒေသများတွင် လုပ်ငန်းရှင်နှင့် တိုက်ရိုက်ချိတ်ဆက်ဆောင်ရွက်နိုင်မှုကြောင့်   ဝယ်လက်သေချာသော်လည်း  အချို့ဒေသများအတွက် ဝယ်လက်ချိတ်ဆက်မှု လိုအပ်နေကြောင်း သိရှိရသည်။

လက်ရှိပြည်တွင်း၌ အဓိကစိုက်ပျိုးသည့်ဂျုံမျိုးများမှာ မုံရွာဂျုံဖြူ၊ ဇလုပ်ဖြူ-၁၊ ဇလုပ်ဖြူ-၂၊ ရေဆင်းဂျုံ-၉၊ ရေဆင်းဂျုံ-၁ဝ၊ ရေဆင်းဂျုံ-၁၁ နှင့် ရေဆင်းဂျုံ-၁၂ တို့ဖြစ်ပြီး အဆိုပါဂျုံမျိုးများမှာ Mexico နိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ ပြောင်းဖူးနှင့်ဂျုံသုတေသနဌာန(International Maize and Wheat Improvement Center, CIMMYT)မှ တင်သွင်း၍ မျိုးရွေးချယ်ရရှိထားသော ဂျုံမျိုးများဖြစ်ကာ အပူဒဏ်၊ ရေငတ်ဒဏ်နှင့်ရောဂါဒဏ်ခံနိုင်ပြီး အထွက်ကောင်းသည့်  ပေါင်မုန့်ဂျုံမျိုးများဖြစ်၍  အမှန်တကယ်  တိုးချဲ့စိုက်ပျိုး ထုတ်လုပ်မည်ဆိုပါက  စိုက်ပျိုးသူတောင်သူများနှင့် ကုန်ကြမ်းအသုံးပြုသူ လုပ်ငန်းရှင်များ နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည်ဖြစ်သည်။

သို့ဖြစ်၍ ဂျုံသီးနှံစိုက်ပျိုးနိုင်သည့် မြေဧရိယာများစွာ ရှိနေသော မိမိတို့နိုင်ငံတွင်  စိုက်ပျိုးအောင်မြင်သော ဂျုံမျိုးများ အသင့်ရှိနေပြီးဖြစ်သကဲ့သို့   ဂျုံစက်လုပ်ငန်းရှင်များ၏ ပြည်တွင်း ဂျုံကုန်ကြမ်းအသုံးပြုလိုမှု တောင်းဆိုချက်များလည်း ရှိနေပြီဖြစ်ရာ အသေးစား၊ အငယ်စားနှင့်  အလတ်စား(MSME)လုပ်ငန်းများ အားပြုစရာ  ဂျုံသီးနှံ  တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေးကို  တောင်သူများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ဌာနအဖွဲ့အစည်းများနှင့် သက်ဆိုင်သူအားလုံးတို့က ကျရာအခန်းကဏ္ဍများမှ   ဝိုင်းဝန်းပူးပေါင်းကြိုးပမ်းသွားကြရန် တိုက်တွန်းလိုက်ရပါသည်။     ။

Source: https://myawady.net.mm/stories

 

ဆိုလာစနစ်အသုံးပြု၍ နည်းလမ်းမျိုးစုံဖြင့် စိုက်ပျိုးရေ လုံလောက်စွာရရှိရေး

Posted_Date

Image

ဆိုလာစနစ်အသုံးပြု၍ နည်းလမ်းမျိုးစုံဖြင့် စိုက်ပျိုးရေ လုံလောက်စွာရရှိရေး

Body

မြန်မာနိုင်ငံသည်   ရေသယံဇာတပေါကြွယ်ဝပြီး နိုင်ငံ၏ ၉၀ ရာခိုင်နှုန်းကို ကျယ်ပြန့်သောမြစ်ချောင်းများ၏ ရေဝေရေလဲဧရိယာများဖြင့်   လွှမ်းမိုးထားသည့်အပြင် နိုင်ငံ၏ ပြည်သူအများစုသည်လည်း လယ်ယာစိုက်ပျိုးရေးကဏ္ဍနှင့်ဆက်စပ်၍ အသက်မွေးဝမ်းကျောင်းပြုနေသူများဖြစ်ကြသည်။  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏  စီးပွားရေးဦးတည်ချက်များတွင် “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး နှင့်အကျုံးဝင်သော  စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြား စီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်  တည်ဆောက်ရေး ” ကိုလည်း ချမှတ်ဆောင်ရွက်လျက်ရှိသည်။

အထက်ပါ   ဦးတည်ချက်နှင့်အညီ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး အတွက်  စိုက်ပျိုးရေးလုပ်ငန်းများကို  ဆောင်ရွက်ရာတွင်  “ရေ” လုံလောက်စွာရရှိရေးမှာ အဓိကကျသဖြင့် ရေရရှိရေးအတွက် ဆိုလာစနစ်ကိုအဓိကထား၍ နည်းလမ်းမျိုးစုံဖြင့် ကြံဆစီမံဆောင်ရွက်ပြီး  သီးနှံများကို  သီးထပ်စိုက်ပျိုးရေး၊ အထွက်နှုန်းကို သတ်မှတ်ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေးအတွက် ဆောင်ရွက်ရမည်ဖြစ်သည်။

ဆည်မြောင်းနှင့်   ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနအနေဖြင့် စိုက်ပျိုးရေလုံလောက်စွာ ရရှိရေးအတွက်  တည်ဆောက်ထိန်းသိမ်းထားသော ရေလှောင်တမံ  ၂၄၆  ခု၊  ရေလွှဲဆည်  ၁၄၄  ခု၊ ရေတံခါး ၁၉၉ ခုနှင့် မြစ်ရေတင်လုပ်ငန်း၂၂၇ ခုတို့မှ စိုက်ပျိုးရေ၊ သောက်သုံးရေပေးဝေခြင်းဆောင်ရွက်လျက်ရှိရာ လက်ရှိဆောင်ရွက်ပြီး လျှပ်စစ်ရေတင် လုပ်ငန်းများတွင်  ဆိုလာစနစ်တိုးချဲ့ပြောင်းလဲ တပ်ဆင်ခြင်းနှင့်  ဆိုလာစနစ်ရေတင်စီမံကိန်း အသစ်များ တိုးချဲ့ဆောင်ရွက်ခြင်းများကို   အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

၂၀၂၄-၂၀၂၅   ဘဏ္ဍာနှစ်အထိ စိုက်ပျိုးမြေ  ၆၀၈၀၆  ဧကအတွက်  ရေတင်လုပ်ငန်း  ၄၇  ခု တွင်  ဆိုလာကီလိုဝပ်၉၀၉၂ ဒသမ ၄၇၊ စိုက်ပျိုးမြေ ၂၈၉၈ဧကအတွက် စက်ရေတွင်း ၂၂၄ တွင် ဆိုလာကီလိုဝပ် ၁၂၉၇ ဒသမ ၆၁ စုစုပေါင်းလုပ်ငန်း ၂၇၁ ခုတွင် ဆိုလာကီလိုဝပ်၁၀၃၉၀ ဒသမ ၀၈ တပ်ဆင်၍ စိုက်ပျိုးမြေ၆၃၇၀၄ ဧကအား စိုက်ပျိုးရေပေးဝေလျက်ရှိသည်။ ထို့ပြင် ရေတင်လုပ်ငန်းများမှအသုံးပြုနေသော      လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက်   အဓိကကျသောလုပ်ငန်းများတွင်     အသုံးပြုနိုင်ရန်အတွက် ဆောင်ရွက်ပြီး  လျှပ်စစ်ရေတင်လုပ်ငန်းများတွင်   ဆိုလာစနစ်ပူးတွဲတပ်ဆင် နိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည်။

စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဓိကကျပြီး မရှိမဖြစ်လိုအပ်သည့် စိုက်ပျိုးရေရရှိရေးအတွက် နိုင်ငံတော်မှ   နည်းလမ်းမျိုးစုံဖြင့်   စီမံဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်ကိုသာ အဓိကအားကိုးမနေဘဲ တောင်သူများအနေဖြင့်လည်း ဝိုင်းဝန်းကူညီဆောင်ရွက်ရန်  လိုအပ်သည်။   နိုင်ငံတော်ကဏ္ဍ၊ ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှသာ စိုက်ပျိုး‌ရေရရှိရေးလုပ်ငန်းများအတွက် လျင်မြန်သော အကျိုးပြုမှုကိုရရှိနိုင်မည်ဖြစ်သည်။

နိုင်ငံတော်မှလည်း တောင်သူများ စိုက်ပျိုးရေရရှိရေးအတွက်     ဆိုလာစနစ်    စိုက်ပျိုးရေစက်ရေတွင်းများ တူးဖော်ခြင်း၊  လက်ရှိအသုံးပြုနေသော စိုက်ပျိုးရေစက်ရေတွင်းများတွင် ဆိုလာစနစ်တပ်ဆင်ခြင်း၊  မြစ်/ချောင်း/ကန်/မြောင်းများမှ ရေကို  ဆိုလာစနစ်ဖြင့် ရေတင်စိုက်ပျိုးခြင်း      လုပ်ငန်းများဆောင်ရွက်ရန်အတွက်    နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ လွန်စွာသက်သာသော အတိုးနှုန်းထား (တစ်နှစ်လျှင် ၂  ရာခိုင်နှုန်း)ဖြင့် ချေးငွေကာလ တစ်နှစ်ခြောက်လသတ်မှတ်ပြီး  ထုတ်ချေးပေးလျက်ရှိသည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ်၆၀၄ ဒသမ ၂၀ သန်းဖြင့် ပြည်ထောင်စုနယ်မြေ အပါအဝင် မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊   ပဲခူးတိုင်းဒေသကြီးနှင့်  ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၉ မြို့နယ်၊ တောင်သူ၁၃၂ ဦး၊ လုပ်ငန်း ၁၆၅ ခုမှ စိုက်ပျိုးမြေ ၁၃၉၂ ဒသမ ၃၃ ဧကအတွက် စိုက်ပျိုးရေရရှိရေး ပထမအကြိမ်အနေဖြင့် ထုတ်ချေးပေးပြီးဖြစ်သည်။     ဒုတိယအကြိမ်အနေဖြင့် မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊   ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၃ မြို့နယ်၊ တောင်သူ ၇၉ ဦး၊ လုပ်ငန်း ၇၉ ခုမှ စိုက်ပျိုးမြေ ၅၂၂ ဒသမ ၇၁ဧက စိုက်ပျိုးရေရရှိရေးအတွက် ရန်ပုံငွေကျပ်  ၃၉၀  ဒသမ  ၆  သန်း၊ တတိယအကြိမ်အနေဖြင့် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်     မိတ္ထီလာမြို့နယ်နှင့် သာစည်မြို့နယ်တို့အတွင်းရှိ   ဒေသခံတောင်သူ ၁၅၂ ဦး၊ လုပ်ငန်း ၁၅၂ ခုမှ စိုက်ပျိုးမြေ ၉၁၂ ဧက စိုက်ပျိုးရေရရှိရေးအတွက် ရန်ပုံငွေကျပ်သန်း ၁၀၀၀ ထပ်မံ ထုတ်ချေးပေးနိုင်ရေး  စီစဉ်ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင်    စစ်ကိုင်းတိုင်းဒေသကြီးမြင်းမူမြို့နယ်ရှိ  ဝမ်းပြည့်လျှပ်စစ်ရေတင်လုပ်ငန်းတွင် ၁၆၅ ကီလိုဝပ် ဆိုလာစနစ်တွဲဖက်တပ်ဆင်ခြင်းနှင့်  ရေသောက်စနစ်ပြုပြင်ခြင်းလုပ်ငန်းများ‌ ဆောင်ရွက်၍ စိုက်ပျိုးမြေဧက  ၄၅၀  ပြည့် စိုက်ပျိုးရေပေးဝေနိုင်ရေး ဆောင်ရွက်ခြင်းနှင့် အလျင်အမြန် အကျိုးရလဒ်(Quick Win)ရရှိနိုင်မည့် ရေတင်စီမံကိန်း ၅၉ ခုအနက်မှ တစ်နှစ်ခန့်အတွင်း   ပြီးစီးနိုင်မည့် မန္တလေးတိုင်း‌ဒေသကြီး စဉ့်ကိုင်မြို့နယ်ရှိ ကျွန်းဦးဆိုလာစနစ်ရေတင်စီမံကိန်း (အကျိုးပြုဧက-၅၀၀)၊   မကွေးတိုင်း‌ဒေသကြီး   မကွေးမြို့နယ်ရှိ  ဆိပ်သာ ဆိုလာစနစ်ရေတင်စီမံကိန်း (အကျိုးပြု ဧက-၂၀၀)၊ ပဲခူးတိုင်း‌ဒေသကြီး သနပ္ပင်မြို့နယ်ရှိ   သာယာကုန်းဆိုလာစနစ်ရေတင်စီမံကိန်း(အကျိုးပြုဧက-၄၅၀) များအား ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် GRF ရန်ပုံငွေဖြင့်   လုပ်ငန်းများချက်ချင်း စတင်ပြီး   စိုက်ပျိုးရေရရှိရေးအတွက် အလျင်အမြန်အကျိုးပြုစေရေး ရည်ရွယ်ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်အနေဖြင့်      လျှပ်စစ်ဓာတ်အားကို ကုန်ထုတ်စွမ်းအားတိုးတက် မြင့်မားစေရေးအတွက်  အဓိကထား၍ ဖြန့်ဝေပေးနေသည့်အချိန်တွင် စိုက်ပျိုးရေရရှိရေးအတွက် ဆိုလာစနစ်သုံး ရေတင်လုပ်ငန်းများအား  အစိုးရ၊   ပုဂ္ဂလိက၊ ပြည်သူအားလုံး ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်မှသာ ဒေသနေပြည်သူများ၏ လူမှုစီးပွားတိုးတက်လာခြင်းနှင့်အတူ နိုင်ငံတော်၏   စားရေရိက္ခာဖူလုံမှုနှင့်  စိုက်ပျိုးစီးပွားကဏ္ဍ တိုးတက်မြင့်မားလာမည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။   ။

Source: https://myawady.net.mm/stories