ဂုဏ်ယူမြတ်နိုးတန်ဖိုးထားအပ်သော မြန်မာ့ရိုးရာသနပ်ခါး

Posted_Date

Image

ဂုဏ်ယူမြတ်နိုးတန်ဖိုးထားအပ်သော မြန်မာ့ရိုးရာသနပ်ခါး

Body

သနပ်ခါးကို  မြန်မာအမျိုးသမီးများနှစ်သက်စွာလိမ်းကြသည်။   သနပ်ခါးမလိမ်းသည့်မြန်မာအမျိုးသမီးမှာ နည်းပါးလှသည်။ မြန်မာအမျိုးသမီးများအနေဖြင့် လူကြီး၊ လူငယ်၊ လူလတ်မကျန် သနပ်ခါးလိမ်းကြသည်။ မြန်မာအမျိုးသမီးအများစုကိုကြည့်လိုက်ပါက သနပ်ခါးလိမ်းထားသည်ကိုတွေ့ရသည်။   အထူးသဖြင့် ကျေးလက်နေအမျိုးသမီးအများစုမှာ သနပ်ခါးလိမ်းကြသည်ကို ပိုတွေ့ရသည်။ထို့ပြင် မြန်မာ့သနပ်ခါးကို တစ်ခါတစ်ရံအမျိုးသားများပါ နှစ်သက်စွာလိမ်းကြသည်ကိုလည်း တွေ့ရသည်။

“ဆောင်းမှာနွေး၊ နွေမှာအေး”ဆိုသည့်ဆိုစကားအရ   ဆောင်းတွင်းရာသီမှာသနပ်ခါးလိမ်းထားလျှင် အနွေးဓာတ်ကိုရရှိပြီး နွေရာသီမှာ  သနပ်ခါးလိမ်းပါက အအေးဓာတ်ကိုရရှိသည်ဆိုလိုခြင်းဖြစ်သည်။ ထို့ကြောင့် ပူပြင်းလှသောနွေရာသီတွင် အမျိုးသမီးများအပြင် အမျိုးသားများပါ  သနပ်ခါးလိမ်းကြခြင်းဖြစ်သည်။ ထို့ကြောင့် သနပ်ခါးသည်  မြန်မာလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုတစ်မျိုးဟုပင်ဆိုရပေမည်။ အကြောင်းမှာ မြန်မာလူမျိုးတို့သည် သနပ်ခါးကို ရှေးနှစ်ပေါင်းများစွာကတည်းက ယခုအချိန်အထိ  စွဲစွဲမြဲမြဲလိမ်းခဲ့ကြသောကြောင့်ဖြစ်သည်။

သနပ်ခါး၏အဓိပ္ပာယ်၊ သနပ်ခါးသမိုင်းနှင့်သနပ်ခါးရာဇဝင်

သနပ်ခါးသည် စွဲလမ်းနှစ်ခြိုက်ဖွယ်ကောင်းလှသည်။ ထို့ကြောင့် ရှေးကတည်းက ဘိုးစဉ်ဘောင်ဆက် နှစ်သက်စွာအသုံးပြုခဲ့ကြသည်။   မြန်မာ့ရိုးရာသနပ်ခါးယဉ်ကျေးမှုသည် အေဒီ ၅ ရာစုမှ အေဒီ၉ ရာစုအတွင်း ထွန်းကားခဲ့သည်ဟုယူဆကြသည်။ သနပ်ခါးလိမ်းသည့်ဓလေ့ကိုမူ လွန်ခဲ့သည့်နှစ်ပေါင်း ၂၄၀၀ ကျော်ခန့်က  စတင်ခဲ့သည်ဟုဆိုသည်။ တချို့ကလည်းလွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော်ဟုဆိုကြသည်။ မည်သို့ဆိုစေကာမူ မြန်မာတို့သနပ်ခါးလိမ်းသည့်ဓလေ့သည် နှစ်ပေါင်းများစွာကြာမြင့်ခဲ့သည်ကိုတော့ ငြင်းမရပေ။ သရေခေတ္တရာခေတ် ဗိဿနိုးမိဖုရားတို့ခေတ်တွင် သနပ်ခါးလိမ်းခြင်းကို သဲသဲမဲမဲ စွဲစွဲလမ်းလမ်းကြီးဖြစ်လာခဲ့သည်ဟုပညာရှင်များက ယူဆကြောင်း သိရသည်။သနပ်ခါးနှင့်ပတ်သက်ပြီး  ပုဂံရှိနဂါးရုံဘုရားနှင့်အပယ်ရတနာဘုရားရှိ    နံရံဆေးရေးပန်းချီကားများတွင် သနပ်ခါးနှင့်ယှဉ်တွဲအသုံးပြုလေ့ရှိသော ကျောက်ပျဉ်နှင့်အလှဆင်နေသည့်မိန်းမပျိုပုံများကိုတွေ့ရသောကြောင့်  ပုဂံခေတ်မှာလည်းမြန်မာမိန်းမပျိုတို့သနပ်ခါးလိမ်းကြောင်းသိနိုင်သည်။

 သနပ်ခါးရာဇဝင်ကို ပြောမည်ဆိုပါကပခန်းသားတို့၏ ပါးစပ်ရာဇဝင်ကိုသာဖော်ပြရပေလိမ့်မည်။ အလောင်းစည်သူမင်းကြီးသည် ဖောင်စကြာဖြင့် တိုင်းခန်းလှည့်လည်စဉ်အခါက   ပခုက္ကူခရိုင်ပခန်းကြီးမြို့အနောက်ဘက် ၂ မိုင်ခန့်ကရှင်မတောင်အနီးရှိ  တောင်နီတောင်အနီးသို့ရောက်သောအခါ  မိဖုရားကြီးအသုံးပြုလေ့ရှိသော သနပ်ခါးအစ်(အလွန်မွှေးကြိုင်သော   သနပ်ခါးအရည်ထည့်ထားသောကွမ်းအစ်)သည် တိမ်းမှောက်သွားသဖြင့်   အဆိုပါတောင်နီတောင်ဒေသတစ်ဝိုက်တွင် ပေါက်ရောက်သောသနပ်ခါးသည် အခြားသောဒေသထွက်သနပ်ခါးများထက်ပိုမွှေးသည်ဟု အယူရှိကြသည်။  ဤကားပခန်းသားတို့၏ ပါးစပ်ရာဇဝင်ပင်ဖြစ်သည်။  ထို့ပြင် ဘုရင့်နောင်မင်းတရားကြီး၏ သမီးတော်ဓာတုကလျာမင်းသမီးအမည်ပါသော ကျောက်ပျဉ်ကို ပဲခူးရွှေမော်ဓောဘုရား၌တွေ့ရသည်ဟုလည်း  မှတ်သားရသည်။ထို့ကြောင့် ဘုရင့်နောင်မင်းတရားကြီးသည် တောင်ငူခေတ်မင်းတစ်ပါးဖြစ်သဖြင့်သနပ်ခါးကို  တောင်ငူခေတ်မှာလည်းလိမ်းကြောင်းသိနိုင်သည်။ ကုန်းဘောင်ခေတ် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျလက်ထက်တွင် ရွှေဘိုခရိုင် ခင်ဦးမြို့နယ်အပိုင် ဧရာဝတီမြစ်အနောက်ဘက် သီဟတောဘုရား၏တောင်ဘက် ၂ မိုင်ခန့်ရှိ ကပွတ်ရွာဆိုလျှင် ရှေးကနန်းတော်သုံး   တော်ဝင်သနပ်ခါးထွက်ရှိကြောင်းသိရသည်။

မြန်မာ့ရိုးရာသနပ်ခါးအဓိပ္ပာယ်

သနပ်ခါးဟူသောစကားတွင် “သနပ်ခါ”ဟူသောစကားမှဆင်းသက်လာပြီး“သနနှင့်ခါ”ဟူသောစကားကို ပေါင်းစပ်ထားခြင်းဖြစ်သည်။    “သန”ဟူသည် “မသန့်မရှင်းဖြစ်သည်၊ ယုတ်ညံ့သွားသည်”ဟုအဓိပ္ပာယ်ရသည်။ “ခါ”ဟူသည်စွန့်ထုတ်ခြင်းဟု   အဓိပ္ပာယ်ရသည်။ ထို့ကြောင့် “သနပ်ခါ”ဟူသည်   မကောင်းသောအညစ်အကြေးများနှင့်ယုတ်ညံ့စေသောအရာများကို   ဖယ်ထုတ်သည်။စွန့်ထုတ်သည်။ ခါထုတ်ပစ်သည်ဟူသောအဓိပ္ပာယ်   ကောက်ယူရပေလိမ့်မည်။မြန်မာ့ယဉ်ကျေးမှုဖြစ်သောရိုးရာသနပ်ခါးသည်  မြန်မာလူမျိုးတို့၏အယူအဆအရသန့်ရှင်းခြင်းသဘောကို ဆောင်သည်။  အမှန်စင်စစ်လည်း မြန်မာ့သနပ်ခါးကိုလိမ်းခြယ်ထားသူများကို  ကြည့်ပါကသန့်ရှင်းနေသည်ကို တွေ့ရပေလိမ့်မည်။

ဆေးကျမ်းလာမြန်မာ့နံ့သာအမျိုးမျိုး

မြန်မာလူမျိုးတို့ အသုံးပြုလေ့ရှိသောနံ့သာများရှိသည်။ အဆိုပါနံ့သာများကိုဆေးဖက်မှာလည်း  အသုံးပြုကြသလိုလူတို့၏အလှအပရေးရာအတွက်လည်းအသုံးပြုကြသည်။ သနပ်ခါးကို အင်္ဂလိပ်အမည်ဖြင့် Chinese Box Tree ဟုခေါ်ပြီး သိပ္ပံအမည်မှာ   Naringi    Crenulata ဖြစ်သည်။ မျိုးရင်းက  Rutaceae ဖြစ်ပြီး မျိုးစိတ်မှာ  Acidissma  ဖြစ်သည်။ကျောက်ပျဉ်ပေါ်တင်သွေးရသောနံ့သာအမျိုးမျိုးရှိသည်။   မာဂဓအဘိဓာန်ကျမ်း၌  လေးမျိုးရှိပြီး   ယင်းတို့မှာ(၁)ကုင်္ကုမံ၊ (၂)လေးညှင်း၊ (၃)ကက္ကုကမျဉ်း၊ (၄)တောင်ဇလပ်တို့ဖြစ်သည်။  ဗိန္ဓောဆေးကျမ်းလာ နံ့သာငါးမျိုးရှိသည်။ ယင်းတို့မှာ  (၁)နံ့သာဖြူ၊  (၂)နံ့သာနီ၊ (၃)ကရမက်၊ (၄)အကျော်၊ (၅)စမ္ပာတို့ဖြစ်သည်။ ထို့ပြင် သာရတ္ထသင်္ဂဟကျမ်းမှာမူနံ့သာ ၁၀ မျိုးရှိကြောင်း  ဖော်ပြထားသည်ဟုသိရသည်။ ထိုနံ့သာ ၁၀ မျိုးမှာ(၁)အမြစ်နံ့သာ၊ (၂)အနှစ်နံ့သာ၊ (၃)အကာနံ့သာ၊ (၄)အခေါက်နံ့သာ၊ (၅)အလွှာနံ့သာ၊ (၆)အရည်နံ့သာ၊   (၇)အရွက်နံ့သာ၊(၈)အပွင့်နံ့သာ၊ (၉)အသီးနံ့သာ၊ (၁၀)အလုံးစုံအနံ့နှင့်ပြည့်စုံသော ပင်စည်နံ့သာတို့ဖြစ်သည်။ မြန်မာ့သနပ်ခါးသည် သာရတ္ထသင်္ဂဟကျမ်းလာနံ့သာ ၁၀ မျိုးအနက် အခေါက်နံ့သာ၊ အမြစ်နံ့သာ၊ အလွှာနံ့သာသုံးမျိုးတွင် အကျုံးဝင်သည်။

စာပေထဲက မြန်မာ့သနပ်ခါး

မြန်မာ့သနပ်ခါးကို ကမ္ဘာကပင် သိကြသည်။ မြန်မာ့သနပ်ခါးသည် ကမ္ဘာကျော်သည်။ ကမ္ဘာကျော်သလို ရှေးစာဆိုများက   အမြတ်တနိုးပင်စာဖွဲ့ခဲ့ကြသည်။ထို့ကြောင့် သနပ်ခါးသည် မြန်မာလူမျိုးတို့၏ကြီးမားသော   အစွဲအလမ်းတစ်ခုဖြစ်သလို  အလေးထားအသုံးပြုသောနံ့သာတစ်မျိုးလည်းဖြစ်ကြောင်း  သိနိုင်သည်။ မြန်မာ့သနပ်ခါးကို ခေတ်အဆက်ဆက်  ကဗျာစာဆိုတို့က ကဗျာစာပေဖြင့် မှတ်တမ်းတင်ခဲ့ကြသည်။ သက္ကရာဇ် ၇၄၅  ခုနှစ်  ရာဇဓိရာဇ်မင်းသားသည်မင်းသားဘဝနှင့် ဒဂုံသို့ချီတက်ရာတွင်ကြင်သူသက်ထားထံသို့ရေးပို့ခဲ့သောသုံးထောင့်အိုင်ချင်းတစ်ပုဒ်တွင် “သနပ်ခါးကျောက်ပျဉ်ပေါ်တွင် သောက်တော်ရေနှင့်ရောသွေးပါလျှင် နံ့သာပေါ်ကျဲတတ်တယ်”ဟုလည်းကောင်း၊ ရှေးခေတ်ဆန်ဖွပ်တေးတစ်ပုဒ်တွင်   “ရွှေနံ့သာခေါက်ကိုလ၊  ကျောက်ပျဉ်မှာ  အသာတင်၊ ခန်းခွင်မှာသွေး၊ လိမ်းမယ်လို့ကြံ၊ မှန်ယူခဲ့ဆံတိုလေးရယ်၊ ပိန်းရိုက်စို့လေး”ဟုလည်းကောင်း၊  တောဓလေ့တေးတစ်ပုဒ်မှာလည်း    “သနပ်ခါးငယ်  တစ်ကွက်၊ ရွှံ့တစ်စက်ကယ်နှင့်တွဲလျက်ကယ်တူညီ၊ စိုက်လယ်ကွင်းဆီက သီချင်းသံပြိုင်ဆိုတော့”ဟုလည်းကောင်း   ရေးဖွဲ့ထားသည်မှာ သနပ်ခါးပါးကွက်ကြားနှင့်ကောက်စိုက်သူလုံမလေးတို့၏ ဟန်နှင့်သီချင်းသံကိုကြားယောင်မြင်ယောင်လာစေသည်။ ထို့ပြင် သက္ကရာဇ် ၈၅၅ ခုနှစ်အင်းဝခေတ်ဒုတိယမင်းခေါင်လက်ထက်တွင် ရှင်မဟာရဋ္ဌသာရရေးစပ်ခဲ့သောဘူရိဒတ်ဇာတ်ပေါင်းပျို့တွင် “ဤစာသာရ၊ဂေါသီတကို၊ နားဝနှစ်ဖက်၊ မြကျောက်ထက်၌၊ ဉာဏ်လက်ကိုင်လေး၊ ဖြည်းဖြည်းသွေး၍၊ နံ့မွှေးတစ်သုန် လိမ်းလင့်ကုန်”ရေးဖွဲ့ထားခဲ့သည်။ စာဆိုတော်ဦးကြီးကလည်း   သူ၏ကဗျာတစ်ပုဒ်တွင်“ညဉ့်ချမ်းရယ်နေရီ၊ ချိန်တော်မီ၊ ကေသီပန်းနှင့်ရေခပ်လမ်းမှာ   စခန်းသင့်လို့၊ ထက်ဆင့်နီရောင်ချည်စိမ်းပေါင်နှင့် ယဉ်အောင်တောသူ၊ သနပ်ခါးကွက်ပါးမှာကူလို့”ဟုလည်းကောင်း၊   ခါတစ်ခေါက်ရွာရောက်ငယ်လှမ်းခဲ့ပ အသချီထားသောကဗျာတစ်ပုဒ်တွင် “တစ်ဖက်ကယ်မှောင်ကာ၊ တခြမ်းတာမှာ၊ နံ့သာလိမ်းကွက်၊လရောင်ပြက်မှာ”ဟုလည်းကောင်း ရေးဖွဲ့ထားသည်။  ထို့ပြင် အမည်မသိစာဆိုတစ်ဦးရေးဖွဲ့ခဲ့သော ရွှေမနသူတမ်းချင်းတွင် “သနပ်ခါးကွက် ပါးမှာကူ၊ ရွှေမိုင်းသူတော့်၊ ကျုပ်အလှဆုံး”ဟုလည်းကောင်း  ရေးဖွဲ့ထားသည့် သနပ်ခါးကဗျာများကိုတွေ့ရသည်။ နန်းတော်ရှေ့ဆရာတင်ကလည်း “ရွှေဘိုသနပ်ခါးလိမ်းကြရင်ဖြင့် စိမ်းစိမ်းညက်ညက်ဖြူ”ဟု သီချင်းတစ်ပုဒ်ရေးထုတ်ခဲ့သည်။

မြန်မာ့ရိုးရာသနပ်ခါးပွဲတော်များ

မြန်မာလူမျိုးတို့သနပ်ခါးကို  မည်မျှကြိုက်နှစ်သက်လည်းဆိုလျှင် မြန်မာနိုင်ငံနေရာအနှံ့တွင် သနပ်ခါးပွဲတော်များကျင်းပကြခြင်းကို  ကြည့်ခြင်းအားဖြင့်သိနိုင်သည်။ အချမ်းအအေးလွန်ကဲသောတပို့တွဲလရာသီမျိုးတွင် မြန်မာ့သနပ်ခါးနှင့်နံ့သာများကိုရောနှောမီးရှို့၍ မြတ်စွာဘုရားရှင်အား မီးပုံပွဲအလှူကို ကျင်းပလှူဒါန်းကြသည်။ ထို့ပြင်  ရခိုင်တိုင်းရင်းသားတို့သည်   ရခိုင်ရိုးရာဓလေ့တစ်ခုအနေဖြင့်    သင်္ကြန်အကြိုနေ့မတိုင်မီလူကြီးလူငယ်၊ အမျိုးသမီး၊ အမျိုးသားမကျန်နံ့သာဖြူ၊ သနပ်ခါး စသည်တို့နှင့်ကျောက်ပျဉ်ကိုယူဆောင်ပြီး စုပေါင်းကာ အတီးအမှုတ်များဖြင့် နံ့သာသွေးပွဲကိုကျင်းပလေ့ရှိကြသည်။ ယောနယ်ဘက်မှာလည်း သီတင်းကျွတ်လပြည့်နေ့တွင်လူပျို၊ အပျိုတို့သည် သနပ်ခါးပွဲတော်ကိုပျော်ပွဲရွှင်ပွဲတစ်ခုအဖြစ်   ကျင်းပလေ့ရှိကြောင်းသိရသည်။ စာရေးသူတို့မြန်မာနိုင်ငံမှာ ဆယ့်နှစ်လရာသီအလိုက်  သနပ်ခါးပွဲတော်များရှိသည်။ မင်းဘူးရွှေစက်တော်ဘုရားပွဲတွင် တပို့တွဲလမှတန်ခူးလအထိလည်းကောင်း၊ စလင်းမြို့ရှိ ရွှေပြည်အေးဘုရားပွဲတွင် ကဆုန်လ၌လည်းကောင်း၊ပခုက္ကူသီဟိုဠ်ရှင်ဘုရားပွဲတွင် နယုန်လ၌လည်းကောင်း၊ ဝါခေါင်လတွင် မြင်းမူမြို့ရှိ ရှင်စောလူးဘုရားပွဲ၌လည်းကောင်း၊တော်သလင်းလတွင်  တံတားဦးမြို့နယ်ငါန်းဇွန်ဘုရားပွဲ၌လည်းကောင်း၊ သီတင်းကျွတ်လတွင်   မကွေးမြသလွန်စေတီ၌လည်းကောင်း၊ တန်ဆောင်မုန်းလတွင်ရွှေစည်းခုံဘုရားပွဲ၌လည်းကောင်း၊နတ်တော်လတွင် ကျောက်ပန်းတောင်းရှိစေတီကြီးဘုရားပွဲနှင့်    ပြာသိုလတွင်အာနန္ဒာဘုရားပွဲ၌လည်းကောင်း သနပ်ခါးပွဲတော်များ ကျင်းပလေ့ရှိသည်။

သနပ်ခါးအရည်မပုပ်အောင်ပြုလုပ်နည်း

ဤနည်းသည် မြန်မာအမျိုးသမီးများအတွက် အဆင်ပြေသောနည်းဖြစ်သည်။ မြန်မာအမျိုးသမီးတို့သည် သနပ်ခါးကြိုက်ကြသဖြင့် ခရီးသွားလျှင်သနပ်ခါးနှင့်ကျောက်ပျဉ်ကို သယ်ယူလေ့ရှိကြသည်။သနပ်ခါးနှင့်ကျောက်ပျဉ်ကို သယ်ယူရသည်မှာ   လွယ်ကူသည်မဟုတ်ပေ။ထို့ကြောင့်  ခရီးသွားရာတွင်သနပ်ခါးနှင့်ကျောက်ပျဉ်ကိုသယ်စရာမလိုဘဲ သနပ်ခါးမပုပ်အောင်ပြုလုပ်နည်းကိုဖော်ပြပါမည်။သနပ်ခါးကို   မိမိလိုသလောက်သွေး၍ ထည့်စရာကြုတ် သို့မဟုတ် ဘူးအတွင်းထဲ၍ သံပရာရည် သို့မဟုတ်  ရှောက်ရည်ထည့်၍ ယူဆောင်သွားခြင်းဖြစ်သည်။  နောက်တစ်နည်းမှာ သနပ်ခါးဘူးအတွင်းကျောက်ချဉ်အနည်းငယ်ကိုလည်းကောင်း၊အရက်ပြန်အနည်းငယ်ကိုလည်းကောင်းထည့်ကြသည်။ ထို့ပြင် သနပ်ခါးရည်ဘူးထဲသိုငွေမတ်စေ့ထည့်စိမ်ထားပါကလေးငါးရက်ခန့်သနပ်ခါးရည်မပုပ်ဟုသိရသည်။

မြန်မာ့သနပ်ခါးနှင့်ကျန်းမာရေး

မြန်မာ့သနပ်ခါးသည် မြန်မာ့ယဉ်ကျေးမှုဖြစ်သလို ကျန်းမာရေးအတွက်လည်းအထောက်အကူပြုသည်။ ဆေးကျမ်းအရသနပ်ခါးသည်  ပူ၏။  သွေးကိုကြွစေသည်။  ငန်းမန်းကိုနိုင်သည်။  အပူနာ၊အအေးနာနှစ်မျိုးစလုံးတွင် သုံးနိုင်သည်။အပင်၊ အရွက်၊ ပင်စည်၊ အမြစ်အားလုံးကိုအသုံးပြုနိုင်သည်။ သနပ်ခါးရွက်သည် ဝက်ရူးပြန်ရောဂါကုသသည့်ဆေးဖော်စပ်ရာတွင်ထည့်သွင်းအသုံးပြုသလို ဆီးချိုရှိသူများအမှုန့်ပြုလုပ်၍ သောက်သုံးကြသည်။    အသီးကိုမူ  အဆိပ်ဖြေဆေးဖော်စပ်ရာတွင်အသုံးပြုသည်။ နွေရာသီတွင်ဖြစ်တတ်သော မိတ်ဖု၊ ယားယံနာများဖြစ်လျှင် သနပ်ခါးရေကျဲသွေးလိမ်းပေးနိုင်သည်။ သနပ်ခါးမြစ်ကို  ဆားနှင့်သွေးလိမ်းပေးပါက ညောင်းညာကိုက်ခဲခြင်းကိုသက်သာစေသည်။ သနပ်ခါးသည် မြန်မာအမျိုးသမီးများ၏   အသည်းစွဲနံ့သာဖြစ်သည်။ သနပ်ခါးသည် အသားအရည်ကိုအကျိုးပြုသည်။ နေ့စဉ်ပုံမှန်လိမ်းပေးခြင်းဖြင့် အသားအရေကို နူးညံ့စိုပြည်စေပါသည်။ ကလေးငယ်များကိုလူကြီးများက  သနပ်ခါးခွံ့ကြသည်ကိုတွေ့ဖူးသည်။ ကလေးငယ်များအားသနပ်ခါးခွံကျွေးခြင်းဖြင့် ကျောက်ရောဂါကို ကာကွယ်ပေးနိုင်ကြောင်း သိရသည်။သနပ်ခါးသည် နေပူဒဏ်ကိုကာကွယ်ပေးသည်။ နေရောင်မှာပါဝင်သည် ခရမ်းလွန်ရောင်ခြည်ဒဏ်ကို  ကာကွယ်ပေးသည်။၂၀၁၀ ပြည့်နှစ်က ထိုင်းနိုင်ငံရှိ သုတေသီတို့၏လေ့လာချက်အရ သနပ်ခါးပင်၏အခေါက်သည် အင်တီအောက်ဆီးဒင့် ခေါ်ခန္ဒာကိုယ်ကိုအကျိုးပြုဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်ကြောင်း၊ အသားအရည်ရောင်ရမ်းခြင်းကို သက်သာစေသော ဓာတ်များအပြင် ဗက်တီးရီးယားများကိုပါသေစေနိုင်သော   ဓာတ်နှင့်အရေပြားအရောင်ကို အပြောင်းအလဲဖြစ်စေနိုင်သောဓာတ် သနပ်ခါးလိမ်းပေးခြင်းဖြင့်မျက်နှာပေါ်တွင်ဖြစ်လေ့ရှိသော ဝက်ခြံကိုသက်သာပျောက်ကင်းစေပြီး နေလောင်ခြင်းကိုလည်း   ကာကွယ်ပေးသည်။ထို့ကြောင့် နေပူပူမှာ အလုပ်လုပ်သူများသည်သနပ်ခါးကိုပါးမှာ ခပ်ထူထူလိမ်းကြခြင်းဖြစ်သည်။ ဒူးဆစ်ရောင်ရမ်းခြင်းကို သနပ်ခါးမြစ်ကို သွေးလိမ်းပေးလျှင်ပျောက်ကင်းနိုင်သည်။

လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတင်သွင်းရန်ကြိုးပမ်း

မြန်မာနိုင်ငံတွင် ကမ္ဘာယဉ်ကျေးမှုအမွေအနှစ်များစွာရှိသည်။ ရှေးဟောင်းမြို့များ၊ ရှေးဟောင်းကျောက်စာများ၊ရှေးဟောင်းအဆောက်အအုံများ စသည်ဖြင့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ယဉ်ကျေးမှုအမွေအနှစ်များရှိသည်။ ဒြပ်မဲ့ဟူသည်ထိတွေ့ကိုင်၍မရသော သဘောဆောင်သည်။ ဥပမာ-မြန်မာ့ရိုးရာသင်္ကြန်ကဲ့သို့ဖြစ်သည်။ တစ်နည်းအားဖြင့်တော့ ဒြပ်မဲ့ယဉ်ကျေးမှုဟူသည်   လူသားမျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းယူဆောင်လာခဲ့သည့် ထိတွေ့ကိုင်တွယ်၍မရသောအစဉ်အလာအားဖြင့်ထိန်းသိမ်းလာခဲ့သည့်  ဓလေ့တစ်ခုဟု စာရေးသူအနေဖြင့် ယူဆမိပါသည်။ မြန်မာ့သင်္ကြန်ကိုတော့ မြန်မာတို့၏ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းအဖြစ်အသိအမှတ်ပြုမှတ်တမ်းဝင်ခဲ့ပြီးဖြစ်သည်။

ယခုအခါ  မြန်မာ့ရိုးရာသနပ်ခါးကိုလည်း လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်နိုင်ရန် စာတမ်းပြုစုလျက်ရှိကြောင်းသိရသဖြင့် ဝမ်းမြောက်မိသည်။ ထိုစာတမ်းကိုရှေးဟောင်းသုတေသနနှင့်   အမျိုးသားပြတိုက်ဦးစီးဌာနအပါအဝင်   မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးNGO အဖွဲ့အစည်းများနှင့်ပူးပေါင်းရေးဆွဲပြီး   ဘာသာစကားအနေဖြင့်  မြန်မာ၊အင်္ဂလိပ်၊ ပြင်သစ်သုံးဘာသာဖြင့် ရေးဆွဲကြောင်းသိရသည်။ မြန်မာ့သနပ်ခါးသည် ဒြပ်မဲ့ယဉ်ကျေးမှုစာရင်းတွင်ပါဝင်ခြင်းလျှင်မြန်မာလူမျိုးတို့၏ယဉ်ကျေးမှုတစ်ခုအဖြစ်   နိုင်ငံတကာက  အသိအမှတ်ပြုတန်ဖိုးထားပြီး မြန်မာတို့၏ယဉ်ကျေးမှုဂုဏ်ကိုဆောင်နိုင်မည်ဖြစ်သည်။ ထို့ပြင် နောက်ထပ်ဒြပ်မဲ့ယဉ်ကျေးမှုတစ်ခုလည်း ရှိပါသေးသည်။ ယင်းကား မြန်မာ့ရွှေချည်ထိုးအနုပညာဖြစ်သည်။ မြန်မာ့ရွှေချည်ထိုးလက်မှုအနုပညာကိုလည်း   ဒြပ်မဲ့ယဉ်ကျေးမှုအဖြစ်မှတ်တမ်းဝင်ရန်ကြိုးပမ်းစေလိုကြောင်း   စာရေးသူအနေဖြင့်နှိုးဆော်လိုက်ပါသည်။

နိဂုံးချုပ်အနေဖြင့်ဆိုရလျှင်  မြန်မာလူမျိုး၊ မြန်မာအမျိုးသမီးတို့ရှေးအစဉ်အဆက်ကတည်းက နှစ်ခြိုက်စွာအသုံးပြုခဲ့သော မြန်မာ့ရိုးရာယဉ်ကျေးမှုတစ်ခုဖြစ်သည်။ သနပ်ခါးကိုမနှစ်သက်သည့်မြန်မာအမျိုးသမီးက ရှားလှသည်။ စာရေးသူမန္တလေးရောက်စဉ်က ကုသိုလ်တော်ဘုရား၌  နိုင်ငံခြားအမျိုးသမီးတစ်ဦးမြန်မာ့သနပ်ခါးလိမ်းထားသည်ကို တွေ့ဖူးသည်။  ထိုအချိန်ကတည်းက  မြန်မာသနပ်ခါးကို နိုင်ငံခြားသားများစိတ်ဝင်စားနှစ်သက်ကြသည်ကို ခန့်မှန်းမိသည်။ ယခုအခါ နိုင်ငံတော်နှင့်သက်ဆိုင်ရာယဉ်ကျေးမှုအဖွဲ့အစည်းများက   မြန်မာသနပ်ခါးကို လူသားမျိုးနွယ်ကိုယ်စားပြုဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အောင်ကြိုးစားနေကြောင်းကြားသိရဖြင့်ဝမ်းမြောက်ဂုဏ်ယူပီတိဖြစ်ရသည်။မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့်လည်း မိမိနိုင်ငံ၏သနပ်ခါးအပါအဝင်အခြားသော  ယဉ်ကျေးမှုအမွေအနှစ်များကို ဝိုင်းဝန်းထိန်းသိမ်းသင့်သည်။ ထို့ပြင် မြန်မာ့သနပ်ခါးသည် မြန်မာလူမျိုးတို့အတွက်ဂုဏ်ယူမြတ်နိုးတန်ဖိုးထားအပ်သော ရိုးရာယဉ်ကျေးမှုတစ်ခုဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။    ။

ရေချိုရေငန်စပ်ဧရိယာများအတွင်း သီးထပ်စွမ်းအားတိုးတက်စေရေး

Posted_Date

Image

ရေချိုရေငန်စပ်ဧရိယာများအတွင်း သီးထပ်စွမ်းအားတိုးတက်စေရေး

Body

မြန်မာနိုင်ငံ၏   စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မျိုး၊ မြေ၊ရေ၊ နည်း ဤ လေးချက်အား ကောင်းမွန်မှန်ကန်စွာ အသုံးချဆောင်ရွက်လျက်ရှိရာတွင် ရေချိုလုံလောက်စွာရရှိရေးသည် သီးနှံအထွက်နှုန်း တိုးတက်စေရန်အတွက်သော်လည်းကောင်း၊   စိုက်ပျိုးဧရိယာများ တိုးချဲ့စိုက်ပျိုးနိုင်စေရန်အတွက်သော်လည်းကောင်း၊ သီးနှံစိုက်စွမ်းအားတိုးတက်မြင့်မားစေရန်အတွက်  သော်လည်းကောင်း  မရှိမဖြစ်လိုအပ်သည့် အခြေခံအချက်ဖြစ်သည်။

 ဧရာဝတီတိုင်းဒေသကြီးသည် မိုးစပါး ဧက ၃၇ သိန်းကျော် စိုက်ပျိုးလျက်ရှိပြီး မြန်မာနိုင်ငံတွင် မိုးစပါးအများဆုံးစိုက်ပျိုးသောဒေသကြီးတစ်ခုဖြစ်သည်။ ဒုတိယသီးနှံ စိုက်ပျိုးနိုင်မှုမှာ ဧရိယာဧက ၂၆ သိန်းခန့်ရှိရာ မစိုက်ပျိုးနိုင်သော ရိုးပြတ်ကျန် ဧရိယာမှာ  ဧက ၁၁ ဒသမ ၂၀ သိန်းခန့် ကျန်ရှိသည်ကိုတွေ့ရှိရသည်။ သီးထပ်စိုက်ပျိုးခြင်းမပြုနိုင်သော ရိုးပြတ် ကျန်ဧရိယာအများစုမှာ    ရေငန်ဒေသအတွင်းကျရောက်နေသော စိုက်ဧရိယာများဖြစ်သည်ကို  တွေ့ရှိရသည်။ ထိုသို့ စိုက်ပျိုးနိုင်မှုမရှိခြင်းမှာ ရေငန်ဝင်ရောက်ခြင်း၊ ရေချိုရရှိမှုမသေချာခြင်း၊ ရွှံ့စေး-နုန်းဆန်သော အောက်ခံမြေစေးများရှိခြင်း စသည်တို့ကြောင့်ဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်း မိုးစပါးတစ်သီးသာစိုက်ပျိုးနိုင်သော   ရိုးပြတ်ကျန်နေရာများမှာ ရေငန်ဝင်ရောက်သည့်ဧရိယာများဖြစ်သော ဖျာပုံခရိုင်၊ လပွတ္တာခရိုင်နှင့်ပုသိမ်ခရိုင်ဒေသတို့ဖြစ်သည်ကို တွေ့ရှိရသည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်း ရိုးပြတ်ကျန် ဧရိယာဧက ၁၁ ဒသမ ၂၀ သိန်း ရှိရာတွင် ဖော်ပြပါ ခရိုင်သုံးခုအတွင်း ဧက၁၀ ဒသမ ၉၅ သိန်းခန့်ရှိရာ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ရိုးပြတ်ကျန်များသည် ရေငန်ဝင်ရောက်သောဒေသများအတွင်း အများဆုံးတွေ့ရှိရသည်။

ဖျာပုံခရိုင်  သို့မဟုတ်  ရေချိုရေငန်စပ် ဧရိယာ

ဖျာပုံခရိုင်အတွင်း ၁၉၉၀  ဝန်းကျင်နှစ်များတွင်  ရေငန်တားတာတမံများတည်ဆောက်ထားခြင်းမရှိခြင်းကြောင့်မိုးစပါးစိုက်ပျိုးရာတွင် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသည်။   မိုးစပါးစိုက်ပျိုးချိန်ကာလတစ်လျှောက် လပြည့်လကွယ်ရက်များရောက်တိုင်း    ပင်လယ်ဒီရေများစိုက်ခင်းများအတွင်းသို့ တက်ရောက်လေ့ရှိပြီး မိုးစပါးများရေနစ်မြုပ်ပျက်စီးထိခိုက်လေ့ရှိသည်။  အဆိုပါကာလများတွင်မိုးစပါးတစ်သီးကိုပင်  အခက်အခဲများဖြင့် စိုက်ပျိုးခဲ့ရပြီး မိုးစပါးစိုက်ပျိုးသော ဧရိယာမှာလည်း ဧက ငါး သိန်းဝန်းကျင်ခန့်သာရှိခဲ့သည်။  ယခုအခါ  ဖျာပုံခရိုင်အတွင်း မိုးစပါးစိုက်ဧက ၈ ဒသမ ၇၀ သိန်းကျော်ရှိလာပြီဖြစ်သည်။  တာတမံ၊ရေတံခါးများနှင့် ရေနုတ်မြောင်းများကြောင့် မိုးစပါးစိုက်ဧရိယာများသိသာစွာတိုးတက်လာပြီး မိုးစပါးစိုက်ဧက ၂ ဒသမ ၆၀ သိန်းကျော်မှာ တာတမံများနှင့် ကျွန်းပတ်တာများအတွင်း စိုက်ပျိုးလာနိုင်ခဲ့ခြင်းဖြစ်သည်။ မိုးစပါးများ အောင်မြင်စွာစိုက်ပျိုးလာနိုင်သော်လည်း   နွေစပါးစိုက်ပျိုးရန်အတွက်မူ ရေငန်ဧရိယာအတွင်းကျရောက်နေခြင်းကြောင့် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည်။

ကျွန်းပတ်တာနှင့်    ရေတံခါးများတည်ဆောက်ခဲ့ခြင်း

၁၉၇၆-၁၉၈၅ ခုနှစ်အတွင်း စပါး(၁) စီမံကိန်းနှင့် ၁၉၈၆-၁၉၉၅ ခုနှစ်အတွင်း စပါး(၂)စီမံကိန်းများဖြင့် ဖျာပုံခရိုင်အတွင်း ရေငန်တားတာတမံ ၁၂ ခုနှင့် ရေထုတ်ရေတံခါး ၄၁ လုံးကို တည်ဆောက်ခဲ့ပြီး မိုးစပါးစိုက်ပျိုးချိန် ပင်လယ်ရေဝင်ရောက် နစ်မြုပ်ဖျက်ဆီးခြင်းမှကာကွယ်လျှော့ချနိုင်ခဲ့သည်။ ကျွန်းပတ်တာနှင့်ရေတံခါးများသည်   မိုးစပါးစိုက်ပျိုးမှုများစွာကို  အထောက်အကူပြုခဲ့ရုံသာမက ၂၀၀၈ ခုနှစ်တွင်ဖြစ်ပေါ်ခဲ့သော  နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကျရောက်စဉ်တွင်လည်းတာအတွင်းရှိ  ဧရိယာများအတွင်း ထိခိုက်ဆုံးရှုံးမှု သက်သာရာရခဲ့သည်ကို တွေ့ရှိရသည်။ ဤကဲ့သို့ ရေငန်တားတာတမံများ၏အကျိုးကျေးဇူးများဖြင့် မိုးစပါးစိုက်ပျိုးရေးအတွက်  အထောက်အကူပြုလျက်ရှိနေသော်လည်း   နွေစပါးစိုက်ပျိုးနိုင်ရေးအတွက်မူ   ရေငန်ဧရိယာဖြစ်သည့်အလျောက် အခက်အခဲများစွာဖြစ်ပေါ်ခဲ့ရသည်။ ဖျာပုံခရိုင်အတွင်း လက်ရှိတွင်မိုးစပါးစိုက်ပျိုးမှုမှာ ဧက ၈ ဒသမ ၇၀ သိန်းကျော်ဖြစ်သော်လည်း နွေသီးထပ် စိုက်ပျိုးနိုင်မှုမှာ ဧက ၄ ဒသမ ၁၀ သိန်းကျော်ခန့်သာရှိရာ   ထက်ဝက်ခန့်မှာမိုးစပါးတစ်သီးသာ   စိုက်ပျိုးနိုင်သောဧရိယာများ(နွေသီးထပ်စိုက်ပျိုးခြင်းမပြုနိုင်သောရိုးပြတ်ကျန်များ)အဖြစ် ကျန်ရှိသည်ကိုတွေ့ရှိရသည်။

ရေငန်ဝင်ရောက်မှုအခြေအနေနှင့်စိုက်ပျိုးနိုင်မှုအခြေအနေရေငန်လိုင်း (ရေငန်တက်ရောက်မှု)

သည် ဖျာပုံမြစ်၊ ဘိုကလေးမြစ်နှင့်ဒေးဒရဲမြစ်တို့အတွင်း ဒီဇင်ဘာလမှစ၍ပင်လယ်ဘက်မှမြစ်ကြောင်းများအတိုင်း တဖြည်းဖြည်းကုန်းတွင်းပိုင်းသို့   ဝင်ရောက်လာခဲ့ပြီး မတ်လနှင့်ဧပြီလအတွင်းတွင် ရေငန်ဝင်ရောက်မှုအမြင့်ဆုံးဖြစ်သည်။ ရေငန်တိုင်းတာချက်များအရ ဖျာပုံမြစ်အတွင်း ဖျာပုံမြို့အထက်နားအထိ    ရေငန်ဝင်ရောက်မှုရှိပြီး   ဒေးဒရဲမြစ်အတွင်းဒေးဒရဲမြို့အထိလည်းကောင်း၊ ဘိုကလေးမြစ်အတွင်း  ဘိုကလေးမြို့အထက်နားအထိ ရေငန်တက်ရောက်လေ့ရှိသည်။  ဧရာဝတီတိုင်းဒေသကြီးအတွင်း နွေသီးထပ်များစိုက်ပျိုးရာတွင် ဒီဇင်ဘာလနှင့်ဇန်နဝါရီလတို့အတွင်း စတင်စိုက်ပျိုးလေ့ရှိရာ အဆိုပါကာလများသည် မြစ်များအတွင်း ရေချိုရရှိသောကာလများဖြစ်သည်။သို့သော်လည်း  နွေစပါးများ အောင်ရေ လိုအပ်ချိန်ဖြစ်သော ဖေဖော်ဝါရီလနှင့် မတ်လရောက်ချိန်တွင်မူ (ရေချိုရေငန်စပ် ဧရိယာအတွင်းရှိ)မြစ်ရေသည် ပင်လယ်ရေငန်ဝင်ရောက်လျက်ရှိပြီးဖြစ်ရာ စိုက်ပျိုးရန်အတွက်  သင့်တော်ခြင်းမရှိတော့ပါ။ ထိုကဲ့သို့သော အခြေအနေများကြောင့် နွေသီးထပ်(နွေစပါး)စိုက်ပျိုးရန် အခက်အခဲများစွာဖြစ်ပေါ်လျက်ရှိသည်။  ဖျာပုံခရိုင်အတွင်း   မြို့နယ်လေးမြို့နယ်ရှိရာတွင်  ကျိုက်လတ်မြို့သည် ပင်လယ်မှရေငန်တက်ရောက်နိုင်မှုမရှိခြင်းကြောင့်(ပင်လယ်နှင့်ဝေးကွာခြင်းကြောင့်) တစ်နှစ်ပတ်လုံး ရေချိုလုံလောက်စွာရရှိလျက်ရှိပြီး ကျိုက်လတ်မြို့နယ်သည် မိုးစပါးဧက၁၃၀၀၀၀ ကျော်တွင်   နွေစပါး ၁၃၀၀၀၀ ကျော်ဖြင့် သီးထပ်အပြည့် စိုက်ပျိုးနိုင်သော ဖျာပုံခရိုင်အတွင်းရှိ တစ်ခုတည်းသောမြို့နယ်ဖြစ်သည်။ ကျန်သုံးမြို့နယ်ဖြစ်သော ဖျာပုံ၊ ဘိုကလေးနှင့်    ဒေးဒရဲမြို့နယ်တို့မှာမူ   မိုးစပါးတစ်သီးသာကောင်းစွာ စိုက်ပျိုးနိုင်ပြီး နွေစပါးဧရိယာများစွာ သီးထပ်တိုးချဲ့စိုက်ပျိုးနိုင်ရန်အတွက် လိုအပ်လျက်ရှိသည်ကိုတွေ့ရှိရသည်။

သီးထပ်စွမ်းအားတိုးတက်စေရန် ရေချို အရင်းအမြစ်ရရှိနိုင်မှုအခြေအနေကောင်းများ

ရေချိုရေငန်စပ်ဧရိယာများအတွင်းနွေသီးထပ်စိုက်ပျိုးနိုင်ရန်အတွက် အဓိက လိုအပ်ချက်မှာ ရေချိုလုံလောက်စွာရရှိရေးနှင့် ရေငန်မဝင်ရောက်စေရေးပင်ဖြစ်သည်။    ဖျာပုံခရိုင်အတွင်းသို့  ရေချိုလုံလောက်စွာရရှိစေနိုင်သော ကြီးမားသောရေချိုအရင်းအမြစ်ရှိပြီး   ၎င်းမှာ ဧရာဝတီမြစ်မှ ခွဲထွက်စီးဆင်းလာသောတိုးမြစ်ဖြစ်သည်။ တိုးမြစ်သည် မအူပင်ခရိုင်မှ ဖျာပုံခရိုင်အတွင်းသို့ စီးဆင်းလာပြီး ဒေးဒရဲမြို့နယ်တွင် တိုးမြစ်(ဒေးဒရဲမြစ်)အဖြစ်  ပင်လယ်တွင်းသို့  စီးဝင်သည်။မအူပင်ခရိုင်မှ ဖြတ်သန်းစီးဆင်းလာသောတိုးမြစ်သည်  ကျိုက်လတ်မြို့အနီးတွင် ကျိုက်လတ်မြစ်အဖြစ်  စီးဆင်းလာပြီး ဖျာပုံမြို့အထက်နားအရောက်တွင် ဂုံညင်းတန်းမြစ်အဖြစ် ခွဲထွက်စီးဆင်းလျက်ရှိသည်။ ရေချိုသယ်ဆောင်ရာ အဓိကရေချိုအရင်းအမြစ်ဖြစ်သော ဂုံညင်းတန်းမြစ်သည်  ဘိုကလေးမြစ်အတွင်း  စီးဝင်၍ ပင်လယ်အတွင်း စီးဆင်းလျက်ရှိသည်။ 

ဂုံညင်းတန်းမြစ်သည်   ရေငန်လိုင်း (ရေငန်တက်ရောက်မှု)နှင့်  လွတ်ကင်းလျက်ရှိခြင်းကြောင့်  တစ်နှစ်ပတ်လုံး ရေချိုရရှိသော ဖျာပုံခရိုင်အတွက် ကြီးမားသော  ရေချိုအရင်းအမြစ် တစ်ခုဖြစ်သည်။

ကြက်ဖမွေးဇောင်းကျွန်းပတ်တာ ရေချိုရေရရှိရေး ဆောင်ရွက်ခြင်း

ကြက်ဖမွေးဇောင်းကျွန်းပတ်တာသည် ဖျာပုံမြို့နယ်အတွင်းတည်ရှိပြီး ရေငန်ဧရိယာအတွင်းတည်ရှိသော ကျွန်းပတ်တာတစ်ခုဖြစ်သည်။   ရေချိုရေငန်စပ် ဧရိယာများအတွင်း  နွေသီးထပ်များတိုးချဲ့စိုက်ပျိုးနိုင်ရန်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်လေးခုရှိပြီး  (က) ရေငန်တားခြင်း၊(ခ) ရေချိုသွင်းယူခြင်း၊ (ဂ) ရေချိုပေးဝေခြင်းနှင့်   (ဃ)ရေချိုထိန်းခြင်းတို့ဖြစ်သည်။  ပင်လယ်ရေမဝင်စေရန်  ရေငန်တားတာများတည်ဆောက်ခြင်း၊ ရေချို အရင်းအမြစ်မှ  ရေချိုသွင်းမြောင်းများ ဆက်စပ်တူးဖော်၍ ရေချိုသွင်းယူခြင်း၊ရေချိုသွင်းရေတံခါးများတည်ဆောက်၍ ရေချိုသွင်းယူခြင်း၊ ဝင်ရောက်လာသော ရေချိုများအား စိုက်ပျိုးသော လယ်ကွက်များဆီသို့ရောက်ရှိစေရန် ရေချိုသွင်းမြောင်းဆက်စပ်တူးဖော်ပေးခြင်း၊ ဝင်ရောက်လာသောရေချိုများ ပင်လယ်တွင်းသို့စီးထွက်၍ ရေချိုဆုံးရှုံးခြင်းများမရှိစေရန် ရေထုတ်ရေတံခါးများကို ရေထိန်းတံခါးများအဖြစ် အဆင့်မြှင့်တင်ခြင်းနှင့်ရေထိန်းရေတံခါးများတည်ဆောက်ခြင်း စသည်တို့ပင်ဖြစ်သည်။

(က) ရေငန်တားခြင်း

ကြက်ဖမွေးဇောင်း   ကျွန်းပတ်တာ အတွင်းသို့   ရေငန်မဝင်ရောက်စေရန်အတွက် အလျား ၄၆ မိုင်ရှိသောကျွန်းပတ်တာကို ၁၉၇၆-၁၉၈၅ ခုနှစ်   စပါး(၁)စီမံကိန်းအတွင်း တည်ဆောက်ခဲ့သည်။တာပျမ်းမျှ အမြင့် ၅ ပေခန့်ရှိပြီး သတ်မှတ်တာအမြင့် ၈ ဒသမ ၅ ပေဖြင့်တည်ဆောက်ခဲ့သည်။ ပင်လယ်ရေငန်တက်ရောက်မှုမှာ အမြင့်ဆုံး ၆ ဒသမ ၀ ပေအထိဖြစ်ရာလုံလောက်သောတာအမြင့်ဖြင့် ရေငန်ဝင်ရောက်မှုမှ အကျိုးပြုကာကွယ်ပေးလျက်ရှိသည်။

(ခ) ရေချိုသွင်းယူခြင်း

ကြက်ဖမွေးဇောင်းကျွန်းပတ်တာ ရေချို ရေရရှိနိုင်စေရေးအတွက် အဓိကကျသောဂုံညင်းတန်းမြစ်သည် ရေနည်းချိန်တွင်ပင်၅၀၀၀၀ ကုဗပေ/စက္ကန့် ပမာဏကျော်ရှိခြင်းကြောင့် လိုအပ်သည်ထက်များစွာပိုလျှံသော ရေချိုအရင်းအမြစ်တစ်ခုပင်ဖြစ်သည်။ သို့ဖြစ်ရာ ကြက်ဖမွေးဇောင်း ကျွန်းပတ်တာအတွင်း စိုက်ဧကများတိုးချဲ့နိုင်ရန်  လိုအပ်သောရေချိုကို  ဂုံညင်းတန်းမြစ်မှရယူလျက်ရှိသည်။  ဂုံညင်းတန်းမြစ်မှတစ်ဆင့် ကျုံကန်ချောင်းအတွင်းသို့ ရေချိုရယူနိုင်ရေးအတွက်  ဆက်စပ်ချောင်းများတူးဖော်လျက်ရှိပြီး ကျုံကန်ချောင်းမှတစ်ဆင့် ကျွန်းပတ်တာအတွင်းသို့   ရေချိုသွင်းယူနိုင်စေရန်အတွက်(မမိုးသူ၊ အောင်ချမ်းသာ)စသော ရေချိုသွင်းရေတံခါးများ တည်ဆောက်ပေးလျက်ရှိသည်။

(ဂ) ရေချိုပေးဝေခြင်း

 ရေချိုသွင်းရေတံခါးများမှ ဝင်ရောက်လာသော  ရေချိုများအား နွေစပါးစိုက်တောင်သူများ လွယ်ကူစွာစုပ်တင်သွင်းယူ၍   စိုက်ပျိုးနိုင်စေရန် ရေချိုသွင်းမြောင်းများ  တူးဖော်ပေးလျက်ရှိသည်။ ရေချိုသွင်းမြောင်းများတူးဖော်ရာတွင် ရေချိုလိုအပ်သော စိုက်ပျိုးမြေများဆီသို့ လိုအပ်သောအချိန်တွင် လိုအပ်သောပမာဏအတိုင်း အပြည့်အဝရရှိနိုင်စေရန် စနစ်တကျသွင်းယူတူးဖော်ပေး
လျက်ရှိသည်။

(ဃ) ရေချိုထိန်းခြင်း

ဝင်ရောက်လာသော ရေချိုများပင်လယ်အတွင်းသို့ ပြန်လည်စီးထွက်ခြင်းမရှိစေရန်(ရေချိုလေလွင့်ဆုံးရှုံးမှုများ   မဖြစ်ပေါ်စေရန်)ရေထုတ်ရေတံခါးများတွင် ယာယီရေချိုထိန်းခြင်း၊ စပါး(၁)စီမံကိန်းအတွင်းတည်ဆောက်ခဲ့သော ရေထုတ်ရေတံခါးများအား ရေချိုထိန်းရေတံခါးများအဖြစ် အဆင့်မြှင့်တင်ပြုပြင်ခြင်း၊ ရေထိန်းတံခါးများတည်ဆောက်ခြင်း   စသောရေချိုထိန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

ကြက်ဖမွေးဇောင်းကျွန်းပတ်တာအတွင်း တိုးတက်စိုက်ပျိုးလာသော  အခြေအနေများကြက်ဖမွေးဇောင်း ကျွန်းပတ်တာအတွင်း ၂၀၂၃-၂၀၂၄ ခုနှစ် မတိုင်မီတွင်နွေစပါးအနည်းငယ်သာ စိုက်ပျိုးလျက်ရှိပြီးပျမ်းမျှနွေစပါးစိုက်ပျိုးဧက ၆၀၀၀ ဝန်းကျင်သာရှိသည်။ ရေချိုရေရရှိမှုမသေချာသောအခြေအနေများနှင့် ရေထုတ်ရေတံခါးများမှရေငန်ဝင်ရောက်သော အခြေအနေများကြောင့် အခက်အခဲများရှိခဲ့ပြီး အနည်းငယ်သာ စိုက်ပျိုးလျက်ရှိသည်ကို တွေ့ရသည်။ ၂၀၂၃-၂၀၂၄ ခုနှစ်မှစတင်ကာ ကြက်ဖမွေးဇောင်းကျွန်းပတ်တာရေချိုရေရရှိရေးလုပ်ငန်းများ   စတင်လျာထားဆောင်ရွက်ခဲ့ပြီး တောင်သူများ  အရှိန်အဟုန်ဖြင့် တိုးတက်စိုက်ပျိုးလာသည်ကို လည်း တွေ့ရှိရသည်။ ကြက်ဖမွေးဇောင်း ကျွန်းပတ်တာအတွင်း ပျမ်းမျှစိုက်ပျိုးမှု ဧက ၆၀၀၀ ဝန်းကျင်ခန့်သာရှိရာမှ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် နွေသီးထပ်ဧရိယာ ဧက၉၆၀၀ ကျော်အထိ တိုးတက်စိုက်ပျိုးခဲ့သည်။ ယခုလက်ရှိ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဧက ၁၄၀၀၀ ခန့်အထိ တိုးတက်စိုက်ပျိုးနိုင်ရန် လျာထားဆောင်ရွက်နေသည်ကို တွေ့ရသည်။ ဖော်ပြပါတိုးတက်စိုက်ပျိုးမှုများအား Euro space agency မှ အခမဲ့ရယူနိုင်သော website တစ်ခုဖြစ်သည့် Copernicus browser  (https://datas-pace.copernicus.eu/analyse/data-workspace)တွင် NDVI စိုက်ပျိုးမှုမြေပုံများ(Normalized Difference Vegetation Index)နှင့် NDWI စိုက်ပျိုးသီးနှံရေရရှိမှု မြေပုံများ(Normalized Difference Water Index)တို့ကို အချိန်နှင့်တစ်ပြေးညီ ကြည့်ရှုနိုင်မည်ဖြစ်သည်။

ကြက်ဖမွေးဇောင်း   ကျွန်းပတ်တာသည် မိုးစပါးစိုက်ပျိုးဧရိယာဧက ၂၉၀၀၀ ကျော်ရှိရာ ယခုဆောင်ရွက်နေသောရေချိုရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးပါက မိုးစပါးနည်းတူ နွေစပါးဧက ၂၉၀၀၀ ကျော်အထိ   သီးထပ်စွမ်းအားတိုးတက်စိုက်ပျိုးလာနိုင်မည်ဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီးရေချိုရေငန်စပ်ဧရိယာများအတွင်း  သီးထပ်စွမ်းအားတိုးတက်စေခြင်း

ဖျာပုံမြို့နယ် ကြက်ဖမွေးဇောင်းကျွန်းပတ်တာ  ရေချိုရေရရှိရေးလုပ်ငန်းများဆောင်ရွက်နိုင်သည့်နည်းတူ အခြားသော ရေချိုရေငန်စပ်ဧရိယာများတွင်လည်းဆောင်ရွက်နိုင်မည်ဖြစ်ပြီး  ဖျာပုံခရိုင်အတွင်း ဖျာပုံမြို့နယ်၊ ဘိုကလေးမြို့နယ်နှင့်ဒေးဒရဲမြို့နယ်တို့တွင်  ဆောင်ရွက်နိုင်မည်ဖြစ်သည့်အပြင်  လပွတ္တာခရိုင်အတွင်း   လပွတ္တာမြို့နယ်တွင်လည်းဆောင်ရွက်နိုင်မည်ဖြစ်သည်။  ရေငန်ဧရိယာများအတွင်း  အထက်ဖော်ပြပါ ရေချိုရရှိစေမည့်လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်ပေးခြင်းဖြင့် သီးထပ်စွမ်းအားများတိုးတက်ရရှိစေမည်ဖြစ်သည်။ ရေချိုရေငန်စပ်ဧရိယာများအတွင်း သီးထပ်စိုက်စွမ်းအားတိုးတက်စေရေး အထက်ဖော်ပြပါလုပ်ငန်းစဉ်များအား ဆောင်ရွက်ရာတွင် ကုန်ကျစရိတ်သက်သာစွာဆောင်ရွက်နိုင်မည်ဖြစ်ပြီး   တစ်ဧကကုန်ကျစရိတ်     ခြောက်သိန်းကျော်ခန့်ဖြစ်သည်။ ကုန်ကျစရိတ်နှင့်အရင်းပြန်ပေါ်နိုင်မှုအချိုးမှာ ၁ ဒသမ ၇ ခန့်ဖြစ်ပြီး  Internal Rate of Return အရင်းပြန်ပေါ်နိုင်မှုနှုန်းမှာ ၃၀ ရာခိုင်နှုန်းခန့်ဖြစ်ရာ သုံးနှစ်အတွင်း အရင်းကျေနိုင်သည်ကို တွေ့ရှိရမည်ဖြစ်သည်။ 

အချုပ်အားဖြင့်ဧရာဝတီတိုင်းဒေသကြီးသည် ဆန်ဖူလုံမှုအချိုးအရလိုအပ်သည်ထက် ပိုလျှံသောဒေသကြီးတစ်ခုအဖြစ် ရပ်တည်လျက်ရှိသော်လည်း နိုင်ငံတော်အတွက် ဆန်အိုးကြီးသဖွယ် တည်ရှိခြင်းကြောင့် ယခုထက်ပိုမိုသော ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု၊ အထွက်နှုန်းကောင်းမွန်မှု၊ အရည်အသွေးကောင်းမွန်မှု၊ သီးထပ်စိုက်စွမ်းအားတိုးတက်လာမှု (သီးနှံစိုက်ဧကများတိုးချဲ့နိုင်မှု) စသည်တို့သည် လိုအပ်လျက်ရှိဆဲပင်ဖြစ်သည်။သို့ဖြစ်ရာ  နိုင်ငံတော်၏စားနပ်ရိက္ခာဖူလုံရေးနှင့်  နိုင်ငံ့အကျိုးစီးပွားအတွက်လွန်စွာအရေးကြီးသောသီးထပ်စွမ်းအားမြှင့်တင်နိုင်ရေးလုပ်ငန်းစဉ်များအား  စနစ်တကျဆောင်ရွက်နိုင်ရေးအတွက် ရေချိုရေငန်စပ်ဧရိယာများအတွင်း ရေချိုရေရရှိရေး အဓိကလုပ်ငန်းစဉ်များအား ဖော်ပြလိုက်ရပါသည်။   ။

Source: https://myawady.net.mm/stories

 

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၏ ပိုမိုလှပသောအနာဂတ်ကို အတူလက်တွဲဖန်တီးကြပါစို့

Posted_Date

Image

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၏ ပိုမိုလှပသောအနာဂတ်ကို အတူလက်တွဲဖန်တီးကြပါစို့

Body

၂၀၂၅ ခုနှစ်  မတ်လ  ၁၇  ရက်တွင် (၈) ကြိမ်မြောက် “လန်ချန်း-မဲခေါင် သီတင်းပတ်” ရောက်ရှိလာပြီဖြစ်သည်။ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု စတင်ချိန်မှစ၍ အလျင်အမြန်တိုးတက်ပြီး ထင်ရှားသောရလဒ်များရရှိခဲ့ကာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု၏ “ရွှေရောင်ပလက်ဖောင်း” ဖြစ်လာခဲ့သည်။ ကျွန်မသည် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီးအဖြစ်တာဝန်ထမ်းဆောင်သည့် နှစ်ဝက်ကျော် ကာလအတွင်း လန်ချန်း-မဲခေါင်စီမံကိန်း ၇ ခု ၏  အခမ်းအနားများသို့ တက်ရောက်ခဲ့ပြီး  စီမံကိန်းများစွာကိုလက်တွေ့သွားရောက်  စစ်ဆေးခဲ့သဖြင့် မြန်မာနိုင်ငံ၏  ရွှေရောင်မြေပေါ်တွင် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု၏ အသီးအပွင့်များ‌ ဝေဝေဆာဆာဖူးပွင့်နေသည်ကို    ကိုယ်တိုင်မြင်တွေ့ခဲ့ရပြီးလန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၏အမြန်နှုန်း၊ အင်အားနှင့်နက်ရှိုင်းမှုကို ကိုယ်တိုင်ခံစားခဲ့ရသည်။ “ရွှေရောင်ပလက်ဖောင်း”၏ “ထိရောက်မှုနှုန်းထား” သည် အလွန်မြင့်ပါသည်။

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုသည် အမြဲဖွံ့ဖြိုးရေးကို အဓိကထားပြီး ပြည်သူ့လူနေမှုဘဝကို  အခြေခံသောရည်ရွယ်ချက်နှင့်   မူလရည်မှန်းချက်ကို စွဲကိုင်ထားသောကြောင့်  လက်တွေ့ဘဝနှင့်နီးစပ်ပြီး  ပြည်သူများအတွက်အကျိုးကျေးဇူးများစွာရရှိစေကာ ထိရောက်သောလုပ်ဆောင်မှုများကို  ဖော်ဆောင်နေပါသည်။ တရုတ်နိုင်ငံ၏ထောက်ပံ့ထားသော ရန်ပုံငွေဖြင့် တည်ထောင်ထားသော  လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေသည်မြန်မာနိုင်ငံတွင်စီမံကိန်း ၁၁၈ ခုလုပ်ဆောင်ခဲ့ပြီး ၎င်းတို့အနက်စီမံကိန်း ၇၂ ခုမှာ ပြီးဆုံးခဲ့ပြီဖြစ်သည်။  ထိုစီမံကိန်းများသည် ပြည်သူများ၏ သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ ဆင်းရဲမှုလျှော့ချရေးနှင့်ဝင်ငွေတိုးတက်ရေးစသောဖွံ့ဖြိုးရေးနှင့် ပြည်သူ့လူနေမှုဘဝနှင့် သက်ဆိုင်သော ပြဿနာများကို  အဓိကဖြေရှင်းပေးနေပါသည်။  ရန်ပုံငွေ၏ပံ့ပိုးကူညီမှုဖြင့် ရှမ်းပြည်နယ်ရှိ ကုန်းကြမ်း၊ ဆင်တောင်၊ ကျောက်တော်ကျေးရွာတို့မှ   ရွာသူရွာသား၂၀၀၀ ခန့်သည် သန့်ရှင်းသောသောက်သုံးရေကို ရရှိခဲ့ကြသည်။ တနင်္သာရီတိုင်းဒေသကြီးရှိ ဘုတ်ပြင်းခရိုင်မှ ကံမော်ကြီးကျေးရွာ၊ ရေငံကြီး ကျေးရွာတို့မှ ရွာသူရွာသား ၂၇၀၀ ခန့်သည် ဆိုလာအသေးစားဓာတ်အားပေးစနစ်မှတစ်ဆင့် ၂၄ နာရီလျှပ်စစ်မီးရရှိခဲ့ပြီး လျှပ်စစ်သုံးစွဲမှု ကုန်ကျစရိတ်ကို ၆၀ ရာခိုင်နှုန်းကျော်လျှော့ချနိုင်ခဲ့ကြသည်။ ကော်ဖီ၊ ရော်ဘာ၊  သစ်သီး၊ပိုးမွေးမြူရေးနှင့် ရေထွက်ပစ္စည်းများစသည့်    စိုက်ပျိုးမွေးမြူရေးစီမံကိန်းများမှတစ်ဆင့်  ကျေးလက်ဒေသမှ လယ်သမားများကို  အရည်အသွေးမြင့်မျိုးစေ့များ၊ လေ့ကျင့်ရေးသင်တန်းများကို အခမဲ့သင်ကြားပို့ချပေးခဲ့ပြီး  ထုတ်လုပ်မှုတိုးတက်စေရန်၊ ဝင်ငွေတိုးစေရန်နှင့် အလုပ်အကိုင်ဝင်ရောက်ခွင့်များ   တိုးပွားလာအောင်ကူညီပေးခဲ့သည်။ “သေးငယ်သော်လည်းလှပဆဲ” စီမံကိန်းများသည် မြန်မာပြည်သူများ၏ တောက်ပသောဘဝ အတွက်မျှော်လင့်ချက်များကို  ပံ့ပိုးပေးနေပြီး   သာယာလှပသောအိမ်များကိုတည်ဆောက်ရာတွင် ကူညီပေးနေပါသည်။လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုသည်  အိမ်နီးချင်းနှင့်ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို အမြဲကျင့်သုံးပါသည်။ပူးပေါင်းဆောင်ရွက်မှုတွင် တိုင်ပင်ဆွေးနွေးမှုများရှိပြီး  ဆက်ဆံရေးတွင်ချစ်ကြည်ရင်းနှီးမှုရှိ၍   အချင်းချင်းသက်သောင့်သက်သာရှိမှုကို အပြည့်အဝထည့်သွင်းစဉ်းစားပြီး မည်သည့်နိုင်ငံရေးအကြောင်းအရာများကိုမှ မချိတ်ဆက်ထားပါ။ မိမိတို့၏နိုင်ငံအခြေအနေနှင့်ကိုက်ညီသော ဖွံ့ဖြိုးရေးလမ်းကြောင်းကို လျှောက်လှမ်းရာတွင် အပြန်အလှန်ထောက်ခံကြပါသည်။ မြန်မာနိုင်ငံရှိ လန်ချန်း-မဲခေါင် စီမံကိန်းများ၏ အကောင်အထည်ဖော်သူများသည် မြန်မာပြည်သူများ၏လက်တွေ့လိုအပ်ချက်များကိုအခြေခံ၍ ပူးပေါင်းဆောင်ရွက်မှုများကိုလွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်ရှိပါသည်။တရုတ်သံရုံးသည် စီမံကိန်းအကောင်အထည်ဖော်သူများ၊ ပါဝင်သူများနှင့်အကျိုးခံစားသူများ၏ လိုအပ်ချက်များကို အခြေခံ၍မြန်မာနိုင်ငံ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အမျိုးသားညှိနှိုင်းရေးအဖွဲ့နှင့်ရင်းနှီးစွာတွဲဖက်ဆောင်ရွက်ပြီး  တရုတ်ပညာရှင်များ၊ နည်းပညာကျွမ်းကျင်သူများနှင့် လုပ်ငန်းများကို စီမံကိန်းများအတွက်အကူအညီပေးရန် ညှိနှိုင်းပေးကာ ပိုမိုကောင်းမွန်သော စီမံကိန်းရလဒ်များရရှိစေရန် အတူတကွကြိုးပမ်းဆောင်ရွက်နေပါသည်။

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုသည်  အပြန်အလှန်အကျိုးဖြစ်ထွန်းမှု၊ ပွင့်လင်းမြင်သာသော  သဘောထားနှင့် ဦးတည်ချက်ကို အမြဲကျင့်သုံးပါသည်။ ပိတ်ဆို့ခြင်း  “အသေးစားစက်ဝိုင်း” များကို မလုပ်ဆောင်ဘဲ တံခါးများပွင့်ပွင့်လင်းလင်း ဖွင့်လှစ်ပြီးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပါသည်။ မဟာမဲခေါင်ဒေသခွဲစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊  ဧရာဝတီ-ကျောက်ဖရား-မဲခေါင်  စီးပွားရေးပူးပေါင်း‌ဆောင်ရွက်မှု  ယန္တရားများနှင့်ပူးပေါင်းဆောင်ရွက်ပြီး ဒေသတွင်းအသိုက်အဝန်းတည်ဆောက်ရာတွင် ပူးပေါင်းကူညီကာ ဒေသတွင်းအုပ်ချုပ်မှုကို ပြည့်စုံစေရန်အတွက် “လန်ချန်း-မဲခေါင် အစီအစဉ်” နှင့် “လန်ချန်း-မဲခေါင် ဉာဏ်ပညာ” ကို ပံ့ပိုးပေးနေပါသည်။

လွန်ခဲ့သော ၉ နှစ်အတွင်းက ခြောက်နိုင်ငံမှ နိုင်ငံ့ခေါင်းဆောင်များ၏မဟာဗျူဟာမြောက် ဦးဆောင်မှုဖြင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ယန္တရားသည် တဖြည်းဖြည်းပိုမိုပြည့်စုံလာပြီး ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များ ဆက်လက်ကျယ်ပြန့်လာကာ အတွင်းအားများအဆက်မပြတ်မြင့်တက်လာခဲ့သည်။ ထို့ကြောင့် ဒေသတွင်း စည်းလုံးညီညွတ်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှုကို ကောင်းမွန်စွာမြှင့်တင်ပေးနိုင်ခဲ့သည်။ နိုင်ငံခြောက်နိုင်ငံအကြား နိုင်ငံရေးယုံကြည်မှုသည် ဆက်လက်နက်ရှိုင်းလာပြီးနှစ်နိုင်ငံဆက်ဆံရေးနှင့်ဘက်ပေါင်းစုံ အေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်ရေးကို အကောင် အထည်ဖော်ရာတွင် အပြည့်အဝလွှမ်းခြုံနိုင်ခဲ့သည်။ အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရေးခေတ်၏ ရှေ့ဆုံး၌ အတူတကွလျှောက်လှမ်းနေကြသည်။ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုစွမ်းအားသည် တစ်နေ့တခြားပိုမိုအားကောင်းလာပြီး တရုတ်နိုင်ငံနှင့် မဲခေါင်မြစ်ဝှမ်းဒေသငါးနိုင်ငံတို့အကြား ကုန်သွယ်မှုပမာဏသည် ဒေါ်လာ ၂၀၀ ဘီလီယံကျော်လွန်သွားခဲ့သည်။ ယခုပမာဏသည် လွန်ခဲ့သော ၁၀ နှစ်ကထက် နှစ်ဆပိုများပြီး တရုတ်-လာအို၊ တရုတ်-ထိုင်း ရထားလမ်းများ၊ ကမ္ဘောဒီးယား-တရုတ် အမြန်လမ်းမကြီးကဲ့သို့သောစီမံကိန်းများသည် “ရွှေလမ်းမကြီး”ကို ဖောက်လုပ်ပေးခဲ့သည်။ အမြန်ရထား၊ လေဆိပ်ချိတ်ဆက်မှုနှင့် ဒစ်ဂျစ်တယ်စွမ်းအားတို့သည်  ခေတ်မီဖွံ့ဖြိုးတိုးတက်သော လန်ချန်း-မဲခေါင်အဖြစ် အရှိန် မြှင့်ပေးနေသည်။ “လန်ချန်း-မဲခေါင် ချစ်ကြည်ရေး” သည် ပိုမိုနက်ရှိုင်းလာပြီး “နေရောင်ခြည်စွမ်းအင်ကျေးရွာစီမံကိန်း” သည် ထောင်ပေါင်းများစွာသောအိမ်ထောင်စုများအတွက် လျှပ်စစ်မီးဖြင့် အလင်းရောင်ထွန်းလင်းစေခဲ့သည်။ “စမ်းရေချိုလှုပ်ရှားမှု” (Operation Sweet Spring)သည် ထောင်ပေါင်းများစွာသော ရွာသူရွာသားများအတွက် သန့်ရှင်းသောသောက်သုံးရေကို ရရှိစေခဲ့သည်။“လန်ချန်း-မဲခေါင် အမြင်အာရုံပြန်လည်ရရှိရေးလှုပ်ရှားမှု” သည် ရေတိမ်ရောဂါခံစားနေရသော လူနာရာပေါင်းများစွာကိုပြန်လည်အမြင်အာရုံရစေခဲ့သည်။  တရုတ်နိုင်ငံမှ ထုတ်ပေးသော “လန်ချန်း-မဲခေါင်ဗီဇာ” သည်   နိုင်ငံခြောက်နိုင်ငံမှပြည်သူများကြား ပိုမိုရင်းနှီးစွာဆက်ဆံလာစေရန် တွန်းအားပေးခဲ့သည်။ “လန်ချန်း-မဲခေါင် လုံခြုံအေးချမ်းရေး” တည်ဆောက်မှုသည် ပိုမိုနက်ရှိုင်းစွာ အကောင် အထည်ဖော်လျက်ရှိပြီး ၂၀၂၄ ခုနှစ်တွင် လန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုစင်တာ၏ “စင်ရော်” ပူးပေါင်းလှုပ်ရှားမှုဖြင့် မှုခင်းသံသယရှိ ခုနစ်သောင်းကျော်ကို ဖမ်းဆီးနိုင်ခဲ့သည်။ ဤသို့ဖြင့်ဒေသခံပြည်သူများ၏ လုံခြုံရေးနှင့်ပစ္စည်းဥစ္စာများကို ထိရောက်စွာကာကွယ်ပေးနိုင်ခဲ့ပြီး ဒေသတွင်း လုံခြုံရေးနှင့်တည်ငြိမ်မှုကို  ထိန်းသိမ်းစောင့်ရှောက်ပေးနိုင်ခဲ့သည်။

မကြာသေးမီက အောင်မြင်စွာ ပြီးဆုံးခဲ့သော တရုတ်နိုင်ငံ၏ Two Sessions အစည်းအဝေးတွင် တရုတ်နိုင်ငံသည် ထာဝရတံခါးဖွင့်  ပွင့်လင်းမြင်သာမှုကို မြဲမြံစွာကိုင်စွဲထားမည်ဖြစ်ပြီး စနစ်တကျ တံခါးဖွင့်ပွင့်လင်းမြင်သာမှုကို တည်ငြိမ်စွာတိုးချဲ့သွားမည်ဟု အတည်ပြုခဲ့သည်။ ထို့ပြင်  ကိုယ်ပိုင်ပွင့်လင်းမှုနှင့်  တစ်ဖက်သတ်ပွင့်လင်းမှုကို စနစ်တကျ တိုးချဲ့သွားမည်ဖြစ်ကာ ပွင့်လင်းမှုဖြင့် ပြုပြင်ပြောင်းလဲမှုနှင့်ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်သွားမည်ဟု ထပ်လောင်းဖော်ပြခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi သည် Two Sessions အစည်းအဝေးတွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ အထူးဖော်ပြခဲ့သည်မှာ တရုတ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံများသို့ပွင့်လင်းမှုကို  ဆက်လက်တိုးချဲ့သွားမည်ဖြစ်ပြီး   တစ်ဖက်သတ်ပွင့်လင်းမှုများလည်း  ပါဝင်မည်ဖြစ်ကာ အိမ်နီးချင်းနိုင်ငံများနှင့်အတူ ဖွံ့ဖြိုးတိုးတက်မှု၏ အကျိုးကျေးဇူးများကို မျှဝေသွားမည်ဖြစ်သည်။ ၎င်းသည် ဒေသတွင်းနှင့်ကမ္ဘာတစ်ဝန်းအတွက်စွမ်းအားအသစ်များ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပြီး လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအတွက်အခွင့်အလမ်းသစ်များ ယူဆောင်လာပေးနိုင်မည်ဖြစ်သည်။ ဒီနှစ်သည် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း (၇၅) နှစ်မြောက် နှစ်ပတ်လည်ဖြစ်ပြီး နှစ်နိုင်ငံကြား ဆက်ဆံရေးသည် သမိုင်းဝင်စမှတ်အသစ်သို့ ရောက်ရှိနေပြီဖြစ်သည်။ကျွန်တော်တို့သည် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုကို နက်နက်ရှိုင်းရှိုင်းအကောင်အထည်ဖော်ရာ၌ နှစ်နိုင်ငံဆက်ဆံရေးကို ဖွံ့ဖြိုးတိုးတက်မှုအသစ်ရရှိစေရန် မြှင့်တင်ပေးနိုင်မည်ဟု  ယုံကြည်ပါတယ်။

မြန်မာစကားပုံတွင် “တောင်ကြီးဖဝါးအောက်၊ လှိုင်းကြီးလှေအောက်” ဟူသော ဆိုရိုးစကားအတိုင်း  တရုတ်နိုင်ငံသည် မြန်မာနိုင်ငံရှိ လူမှုအဖွဲ့အစည်းအသီးသီးနှင့် ပူးပေါင်းလက်တွဲကာ၊ခေတ်မီဖွံ့ဖြိုး တိုးတက်ရေးအတွက် သမိုင်းဝင်ခရီးတွင် အပြန်အလှန်ဖေးမကူညီကာတရုတ်-မြန်မာနှင့် လန်ချန်း-မဲခေါင် အေးအတူပူအမျှအသိုက်အဝန်းတို့၏ စာမျက်နှာသစ်ကို အတူတကွ ရေးသား၍  တရုတ်-မြန်မာဆက်ဆံရေးနှင့် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုတို့၏    ပိုမိုလှပသောအနာဂတ်ကို အတူတကွဖန်တီးရန် ဆန္ဒရှိပါသည်။   ။
(စာရေးသူ၏အာဘော်သာဖြစ်ပါသည်)

Source: https://myawady.net.mm/stories

 

နိုင်ငံခြားရေးဝန်ကြီးဌာန၏ (၇၇)နှစ်တာခရီး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ နိုင်ငံခြားရေးဝန်ကြီးဌာနကို လွတ်လပ်ရေးမရမီ တစ်နှစ်ခန့်အလို ၁၉၄၇ ခုနှစ် မတ်လ ၁၇ ရက်တွင် စတင်ထူထောင်ခဲ့ခြင်းဖြစ်ရာ ယနေ့သည် နိုင်ငံခြားရေးဝန်ကြီးဌာန၏ (၇၇)နှစ်မြောက် နှစ်ပတ်လည်ရက်မြတ် အခါသမယဖြစ်သည်။