လျစ်လျူရှုခံ ကျောက်သားပျက်သီး (Gac Fruit) သို့မဟုတ် ကောင်းကင်ဘုံမှ နတ်သစ်သီး
Posted_Date
Image

Body
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်ပြီး သီးနှံမျိုးစုံ ပေါက်ရောက် စိုက်ပျိုးဖြစ်ထွန်းနိုင်သည့် ရေမြေသဘာဝကို ပိုင်ဆိုင်ထားရှိသည်။ နိုင်ငံ၏စီးပွားဖြစ်သီးနှံအဖြစ် သီးနှံ (၁၀)မျိုးကို သတ်မှတ်ပြီး ပန်းတိုင်အထွက်နှုန်းများ သတ်မှတ်ကာ ဆောင်ရွက်လျက်ရှိသည်။ သီးနှံစုံပေါက်ရောက်ဖြစ်ထွန်းနေသည့် နိုင်ငံတွင် အချို့သော သီးနှံများမှာ အသုံးပြုမှုနည်းခြင်း၊ အသုံးပြုရန် မေ့လျော့နေကြခြင်း စသည်တို့ကြောင့် စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်မှု မပြုလုပ်သေးသည့် သီးနှံများစွာရှိနေသည်။ ၎င်းတို့အနက် ယခုရေးသားတင်ပြမည့် သီးနှံဖြစ်သော ကျောက်သားပျက်သီးလည်း တစ်ခုအပါအဝင်ဖြစ်သည်။
ကျောက်သားပျက်သီး (Gac Fruit) သည် ကြက်ဟင်းခါးမျိုးနွယ်၊ ဘူး၊ ဖရုံ၊ သခွားများ ပါဝင်သည့် အပင်မျိုးနွယ် (Cucurbita) အုပ်စုဝင်တစ်ခုဖြစ်သည်။၎င်းသည် ကြက်ဟင်းခါးမျိုးများနှင့် မျိုးရင်း (Momordica) တူညီပြီး မျိုးစိတ်သာကွဲပြားခြားနားသည်။ အင်္ဂလိပ်အမည်အားဖြင့် GAC fruit ဟုခေါ်ပြီး နိုင်ငံဒေသအလိုက် အခေါ်အဝေါ်ကွဲပြားမှုများရှိသည်။ ကျောက်သား ပျက်သီး၏ သိပ္ပံအမည်မှာ Momordica cochinchinensis Spreng ဖြစ်သည်။
ကျောက်သားပျက်၏ မူရင်းဒေသမှာ အရှေ့တောင်အာရှဖြစ်ပြီး မြန်မာနိုင်ငံ အပါအဝင် ဗီယက်နမ်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံစသည်တို့တွင် သဘာဝအတိုင်း ပေါက်ရောက်ပြီး ယခုကာလတွင် ဗီယက်နမ်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့တွင် စီးပွားဖြစ်စိုက်ပျိုးလာကြသည်။ မြန်မာနိုင်ငံတွင် သာစည်မြို့နယ် လှိုင်းတက် ကျေးရွာ၊ ကူမဲမြို့နယ်နှင့် ဧရာဝတီတိုင်း ဒေသကြီး မြောင်းမြမြို့နယ်ရှိ ကျေးရွာများတွင် သဘာဝအတိုင်း အရိုင်းပေါက်ရောက်နေသည်ကို လေ့လာတွေ့ရှိရသည်။ ယခုထိ စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်ခြင်း မရှိသေးပါ။
ကျောက်သားပျက်သီးအပင်သည် ဘူး၊ ဖရုံ၊ ကြက်ဟင်းခါး စသည်တို့နည်းတူ တစ်နှစ်ခံနွယ်ပင် အမျိုးအစားဖြစ်ပြီး ထိုင်းနိုင်ငံတွင် နှစ်ရှည်ပင်အဖြစ်လည်း စိုက်ပျိုးကြသည်။ ဘူး၊ ဖရုံအုပ်စုဝင်အပင်ဖြစ်သော်လည်း ကျန်သောဘူးမျိုးနွယ် အပင်မျိုးများနှင့်မတူညီဘဲ အဓိကခြားနားချက်မှာ အဖိုပင် အမပင်သီးခြားရှိသော အပင်မျိုးဖြစ်သည်။ ပင်စည်သည် စပျစ်ကဲ့သို့ သစ်မာပါသော ပင်စည်အမျိုးအစားဖြစ်ပြီး ပင်ပိုင်းမျိုးပွားနိုင်သည့် အဓိက အချက်ဖြစ်သည်။ အမြစ်သည် ရေသောက်မြစ်မကြီးအပြင် ပီလောပီနံကဲ့သို့ အစာသိုလှောင်မြစ် (tuberous roots )အဖြစ် ဖွဲ့စည်းတည်ရှိပြီး rhizomes ကဲ့သို့ တည်ရှိနေသည်။ ထိုအချက်က ကျောက်သားပျက်ပင်ကို နှစ်ရှည်အဖြစ် စိုက်ပျိုးနိုင်သည့် စွမ်းရည်ကိုရရှိစေသည်။ သဘာဝအတိုင်း ပေါက်ရောက်နေသည့် ကျောက်သားပျက်သီးပင်များတွင် နွေရာသီကဲ့သို့ ပူပြင်းခြောက်သွေ့ချိန်တွင် အရွက်များ ပင်စည်များ ညှိုးကျသွားပြီး မိုးဦးကျအချိန်တွင် မြေအောက်ရှိ ကျန်ရှိနေသောအမြစ် rhizomes အစိတ်အပိုင်းမှ အညွန့်သစ်ထွက်ကာ အပင်အဖြစ် ကြီးထွားလာကြသည်။ ဤကဲ့သို့သော ဖြစ်ပေါ်မှုသည် ကျီးအာသီးပင်နှင့်ဆင်တူသည်ကိုလည်းတွေ့ရှိရသည်။ ကျောက်သားပျက်သီး၏အရွက်မှာ ရွက်ခွပါသော ရိုးရိုးအရွက်အမျိုးအစားဖြစ်ပြီး ပင်စည်၊ အကိုင်းတို့မှ ရွက်လွဲပုံစံထွက်ရှိသည်။ စိုက်ပျိုးသည့် မျိုးပေါ် မူတည်၍ ရွက်ခွသုံးခုမှ ငါးခုအထိပါရှိသည်။ ပန်းပွင့်မှာ အဖိုပွင့်၊အမပွင့်သီးခြားရှိသည်။ ပန်းပွင့်ပြီး သန္ဓေအောင်ပြီးသည်မှ နှစ်လမှသုံးလတွင် ရင့်မှည့်သည်။ အသီးစတင်တည်ချိန်မှ ရင့်မှည့်သည်အထိကြာမည့်အချိန်မှာ မျိုးအပေါ်တွင်လည်းကောင်း၊ ပတ်ဝန်းကျင်ရာသီဥတုပေါ်တွင်လည်းကောင်းမူတည်သည်။ အဝေးတင်ပို့မည်ဆိုပါက အသီးအဝါရောင်မှ အညှာထိပ်ပိုင်း လိမ္မော်ရောင်ပြောင်းချိန်တွင် ခူးဆွတ်နိုင်ပြီး ခူးပြီးချက်ချင်း အသုံးပြုမည်ဆိုပါက အသီးအနီရောင် ဖြစ်မှခူးဆွတ်ခြင်းသည် အာဟာရပါဝင်မှု အများဆုံးရရှိစေနိုင်သည်။ အမပင်မှ တစ်ပင်ပါ အမပွင့်အရေအတွက် ၇၀ နှင့် အထက်ထွက်ရှိသည်။ အဖိုပင်သည် အမပင်ထက် ပန်းပွင့်ပိုများသည်။ အခြားသောဘူး၊ ဖရုံများကဲ့သို့ပင် နံနက်ပိုင်းတွင်ပန်းပွင့်ပြီး ဝတ်မှုန်ကူးခြင်းကိုဖြစ်ပေါ်စေသည်။ အသီးမှာ ဆူးပါသောအသီးဖြစ်ပြီး ငယ်စဉ်တွင် အစိမ်းရောင်ရှိ၍ ရင့်မှည့် လာသည့်အခါ အဝါရောင်၊ လိမ္မော်ရောင်မှ အနီရောင်သို့ပြောင်းလဲသွားသည်။
အသီးအရွယ်အစားမှာ ကျွဲကောသီး အလတ်စားအရွယ်ရှိသည်။ အတိုင်းအတာအားဖြင့် လုံးပတ် ၆ လက်မအရွယ်ရှိသည်။ အသီး၏ ရုပ်သွင်ပြင်အရ အပိုင်း သုံးပိုင်းပါဝင်သည်။ အခွံ၊ အသား၊ အစေ့အနှစ်ဟူ၍ ပုံတွင်ပြထားသည့်အတိုင်းဖြစ်သည်။ အဓိကအသုံးပြုသည့် အစိတ်အပိုင်းမှာ အစေ့နှင့် ကပ်နေသော အနီရောင်အနှစ်ဖြစ်သည်။ ယခုအခါ အစေ့နှင့်ကပ်လျက် အနီရောင်အနှစ် သာမက အသားနှင့်အခွံကိုပါ အသုံးပြုလာကြသည်။
ကျောက်သားပျက်သီးကို ကောင်းကင်ဘုံမှ နတ်သစ်သီးဟု တင်စားခေါ်ဝေါ်ရခြင်းမှာ ဤအသီးတွင် လူတို့အတွက် အသုံးဝင်သည့် ကျန်းမာရေးကို အထောက်အကူပြုနိုင်သည့် အပင်ဇီဝဓာတ်ပေါင်းများစွာပါဝင်နေသောကြောင့်ဖြစ်သည်။ အဓိကပါဝင်သည့် ဓာတ်ပေါင်းအနေဖြင့် ဗီတာမင်အေ၏ ကနဦးပစ္စည်းဖြစ် သည့် ဘီတာကယ်ရိုတင်းပင်ဖြစ်သည်။ ဘီတာကယ်ရိုတင်းပါဝင်မှုမှာ မုန်လာဥနီတွင်ပါဝင်သည့်ပမာဏထက် အဆ ၂၀ သာလွန်သည်။ ၎င်းအပြင် လိုင်ကိုပင်းဓာတ်မှာလည်း ခရမ်းချဉ်သီးတွင် ပါဝင်သည်ထက် အဆ ၇၀ ပါဝင်သည်။ အခြားသောဓာတ်ပေါင်းများအပြင် သက်စောင့်ဓာတ်များ၊ အန်တီအောက်စီဒန့်ဟုခေါ်သည့် အိုမင်းခြင်းကို ကာကွယ်ပေးနိုင်သော သတ္တိပါဝင်သည်။ ထို့ပြင် ဖလာဗိုနိုက်၊ ဗီတာမင်အီး၊ ဖီနော စသည့်ဓာတ်ပေါင်းများလည်းပါဝင်သည်။
ကျောက်သားပျက်သီးကို ဗီယက်နမ်နိုင်ငံတွင် ရိုးရာပွဲများ၊ မင်္ဂလာဆောင်နှင့် နှစ်ကူးပွဲ အခမ်းအနားများတွင် ဆန်နှင့်ရောချက်၍ (မြန်မာနိုင်ငံတွင် အုန်းထမင်းချက်သကဲ့သို့) စားသုံးကြသည်။ ဗီတာမင်အေ ချို့တဲ့သည့် ကလေးငယ်များကို ဤအသီးဖြင့်ချက်ထားသည့် အစားအသောက်များ ကျွေးမွေးခြင်းဖြင့် ဗီတာမင်အေချို့တဲ့မှုအပေါ်ကာကွယ်နိုင်သည်ကို လေ့လာသိရှိရသည်။ ထို့ပြင် တရုတ်နိုင်ငံ၌ ကျောက်သားပျက်သီးအရွက်နှင့် အသီးခွံကို ရောင်ရမ်းသောအနာများတွင် အုံပေးခြင်းဖြင့် အရောင်သက်သာစေသည့် အတွက် ဆေးဖက်ဝင်အပင်အဖြစ် အသုံးပြုကြသည်။ ယခုနောက်ပိုင်းတွင် အစေ့နှင့် ကပ်နေသည့်အနှစ်သားကို ဖျော်ရည်အဖြစ် ထုတ်လုပ်ရောင်းချလျက်ရှိပြီး ထိုင်းနိုင်ငံ နှင့် အခြားသောနိုင်ငံများတွင် စီးပွားဖြစ်စိုက်ပျိုးကာ ထုတ်ကုန်ပစ္စည်းမျိုးစုံကို ထုတ်လုပ် ရောင်းချလျက်ရှိနေကြပြီဖြစ်သည်။
အာဟာရဓာတ်တန်ဖိုး မြင့်မားစွာ ပါဝင်သည့် ဤအသီးကို အချို့နိုင်ငံများတွင် တိုးချဲ့စိုက်ပျိုးထုတ်လုပ်လာကြသကဲ့သို့ ဤအသီးနှင့်ပတ်သက်သည့် အာဟာရတန်ဖိုးပါဝင်မှုကို လွှမ်းမိုးသည့်အချက်များ၊ ရိတ်သိမ်းချိန်လွန်နည်းပညာ အပါအဝင် ကုန်ကြမ်းမှ ကုန်ချောထုတ်လုပ်ရာတွင် လုပ်ဆောင်ရမည့်အချက်များ စသည်တို့ကို သုတေသနများလုပ်ဆောင် လာကြကာ စိုက်ပျိုးထုတ်လုပ်မှုကို အားပေးဆောင်ရွက်နေကြပြီဖြစ်သည်။
ကျောက်သားပျက်သီးပင်သည် အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း အပူပိုင်း သီးနှံပင်ဖြစ်ပြီး စိုက်ပျိုးရန်အကောင်းဆုံး အပူချိန်မှာ ၂၅ မှ ၃၅ စင်တီဂရိတ်ဖြစ်သည်။ အပူချိန်နိမ့်လွန်းမြင့်လွန်းပါက အပင်ဖြစ်ထွန်းမှုကို ထိခိုက်စေနိုင်သည်။ ဆီးနှင်းကျခြင်းသည် ကျောက်သားပျက်ပင်ကို ထိခိုက်ပျက်စီးစေနိုင်သည့်အတွက် နှင်းကျမှုရှိသည့် ဒေသများတွင် စိုက်ပျိုးရန်မသင့်တော်ပါ။ စိုက်ပျိုးမည့်နေရာသည် နေရောင်ခြည်ကောင်းစွာရရှိရမည်ဖြစ်ပြီး အရိပ်ကျခြင်းကို ကြိုက်နှစ်သက်ခြင်းမရှိပါ။ နေရောင်ခြည် တစ်နေ့ ၆-၈နာရီထိရရှိမှု သည် အပင်ကြီးထွားမှု အကောင်းဆုံးကိုရရှိစေသည်။ထို့ကြောင့် စိုက်ပျိုးရာတွင် နေရောင်ခြည် ကောင်းစွာရရှိစေရန် စင်တင်၍ စိုက်ပျိုးသင့်သည်။ ကျောက်သားပျက်သီးပင်ကို မြေအမျိုးအစားမရွေး စိုက်ပျိုးနိုင်သော်လည်း မြေချဉ်ငန်အညွှန်းကိန်း ၆- ၇ ဒသမ ၅ ရှိသည့် ရေစီးဆင်းမှုကောင်းသည့်မြေမျိုးတွင် အကောင်းဆုံးစိုက်ပျိုးဖြစ်ထွန်းသည်။ အော်ဂဲနစ်ပစ္စည်းထက်သန်သော မြေမျိုးကို ပို၍နှစ်သက်သည်။ မိုးရေချိန်အနေဖြင့် ၁၅၀၀မှ၂၅၀၀ မီလီမီတာ ရွာသွန်းသည့်အနေအထားတွင် အသင့်တော်ဆုံးဖြစ်ပြီး တစ်နှစ် မိုးရေချိန် ၁၀၀၀-၃၀၀၀ မီလီမီတာရသည့် ဒေသများတွင် ကောင်းစွာစိုက်ပျိုးနိုင်သည်။ ရေလိုအပ်မှုများသည့် သီးနှံဖြစ်ပြီး ခြောက်သွေ့ရာသီတွင် စိုက်ခင်းကိုရေလောင်းပေးရန်လိုအပ်သည်။ သို့ရာတွင် ရေဝပ်ခြင်းကို ကြိုက်နှစ်သက်ခြင်းမရှိသဖြင့် ရေမများစေရန် ဂရုပြုသင့်သည်။ ရေများပါက အမြစ်ပုပ်ပြီး အပင်သေခြင်းကို ဖြစ်စေနိုင်သည့်အတွက် ကြောင့်ဖြစ်သည်။ စိုထိုင်းဆလိုအပ်ချက်အနေဖြင့် အပင်ပတ်ဝန်းကျင်တွင် ၆၀-၈၀ ရာခိုင်နှုန်းသည် အပင်ကျန်းမာသန်စွမ်း ကြီးထွားရန်အတွက် အကောင်းဆုံးအနေ အထားဖြစ်သည်။ ကျောက်သားပျက်သီးကို ပင်လယ်ရေမျက်နှာပြင်မှ မီတာ ၁၀၀၀ အထိမြင့်သည့် ဒေသများအထိ စိုက်ပျိုးနိုင်သည်။ အထက်ဖော်ပြထားသည့် စိုက်ပျိုးရန် လိုအပ်ချက်များရှိသော်လည်း ကျောက်သားပျက်သီးပင်သည် ဘူး၊ ဖရုံ၊ ကြက်ဟင်းခါး စသည်တို့နှင့် အပင် မျိုးစိတ်တူပြီး စိုက်ပျိုးရှင်သန်ပုံပါတူညီသည့်အတွက် အလွယ်တွေးလျှင် ဘူး၊ ဖရုံ၊ ကြက်ဟင်းခါးစိုက်ပျိုးနိုင်သည့် ဒေသနေရာတိုင်းတွင် ဤကျောက်သားပျက်သီးပင်ကို စီးပွားဖြစ်စိုက်ပျိုးနိုင်သည်။ စိုက်ပျိုးပြုစုစောင့်ရှောက်မှုပုံစံမှာလည်း ဘူး၊ ဖရုံ၊ ကြက်ဟင်းခါးကဲ့သို့ပင်ဖြစ်ပြီး စိုက်ပျိုးရာတွင် ၎င်းတို့ထက်သာလွန်သည့်အချက်မှာ နှစ်ရှည်ခံပင်အဖြစ် စိုက်ပျိုးနိုင်ခြင်း၊ ရောဂါပိုးမွှားကျရောက်မှုနည်းခြင်း (သီးထိုးပိုး ယင်သာ အဓိကဂရုပြုရသည်။)နှင့် အကြမ်းခံခြင်းတို့ဖြစ်သည်။ တစ်နိုင်တစ်ပိုင် စိုက်ပျိုးမည်ဆိုပါက ခြံစည်းရိုးသီးနှံပင်အဖြစ်စိုက်ပျိုးနိုင်သကဲ့သို့ စီးပွားဖြစ် စိုက်ပျိုးမည်ဆိုပါကလည်း စိုက်ပျိုးနိုင်သည့်သီးနှံဖြစ်သည်။
စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်မည်ဆိုပါက သတိထားရမည့် အချက်တစ်ချက်ရှိသည်။ ကျောက်သားပျက်ပင်သည် အဖိုပင် အမပင်သီးခြားရှိသည့် နှစ်ပင်ပေါင်း လိင်စုံ အမျိုးအစားဖြစ်သည့်အတွက် ထိုအချက်သည် စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်ရာတွင် ထားရှိစိုက်ပျိုးရမည့် အဖိုပင်နှင့် အမပင်အချိုးကိုသိရှိရန်မှာ အဓိကထားရမည့် အချက်ဖြစ်သည်။ စီးပွားဖြစ်စိုက်ပျိုးမည့် စိုက်ခင်းအတွက် အဖိုပင်နှင့် အမပင်အချိုးမှာ ၁:၁၀ ရှိလျှင် လုံလောက်သော်လည်း စိုက်ပျိုးသည့်အခါ အဖိုပင်များ ပိုများနေသည်ကို ကြုံတွေ့ရသည့် အတွက် နောက်ပိုင်းတွင် ကျန်သည့်ဘူး၊ ဖရုံ၊ သခွားအပင်များကဲ့သို့ ပင်တည်းလိင်စုံရရှိလာစေရန် မျိုးစပ်မွေးမြူခြင်းများ စတင်လုပ် ဆောင်နေပြီဖြစ်သည်။ ထိုသို့ရရှိရန် ကြိုးပမ်းနေသော အနေအထားတွင် စီးပွားဖြစ် စိုက်ပျိုးသူများအနေဖြင့် လိုအပ်သည့် အမပင်အရေအတွက်ရရှိရန် မျိုးစေ့မှ မျိုးပွားခြင်းအစား အမပင်မှ အကိုင်းများ၊ မြေအောက်ပင်စည် (Rhizomes) များမှ ပင်ပိုင်းမျိုးပွားခြင်းဖြင့် မျိုးပွားယူကာ စိုက်ပျိုးနေကြသည်။ စီးပွားဖြစ်စိုက်ပျိုးသည့် စိုက်ခင်းတွင် ထိုင်းနိုင်ငံ၌ တစ်တန်းနှင့်တစ်တန်းကြား ၄-၅မီတာခြားပြီး အတန်းတွင်းရှိ အပင်များကို တစ်ပင်နှင့်တစ်ပင် ၃-၄ မီတာခြား၍ စိုက်ပျိုးကြသည်။ မြန်မာနိုင်ငံတွင် စိုက်ပျိုးမည်ဆိုပါက ဘူးစိုက်သကဲ့သို့ သင့်တော်ရာ အကွာအဝေးထား၍ စိုက်ပျိုးနိုင်သည်။
သီးနှံတစ်ခုကို တောင်သူများ စိုက်ပျိုးလာစေရန် အားပေးသည့် အဓိကအချက်မှာ ခိုင်မာသည့် စျေးကွက်တည်ရှိခြင်းပင်ဖြစ်သည်။ ကိုင်းကျွန်းမီ ကျွန်းကိုင်းမီဆိုသကဲ့သို့ ကုန်ကြမ်းမှ ကုန်ချောထုတ်လုပ်သည့်နည်းပညာထွန်းကားပြီး MSME လုပ်ငန်းများအားကောင်းလာစေရန် အဆိုပါ လုပ်ငန်းနှင့်သက်ဆိုင်သည့် ကုန်ကြမ်းများ စိုက်ပျိုးရန်လိုအပ်သကဲ့သို့ MSME လုပ်ငန်းနှင့် သက်ဆိုင်သည့် သီးနှံများ စိုက်ပျိုးလာနိုင်ရန် ခိုင်မာသည့် စျေးကွက်ရှိဖို့လိုအပ်သည်။ ထို့ကြောင့် နိုင်ငံစီးပွား တိုးတက်စေရန် MSME လုပ်ငန်းကို အားပေးနေသည့် အချိန်အခါတွင် ကျောက်သားပျက်သီးမှ တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ခြင်းလုပ်ငန်းကိုလေ့လာပြီး ထုတ်လုပ်မည်ဆိုပါက ကျောက်သားပျက် သီးစိုက်ပျိုးခြင်းတိုးတက်လာပြီး တောင်သူများဝင်ငွေရစေသကဲ့သို့ နိုင်ငံစီးပွားလည်းတိုးတက်လာစေနိုင်မည်ဖြစ်သည်။ ဥပမာအားဖြင့် FAMEကဲ့သို့သော ဆေးဝါးလုပ်ငန်းမှ ကျောက်သားပျက်သီးတွင် များပြားစွာ ပါဝင်သောဗီတာမင်အေ ကနဦးဓာတ်ပေါင်းဖြစ်သည့် ဘီတာကယ်ရိုတင်းကို ထုတ်ယူပြီး ဗီတာမင်အေဆေးတောင့် ထုတ်လုပ်ရောင်းချပါက လုပ်ငန်းပိုမိုကျယ်ပြန့်လာ နိုင်သည့်အပြင် ဗီတာမင်အေဆေးတောင့်ကို လွယ်ကူစွာဝယ်ယူနိုင်မည်ဖြစ်သည့် နည်းတူ ဆေးဝါးလုပ်ငန်းအတွက် လိုအပ်သည့်ကုန်ကြမ်း ကျောက်သားပျက်သီးကို စီးပွားဖြစ် စိုက်ပျိုးလာနိုင်မည်ဖြစ်သည့်အတွက် မြေကြီးမှ ရွှေသီးလာစေမှာ အမှန်ပင်ဖြစ်သည်။ ထို့ပြင် စီးပွားဖြစ်စိုက်ပျိုး၍ ထွက်ရှိလာသည့် အသီးများကို ပြည်တွင်းတွင် ဖျော်ရည်လုပ်ငန်း၊ အလှကုန်လုပ်ငန်း စသည်တို့တွင် အသုံးပြုနိုင်သည့်အပြင် ဖော်ပြထားသည့် ထုတ်ကုန်များကို ထုတ်လုပ်ခြင်းဖြင့် နိုင်ငံ၏ MSME လုပ်ငန်းများပိုမိုဖွံ့ဖြိုးလာစေနိုင်သည်။ ထို့ပြင် ပြည်ပမှ ကျောက်သားပျက်သီးနှင့် ပတ်သက်သည့် အမှုန့်၊ အဆီ စသည့် ကုန်ကြမ်းဝယ်လိုအားမှာ မြင့်မားနေသည့်အနေအထားတွင်ရှိသည်။ သို့ရာတွင် ကျောက်သားပျက်သီးမှပါဝင်သော အာဟာရဓာတ်များ မပျက်စီးဘဲ အမှုန့်နှင့် အဆီထုတ်နိုင်ရန် နည်းပညာအကူအညီ လိုအပ်နေသေးသည်။ မည်သို့ပင်ဖြစ်စေ ကျောက်သားပျက်သီးကို ပြည်တွင်းတွင်အသုံးပြုရုံသာမက ပြည်ပသို့ပါတင်ပို့နိုင်သည့် အခြေအနေတွင်ရှိနေသည့် အသီးဖြစ်သည်။
သို့ဖြစ်ပါသဖြင့် အာဟာရဓာတ် ကြွယ်ဝ၍ ကျန်းမာရေးကို အထောက်အကူ ပြုစေနိုင်သည့် အာဟာရ တန်ဖိုးမြင့်မားသည့် ကျောက်သားပျက်သီးကို စီးပွားဖြစ် စိုက်ပျိုးရန် လုပ်ဆောင်သင့်ပါကြောင်း တင်ပြလိုက်ရပါသည်။ ။