လက်နက်ကိုင်အကြမ်းဖက်သမားများက ရပ်ကွက်၊ ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် သာသနာ့အနွယ်ဝင် သံဃာတော် တစ်ပါး အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိ

News Image

လက်နက်ကိုင်အကြမ်းဖက်သမားများက ရပ်ကွက်၊ ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် သာသနာ့အနွယ်ဝင် သံဃာတော် တစ်ပါး အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိ

လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။

PDF အမည်ခံ အကြမ်းဖက်သမားများက အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သား ပြည်သူများအား အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်

News Image

PDF အမည်ခံ အကြမ်းဖက်သမားများက အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သား ပြည်သူများအား အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင် အကြမ်းဖက်သမားများက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ပန်းတိုင်သို့ ချီရာဝယ်

Posted_Date

Image

ပန်းတိုင်သို့ ချီရာဝယ်

Body

ရုရှားနှင့် မြန်မာ

မြန်မာနှင့် ရုရှား။

အချစ်မပျက်ပါဘု

ခေတ်အဆက်ဆက် မနှေးကူလို့

အတွေးတူ အယူမကွဲပါပဲ

အရေးတယူ အတူတွဲတယ်

ခိုင်မြဲတဲ့အား။

၂၀၂၅ ခုနှစ်    မတ်လ ၃ ရက်၊ ၁၃၈၆ခုနှစ် တပေါင်းလဆန်း ၅ ရက်။ အမိမြန်မာနိုင်ငံ၏ သာယာစင်ကြယ် ငြိမ်းချမ်းလှပသော နေ့ရက်တစ်ရက်။

“ဝနပ္ပဂုမ္ဗေ ယထ ဖုဿိတဂ္ဂေ၊ ဂိမှာန မာသေ   ပဌမသ္မိံဂိမှေ - နွေလများတွင် နွေဦးအစဖြစ်သော၊ ကောင်းစွာပွင့်သော၊ ခက်ဖျားစုံရှိသောတောအုပ်သည် အသရေရှိဘိသကဲ့သို့     နိဗ္ဗာန်ရောက်ကြောင်း တရားတော်မြတ်ပိဋကတ်ကို နိဗ္ဗာနဓာတ် အမြတ်ဆုံးအကျိုးစီးပွားအလို့ငှာ” ဟူ၍ရတနသုတ်၌ နွေရာသီ ၏ အဦးအစ အလှနှင့်အဓိပ္ပာယ်ကို နိဗ္ဗာနဓာတ်တရားမြတ်နှင့် ရူပကပြုထားပါသည်။

ထိုနေ့သည်ကား ရုရှား-မြန်မာဆက်ဆံရေးသမိုင်းစာမျက်နှာတွင် မှတ်တိုင်အသစ်တစ်ခုကို     ထပ်မံစိုက်ထူလိုက်နိုင်သော နေ့တစ်နေ့ပင်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့၏  နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီး   အစပြုရာနေ့ရက်ပင်ဖြစ်ပါ၏။

မြန်မာနိုင်ငံနှင့်  ရုရှားနိုင်ငံတို့၏ ချစ်ကြည်ရင်းနှီးမှုနှင့် မိတ်ဖက်ဆောင်ရွက်မှုတို့မှာနွေးထွေးမြဲ နွေးထွေးဆဲ၊ နီးကပ်မြဲနီးကပ်နေဆဲပင်။ (၇၇)နှစ်တိုင်ကြာမြင့်ခဲ့ပြီဖြစ်သော နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် သံတမန်ဆက်ဆံရေးထူထောင်နိုင်ခဲ့သည့် သမိုင်းကြောင်းတစ်လျှောက် ယခင်ကာလများကလည်း  ယခုလိုမှတ်တိုင်များရှိခဲ့ဖူးသည်။  အတိတ်တွင် လှပသော သမိုင်းပုံရိပ်များရှိခဲ့သလို မျက်မှောက်ကာလတွင်လည်း   ယခုလို မှတ်တိုင်အသစ်များ ထပ်မံစိုက်ထူနိုင်မှုမှာ ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန် ထောက်မကူညီခဲ့မှုများအတွက် ပကတိအရှိတရားများဟု ဆိုရပါမည်။

အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ချစ်ကြည်ရေးခရီးစဉ်အတွင်းရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ အစိုးရအဖွဲ့ဝန်ကြီးချုပ် H.E. Mikhail Vladimirovich Mishustim နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ကာကွယ်ရေးဝန်ကြီး H.E. Mr. Andrei Removich နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ လွှတ်တော်ဥက္ကဋ္ဌများနှင့် တွေ့ဆုံဆွေးနွေးခြင်းများအပါအဝင်ရုရှားအစိုးရအဖွဲ့မှတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်းများကို နိုင်ငံတော်နှင့် ပြည်သူအကျိုးကိုရှေးရှု၍ မှန်ကန်သောရည်ရွယ်ချက်၊ ခိုင်မာသောသန္နိဋ္ဌာန်၊ ပြင်းပြထက်သန်သော လုံ့လ ဥဿာဟတို့ဖြင့် အောင်မြင်စွာ ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ကြသည်။

နိုင်ငံတော်အကြီးအကဲဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၅ ခုနှစ် မတ်လ ၃ ရက် နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော် တပ်မတော်လေဆိပ်မှ စတင်ထွက်ခွာသည်။ ယင်းနေ့ ဒေသစံတော်ချိန်  ညနေပိုင်းမှာပင်မော်စကိုမြို့ရှိ  ဘနုကာဘာအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြသည်။မော်စကို၏ ရာသီဥတုမှာ ဆောင်းနှောင်းကာလဟု ဆိုရပါမည်။ အအေးဓာတ်မှာ သိသိသာသာ လွန်ကဲပြင်းထန်ခြင်းမရှိဘဲ သင့်တင့်မျှတရုံမျှရှိ၏။    သို့သော်ငြားအပူချိန်မှာ မိမိတို့နိုင်ငံရာသီဥတုနှင့် အတန်ငယ်ခြားနားသဖြင့် အနွေးထည်ထူထူကြီးများ ဝတ်ထားကြသည်ကို တွေ့ရသည်။ နိုင်ငံတော်အကြီးအကဲနှင့်တကွ ကိုယ်စားလှယ်တော်ကြီးများမှာ နာရီပေါင်းများစွာ ခရီးနှင်ခဲ့ရသော်လည်း နိုင်ငံတော်နှင့် ပြည်သူ့အကျိုးအတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ကြမည်ဟူသော   အားမာန်အပြည့်ဖြင့်     လန်းဆန်းတက်ကြွနေသည်။

အဆင့်မြင့်မြန်မာကိုယ်စားလှယ်အဖွဲ့အား    ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး Mr. Maxim Reshetnikov၊ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ  မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်း၊     မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Iskander Azizov နှင့် မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ်မိုးကျော်တို့က နွေးထွေးလှိုက်လှဲစွာ   ဆီးကြိုနေကြသည်။

လေယာဉ်ပေါ်မှအဆင်း   အနီရောင်လျှောက်လမ်း၏    လက်ယာဘက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏     နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့က  နိုင်ငံတော်အကြီးအကဲဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့အား အသင့်အနေအထားဖြင့် စောင့်ဆိုင်းလျက်ရှိသည်။

ယင်းမှာ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်လာရောက်သည့် နိုင်ငံ့ခေါင်းဆောင်များကို ကြိုဆိုသည့်အစဉ်အလာနှင့်အညီ ဂုဏ်ပြုကြိုဆိုနေခြင်းပင် ဖြစ်သည်။    နိုင်ငံတော်အကြီးအကဲက အလေးပြုခံနေရာ၌  ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူသည်။ ထိုသို့ဆောင်ရွက်နေစဉ် ဂုဏ်ပြုတပ်ဖွဲ့က နှစ်နိုင်ငံနိုင်ငံတော်သီချင်းများကို တီးမှုတ်လျက် ဂုဏ်ပြုအလေးပြုသည်။

ဂုဏ်ပြုတပ်ဖွဲ့၏  အလေးပြုခြင်းကိုခံယူပြီးနောက် ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးက အကြီးအကဲအား ရုရှားနိုင်ငံအစိုးရအဖွဲ့မှ   တာဝန်ရှိသူများနှင့် မိတ်ဆက်ပေးသည်။    အကြီးအကဲကလည်း မြန်မာချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်  ပြန်လည်မိတ်ဆက်ပေးခြင်းဖြင့် နှစ်နိုင်ငံတာဝန်ရှိသူများအကြား အပြန်အလှန်နွေးထွေးမှုတို့ စတင်သန္ဓေတည်ခဲ့ကြသည်။

ထိုနေ့ညနေပိုင်းမှာပင်   အကြီးအကဲဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် မော်စကိုမြို့ရှိ မြန်မာထေရဝါဒ ဗုဒ္ဓစင်တာသို့ သွားရောက်၍ ဆရာတော်ကို ဖူးမြော်ကြည်ညိုကြသည်။

အကြီးအကဲသည်    သဒ္ဓမ္မဇောတိကသိမ်တော်အတွင်း၌ ကျောင်းထိုင်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တအစ္ဆရိယအား ဖူးမြော်ကြည်ညိုပြီးသည်နှင့်    ဘာသာ၊ သာသနာအပေါ် အလေးအမြတ်ပြု    ဦးထိပ်ထားသူပီပီ သာသနာရေးဆိုင်ရာကိစ္စရပ်များ၊ သီတင်းသုံးနေထိုင်ရမှုနှင့်သွားလာရေးအခြေအနေများ၊ ထေရဝါဒဗုဒ္ဓစင်တာအတွက် လိုအပ်ချက်များ၊ ရုရှားနိုင်ငံတွင်    ထေရဝါဒဗုဒ္ဓသာသနာပြန့်ပွားရေးနှင့်   ပတ်သက်၍ သာသနာပြု လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများကို မေးမြန်းလျှောက်ထားလေသည်။ လိုအပ်ချက်များကိုဖြည့်ဆည်းနိုင်ရန် စီမံဆောင်ရွက်ပေးသည်။

မော်စကိုမြို့ရှိ မြန်မာထေရဝါဒဗုဒ္ဓစင်တာမှာ ရုရှားနိုင်ငံတွင်   ထေရဝါဒဗုဒ္ဓသာသနာတော်  ထွန်းကားပြန့်ပွားရေးအတွက်  နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်နိကာယဥက္ကဋ္ဌ ဂဏာဓိပတိ သောဠသမရွှေကျင်သာသနာပိုင်    သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ၊ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက မဟာဓမ္မကထိက ဗဟုဇနဟိတဓရ သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရနှင့် အပြည်ပြည်ဆိုင်ရာသာသနာပြုတက္ကသိုလ်၊ ပါမောက္ခ မဟာဌာနမှူး ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒတို့၏ ဩဝါဒကိုခံယူ၍   ရည်ရွယ်တည် ဆောက်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်အကြီးအကဲနှင့်  ဇနီးအား အမှူးထား၍ တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးနှင့် စစ်သံရုံးမိသားစုများ၊ ရုရှားနိုင်ငံတွင် ပညာတော်သင်ရောက်ရှိနေသည့် သင်တန်းသားမိသားစုများ၏ ပေါင်းစည်းညီညွတ်မှုဖြင့် ၂၀၁၃ ခုနှစ်တွင်    စတင်စီစဉ်ကာ ၂၀၁၅ ခုနှစ်တွင် ကျောင်းရေစက်ချအခမ်းအနားကြီးကို အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။ ထို့အတူပင်   မြန်မာ့ထေရဝါဒဗုဒ္ဓဝိဟာရ၌ ရဟန်းရှင်လူများ စိတ်အေးချမ်းသာစွာဖြင့် တရားအားထုတ်နိုင်ရန် သီတဂူ ဆရာတော်ကြီး၏  ဩဝါဒကိုခံယူ၍ နိုင်ငံတော်အကြီးအကဲနှင့် ဇနီး၊ မြန်မာသံရုံးနှင့် မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) မိသားစုများ၊ ရဟန်းရှင်လူပြည်သူများ၊ ရုရှားနိုင်ငံရောက်ပညာတော်သင်   သင်တန်းသားအရာရှိများ စုပေါင်းလှူဒါန်းခဲ့ခြင်းဖြစ်ပြီး၂၀၂၁ ခုနှစ်တွင် နိုင်ငံတော်အကြီးအကဲနှင့်အလှူရှင်များက ရေစက်ချလှူဒါန်းခဲ့ခြင်းဖြစ်သည်။ ယခုအခါတွင်   ရုရှားနိုင်ငံရှိဗုဒ္ဓဘာသာဝင်များသာမက အိမ်နီးချင်းနိုင်ငံများမှ ဗုဒ္ဓဘာသာဝင်များအတွက်ပါ သာသနာရေးလုပ်ငန်းများဆောင်ရွက်ရာတွင်  အလေးထားရသည့် နေရာတစ်ခုဖြစ်ကြောင်း ဝမ်းမြောက်ကြည်နူးဖွယ် သိရှိရသည်။

ခရီးစဉ်ပထမနေ့ရက်မှာပင်   မိမိတို့အထွတ်အမြတ်ထားရာ ဘာသာတရား၏ အရိပ်အာဝါသကို   ခိုလှုံလိုက်ရသဖြင့် ကိုယ်စားလှယ်တော်ကြီးများမှာ ရေခြားမြေခြားသို့ ရောက်ရှိနေလင့်ကစား စိတ်ဓာတ်ခွန်အားများတိုးပွားလျက်ရှိသည်။အချိန်မှာ ညဘက်သို့   ချဉ်းကပ်လာပြီဖြစ်ရာ အအေးဓာတ်ကအနည်းငယ်ပိုလွှမ်းလာသလိုခံစားရသည်။     အခန်းတွင်အပူချိန်ကမူ အနွေးပေးစက်များအစွမ်းဖြင့် သင့်တင့်ရုံမျှရှိနေသည်။

ယခုခရီးစဉ်မှာ   သာမန်ထက်ပိုသည့် ချစ်ကြည်ရေးခရီးစဉ်တစ်ခုဖြစ်သည်။ နိုင်ငံတော်နှင့် ပြည်သူအတွက် ကြီးလေးသောတာဝန်ဝတ္တရားများပါသည်ကို တွေ့ရသည်။     တိုင်းပြည်နှင့် လူမျိုးအတွက် အကျိုးဖြစ်ထွန်းစေမည့်   ကြီးမားသောဆောင်ရွက်ချက်များပါသည်ကို တွေ့ရသည်။ ခရီးစဉ်တစ်လျှောက် တွေ့ဆုံဆွေးနွေးမှုများ၊ စာချုပ်ချုပ်ဆိုခြင်းနှင့်   နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်းများ၊ တွေ့ဆုံဆွေးနွေးရာမှ ထွက်ပေါ်လာသော သဘောတူညီချက်များကို နှစ်နိုင်ငံပူးတွဲထုတ်ပြန်ကြေညာခြင်း စသည်ဖြင့် ကျယ်ပြန့်လေးနက်သော လုပ်ငန်းဆောင်တာများ ပါဝင်နေသည်။

ခရီးစဉ်၏ အတိမ်အနက်ကို တွေးဆကြည့်ရုံနှင့်ပင် အမိနိုင်ငံကို တိုးတက်ဖြစ်ထွန်းစေချင်သည့်     မည်သူ့ကိုမဆို အားမာန်များ နိုးကြားတက်ကြွလာသည်အထိ ခံစားရစေမည်ဖြစ်သည်။

ခရီးစဉ်ဒုတိယနေ့တွင် ဆောင်ရွက်ဖွယ်ရာတို့မှာ နံနက်မှညတိုင်သည်အထိ များပြားလှစွာ အသင့်စောင့်ကြိုနေကြသည်။ နိုင်ငံတော်အကြီးအကဲဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့မှာတိုင်းကျိုးပြည်ကျိုးရွက်သယ်ပိုးသည့်နေရာတွင် “စက္ကန့်လေးတွေ စိန်စီထားသည်”ဟု ဆိုရမတတ်ပင် အချိန်ကိုတလေးတစားတန်ဖိုးထားကြပုံရသည်။ အိပ်စက်အနားယူချိန်ဖြစ်သော်လည်း နိုင်ငံတော်အကြီးအကဲနှင့်တကွ  ကိုယ်စားလှယ်တော်ကြီးများမှာမိမိတို့အခန်းကဏ္ဍအလိုက်   လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြလျက်ရှိသည်။ ခရီးစဉ်မစတင်မီကပင် ကြိုတင်ပြင်ဆင်ခဲ့ကြပြီးဖြစ်သော်လည်း   အချိန်နှင့်အမျှပြောင်းလဲလာနိုင်သည့် အချို့အကြောင်းအရာများအတွက် မတိုင်မီကာလအထိပြင်ဆင်မှုကို မလျော့ကြချေ။ ကောင်းသည်ထက်ကောင်းအောင်၊ ပြည့်စုံသည်ထက်ပြည့်စုံအောင် အားကြိုးမာန်တက်ဆောင်ရွက်ကြလျက်ရှိသည်။

အကြီးအကဲမှာ ခရီးစဉ်ပထမဆုံးနေ့မှာပင်   အနားမယူနိုင်သေးဘဲ လုပ်ငန်းတာဝန်များ တရစပ်ဆောင်ရွက်နေသော်လည်း မောပန်းနွမ်းနယ်ဟန်မရှိ၊ ရွှင်လန်းတက်ကြွလျက်ရှိသည်ကို သတိပြုမိသည်။

ပန်းတိုင်သို့ချီရာလမ်းဝယ်အကြီးအကဲနှင့်တကွ သူ၏ကိုယ်စားလှယ်တော်ကြီးများမှာ   အမိနိုင်ငံတော်အကျိုးအတွက်တစ်ရံမလပ် စိတ်ကိုနှစ်၍ ရှေးရှုဆောင်ရွက်နေကြပုံမှာ   ရှေ့သွားနောက်လိုက်ညီကြပါပေသည်။ သူတို့၏ အတွေးအာရုံထဲတွင် အမိနိုင်ငံတော်နှင့် ပြည်သူ့အကျိုးအတွက်ဟူသည့် တစ်ကြောင်းတည်းသောရည်မှန်းချက်ကသာလျှင် အပြည့်အဝ နေရာယူထားကြပုံရသည်။

ခရီးစဉ်၏   ပထမဆုံးသောနေ့ဟုဆိုသည့်တိုင်    သည်သို့လျှင် ပညာ၊ သဒ္ဓါ၊ဝီရိယတည်းဟူသော  အင်္ဂါရပ်သုံးတန်ဖြင့်   အရှိန်အဟုန်ကောင်းစွာ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများက   အမိနိုင်ငံတော်အတွက်   အကျိုးဖြစ်ထွန်းစေမည့်  ရလဒ်ကောင်းများလည်း  ထွက်ပေါ်လာတော့မည်ကို  ထင်ရှားစွာပြဆိုနေပါသတည်း။      ။   

Source: https://myawady.net.mm/stories

 

သဘာဝဝန်းကျင်မပျက်စိုက်ပျိုးရေးမှသည် ရေရှည်တည်တံ့သောစိုက်ပျိုးရေးဆီသို့

Posted_Date

Image

သဘာဝဝန်းကျင်မပျက်စိုက်ပျိုးရေးမှသည် ရေရှည်တည်တံ့သောစိုက်ပျိုးရေးဆီသို့

Body

သဘာဝဝန်းကျင်မပျက်စိုက်ပျိုးရေး (Conservation Agriculture- CA)သည် မြန်မာနိုင်ငံတွင်  မြေဆီလွှာပျက်စီးမှု၊ ရေရှားပါးမှုနှင့်  ရာသီဥတုပြောင်းလဲမှုဆိုင်ရာစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်သော  အဓိကမဟာဗျူဟာတစ်ရပ်အဖြစ် ပေါ်ထွက်လျက်ရှိပါတယ်။ မြန်မာ့လယ်ယာစိုက်ပျိုးရေးကဏ္ဍ   ရေရှည်ရှင်သန်ရေးအတွက်  အရေးကြီးသောအချက်ဖြစ်သည့် သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းကာကွယ်ရင်း    ရေရှည်တည်တံ့သော  စိုက်ပျိုးရေးစနစ်များအပေါ် အားထားကာ ကုန်ထုတ်စွမ်းအားမြှင့်တင်နိုင်သော နည်းလမ်းတစ်ခုအဖြစ် ရပ်တည်နေပါတယ်။

မြန်မာ့စိုက်ပျိုးရေးကဏ္ဍ

စိုက်ပျိုးရေးသည် မြန်မာ့စီးပွားရေး၏ အဓိကကျောရိုးဖြစ်ပြီး   မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်သည်လယ်ယာလုပ်ငန်းဖြင့် လုပ်ကိုင်အသက်မွေးနေကြပါတယ်။ သို့သော်လည်း အလွန်အကျွံ  ထယ်ထိုးထွန်ယက်ခြင်း၊  သီးနှံတစ်မျိုးတည်းကိုသာ စိုက်ပျိုးခြင်းစသောမိရိုးဖလာစိုက်ပျိုးနည်းစနစ်များကြောင့်မြေဆီလွှာပျက်စီးဆုံးရှုံးခြင်းများ၊ အထွက်နှုန်းကျဆင်းခြင်းများအပါအဝင် သစ်တောပြုန်းတီးခြင်းများ၊ ရာသီဥတုပြောင်းလဲမှုဒဏ်များစသော   စိန်ခေါ်မှုများစွာနဲ့ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။ သို့ဖြစ်ပါ၍  မိရိုးဖလာလယ်ယာစိုက်ပျိုးရေး အလေ့အကျင့်များနှင့်  ဆက်စပ်နေပြီး သဘာဝအရင်းအမြစ်များကိုလည်းကာကွယ်ထိန်းသိမ်းကာ ရေရှည်တည်တံ့သောစိုက်ပျိုးရေးစနစ်ဆီသို့ ဦးတည်နေသောသဘာဝဝန်းကျင်မပျက် စိုက်ပျိုးရေးကိုပိုမိုလုပ်ဆောင်ကြရန် လိုအပ်လာပြီပဲဖြစ်ပါတယ်။

သဘာဝဝန်းကျင်မပျက်စိုက်ပျိုးရေးတွင် အဓိကလုပ်ဆောင်ရမည့်လုပ်ငန်းစဉ် (၃)ရပ်ရှိပါတယ်။

၁။ မြေဆီလွှာထွန်ယက်မှုကို အနည်းဆုံးဆောင်ရွက်ခြင်း (သို့) ထယ်ရေးမဲ့စိုက်ပျိုးခြင်း

ထယ်ထိုးထွန်မွှေတာဟာ စိုက်ပျိုးရေးလုပ်ငန်းရဲ့  ပထမဆုံးလုပ်ငန်းအဖြစ်ယူဆခဲ့ကြသလို   ထယ်ရေးနက်နက်ထွန်ရေးညက်ညက်ဖြစ်မှသာ မျိုးစေ့များ ကောင်းစွာ    အပင်ပေါက်နိုင်သည်ဟုမှတ်ယူခဲ့ကြပါတယ်။ သို့သော်  နှစ်လများစွာ      ထွန်ယက်စိုက်ပျိုးခဲ့သောမြေများသည်   မြေဆီလွှာအာဟာရဓာတ်များ တဖြည်းဖြည်းဆုံးရှုံး၍   မြေသားတည်ဆောက်မှုပျက်စီးသွားပြီး    မြေတိုက်စားမှုဒဏ်ကို အလွယ်တကူခံစားရကာ တောင်သူဦးကြီးများ၏ သီးနှံအထွက်နှုန်းများ ထိခိုက်လျက်ရှိပါတယ်။ ထို့ကြောင့်ပင် သဘာဝဝန်းကျင်မပျက်စိုက်ပျိုးရေး(CA)တွင် မြေကြီးကို အနည်းငယ်မျှသာတူးဆွ၍ စိုက်ပျိုးရန် သို့မဟုတ် လုံးဝမထယ်မထွန်ဘဲစိုက်ပျိုးရန် လမ်းညွှန်ထားပါတယ်။

ထယ်ရေးမဲ့စိုက်ပျိုးမှုကြောင့် မြေဆီလွှာအား နေ၊ ရေ၊ လေ တိုက်စားမှုကာကွယ်ပေးပြီး မြေဆီလွှာအစိုဓာတ်နှင့် အပူချိန်ကိုထိန်းညှိပေးခြင်း၊  မြေဆီလွှာထဲရှိ အဏုဇီဝသက်ရှိများ ပိုမိုပေါက်ဖွားရှင်သန်နိုင်ပြီး မြေဆီလွှာအာဟာရဓာတ်ပြည့်ဝကာ ရေရှည်ထိ စိုက်ပျိုးလုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။

၂။ မြေဆီလွှာကို အမြဲတမ်းဖုံးအုပ်ထားခြင်း

သီးနှံပင်အကြွင်းအကျန်များ    (သို့)မြေဖုံးပင်များစိုက်ပျိုးခြင်းဖြင့် မြေဆီလွှာကို အမြဲတမ်းဖုံးအုပ်ထားရပါမယ်။ အဓိကသီးနှံပင်မစိုက်ပျိုးမီ မြေကြီးကို နေ၊ ရေ၊လေ တိုက်ရိုက်ထိတွေ့ခြင်းမှ ကာကွယ်စေရန်နှင့် မြေတွင်းရေသိုလှောင်ထိန်းသိမ်းမှုအားကောင်းကာ မြေဆီလွှာကျန်းမာပြီး   ရေရှည်တည်တံ့သော စိုက်ပျိုးရေးဖြစ်လာစေရန်ရည်ရွယ်ပါတယ်။   သီးနှံအကြွင်းအကျန်များကို မီးမရှို့ဘဲ ပြန်လည်အသုံးပြုခြင်းကြောင့် လေထုညစ်ညမ်းမှုကိုလျှော့ချနိုင်ပြီး  ၎င်းတို့မှမြေဆွေးအဖြစ်ရရှိကာ မြေဆီဩဇာပိုမိုထက်သန်လာစေသောစနစ်ဖြစ်ပါတယ်။

၃။ သီးနှံစုံအလှည့်ကျစိုက်ပျိုးခြင်း

သီးလှည့်စိုက်ပျိုးခြင်း၊  သီးနှံစုံကိုရောစပ်၍ စိုက်ပျိုးခြင်းဖြင့် သီးနှံတစ်မျိုးတည်းပေါ်တွင်  ကျရောက်လေ့ရှိသောရောဂါပိုးမွှားများ၏ သံသရာစက်ဝန်းကိုဖြတ်တောက်သကဲ့သို့ဖြစ်ကာ ရောဂါပိုးမွှားကျရောက်မှုကို လျော့နည်းစေပါတယ်။

အကျိုးကျေးဇူးများ

သဘာဝဝန်းကျင်မပျက်စိုက်ပျိုးရေး  (CA)သည် မထွန်ယက်ခြင်းကြောင့် မြေကြီးတည်ဆောက်မှုမပျက်စီးခြင်း၊ မြေတွင်းရှိ အော်ဂဲနစ်ပစ္စည်းများနှင့် သက်ရှိအဏုဇီဝများပျက်စီးဆုံးရှုံးမှုမရှိခြင်း၊  လောင်စာသုံးစွဲမှုလျှော့ချနိုင်ပြီး   ပတ်ဝန်းကျင်ထိန်းသိမ်းပေးနိုင်ခြင်း၊  ရာသီဥတုနှင့် လိုက်လျောညီထွေစွာ စိုက်ပျိုးနိုင်ခြင်း၊မြေဖုံးထားခြင်းကြောင့်  ပေါင်းပေါက်ရောက်မှု လျော့နည်းခြင်း၊ သစ်ဆွေးဓာတ်ရရှိပြီး မြေအပူချိန် သမမျှတကာ မြေဆီလွှာ၏ရုပ်ဂုဏ်သတ္တိ၊ ဓာတ်ဂုဏ်သတ္တိ၊ ဇီဝဂုဏ်သတ္တိများ ပိုမိုကောင်းမွန်လာခြင်းနှင့်အတူ   သီးနှံမျိုးကွဲအစုံစိုက်ပျိုးခြင်းဖြင့် ရောဂါပိုးမွှားကျရောက်မှုလျော့နည်းလာပြီး သဘာဝအရင်းအမြစ်များကို ပိုမိုထိရောက်အောင် သုံးစွဲလာနိုင်ကာ ရေရှည်တည်တံ့သောစိုက်ပျိုးရေးစနစ်ဖြစ်ပါတယ်။

သဘာဝဝန်းကျင်မပျက်စိုက်ပျိုးရေး(CA )သည် အနာဂတ်တွင်လိုအပ်လာမည့်စားနပ် ရိက္ခာကို အကောင်းဆုံးဖြည့်ဆည်းပေးမည့်နည်းစနစ်ဖြစ်ပါတယ်။ လုပ်ကွက်ငယ်တောင်သူများအနေဖြင့်   အထူးသင့်လျော်ပြီး  အကျိုးအမြတ်ရရှိကာမိသားစုဝမ်းစာ ဖူလုံရုံသာမက ပိုလျှံလာစေမည့်   စိုက်ပျိုးရေးစနစ်ဖြစ်ပါတယ်။ ရေငွေ့ပြန်ခြင်းကို လျှော့ချပေးခြင်းကြောင့် မိုးခေါင်ရေရှားဒေသများတွင် ရေအရင်းအမြစ်ကို  ထိန်းသိမ်းစောင့်ရှောက်ပေး ပါတယ်။ ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေး သုံးစွဲမှုကို လျှော့ချနိုင်ပြီး ထုတ်လုပ်မှု ကုန်ကျစရိတ်ကို လျော့နည်းစေတယ်။ တောင်သူဝင်ငွေတိုးတက်စေပြီး လူမှုဘဝသာယာဝပြောလာစေနိုင်တဲ့ နည်းစနစ်ကောင်းဖြစ်ပါတယ်။

လက်ရှိဆောင်ရွက်ဆဲ

ယခုလက်ရှိတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့်ဌာနဆိုင်ရာများနှင့်ပူးပေါင်းကာ သဘာဝဝန်းကျင်မပျက်စိုက်ပျိုးရေး( CA) နည်းပညာပြန့်ပွားရေးအစီအစဉ်များ၊   စမ်းသပ်စိုက်ကွင်းများ၊ စိုက်ပျိုးရေးသင်တန်းကျောင်းများမှတစ်ဆင့် သဘာဝဝန်းကျင်မပျက်စိုက်ပျိုးရေး(CA)ကို  အဆင့်မြှင့်တင်ကာ တောင်သူများအား မိရိုးဖလာစိုက်ပျိုးနည်းစနစ်မှ ရေရှည်တည်တံ့သောစိုက်ပျိုးရေးစနစ်ဆီသို့ပြောင်းလဲရန် လိုအပ်သောကိရိယာများ၊  နည်းပညာဖြန့်ဝေခြင်းသင်တန်းများ   ဆောင်ရွက်လျက်ရှိပါတယ်။

အနာဂတ်အလားအလာ

မြန်မာနိုင်ငံ၏   မတူကွဲပြားသောစိုက်ပျိုးရေးဂေဟစနစ်နှင့် လိုက်လျောညီထွေဖြစ်သော  စိုက်ပျိုးနည်းစနစ်ဖြစ်စေရန်လိုအပ်သောသုတေသနဆောင်ရွက်မှုများလုပ်ဆောင်ခြင်း၊  စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများပို့ချခြင်း၊ စမ်းသပ်စိုက်ကွင်းများ ပိုမိုတိုးချဲ့စိုက်ပျိုးခြင်း၊ သဘာဝဝန်းကျင်မပျက်စိုက်ပျိုးရေး ( CA )ကို ကျယ်ကျယ်ပြန့်ပြန့်လက်ခံကျင့် သုံးခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများကို တောင်သူများအား လက်ဆင့်ကမ်းမျှဝေပေးကာ လိုအပ်သောအရင်းအမြစ်များဖြစ်သည့် စက်ကိရိယာများ၊ သီးနှံမျိုးစေ့များအား အစိုးရနှင့်ပုဂ္ဂလိကအဖွဲ့ များပူးပေါင်း၍ တောင်သူများအား ကူညီထောက်ပံ့ပေးခြင်းဖြင့် သဘာဝဝန်းကျင်မပျက်စိုက်ပျိုးရေး(CA )ကို တွင်ကျယ်စွာလက်ခံကျင့်သုံးသော  တောင်သူများတိုးပွားလာကာ မိမိတို့မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့သော  ဝန်းကျင်မပျက် စိုက်ပျိုးရေးစနစ်မှာ အနာဂတ်စိုက်ပျိုးရေးစနစ်တွင်  အရေးပါသည့်အခန်းကဏ္ဍ အနေဖြင့် ပါဝင်လာမည်ဖြစ်ပါတယ်။

သဘာဝဝန်းကျင်မပျက်စိုက်ပျိုးရေးသည် မြန်မာ့လယ်ယာကဏ္ဍ၏အနာဂတ်အတွက် မြေဆီဩဇာထက်သန်ပြီး သီးနှံအထွက်နှုန်းတိုးတက်စေရန်၊  သဘာဝပတ်ဝန်းကျင်ကိုကာကွယ်ရန်နှင့် ရာသီဥတုဖောက်ပြန်မှုဒဏ်ကို   ခံနိုင်ရည်ရှိအောင်  မြှင့်တင်ပေးနိုင်ကာ   ရေရှည်တည်တံ့သော စိုက်ပျိုးရေးနည်းလမ်းတစ်ခုအဖြစ် ရှေ့ဆောင်နေပါတယ်။ စိုက်ပျိုးပညာပေးရေးနှင့် သဘာဝအရင်းအမြစ်များတွင် မှန်ကန်သော ပံ့ပိုးကူညီမှုများနှင့်   ရင်းနှီးမြှုပ်နှံမှုများ  ဆက်လက်ပြုလုပ်ခြင်းဖြင့် သဘာဝဝန်းကျင်မပျက်စိုက်ပျိုးရေး  (CA)သည် မြန်မာနိုင်ငံတွင်ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ် ဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံအုတ်မြစ်ဖြစ်လာနိုင်ပြီး နောင်လာနောက်သားများအတွက် စားနပ်ရိက္ခာဖူလုံရေးနှင့်  လူမှုစီးပွားဘဝ စည်ပင်ဝပြောလာမည်ဖြစ်ကြောင်း   တိုက်တွန်းရေးသားလိုက်ရပါတယ်။   ။

Source: https://myawady.net.mm/stories