၂၀၂၅ ခုနှစ် မတ်လ ၂၇ ရက်နေ့သည် နှစ်(၈၀)ပြည့်တပ်မတော်နေ့ဖြစ်သည်။ ခေတ်အဆက်ဆက်တွင် သမိုင်းကြောင်း အစဉ်အလာကြီးမားခဲ့သော မြန်မာ့တပ်မတော်သည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့အတွက်နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ရှေ့မှ မားမားမတ်မတ် ရပ်တည်ခဲ့ပြီး အသက်သွေးချွေးအစဉ်မနှေးဘဲပေးဆပ်လာခဲ့သည်မှာ နှစ်(၈၀)တိုင်ခဲ့ပြီဖြစ်သည်။ ရှေ့ဆက်၍ လည်း နိုင်ငံတော်နှင့်ပြည်သူတို့၏ အကျိုးအတွက် ဦးလည်မသုန် ထမ်းရွက်နေမည်သာဖြစ်သည်။
မြန်မာနိုင်ငံသည် ရှေးကာလများကတည်းက ရေမြေနယ်နိမိတ်ပိုင်နက်၊ တိုင်းရင်းသားပြည်သူများ၊ တိုင်းပြည်ကို အုပ်ချုပ်သူ၊ အချုပ်အခြာအာဏာ ပိုင်စိုးခြင်းတို့ပြည့်စုံလျက် စည်းလုံးညီညွတ်သော သမိုင်းကြောင်းရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ နိုင်ငံတော်ကာကွယ်ရေးအင်အား တောင့်တင်းခိုင်မာခဲ့သည့် အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းမင်းတရားဦးအောင်ဇေယျတို့ လက်ထက်တွင် ပိုင်နက်နယ်ပယ်ကျယ်ဝန်းပြီး ခမ်းနားထည်ဝါစွာ သာယာဝပြောသော နိုင်ငံတော်အဖြစ် တည်ထောင်နိုင်ခဲ့ကြသည်။
တိုင်းရင်းသားစည်းလုံးညီညွတ်မှု ခိုင်မာအားကောင်းသော မြန်မာနိုင်ငံသည် ကုန်းဘောင်ခေတ်တွင် အနောက်နိုင်ငံများ၏ လုပ်ကြံသွေးထိုးမှုကြောင့် စည်းလုံးညီညွတ်မှုပြိုကွဲခဲ့ရသည်။ ထို့နောက် နယ်ချဲ့အင်္ဂလိပ်တို့က စစ်သုံးကြိမ်ပြုပြီး တစ်နိုင်ငံလုံးကို သိမ်းပိုက်ခဲ့သဖြင့် မြန်မာတစ်မျိုးသားလုံး သူ့ကျွန်ဘဝ ကျရောက်ခဲ့ရသည်။ လွတ်လပ်ရေး ဆုံးရှုံးပြီးနောက် နိုင်ငံတစ်ဝန်းနယ်ချဲ့ တော်လှန်ရေးများကို ဆင်နွှဲခဲ့သော်လည်း စနစ်တကျဖွဲ့စည်းမှုမရှိခြင်းနှင့် လက်နက်အင်အားမမျှတခြင်းတို့ကြောင့် နောက်ဆုံးတွင် အင်္ဂလိပ်တို့ကို အရေးနိမ့်ခဲ့ရသည်။
ဆုံးရှုံးသွားသော လွတ်လပ်ရေးကို ပြန်လည်ရယူနိုင်ရေး အတွက် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ရဲဘော်သုံးကျိပ်သည် ခေတ်မီတပ်မတော် ဖွဲ့စည်းနိုင်ရေး ဂျပန်တို့ထံတွင် စစ်ပညာသင်ယူခဲ့သည်။ ထို့နောက် ဗမာ့လွတ်လပ်ရေးတပ်မတော်သည် ဂျပန်ဘုရင့်တပ်မတော်နှင့်အတူ မြန်မာနိုင်ငံအတွင်းသို့ စစ်ကြောင်းများခွဲ၍ ဝင်ရောက်ခဲ့ပြီး နယ်ချဲ့အင်္ဂလိပ်တို့ကို ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် တိုက်ထုတ်လိုက်သည်။ အင်္ဂလိပ်တို့ဆုတ်ခွာသွားသော်လည်း ဂျပန်တို့သည်လွတ်လပ်ရေးပေးမည့် ကတိကို ပျက်ကွက်ခဲ့သည့်အပြင် ပြည်သူလူထုအပေါ် ညှဉ်းပန်းနှိပ်စက်ခဲ့သဖြင့် တပ်မတော်သည် ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်တွင် သမိုင်းဝင်ဖက်ဆစ် တော်လှန်ရေးကြီးကို တိုင်းရင်းသားပြည်သူလူထုနှင့်အတူ လက်တွဲဆင်နွှဲခဲ့ကြသည်။ မတ်လ ၂၇ ရက်နေ့ကို တပ်မတော်နေ့အဖြစ်သတ်မှတ်ခဲ့ရာ ယခုနှစ်ဆိုလျှင် နှစ်(၈၀)တိုင်ခဲ့ပြီဖြစ်သည်။
ယနေ့မြန်မာ့တပ်မတော်၏ အမြုတေတပ်မတော်အဖြစ် စတင်ခဲ့သော ဗမာ့လွတ်လပ်ရေး တပ်မတော်သည် ဗမာ့ကာကွယ်ရေးတပ်မတော်၊ ဗမာ့အမျိုးသားတပ်မတော်၊ မျိုးချစ်ဗမာ့တပ်မတော်၊ ဗမာ့တပ်မတော်အဖြစ် အဆင့်ဆင့်အမည်ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။ တပ်မတော်သည် မည်သို့ပင်အဆင့်ဆင့် ပြောင်းလဲဖွဲ့စည်းခဲ့သော်လည်း ပြည်သူလူထုနှင့် လက်တွဲပြီး လွတ်လပ်ရေး ရရှိအောင်ဆောင်ရွက်ပေးခဲ့သည့်အတွက် လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းနှင့် အတူပေါက်ဖွားလာခဲ့သော တပ်မတော်အဖြစ် ခိုင်ခိုင်မာမာရပ်တည်လျက်ရှိသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့သော်လည်း လွတ်လပ်ရေးနှင့်အတူ ပြည်တွင်းလက်နက်ကိုင်သောင်းကျန်းမှုများ ပေါ်ပေါက်လာသည်။ ၁၉၄၉ ခုနှစ်ဝန်းကျင်တွင် အဆိုးရွားဆုံးအခြေအနေအထိ ရောက်ရှိခဲ့ပြီး ရန်ကုန်အစိုးရဟုပင် လှောင်ပြောင်ခေါ်ဆိုခံရသည့် အခြေအနေအထိဖြစ်ပေါ်ခဲ့သည်။ တပ်မတော်သည် ပြည်တွင်းရောင်စုံသောင်းကျန်းသူများကို နှိမ်နင်းစဉ်မှာပင် တရုတ်ဖြူ(ကူမင်တန်)နှင့် မူဂျာဟစ်ကုလားဆိုး သောင်းကျန်းမှု စသောပြည်ပ ကျူးကျော်မှုများကိုလည်း နှိမ်နင်းခဲ့ရသည်။
မြန်မာ့တပ်မတော်သည် လွတ်လပ်ရေးရပြီးနောက် ခေတ်အဆက်ဆက်တွင် နိုင်ငံတော်၏ ပကတိလိုအပ်ချက်နှင့် ပြည်သူတို့၏ လိုအင်ဆန္ဒများကို ဦးစားပေးအကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့သည်။ ၁၉၅၈ ခုနှစ် နိုင်ငံရေးအကျပ်အတည်းကာလတွင် တပ်မတော်သည် အိမ်စောင့်အစိုးရ တာဝန်ရယူပြီး လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ သောင်းကျန်းသူ နှိမ်နင်းရေးနှင့် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲ ကျင်းပပေးရေး စသောနိုင်ငံတော်၏ ပကတိလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် ပြည်ထောင်စုပြိုကွဲမည့် အခြေအနေသို့ရောက်ရှိလာသဖြင့် တော်လှန်ရေးကောင်စီကို ဖွဲ့စည်းပြီး နိုင်ငံတော်တည်ဆောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရသည်။
၁၉၈၈ ခုနှစ်တွင် ပါတီစုံဒီမိုကရေစီ တောင်းဆိုမှုနှင့်အတူ ဆူပူဆန္ဒပြမှုများ ပြင်းထန်လာမှုကြောင့် အစိုးရပြိုကွဲသွားပြီး တပ်မတော်က နိုင်ငံတော်တာဝန်အရပ်ရပ်ကို စောင့်ရှောက်ရယူချိန်တွင်လည်း တပ်မတော်သည် ပြည်သူတို့၏ လိုအင်ဆန္ဒနှင့်အညီ ပါတီစုံဒီမိုကရေစီစနစ် ထူထောင်နိုင်ရေးအတွက် လိုအပ်သော အခြေခံအုတ်မြစ်များကို ချမှတ်ပေးခဲ့သည်။ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်ရေးအတွက် မရှိမဖြစ်လိုအပ်သောဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပြီး အတည်ပြုပြဋ္ဌာန်း ပေးနိုင်ခဲ့သည့်အပြင် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ၌ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကို ကျင်းပခဲ့ပြီး အနိုင်ရရှိသည့်ပါတီထံ နိုင်ငံ့တာဝန်အရပ်ရပ်ကို အဆင်ပြေချောမွေ့စွာ လွှဲပြောင်းနိုင်ရေး ကမကထပြု ဆောင်ရွက်ပေးနိုင်ခဲ့သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် စတင်ပေါ်ပေါက်လာသော နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရသည် ယခင် NLD အစိုးရ၏ ရွေးကောက်ပွဲမဲမသမာမှုမှတစ်ဆင့် နိုင်ငံတော်အာဏာအား မသမာသည့်နည်းလမ်းဖြင့် အဓမ္မရယူခဲ့သည်ကိုတားဆီးရန် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံရေးအရ အရေးပေါ်အခြေအနေ ကြေညာပြီး ပေါ်ပေါက်လာသော အစိုးရဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေဖြင့် နိုင်ငံတော်အာဏာကို ထိန်းသိမ်းရယူပြီးချိန်မှစ၍ ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို ချမှတ်ကာ နိုင်ငံတော်အေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အထူးအလေးထား ဆောင်ရွက်ခဲ့ရာ ယခုအခါ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်နှင့်အညီ အလေးထားကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်အစိုးရ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင်ပါရှိသော နောက်ဆုံးအချက်သည် “ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ အခွင့်အရေးများ နစ်နာမှုမရှိစေရေးနှင့် နည်းလမ်းကျနမှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲ တစ်ရပ်ဖြစ်စေရေးဆောင်ရွက်ခြင်း၊ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းတို့ပြီးစီးပါက လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပ၍ထွက်ပေါ်လာသည့် အစိုးရအား နိုင်ငံတော်တာဝန် လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်”ဟု အတိအလင်းဖော်ပြထားသည်။ ထိုသို့ဆောင်ရွက်နိုင်ရေး အဓိကလိုအပ်ချက်မှာ တည်ငြိမ်အေးချမ်းရေးပင်ဖြစ်သည်။
တပ်မတော်သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်ရာတွင် အဓိကအခြေခံ အချက်ဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)တို့အပေါ်၌ ခိုင်ခိုင်မာမာရပ်တည် သွားမည်ဖြစ်သည်။ ယနေ့ချမှတ်ထားသော နိုင်ငံရေးရည်မှန်းချက် (၂)ရပ်ဖြစ်သည့် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး တို့ကို ကြိုးပမ်းဆောင်ရွက်ရာတွင် တပ်မတော်အနေဖြင့် ကျရာအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်သည်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၂၀(စ)အရ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် တပ်မတော်တွင် အဓိကတာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားသည်။ ထို့ကြောင့် တပ်မတော်သည် မည်သည့်ခေတ်၊ မည်သည့်အစိုးရပင်ဖြစ်စေ “ပြည်သူသာအမိ၊ ပြည်သူသာအဖ”ဟုခံယူပြီး နိုင်ငံတော်ကိုပါတီစုံစနစ်ပေါ်တွင် ခိုင်ခိုင်မာမာရပ်တည်နိုင်ရေး အတွက် ထိန်းသိမ်းစောင့်ရှောက်ပေးသူနှင့် ပြည်သူလူထုအကျိုးအတွက် ကာကွယ် စောင့်ရှောက်သူအဖြစ် အစဉ်အမြဲဆက်လက် တည်ရှိနေမည်ပင်ဖြစ်သည်။
ကမ္ဘာ့နိုင်ငံအသီးသီးတို့သည် နိုင်ငံ၏ ပထဝီအနေအထား၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ စသည့်အကြောင်းအရာ၊ အချက်အလက်များအပေါ် မူတည်၍ မိမိနိုင်ငံနှင့်သင့်လျော်သည့် နိုင်ငံရေးစနစ်တစ်ခု ချမှတ်လျှောက်လှမ်းမြဲဖြစ်သည်။ မည်သည့်နိုင်ငံရေးစနစ်ကို လျှောက်လှမ်းသည်ဖြစ်စေ နိုင်ငံတည်ငြိမ် အေးချမ်းမှုရှိမှသာ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မည်ဖြစ်သည်။
ဒီမိုကရေစီဆိုသည်မှာ ပြည်သူတစ်ရပ်လုံး အကြားအလပ်မရှိ ပါဝင်ဖော်ဆောင်ခြင်းဖြစ်သဖြင့် ကဏ္ဍအသီးသီးတွင် တည်ငြိမ်အေးချမ်းမှု အရေးကြီးသည့်အတွက် ၂၀၂၅ ခုနှစ် နှစ်(၈၀)ပြည့်တပ်မတော်နေ့ ဦးတည်ချက်များဖြစ်သည့်-
(၁) ဒို့တာဝန်အရေး(၃)ပါးကို အစဉ်အမြဲဦးထိပ်ပန်ဆင်ပြီး တပ်မတော်၏ အဓိကလုပ်ငန်းကြီး(၃)ခုဖြစ်သည့် နိုင်ငံတော် ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်နှင့်ပြည်သူ့အကျိုးပြုလုပ်ငန်း တာဝန်များအား ကျရာအခန်းကဏ္ဍ မှအားသွန်ခွန်စိုက် ပါဝင်ဆောင်ရွက်ရေး။
(၂) နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး စစ်မှန်သည့်ထာဝရ ငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်)နှင့်တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)ပါ သဘောတူညီချက်များအတိုင်း ဦးတည်ဆောင်ရွက်ရေး။
(၃) နိုင်ငံတော်နှင့်နိုင်ငံသားများ အပေါ်ကျရောက်လာနိုင်သည့် ဘေးအန္တရာယ်များမှ ကာကွယ်စောင့်ရှောက်ရေး၊ ပြည်သူလူထု၏ လူမှုဘဝလုံခြုံရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဘက်ပေါင်းစုံက ကူညီဆောင်ရွက်ပေးရေး။
(၄) ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး ပေါ်ထွန်းလာစေရေး ။
အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး တပ်မတော်က လိုအပ်သည်များ ကူညီဆောင်ရွက်ပေးရေးတို့တွင် ပြည်သူလူထုတစ်ရပ်လုံးက တပ်မတော်နှင့်အတူ လက်တွဲပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြရေး လိုအပ်ကြောင်း မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် နှစ်(၈၀)ပြည့်“တပ်မတော်နေ့”ကို ကြိုဆိုဂုဏ်ပြု ရေးသားလိုက်ရပါသည်။ ။