Odessa ဒေသကို ရုရှားသို့ လွှဲပြောင်းပေးရဖွယ်ရှိသည်ဟု ယူကရိန်း စိုးရိမ်နေ

News Image

Odessa ဒေသကို ရုရှားသို့ လွှဲပြောင်းပေးရဖွယ်ရှိသည်ဟု ယူကရိန်း စိုးရိမ်နေ

ယူကရိန်းသမ္မတအကြံပေးများသည် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က Odessa ဒေသကို ရုရှားသို့ လွှဲပြောင်းပေးနိုင်သည်ဟု စိုးရိမ်နေကြကြောင်း၊ မကြာမီတွင် ဒေါ်နယ်ထရမ့်နှင့် ပူတင်တို့အကြား နယ်မြေကိစ္စကို ဆွေးနွေး ဖွယ်ရှိကြောင်း The New York Times သတင်းစာက ဖော်ပြထားပါသည်။

သမ္မတထရမ့်က မည်သည့်ဒေသဟု အတိအကျ ပြောကြားထားခြင်းမျိုး မရှိသေးပါကြောင်း၊ ရုရှားတပ်များ ထိန်းချုပ်ပြီးသား ဒေသများကို ရုရှားက ဆက်လက်ထိန်းချုပ်ရမည်ဟု အမေရိကန်အိမ်ဖြူတော်က ထုတ်ပြန်ကြေညာ ပြီးဖြစ်ကြောင်း သတင်းစာက ဖြည့်စွက်ဖော်ပြထားပါသည်။

ယူကရိန်းပဋိပက္ခ အဓိကအချက်မှာ ရုရှားဒေသ ၅ ခု အခြေအနေကြောင့်ဖြစ်သည်ဟု အမေရိကန် အထူးကိုယ်စားလှယ်ပြော

News Image

ယူကရိန်းပဋိပက္ခ အဓိကအချက်မှာ ရုရှားဒေသ ၅ ခု အခြေအနေကြောင့်ဖြစ်သည်ဟု အမေရိကန် အထူးကိုယ်စားလှယ်ပြော

ယူကရိန်းပဋိပက္ခ ဖြစ်ပွားရသည့်အဓိကအချက်မှာ ခရိုင်းမီးယား၊ Denetsk၊ Lugansk၊ Zaporozhye၊ Kherson ဒေသတို့၏ အခြေအနေများကြောင့် ဖြစ်သည်ဟု အမေရိကန် အထူးကိုယ်စားလှယ် Steve Witkoff က ပြောကြားလိုက်ပါသည်။

စစ်အေးတိုက်ပွဲမှသည် ချစ်ကြည်နွေးထွေးမှုဆီ

Posted_Date

Image

စစ်အေးတိုက်ပွဲမှသည် ချစ်ကြည်နွေးထွေးမှုဆီ

Body

၁၉၅ဝ ပြည့်လွန်နှစ်များဆီ မိမိတို့ငယ်စဉ်က နယူးယောက်မြို့တွင် ကျောင်းတက်နေစဉ် ဥသြသံများ ဆူညံစွာထွက်ပေါ်လာသည်။ မိမိတို့သည် စားပွဲခုံများအောက်သို့ ချက်ချင်းဝင်၍ ခေါင်းကို လက်နှင့်အုပ် ထားရသည်။

“ဆိုဗီယက်တွေ လာပြီ။”

မိနစ်အနည်းငယ်ကြာပြီးနောက် ဆရာက မိမိတို့ ကြောက်နေမည်စိုး၍ စင်္ကြံတွင် စုစုစည်းစည်းနေကြရန် ပြောသည်။

ဆိုဗီယက်ပြည်ထောင်စုသည် မော်စကိုရှိ ကွန်မြူနစ်ပါတီဗဟိုမှ တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားသည့် ဥရောပနှင့် အာရှတစ်ခွင်ရှိ နိုင်ငံပေါင်း ၁၅ နိုင်ငံ၏ ဖက်ဒရယ်ပြည်ထောင်စုတစ်ခုဖြစ်သည်။ ၎င်းထဲတွင် ရုရှားသမ္မတနိုင်ငံပါဝင်ပြီး ယခုအခါ ယူကရိန်း၊ ဂျော်ဂျီယာ၊ ဘယ်လာရုစ်၊ ကာဇက်စတန်နှင့် အက်စ်တိုး နီးယားနိုင်ငံတို့အဖြစ် ကွဲသွားသည်။ အမေရိကန်ပြည်ထောင်စုအပေါ် ၎င်း၏အာဃာတများသည် ဒုတိယ ကမ္ဘာစစ်ပြီးဆုံးချိန်မှ ၁၉၉ဝ ပြည့်နှစ် ဘာလင်တံတိုင်းပြိုကျမှု အထိ ကြာမြင့်ခဲ့သော “စစ်အေးတိုက်ပွဲ” အတွက် အခြေခံအုတ်မြစ်ဖြစ်ခဲ့သည်။

စစ်အေးတိုက်ပွဲ၏ အဆိုးရွားဆုံးကာလများ

ဤအာဃာတများသည် နှစ်နိုင်ငံအား နျူကလီးယားစစ်ပွဲ ဖြစ်လုနီးပါးအခြေအနေကို ရောက်စေခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စုသည် ကျူးဘားနိုင်ငံသို့ ဒုံးကျည်များ ပို့ဆောင်ခဲ့ပြီး ဒုံးကျည်ပစ် စင်များ တည်ဆောက်နေကြောင်း အမေရိကန်ထောက်လှမ်းရေး အဖွဲ့အစည်းများမှ သိရှိခဲ့ရသည်။ ဒုံးကျည် များ၏ အဖျက်စွမ်းအားသည် ၎င်းတို့အား အမေရိကန် ပြည်ထောင်စုတစ်ခုလုံးကို ပစ်မှတ်ထားစေနိုင်မည် ဖြစ်သည်။

သမ္မတ ဂျွန် အက်ဖ် ကနေဒီ နှင့် ဆိုဗီယက်ဝန်ကြီးချုပ် နီကီတာ ခရုရှော့ တို့ကြား ထိပ်တိုက် တွေ့ဆုံပြီး နောက် အိမ်ဖြူတော်နှင့် မော်စကိုအကြားတွင် “ဆက်သွယ်ရေးလမ်းကြောင်း” တစ်ရပ်ကို ထူထောင်နိုင် ခဲ့သည်။

ဝန်ကြီးချုပ် မစ်ဟေး ဂေါ်ဗာချော့ဗ် လက်ထက်တွင် အစိုးရတွင်း ပွင့်လင်းမြင်သာမှုကို ဖော်ဆောင်သည့် “စီးပွားရေးနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု”များ စတင်ချိန်တွင် ဆိုဗီယက်ပြည်ထောင်စုသည် ၁၉၈၀ ပြည့်နှစ် နှောင်းပိုင်း၌ ပြိုကွဲသွားခဲ့ရသည်။ ဆိုဗီယက်ဆိုရှယ်လစ်နိုင်ငံများသည် လွတ်လပ်သောနိုင်ငံများ ဖြစ်လာပြီး အက်စတိုးနီးယား၊ လတ်ဗီးယားနှင့် လစ်သူယေးနီးယား တို့ကဲ့သို့ အချို့သောနိုင်ငံများသည် ဥရောပသမဂ္ဂ သို့ ဝင်ရောက်လာခဲ့သည်။

သို့သော် ဗလာဒီမာပူတင် အာဏာရလာသည်နှင့်တစ်ပြိုင်နက် ဆက်ဆံရေးပြန်လည် အေးစက်လာခဲ့ ပြန်သည်။ ပူတင်သည် ခရုရှော့ ကဲ့သို့ အနောက်နိုင်ငံများကို ချေမှုန်းပစ်မည်ဟု မပြောသော်လည်း ပူတင်၏ သက်ဦးဆံပိုင်နှင့် ရန်လိုသည့်ပုံစံက ဆိုဗီယက်ခေတ်လွန် ရုရှားနိုင်ငံသည် အားလုံးပါဝင်သည့် ဥရောပ လုံခြုံရေး ဗိသုကာ၏ အစိတ်အပိုင်းဖြစ်မည်မဟုတ်ကြောင်း သံသယဖြစ်ဖွယ်မရှိပါ။ ပူတင်နှင့်အတူ စစ်အေး တိုက်ပွဲ ၂.၀ ပုံစံသည် လှုပ်နိုးစပြုလာသည်။

ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန်နှင့် ဆိုဗီယက်ပြည်ထောင်စုတို့သည် မဟာမိတ်များ ဖြစ်ခဲ့ကြသည် ကို မေ့ပစ်ရန် လွယ်ကူသွားစေသည်။

အပယ်ခံနိုင်ငံ

၂၀၂၄ ခုနှစ်၊ ဇွန်လက ပြင်သစ်နိုင်ငံတွင် D-Day နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနား ကျင်းပရာ၌ နာဇီဂျာမနီတို့ကို တိုက်ခိုက်ခဲ့စဉ်က ဆိုဗီယက်စစ်သား ၁၁ သန်းခန့် ကျဆုံးခဲ့ရသော်လည်း ရုရှားနိုင်ငံ အနေဖြင့် ဖိတ်ကြားခံရခြင်းမရှိခဲ့ပေ။ စစ်ပွဲအတွင်းက ဆိုဗီယက် ပြည်ထောင်စုတွင် လူ ၂၇ သန်းခန့် သေဆုံး ခဲ့သည်ဟု ခန့်မှန်းရသည်။

ဆိုဗီယက်ပြည်ထောင်စုနှင့် မဟာမိတ်တပ်ပေါင်းစုသည် ထိုစစ်ပွဲအပြီးတွင် ကြာရှည်မခံခဲ့ပေ။ ဗြိတိန် ဝန်ကြီးချုပ် ဝင်စတန် ချာချီက ဥရောပအပေါ် ကျရောက်လာသည့် “သံစည်းရိုး” (ဆိုဗီယက် ပြည်ထောင်စု ၏ ဥရောပအရှေ့ပိုင်းနိုင်ငံများကို ထိန်းချုပ်၍ အနောက်ပိုင်းနှင့် ကန့်သတ် ထားခြင်း) ကို သတိပေးခဲ့သည်။ အမေရိကန်သမ္မတ ဟယ်ရီ ထရူးမန်းက “ထရူးမန်းဝါဒီ” ဟု လူသိများသော မူဝါဒတစ်ခုဖြစ်သည့် အမေရိကန် ပြည်ထောင်စုသည် ကမ္ဘာပေါ်ရှိ မည်သည့်နေရာ၌မဆို ကွန်မြူနစ်ဝါဒပြန့်ပွားခြင်းကို တားဆီးမည်ဟု ကတိပြုခဲ့သည်။

ထို့ကြောင့် အမေရိကန်နှင့် ဆိုဗီယက်ပြည်ထောင်စုတို့အကြား အယူဝါဒနှင့် ပထဝီဝင် နိုင်ငံရေးအရ မယုံကြည်မှုများ အစပျိုးခြင်းသည် ၁၉၄၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဗြိတိန် ဝန်ကြီးချုပ် ဝင်စတန် ချာချီ၊ အမေရိကန်သမ္မတ ဖရန်ကလင် ဒီ ရုစဗဲ့နှင့် ဆိုဗီယက်ခေါင်းဆောင် ဂျိုးဆက်ဖ် စတာလင်တို့သည် စစ်ပြီး ခေတ် ဥရောပကို ပြန်လည်ဖွဲ့စည်းရေးဆောင်ရွက်ရန် ခရိုင်းမီးယား၌ တွေ့ဆုံခဲ့ကြသည့် သမိုင်းဝင် ယဲလ်တာ ညီလာခံအပြီး မကြာမီတွင် စတင်ခဲ့သည်။

ငြိမ်းချမ်းစွာ ပူးပေါင်းလုပ်ဆောင်ရန် ကြိုးပမ်းမှုမှာ မအောင်မြင်ခဲ့ပေ။ အမေရိကန်၊ ဆိုဗီယက် ပြည်ထောင်စုနှင့် ဗြိတိန်တို့အကြား ဘုံရန်သူကိုတိုက်ဖျက်မည့် မဟာမိတ်အဖွဲ့ကြီးသည် လေးနှစ်သာ ခံခဲ့သည်။

နောက်ဆက်တွဲစစ်မက်များ လွန်စွာပြင်းထန်လာသည့်အတွက် ၁၉၄၈ ခုနှစ်တွင် အရှေ့ ဂျာမနီကို ထိန်းချုပ်ခဲ့သည့် ဆိုဗီယက်ပြည်ထောင်စုသည် အနောက်နိုင်ငံများ ထိန်းချုပ်ထားသည့် ဘာလင်၏ ဒေသအချို့ကိုပါ ဝိုင်းပတ်ပိတ်ဆို့ခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည် အဆိုပါဒေသရှိ ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများကို လေကြောင်းမှတစ်ဆင့် ပေးပို့ခဲ့ရသည်။ နောက်ဆုံးတွင် အရှေ့ဂျာမနီအစိုးရသည် ဘာလင်မြို့၏ အရှေ့နှင့်အနောက်ကို ပိုင်းခြားထားသည့် ဘာလင်တံတိုင်းကြီးကို တည်ဆောက်ခဲ့လေသည်။

စစ်အေးတိုက်ပွဲ ၂.ဝ

၁၉၉၁ ခုနှစ်၊ ဘာလင်တံတိုင်းပြိုကျမှုသည် ဆိုဗီယက်ပြည်ထောင်စုနှင့် စစ်အေးတိုက်ပွဲကို တရားဝင် အဆုံးသတ်စေခဲ့သော်လည်း မကြာသေးမီက ရုရှားတို့၏ရန်လိုမှုများကြောင့် စစ်အေး တိုက်ပွဲ ၂.ဝ ဟု လူအများက သုံးသပ်ယူဆခဲ့ကြသည်။ ရုရှားတပ်များသည် ၂ဝဝ၈ ခုနှစ်တွင် ဂျော်ဂျီယာကို တိုက်ခိုက်ခဲ့ပြီး ရလဒ်အနေဖြင့် အက်ဘ်ခါဇီယာနှင့် တောင်အိုဆက်တီးယားတို့သည် ဂျော်ဂျီယာမှ ခွဲထွက်ခဲ့သည်။ ၂ဝ၁၄ ခုနှစ်တွင် ယူကရိန်း၏ အစိတ်အပိုင်းဖြစ်သည့် ခရိုင်းမီးယားကို ရုရှားက ကျူးကျော်ခဲ့ပြီး ယနေ့တွင် ယူကရိန်း ပိုင်နက်၏ ၂ဝ ရာခိုင်နှုန်းခန့်ကို သိမ်းပိုက်ထားသည်။

ရုရှားနှင့် အနောက်အုပ်စုတို့အကြား အမုန်းအာဃာတများ ကြီးထွားလာနေသည့် သက်သေအဖြစ် ဆွီဒင်နှင့် ဖင်လန်တို့သည် နေတိုးအဖွဲ့သို့ ဝင်ရောက်ခဲ့ပြီး ဂျော်ဂျီယာနှင့် ယူကရိန်းတို့က အနာဂတ် နေတိုး အဖွဲ့ဝင် အဖြစ် ကတိပြုခဲ့ကြကာ မော်စကိုအပေါ် ပြင်းထန်သောပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။ နိုင်ငံတကာ အဖွဲ့အစည်း အသီးသီးက ရုရှားကို အဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့ထားသည်။ နိုင်ငံတကာရာဇ၀တ်တရားရုံး (ICC) က ပူတင်ကို ၂၀၂၃ ခုနှစ်၊ မတ်လတွင် ဖမ်းဝရမ်းထုတ်ခဲ့သည်။

ထိုတင်းမာမှုများအားလုံးသည် သမ္မတ ထရမ့် လက်ထက်တွင် ပြောင်းလဲလာပုံရသည်။ စစ်အေးတိုက်ပွဲ ၂.ဝ သည် ဝါရှင်တန်တွင် အဆုံးသတ်နိုင်ဖွယ်ရှိသည်။ ကုလသမဂ္ဂညီလာခံတွင် ရုရှား၏ ယူကရိန်း ကျူးကျော် စစ်အား ရှုတ်ချကြောင်းအဆိုကို အမေရိကန်က ရုရှားနှင့်အတူ ကန့်ကွက်မဲပေးခဲ့သည်။

ကမ္ဘာကြီးကို တုန်လှုပ်စေသောတွေ့ဆုံမှုအဖြစ် ထရမ့်သည် စစ်ရေးအကူအညီများအတွက် တွင်းထွက် သယံဇာတဆိုင်ရာ အခွင့်အရေးများပေးရန် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးနိုင်ရေးအတွက် ယူကရိန်းသမ္မတ ဇီလန်စကီးကို အိမ်ဖြူတော်သို့ ဖိတ်ကြားခဲ့သော်လည်း ဇီလန်စကီးကို ကမ္ဘာ့မီဒီယာများ ရှေ့တွင် အရှက်ရစေခဲ့သည်။ နောက်ပိုင်းတွင် ထရမ့်သည် ယူကရိန်းသို့ လက်နက်များတင်ပို့မှုကို ရပ်တန့်မည် ဟု ကြေညာခဲ့သည်။ ဆန့်ကျင်ဘက်အနေဖြင့် ပူတင်ကို ချီးကျူးခဲ့သည်။ ထိုအချင်းအရာသည် အမေရိကန်-ရုရှား ဆက်ဆံရေးတွင် သိသာ ထင်ရှားသော အပြောင်းအလဲတစ်ရပ်ပင်ဖြစ်သည်။

ထရမ့်၏ ပွဲသိမ်းကစားပွဲ

ထရမ့်၏စိတ်ထဲတွင် ဘာရှိနေသလဲ? အပေါ်ယံအဖြေအားဖြင့် ငြိမ်းချမ်းရေးနှင့် ရုရှား-ယူကရိန်းပဋိပက္ခကို အဆုံးသတ်လိုသည်ဟုဆိုသော်လည်း သူ၏ဗျူဟာသည် ပို၍ကြီးမားပေဦးမည်။

ထရမ့်၊ ပူတင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင် တို့အကြား ယဲလ်တာ ၂.၀ ပုံစံမျိုး မဟာမိတ် အဖွဲ့ သို့မဟုတ် တွေ့ဆုံမှုတစ်ခုကို ၎င်းအနေဖြင့် မျှော်မှန်းထားကြောင်း အရိပ်အယောင်များ တွေ့ရသည်။ ဥရောပကို ပြန်လည်ဖွဲ့စည်းမည့်အစား ကမ္ဘာလုံးဆိုင်ရာ သြဇာလွှမ်းမိုးမှုနယ်ပယ်များကို ထူထောင်နိုင်ခြေရှိသည်။

ခိုင်လုံသောရည်ရွယ်ချက်အနေဖြင့် အမေရိကန်၊ ရုရှားနှင့် တရုတ်တို့အကြား တင်းမာမှုများကို အဆုံးသတ် ရန်ဖြစ်သည်။ ထရမ့်သည် နိုဘယ်ငြိမ်းချမ်းရေးဆုကိုပင် စိတ်ကူးနေပေလိမ့်မည်။

အမေရိကန်-ရုရှားမူဝါဒတွင် ဤသိသာထင်ရှားသော အပြောင်းအလဲသည် မည်သို့ဖြစ်လာမည်နည်း?

စစ်ရေးအရ အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိသ် ဟက်ဆက်သ် က ရုရှားအပေါ် ထိုးစစ် ဆင်နေသည့် ဆိုက်ဘာစစ်ဆင်ရေးများကို ရပ်တန့်ရန်အမိန့်ပေးခဲ့ပြီး ရုရှားအပေါ် အမေရိကန်၏ စစ်ဆင်ရေးအားလုံးကို ပိုမိုလေးနက်စွာ ပြန်လည်အကဲဖြတ်ခြင်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပေါ်လွင်ပေသည်။

နိုင်ငံရေးအရ ရုရှားကိုဆန့်ကျင်သော ရီပတ်ဘလစ်ကန် နိုင်ငံရေးသမားများသည် ၎င်းတို့၏သဘောထားကို ပြောင်းလဲလာကြသည်။ ၂၀၂၂ ခုနှစ်တွင် တောင်ကယ်ရိုလိုင်းနား ပြည်နယ်မှ သြဇာရှိ အမေရိကန် အထက် လွှတ်တော်အမတ် လင်ဆေး ဂရေဟမ်သည် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုများနှင့် လူသား မျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် ရုရှားနိုင်ငံနှင့် ပူတင်အား ရှုတ်ချသည့် နှစ်ပါတီ သဘောတူဆုံးဖြတ်ချက်ကို ဦးဆောင်ခဲ့သည်။ ယခုအခါ စစ်ပွဲအတွက် အမေရိကန် သမ္မတဟောင်း ဂျိုးဘိုင်ဒင်မှာ တာဝန်ရှိကြောင်းနှင့် ထရမ့်သည် ရုရှားအပေါ် မှန်ကန်သောမူဝါဒရှိပြီး ဇီလန်စကီးအနေဖြင့် ရာထူးမှနုတ်ထွက်သင့်ကြောင်း ပြောကြားလာခဲ့ပြန်သည်။

အမေရိကန်-ရုရှားဆက်ဆံရေးတွင် ယခုဖြစ်ပျက်နေသည့်အရာသည် မူဝါဒပြောင်းလဲမှုမျှသာမကပေ။ အဆိုပါအရာသည် သမိုင်းဝင်အပြောင်းအလဲတစ်ရပ်ပင်ဖြစ်သည်။ ထရမ့်၏မူဝါဒအသစ်သည် ၎င်း၏ ဥရောပမိတ်ဖက်အားလုံးနီးပါးကို အံ့သြထိတ်လန့်စေခဲ့သည်။ ထိုအရာသည် သံတမန်မဆန်သော လုပ်ရပ် ဟုပင် ဆိုရပေမည်။

Source: https://news-decoder.com/decoder-from-a-cold-war-to-a-warm-hug/

(ဆောင်းပါးရှင် Daniel Warner ၏ From a cold war to a warm hug ဆောင်းပါးကို ဦးရဲကျော်တေဇ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂ က ဆီလျော်အောင် ပြန်ဆိုပါသည်။)

တောင်သူများ၏ အလင်းတံခါးများ

Posted_Date

Image

တောင်သူများ၏ အလင်းတံခါးများ

Body

ရေဘုံပိုင်မှ ရေများပွင့်ကျနေသည်ကိုတွေ့လျှင်  ပြေး၍ပိတ်ကြသည်ကို ကြုံဖူးကြမည်ဖြစ်သည်။   ရေများအလဟဿဆုံးရှုံးနေသည်ကို နှမြော၍ဖြစ်သည်။ ရေဘားများမလုံ၍၊  ရေပိုက်များမလုံ၍ရေများစိမ့်ထွက်ပေါက်ထွက်နေသည်ကိုတွေ့လျှင်လည်း   ပြုပြင်လေ့ရှိကြသည်။ အကြောင်းမှာ  အသုံးပြုရမည့်ရေများအသုံးမပြုလိုက်ရဘဲ   ဆုံးရှုံးသွားမည်ကိုနှမြောခြင်းနှင့် ရေလိုအပ်သည့်အချိန်တွင် အသုံးပြုရန်မရနိုင်တော့ခြင်းတို့ကြောင့်ဖြစ်သည်။  ယခုနမူနာပြသော  ရေဆုံးရှုံးမှုသည် အနည်းငယ်မျှသောဆုံးရှုံးမှုပင်ဖြစ်သည်။  ဧရာဝတီမြစ်သည်  ပင်လယ်နှင့်ထိစပ်သော   ဧရာဝတီတိုင်းဒေသကြီးအတွက် ကြီးမားသောရေချိုအရင်းအမြစ်ဖြစ်ပြီး ပင်လယ်တွင်းသို့ မြစ်ခွဲပေါင်းများစွာစီးဝင်လျက်ရှိရာ အဆိုပါရေချိုများအားအသုံးမပြုနိုင်ဘဲ  သို့မဟုတ် အသုံးမပြုလိုက်ရဘဲ ဆုံးရှုံးသွားခဲ့ပါလျှင်   မည်မျှနှမြောစရာကောင်းမည်ကိုတွေးမိစေရန်ဖြစ်သည်။ သို့ဖြစ်ရာ တန်ဖိုးရှိသော ရေချိုများအလေအလွင့်မရှိစေရေး၊ ရေချိုများရယူအသုံးချနိုင်စေရေး၊   ရေချိုအရင်းအမြစ်များ   စနစ်တကျထိရောက်စွာကိုင်တွယ်နိုင်စေရေး စသောရေစီမံခန့်ခွဲမှုများအရေးကြီးလျက်ရှိပြီး အဆိုပါရေစီမံခန့်ခွဲမှုလုပ်ငန်းများအတွက် အရေးကြီးသောအချက်တစ်ခုမှာ ရေတံခါးများတည်ဆောက်ခြင်းနှင့်  စနစ်တကျထိန်းသိမ်း လည်ပတ်ခြင်းပင်ဖြစ်သည်။

မျိုး၊ မြေ၊ ရေ၊ နည်း ဟူသော စိုက်ပျိုးထုတ်လုပ်ရေးအတွက်အရေးကြီးသည့်စနစ်များကို  ပီပြင်စွာအကောင်အထည်ဖော်နိုင်ရန်အတွက်  ရေစီမံခန့်ခွဲမှုလုပ်ငန်းများသည် အဓိကအခန်းကဏ္ဍမှပါဝင်လျက်ရှိသည်။   မှန်ကန်သည့်မြေပေါ်တွင် အောင်မြင်ဖြစ်ထွန်းမည့်မျိုးအား နည်းစနစ်မှန်ကန်စွာ   စိုက်ပျိုးရာတွင်   လိုအပ်သောရေကို လိုအပ်သောအချိန်တွင်   လိုအပ်သောပမာဏအတိုင်းအချိုးညီစွာသွင်းယူပေးရန်မှာ   အရေးကြီးလျက်ရှိသည်။   ထိုသို့ တောင်သူများ၏ရည်မှန်းချက် လိုအပ်ချက်များပြည့်မီစေရန်အတွက် အရေးကြီးသောရေစီမံခန့်ခွဲမှုများဆောင်ရွက်နိုင်ရန် ရေတံခါးများတည်ဆောက်ပေးလျက်ရှိသည်။ ရေတံခါးများ တည်ဆောက်ရာတွင် တည်ဆောက်သည့် ရည်ရွယ်ချက်ပေါ်မူတည်၍    ရေသွင်း ရေတံခါး၊ ရေထုတ်ရေတံခါး၊ ရေသွင်းရေထုတ်လိုသလိုထိန်းညှိဆောင်ရွက်နိုင်သော ရေထိန်းရေတံခါး၊ စက်လှေရေယာဉ်မော်တော်များ ဆက်သွယ်သွားလာနိုင်ရန် ရေယာဉ်အဝင်၊ အထွက် ရေတံခါးစသည်ဖြင့်ရှိပြီး စိုက်ပျိုးထုတ်လုပ်မှုတိုးတက်စေရန်၊မြို့ပြစနစ်ဖွံ့ဖြိုးစေရန်၊ စက်မှုလုပ်ငန်းများလည်ပတ်နိုင်စေရန်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရန်နှင့် ရေကြီးမှုသဘာဝဘေးကာကွယ်ရန် စသော   ဒေသ၏အခြေခံလိုအပ်ချက်အခြေအနေများပေါ်မူတည်၍ တည်ဆောက်ပေးလျက်ရှိသည်။  အဆိုပါရေတံခါးများအနက် တောင်သူများ၏အကျိုးစီးပွားကို  တိုက်ရိုက်အကျိုးပြုလျက်ရှိသော ရေတံခါးအချို့ကို နားလည်လွယ်စေရန် ကောက်နုတ်တင်ပြပါမည်။

ရေသွင်းရေတံခါးများ

တန်ဖိုးရှိလှသောရေချိုများ ပင်လယ်အတွင်းသို့စီးဝင်၍ ဆုံးရှုံးမှုများနည်းနိုင်သမျှနည်းစေရန်အတွက် ရေချိုလိုအပ်သောနေရာများသို့ ပို့ဆောင်ပေးနိုင်ရန်ရေချိုသွင်းရေတံခါးများကို တည်ဆောက်ပေးလျက်ရှိသည်။ ရေချိုသွင်းရေတံခါးများ တည်ဆောက်ထားခြင်းမရှိပါက ရေချိုများအနီးဝန်းကျင်တွင်ရှိနေသည့်တိုင် အသုံးပြု၍မရနိုင်ပေ။   ရေချိုဝင်သည့် နေရာများရှိပါကလည်း ရေမြင့်ချိန်တွင် ရေချိုများဝင်လာပြီး ရေနည်းချိန်တွင် မြစ်ချောင်းများအတိုင်း ပြန်ထွက်သွားမည်ဖြစ်သည်။အချို့နေရာများတွင် ရေချိုကိုရယူနိုင်ရန်လမ်းတာများတွင်ပြွန်ငယ်လေးများဖောက်၍ရေချိုအနည်းငယ်မျှကိုပင် ခက်ခက်ခဲခဲယူနေကြရပြီး အချို့နေရာများတွင် ကားလမ်းတာများကို ယာယီချိုးဖွင့်၍ (ယာယီအုန်းတုံးတံတားများထိုး၍)ရေချိုကိုခက်ခက်ခဲခဲရယူစိုက်ပျိုးနေကြရသည်။ ရေချိုသွင်းရေတံခါးများ တည်ဆောက်ပေးခြင်းဖြင့် တောင်သူများ၏နှစ်စဉ်ကုန်ကျစရိတ်များ  များစွာသက်သာသွားပြီး လုံလောက်သောရေချိုကို လွယ်ကူသေချာစွာရရှိနိုင်ပြီဖြစ်သည်။ တောင်သူများအတွက်အသက်တမျှအရေးကြီးလှသောရေသွင်းရေတံခါးများဖြစ်သည်။  ရေသွင်းရေတံခါးများသည်လိုသလိုလှည့်တင်လှည့်ချနိုင်သော ရေတံခါးရွက်များတပ်ဆင်ထားပြီး   လိုအပ်သောပမာဏကို လိုအပ်သောအချိန်တွင် သွင်းယူနိုင်စေရန်စီစဉ်ထားခြင်းဖြစ်ရာရေတံခါးရွက်အတင်၊ အချစနစ်များကောင်းမွန်စေရန်နှင့် ရေယူရာလမ်းကြောင်းများရှင်းလင်းကောင်းမွန်စေရန်ကို အလေးထားပြုပြင်ထိန်းသိမ်းလျက်ရှိသည်။

ရေထုတ်ရေတံခါးများ

မိုးရာသီအတွင်း  မိုးရွာသွန်းမှုများပြားခြင်းကြောင့် ရေကြီးနစ်မြုပ်မှုများမဖြစ်ပေါ်စေရန်အတွက် ရေထုတ်ရေတံခါးများကို တည်ဆောက်လေ့ရှိသည်။   အထူးသဖြင့်ရေတက်၊ ရေကျဖြစ်ပေါ်သော မြစ်ဝကျွန်းပေါ်ဒေသများနှင့် ကမ်းရိုးတန်းဆက်စပ်ဒေသများတွင်  တည်ဆောက်လေ့ရှိသည်။ ရေထုတ်ရေတံခါးများတည်ဆောက်ထားခြင်းမရှိပါက မိုးများစွာရွာသွန်းချိန်တွင် မိုးရေများစိုက်ခင်းများအပေါ် တက်ရောက်ဖုံးလွှမ်းပြီး  အဆိုပါမိုးရေများ ပင်လယ်အတွင်းသို့  စီးဆင်းခြင်းမပြုနိုင်ဘဲတစ်ရက်နှစ်ကြိမ်  တက်ရောက်သောပင်လယ်ဒီရေများ စိုက်ခင်းများအတွင်း ထပ်မံဝင်ရောက်လာခြင်းဖြင့် စိုက်ပျိုးသီးနှံများရေနစ်မြုပ်ပျက်စီးဆုံးရှုံးရလျက်ရှိသည်။     ရေထုတ်ရေတံခါးများတည်ဆောက်ခြင်းဖြင့် ပင်လယ်ရေမဝင်ရောက်စေရန်တားဆီးပြီး ပင်လယ်ရေကျချိန်တွင် ပိုလျှံသောမိုးရေများ ပင်လယ်အတွင်းသို့ လျင်မြန်စွာထုတ်နုတ်ပေးလျက်ရှိရာ မိုးစပါးစိုက်တောင်သူများအတွက် အရေးကြီးသော အားထားရာရေထုတ်ရေတံခါးများဖြစ်သည်။ ရေထုတ်ရေတံခါးများတွင် ရေတံခါးရွက်များကောင်းမွန်စေရန်နှင့် ရေထုတ်နုတ်ရာ ရေလမ်းကြောင်းများကောင်းမွန်စေရန်ကို အလေးထားပြုပြင်ထိန်းသိမ်း လျက်ရှိသည်။

ရေထိန်းရေတံခါးများ

နွေစပါးရေချိုသွင်းခြင်း၊ မိုးရာသီ ပိုလျှံမိုးရေများ လျှော့ချထုတ်နုတ်ခြင်း စသည်တို့အပြင် ရေတံခါးအတွင်းရှိ ရေချိုများလေလွင့်ဆုံးရှုံးမှုမရှိစေရန် ရေချိုထိန်းခြင်း (အောင်ရေထိန်းခြင်း) စသည့် ရေစီမံခန့်ခွဲမှု များလုပ်ဆောင်နိုင်ရန် ရေထိန်းတံခါးကြီးများကို   တည်ဆောက်လေ့ရှိသည်။ရေထိန်းတံခါးများသည်   မြစ်ရေကြီးချိန် မြစ်ရေများဝင်ရောက်ခြင်းမပြုနိုင်စေရန်၊ပင်လယ်ရေတက်ချိန် ပင်လယ်ရေများဝင်ရောက်ဖုံးလွှမ်းခြင်းများမဖြစ်ပေါ်စေရန်ရေတံခါးချပ်များဖြင့်   တားဆီးပေးပြီးပင်လယ်ရေကျချိန်တွင်  ပိုလျှံမိုးရေများ ပင်လယ်အတွင်းသို့ လျှော့ချထုတ်နုတ်နိုင်စေရန်  တစ်ဖက်ပွင့်ရေတံခါးချပ်များကို ရေထုတ်နုတ်မည့်     ပင်လယ်ဘက်တွင် တပ်ဆင်ထားလေ့ရှိသည်။ အတင်၊ အချ ပြုလုပ်နိုင်သော   ရေတံခါးချပ်များကို ရေတံခါး၏အတွင်းဘက် (စိုက်ပျိုးနေသည့်ဘက်)တွင်တပ်ဆင်လေ့ရှိသည်။ အဆိုပါအတင်၊ အချရေတံခါးများအား မိုးရာသီတွင်ရေထုတ်နိုင်ရန် မိုးရာသီတစ်ခုလုံးဖွင့်ထားပြီး မိုးကုန်မှသာ (နွေရာသီရောက်မှသာ) ရေချိုသိုလှောင်နိုင်စေရန်အတွက် ပြန်လည်ပိတ်ထားလေ့ရှိသည်။ အတင်အချ၊ အဖွင့်အပိတ်ကို လိုအပ်သလိုထိန်းညှိဆောင်ရွက်နိုင်သည်ဖြစ်ရာ တောင်သူများအတွက် ရေသွင်း၊ ရေထုတ်သေချာစေသော  ရေထိန်းတံခါးကြီးများဖြစ်သည်။

ရေထိန်းတံခါးများ  မတည်ဆောက်ထားပါက မိုးချိုး၊ နွေပိတ်ဟု တောင်သူ များခေါ်ဝေါ်သည့် ချောင်းပိတ်တမံများကို နှစ်စဉ်ပြုလုပ်ကြရသည်။   တောင်သူများသည် မိမိတို့စိုက်ပျိုးရေယူမည့်ချောင်းကိုနွေရာသီရေငန်မဝင်မီအမြန်ပိတ်ဖို့ရမည်ဖြစ်သည်။  သို့မှသာ   ရေငန်ဝင်ရောက်မှုမှကာကွယ်တားဆီးနိုင်မည်ဖြစ်သည်။အဆိုပါချောင်းပိတ်ကို မိုးမကျမီတွင်  ပြန်၍ချိုးဖျက်ပစ်မှသာ မိုးရာသီတွင် မိုးရေများလျှော့ချထုတ်နုတ်နိုင်မည်ဖြစ်သည်။မိုးရာသီမတိုင်မီ ချောင်းပိတ်ကို ပြန်မချိုးဖျက်ပစ်ပါကရေထုတ်နုတ်မှုမရှိဘဲ လယ်ယာမြေများ ရေကြီးနစ်မြုပ်ပျက်စီးမည်ဖြစ်သည်။ သို့ဖြစ်ရာ  တောင်သူများအဖို့ နွေသီးထပ်စိုက်ပျိုးနိုင်ရန်အတွက်နှစ်စဉ်ကြီးမားသောကုန်ကျစရိတ်များကျခံဆောင်ရွက်ရလျက်ရှိပြီး ချောင်းပိတ်များ၏ ကြံ့ခိုင်မှုအားနည်းခြင်း၊ ကျိုးပေါက်တတ်ခြင်း၊ရေကျော်ဝင်ရောက်တတ်ခြင်း စသော မသေချာမရေရာမှုများကြောင့် အနည်းငယ်သာစိုက်ပျိုးကြသည့်အပြင်နှစ်စဉ်လည်းဆုံးရှုံးမှုများမကြာခဏကြုံရလေ့ရှိသည်။ ထို့ပြင် မိုးချိုး၊နွေပိတ်ချောင်းပိတ်များပြုလုပ်ရန်မြေကြီးအများအပြားလိုအပ်ပြီး မြေယူရန်ခက်ခဲသောဖို့မြေရှားပါးခြင်းဒုက္ခများကိုလည်း နှစ်စဉ် ကြုံတွေ့ရလေ့ရှိသည်။  ရေထိန်းတံခါးများတည်ဆောက်ခြင်းဖြင့်   တောင်သူများအတွက်  နွေသီးထပ်စိုက်ပျိုးရေသေချာစေသည့်အပြင်  နှစ်စဉ်ကျခံနေရသောကုန်ကျစရိတ်များသက်သာခြင်း၊  ဖို့မြေရှာရသည့်ဒုက္ခများကင်းဝေးပြီး ပုံမှန်ထက်ပိုမို၍ စိုက်ပျိုးလာနိုင်သည်ကိုတွေ့မြင်ရမည်ဖြစ်သည်။ ရေထိန်းတံခါးများသည် ရေတံခါးချပ်များဖြင့်   ရေငန်တားခြင်း၊ ရေချိုအလေအလွင့်မဖြစ်စေရန်အောင်ရေထိန်းခြင်း စသည်များကို ဆောင်ရွက်ရသည်ဖြစ်ရာ ရေတံခါးရွက်များကောင်းမွန်စေရန်နှင့် ရေတံခါးအတင်၊ အချစနစ်များ၊ ရေဝင်၊ ရေထွက်လမ်းကြောင်းများကောင်းမွန်စေရန် အလေးထားပြုပြင်ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည်။

ရေယာဉ်အဝင်၊ အထွက်ရေတံခါးများ

ရေတံခါးများတည်ဆောက်ခြင်းဖြင့် အထက်ဖော်ပြပါကောင်းကျိုးများစွာရရှိနိုင်သော်လည်း တစ်ဖက်တွင်မူ မြစ်ကြောင်းများအတွင်း ရေကြောင်းသွားလာရေးကို ထိခိုက်မှုဖြစ်ပေါ်လာနိုင်သည်ဖြစ်ရာ   ရေယာဉ်အဝင်၊  အထွက်  ရေတံခါးများကိုပါ ရေတံခါးများအနီးတွင်   တွဲလျက်တည်ဆောက်လေ့ရှိသည်။ ဒီရေအတက်၊ အကျ ဖြစ်ပေါ်သောနေရာများတွင် ရေတံခါးများတည်ဆောက်လေ့ရှိရာ ရေတံခါး၏အတွင်းရှိ ရေအမြင့်နှင့် ရေတံခါး၏အပြင်ရှိ ပင်လယ်ရေအမြင့်ကို တူညီစွာထိန်းညှိနိုင်ရန် ရေညှိကန်ကိုတည်ဆောက်ပေးလေ့ရှိသည်။ ရေလမ်းခရီးအသုံးများသောဒေသများတွင် ရေတံခါးများတည်ဆောက်ရမည်ဆိုပါက ရေယာဉ်သွားလာမှုများအပေါ် စနစ်တကျဆန်းစစ်၍   လိုအပ်သောရေညှိကန်အကျယ်အဝန်းနှင့်  လှေလမ်းအရွယ်အစားကို သတ်မှတ်တည်ဆောက်လေ့ရှိသည်။ ရေယာဉ်အဝင်၊ အထွက်ရေတံခါးများရှိခြင်းဖြင့်  ရေတံခါးများ တည်ဆောက်ခြင်းကြောင့်   ရေလမ်းသွားလာမှုကို အဟန့်အတားဖြစ်ပေါ်နိုင်ခြင်းမရှိသည်ကိုတွေ့ရသည်ဖြစ်ရာ   ဒေသနေတောင်သူများအတွက် သီးနှံများတိုးတက်စိုက်ပျိုးနိုင်သည့်အပြင် ရေလမ်းဖြင့်ကုန်ထုတ်မှုတွင်လည်း အဆင်ပြေလျက်ရှိသည်။ ရေယာဉ်အဝင်၊ အထွက် ရေတံခါးများတွင် ရေတံခါးချပ်များဖြင့် ရေထိန်းညှိရသည်ဖြစ်ရာ ရေတံခါးချပ်များကောင်းမွန်စေရေး  အစဉ်ဂရုစိုက်ဆောင်ရွက်လျက်ရှိသည်။

ဖော်ပြပါရေတံခါးများဖြင့် တန်ဖိုးရှိလှသော ရေချိုအရင်းအမြစ်များကိုစနစ်တကျ ထုတ်ယူသုံးစွဲလျက်ရှိသည့်အပြင် တောင်သူများ၏အကျိုးစီးပွားကိုလည်းမြှင့်တင်ပေးလျက်ရှိသည်ကို တွေ့ရမည်ဖြစ်သည်။ တောင်သူများဘက်မှလည်း ရေသွင်း၊ရေထုတ်ရေတံခါးများနှင့်ရေထိန်းတံခါးများအပေါ် ပြန်လည်၍ မိမိတို့ တတ်နိုင်သည့်ဘက်မှ ကာကွယ်စောင့်ရှောက်ပေးရမည်ဖြစ်သည်။ရေတံခါးအနီး ငါးဖမ်းခြင်း၊ ဒိုက်ဗေဒါများချခြင်း၊ ချုံချငါးဖမ်းခြင်း၊ ရေတံခါးရွက်များလှန်ဖွင့်၍ ရေစိမ်းထိုးခြင်း (ပိုက်ထောင်ခြင်း)စသော တရားမဝင်ခွင့်ပြုထားခြင်းမရှိသည့်တောင်သူအကျိုး၊ နိုင်ငံ့အကျိုးကို ထိခိုက်စေနိုင်သော အပြုအမူများကို ရှောင်ရှားရမည့်အပြင် တစ်ပါးသူဆောင်ရွက်နေသည်များကို တွေ့မြင်ရပါကလည်း တားမြစ်ရမည်၊   သက်ဆိုင်ရာသို့ အသိပေးအကြောင်း ကြားခြင်းဖြင့် ပူးပေါင်းကူညီဆောင်ရွက်ရမည်ဖြစ်သည်။ ထို့ပြင် ရေတံခါးနယ်နိမိတ်များအတွင်း ကျူးကျော်နေထိုင်ခြင်းနှင့် ရေတံခါးအဝင်၊ အထွက်လမ်းကြောင်းများကို အတားအဆီးဖြစ်စေသော အပြုအမူ များကို ရှောင်ရှားရမည့်အပြင်တွေ့ရှိပါကလည်း ရေတံခါး ရေရှည်တည်တံ့ရေးအတွက် ကူညီပေးရမည်ဖြစ်သည်။

နိဂုံးချုပ်အားဖြင့် တောင်သူများနှင့် နိုင်ငံတော်အတွက် အကျိုးကျေးဇူးကြီးမားသော ရေတံခါးများ ကာလသက်တမ်း ကြာရှည်စွာ ရေသွင်းရေထုတ်လုပ်ငန်းများလုပ်ဆောင်နိုင်စေရေးအတွက် နိုင်ငံတော်တစ်ခုတည်းတွင်တာဝန်ရှိသည်ဟုမှတ်ယူခြင်းမပြုဘဲ တောင်သူများဘက်မှလည်း ပူးပေါင်းဆောင်ရွက်ပေးခြင်းဖြင့်ဒေသနေတောင်သူများအတွက် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကိုရရှိနိုင်မည်ဖြစ်ပါကြောင်း ဒေသ၏လူမှုစီးပွားရေးများဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ရေးသား လိုက်ရပါသည်။     ။

Source: https://myawady.net.mm/stories