သက်တမ်း နှစ် ၁၄၀ ကျော်ရှိသည့် သတင်းလိမ်လုပ်ငန်း

Posted_Date

Image

သက်တမ်း နှစ် ၁၄၀ ကျော်ရှိသည့် သတင်းလိမ်လုပ်ငန်း

Body

မမှန်ကန်သောပါးစပ်သတင်း(ကောလာဟလအမှား)၊ သတင်းတုသတင်းယောင် (Fake News)၊ သတင်းမှားဟူသော လိမ်ညာသတင်းများ ဖန်တီးကာ အသုံးပြုပြီး ၎င်းတို့၏  ယုတ်မာကောက်ကျစ်သော နယ်ချဲ့လုပ်ရပ်အောင်မြင်ရေး အတွက်  အနောက်နိုင်ငံများ(အင်္ဂလိပ်၊ အမေရိကန်၊ ပြင်သစ်မှအစ  ဥရောပ(EU)အရင်းရှင်နယ်ချဲ့နိုင်ငံများ)က အသုံးပြုသည်မှာ ယနေ့ကာလမှာမှမဟုတ်။  လွန်ခဲ့သောနှစ်ပေါင်း ၁၄၀ ကျော်က  ကလိမ်ကကျစ်လိမ်ညစ်သော မသမာသတင်းများသုံးခဲ့သည်မှာ ငြင်း၍မရနိုင်ကြပေ။

မန္တလေးတက္ကသိုလ်   ကျောင်းအုပ်ဆရာကြီး(အငြိမ်းစား) ဦးကိုလေးသည် ကျွန်တော်တို့  ဆရာကြီးဖြစ်သည်။

၁၉၅၁- ၁၉၅၂  ပညာသင်နှစ်တွင် ကျွန်တော်တို့ မန္တလေးတက္ကသိုလ် စတင်တက်ရောက်စဉ်  ဆရာကြီးကို တွေ့ရသည်။  ကျွန်တော်တို့က  ပထမနှစ် ကျောင်းသားသစ်(ချာတိတ်)များဖြစ်၍ ဆရာကြီးကိုတွေ့လျှင်ပင်  စတင်နှုတ်မဆက်ရဲခဲ့ပါ။ ဆရာကြီးကျောင်းမှ အနားယူပြီး ရန်ကုန်သို့ဆင်းလာကာ ပိဋကတ်သုံးပုံကို အင်္ဂလိပ်လို ပြန်ဆိုသောလုပ်ငန်း၊ သံဃာ့တက္ကသိုလ်တွင်    အင်္ဂလိပ်စာဧည့်ပါမောက္ခတာဝန်များ ဆောင်ရွက်ရင်း ဆရာကြီးသည် စာရေးသော အလုပ်ကိုလည်း လုပ်သည်။

ဆရာကြီးသည်    ဇေယျာမောင်ကလောင်အမည်ဖြင့်  စာစရေးစဉ်ကပင် အင်္ဂလိပ်နယ်ချဲ့တို့၏ လုပ်ရပ်ယုတ်ဇာတ်များကို စက္ကူဖြူပြဇာတ်ရေးရာ အင်္ဂလိပ်အစိုးရ မျက်စောင်းထိုးခြင်း ခံခဲ့ရသည်။

မန္တလေးထုတ်  ဒို့ခေတ်စာပေမဂ္ဂဇင်းတွင် ဆရာကြီးရေးသားသော ဇေယျာမောင်၏ “ကျွန်ုပ်တို့ဝန်”ဆောင်းပါးကို အင်္ဂလိပ်တို့က အရေးယူခဲ့သည်။ဆရာကြီးသည် ရန်ကုန်သို့ဆင်းလာပြီးနောက် လစဉ်ထုတ်မြက်ခင်းသစ်မဂ္ဂဇင်းတွင်  မောင်သစ္စာကလောင်အမည်ဖြင့်   ထေရဝါဒဗုဒ္ဓသာသနာအကြောင်း လစဉ်ရေးသားသောဆောင်းပါးများကို  စာအုပ်ထုတ်ဝေခဲ့သည်။ သီရိလင်္ကာနိုင်ငံမှ သီဟိုဠ်ဆရာတော် အရှင်ဝေပုလ္လရာဟုလာ(ဝါပိုလာရာဟုလာ)ရေးသားသည့်   What  The Buddha taught ကို မြန်မာဘာသာသို့ “မြတ်ဗုဒ္ဓဒေသနာ”စာအုပ်ခေါင်းစဉ်ဖြင့် ထုတ်ဝေခဲ့သည်။

၁၉၅၀ ပြည့်နှစ်က ကုလသမဂ္ဂနှင့် အမေရိကန်ဓာတုဗေဒ အသင်းကြီးက ပူးတွဲချီးမြှင့်သော   ပညာသင်ဆုရ၍ အမေရိကန်နိုင်ငံသို့  သွားရောက်ကာ စိုက်ပျိုးရေးဆိုင်ရာ ဓာတုဗေဒပညာရပ် နောက်ဆုံးပေါ်နည်းနာများကို လေ့လာခဲ့သည်။ ဆရာကြီးသွားရောက် လေ့လာသော  အမေရိကန်ကော်နဲတက္ကသိုလ် စာကြည့်တိုက်မှ နယူးယောက်တိုင်းမ် သတင်းစာအုပ်တွဲဟောင်းများ  (အထူးသဖြင့်) ရတနာပုံခေတ်    သီပေါမင်းလက်ထက်မှ သတင်းစာများကို ဆရာကြီး နေ့စဉ်အားလပ်ချိန်တိုင်း    လှန်လှောဖတ်ရှုကာ ထိုသီပေါခေတ်မြန်မာသတင်းစာများကို အပတ်တကုတ် ရှာဖွေကူးယူခဲ့၊  လေ့လာခဲ့သည်။   မြန်မာနိုင်ငံသို့ ပြန်ရောက်သောအခါ ထိုခေတ်ကာလ နယူးယောက်တိုင်းမ်သတင်းစာ၊ အင်္ဂလန်ထုတ် လန်ဒန်ဒေးလီးနယူးစ်သတင်းစာ၊ ဆန်းဒေးတိုင်းစ်သတင်းစာ၊ သီပေါမင်းခေတ်တွင် ယုတ်ဉာဏ်ဖြင့် လုပ်ကြံဖန်တီးထားသော   သတင်းတု၊   သတင်းလိမ်၊ သတင်းမှားများကို  ချေပရေးသားကာ ၁၉၆၉ ခုနှစ်တွင်  ရန်ကုန်ကန်တော်လေး မြန်မာ့ဂုဏ်ရည်လမ်းရှိ ပုဂံစာအုပ်တိုက်မှ “သီပေါမင်းနှင့်   နယူးယောက်တိုင်းမ်”သတင်းစာခေါင်းစဉ်ဖြင့် စာအုပ်ထုတ်ဝေခဲ့သည်။

ကျွန်တော်သည် မန္တလေးတက္ကသိုလ်ကျောင်းအုပ်ကြီး  (ဒုတိယအဓိပတိ) ဆရာကြီး ဦးကိုလေး၏စာအုပ်ကို အပြန်ပြန်အလှန်လှန်ဖတ်ရှုကာ  မြက်ခင်းသစ်မဂ္ဂဇင်း၊ နိုင်ငံပိုင်သတင်းစာများဖြစ်သော ကြေးမုံ၊ မြန်မာ့အလင်း၊ ဗိုလ်တထောင်၊ နော့သင်းစတားဂျာနယ်တို့တွင် “နှစ် ၁ဝဝ က ဓာတ်ပြားဟောင်းနှင့် ဟန်မပြောင်းသော   ဓာတ်ပြားသစ်”   ခေါင်းစဉ်ပါ ဆောင်းပါးချုပ် ၅ ပုဒ်တွဲကို အကြိမ်ကြိမ် အထပ်ထပ်ရေးသားခဲ့သည်။ ကန်တော်လေးဘုရင့်စာအုပ်တိုက်မှ ထုတ်ဝေသော “လူ့အခွင့်အရေးအကြောင်း  ပြောကြစတမ်းဆိုလျှင်”စာအုပ်တွင်လည်း ထပ်မံထည့်သွင်းဖော်ပြခဲ့သည်။ ၁၈၇၉ ခုနှစ်၊ ၁၈၈ဝ ပြည့်နှစ်မှ ၁၈၈၅ ခုနှစ်အတွင်းထုတ်ဝေသော အင်္ဂလန်ထုတ်  လန်ဒန်ဒေးလီးနယူးစ် သတင်းစာပါသတင်းများ အတိုင်း  အမေရိကန်နိုင်ငံ  နယူးယောက်တိုင်းမ်သတင်းစာက  ကူးယူဖော်ပြခြင်း၊ နယူးယောက်တိုင်းမ် သတင်းစာအတွက် သတင်းထောက်  (ထိုစဉ်က   မြန်မာနိုင်ငံရောက် သတင်းထောက်)က ရေးသားပေးပို့ခြင်းများဖြင့်   ရတနာပုံခေတ်၊ ကုန်းဘောင်မင်းဆက်  ၁၁  ဆက်မှ နောက်ဆုံးမင်းဆက်ဖြစ်သော  သီပေါခေတ်ကို ရစရာမရှိအောင် လုပ်ကြံသတင်းများဖြင့် ယုတ်မာကောက်ကျစ်စွာ ဖော်ပြခဲ့သည်။ ကလိမ်ကကျစ်အလိမ်အညစ် သတင်းအချို့ကို ထုတ်နုတ်တင်ပြပါရစေ။ ထိုစဉ်က အင်္ဂလိပ်စစ်တပ်သို့ ဝင်ရောက်အမှုထမ်းနေသော စာရေးဆရာ ဆာဂျိမ်းစ်ဂျော့စကော့ အမည်ခံစာရေးဆရာက ရေးသားပေးပို့ခဲ့သည်။  လန်ဒန်ဒေးလီးနယူးစ်သတင်းစာသို့မူ သတင်းထောက်ဖူးကားနှင့် အင်္ဂလိပ်စစ်ဗိုလ်အချို့က မြန်မာသတင်းများ လုပ်ကြံဖန်တီးပေးပို့ခဲ့ကြပေသည်။ ဆာဂျိမ်းစ်ဂျော့စကော့ မြန်မာနိုင်ငံတွင်    အင်္ဂလိပ်နယ်ချဲ့အစိုးရ၏ အရာရှိကြီးဖြစ်သွားသောအခါ အင်္ဂလိပ်ဘုံဘေဘားမား သစ်ကုမ္ပဏီ၏   ဥပဒေအကြံပေး ဝတ်လုံကြီးဖြစ်သည့် ပွိုင်လင်က သတင်းလိမ်များ ဆက်လက်ဖန်တီးပေးပို့ခဲ့သည်။

- ၁၈၇၉ ခုနှစ်  ဖေဖော်ဝါရီလ ၂၁ ရက်(သောကြာနေ့) ကာလကတ္တား ဖေဖော်ဝါရီလ ၂ဝ ရက်။

မန္တလေးမှသတင်းများအရ မြန်မာဘုရင်သည်   မင်းညီမင်းသားများနှင့် ဆွေတော်မျိုးတော်အားလုံးကို သတ်ဖြတ်ပစ်လိုက်သည်။  မှူးမတ်သစ်များကို ထုတ်ပစ်၍  ယခင်ကရာထူးရရှိခဲ့သော အမတ်ဟောင်းများကို ပြန်လည်ခန့်ထားခြင်းဖြင့် သက်ဦးဆံပိုင်အုပ်ချုပ်ရေးကို ပြန်လည်အသက်သွင်းခဲ့ပြန်သည်။

- ၁၈၇၉ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်(စနေနေ့)

ကာလကတ္တား(ယနေ့အခေါ် ကိုးလ်ကတ္တား)ဖေဖော်ဝါရီလ ၂၁ ရက်။

မန္တလေးမှ  နောက်ထပ်သတင်းအရ   မင်းဆွေမင်းမျိုးများကို   သတ်ဖြတ်လိုက်ခြင်းကြောင့် တစ်မြို့လုံးလွန်စွာ တုန်လှုပ်ချောက်ချားနေကြသည်။ အသတ်ခံရသူ ၈၆ ဦးဖြစ်၍ သတ်ဖြတ်ပုံခြင်းရာ အသေးစိတ်မှာ အထူးကြောက်မက်ဖွယ်ကောင်း၏။    နောက်ထပ်သွေးထွက်သံယိုမှု ကာကွယ်ရန်(ဗြိတိသျှ အင်္ဂလိပ်)တို့က ဝင်ရောက်ကာကွယ်ရန်၊ ဟန့်တားပေးရန် လူအများက မျှော်လင့်အားထားနေကြရ၏။

- ၁၈၇၉  ခုနှစ်   မတ်လ ၁၁ ရက်(အင်္ဂါနေ့) ကာလကတ္တား မတ်လ ၁ဝ ရက်။

မန္တလေးမြို့အခြေအနေသည် လွန်စွာစိုးရိမ်ဖွယ်ဖြစ်နေ၏။   ဗြိတိသျှပိုင်မြန်မာပြည်တွင် မြို့စောင့်တပ်များအင်အားကို နှစ်ဆတိုးထားလိုက်ပြီဖြစ်သည်။ မြန်မာတို့သည် ရန်ကုန်နှင့်မန္တလေးကြား  ကြေးနန်းအဆက်အသွယ်ကိုဖြတ်တောက်လိုက်ကြ၍ အထက်မြန်မာပြည် အခြေအနေသည်  ဥရောပလူမျိုးများအတွက် အရေးတကြီးဖြစ်နေပေသည်။ ဘုရင့်အမိန့်ဖြင့် မကြာသေးမီက သတ်ဖြတ်ခြင်းခံရသောလူဦးရေမှာ ၄ဝ မျှသာဖြစ်သော်လည်း သတ်ဖြတ်ရာတွင် ရက်စက်ညှဉ်းပန်းမှု အမျိုးမျိုးကို အသုံးပြုခဲ့သည်ဟု အဆိုရှိ၏။

- ၁၈၇၉ ခုနှစ်   မတ်လ  ၁၇ ရက်(တနင်္လာနေ့) လန်ဒန် မတ်လ ၁၆ ရက်။

ဗြိတိသျှပါလီမန်အောက်လွှတ်တော်တွင် သောကြာနေ့က  အဘယ်ကြောင့် ဗြိတိသျှပိုင် မြန်မာပြည်သို့စစ်တပ်များစေလွှတ်ရသနည်းဟု မေးကြားချက်ကို ဖြေဆိုရာ၌ ဆာစတက်ဖို့ဒ်နော့စ်ကုတ်သည် မတ်လ ၁ဝ ရက် ရက်စွဲဖြင့် အိန္ဒိယဘုရင်ခံချုပ် လော့ဒ်လစ်တန်ပေးပို့လိုက်သော အောက်ပါကြေးနန်းစာကို ဖတ်ပြလေသည်။

မန္တလေးရှိ ဗြိတိသျှသံမှူးကလည်း မြန်မာတို့သည် စစ်ပြင်ဆင်မှုများ ပြုလုပ်နေ၍ဖြစ်ကြောင်း၊ ခံတပ်များကိုလည်း ပိုမိုခိုင်ခံ့ရန်   အားဖြည့်နေကြကြောင်းအစီရင်ခံခဲ့သည်။ နိုင်ငံခြားသားများကို ခြိမ်းခြောက်မည့် အန္တရာယ်နှင့်   ဆူပူမှုများဖြစ်မည့်အကြောင်း ကောလာဟလ ဖြစ်နေသည်။ သတင်းစုံသိသောရပ်ကွက်များက  မဖွယ်မရာအခြင်းအရာများ ဖြစ်ပေါ်လိမ့်မည်ဟု သတိပေးချက်များ ရရှိထား၍ အခြေအနေအရပ်ရပ်မှာ စိုးရိမ်ဖွယ်ဖြစ်နေသည်။ မြန်မာပြည်ရှိ မြို့စောင့်တပ်မှာ  ငြိမ်းချမ်းသည့်အခါ  အစောင့်အရှောက်သဘောသာဖြစ်၍ နယ်ခြားတွင်  တစ်စုံတစ်ရာဆူပူလှုပ်ရှားပါက ကာကွယ်ပေးနိုင်ရန်  အင်အားမကြီးပါ။  စစ်တပ်အင်အားဖြည့်လိုက်သော သတင်းသည် မန္တလေးမြို့ရှိ   ကျွန်ုပ်တို့သံမှူးအား အထောက်အကူပြုပါလိမ့်မည်။

- ၁၈၇၉ ခုနှစ် မတ်လ ၂ဝ ရက်(ကြာသပတေးနေ့)

ရက်စက်သော မြန်မာဘုရင် ဗြိတိသျှနှင့်အချင်းဖြစ်ပွားလာရခြင်း၏အစ။

ကာလကတ္တား မတ်လ ၁၉ ရက်။

အရက်မူးယစ်ရမ်း ကားနေသည်ဆိုသော မြန်မာဘုရင်သည် တစ်ယူသန်သမားများနှင့် ဆန့်ကျင်ရေးပါတီဝင်များ၏ တိုက်တွန်းလှုံ့ဆော်ချက်အရ    သံမှူးအိမ်ကို  ထိုးဖောက်ဝင်ရောက်မည်ဟု ခြိမ်းခြောက်လျက်ရှိပေသည်။  အစိုးရကိုယ်တိုင် ဤသို့ရန်မူသောအမှုကိုပြုလိုက်ပါက    ဥရောပတိုက်သားအားလုံးကို သုတ်သင်ပစ်လိုက်ရန် အချက်ပေးလိုက်သကဲ့သို့ ဖြစ်လိမ့်မည်ဟု  ယုံကြည်ကြသည်။

- ၁၈၇၉ ခုနှစ် မတ်လ ၂၂ ရက်(စနေနေ့)(ခေါင်းကြီးပိုင်း)

မြန်မာ့ထီးနန်းဘုရင်အပြောင်းအလဲတွင် မငြိမ်မသက်မှုများဖြစ်နေခြင်း။

ဘုရင်သည် သက်ဦးဆံပိုင်ဖြစ်သည်။ ပထမတစ်လ၊  နှစ်လတွင်  ကောင်းစွာဆောင်ရွက်ပြုမူခဲ့သည်။

ထို့နောက်တွင်မူ  သုံးဆယ် မက္ခရာမင်းသားနှင့် ၎င်း၏ဆွေတော်မျိုးတော်များ အပါအဝင် လူပေါင်း ၁ဝဝ နီးပါးကို ရက်စက်စွာ သတ်ဖြတ်မှုကြီး ပေါ်ပေါက်ခဲ့သည်။

အချို့တိုင်းပြည်များမှ    ရက်စက်ကြမ်းကြုတ်သော ဘုရင်တို့ကို ဖယ်ရှားပစ်ရန်တာဝန်ကို အင်္ဂလန်ပြည်အား ကံကစီမံဖန်တီး ပေးလာဟန်ရှိနေသည်။ သို့ဖြစ်ရကား ယဉ်ကျေးမှုသွန်သင်ပေးရန် အတွက် ဇူးလူးနှင့် အာဖဂန်လူမျိုးများအပြင် မြန်မာများကိုပါ အင်္ဂလိပ်တို့စစ်မက်ပြုရကောင်း ပြုရဖွယ်ဖြစ်နေပေသည်။

- ၁၈၇၉ ခုနှစ်  မတ်လ  ၂၈ ရက်(သောကြာနေ့)(ခေါင်းကြီး)

မန္တလေးက ပြည့်ရှင်ဘုရင်။

ထီးမွေနန်းမွေကို    ရယူနိုင်သော သို့မဟုတ်  လုရန်ကြံစည်သော မင်းညီမင်းသားမြောက်မြားစွာကို သတ်ဖြတ်၍ နန်းတက်ပွဲကျင်းပခဲ့သော သသီရ မဟာ ဥပမ္မာရာဇာ(Thathira Maha Opanma Raza)ဘွဲ့ခံသီပေါဘုရင်သည်   မြန်မာ့ထီးနန်းတွင် စံမြန်းခဲ့သည့်အချိန်ကစ၍ အင်္ဂလိပ်တို့သည်  ထိုအရပ်ဒေသတွင် ကိုလိုနီနယ်သစ်များ ထပ်မံရရှိနိုင်သော စစ်ပွဲသစ်တစ်ခုတိုက်ရကောင်း တိုက်ရလိမ့်မည်ဟူသော သတင်းများပေါ်ထွက်လိုက်၊ ငြင်းဆိုလိုက်ဖြစ်ခဲ့ပေသည်။

ဘုရင်တစ်ပါးက  အပတ်တကုတ် ကြိုးစားမွေးထုတ်ခဲ့သော မင်းဆွေမင်းမျိုးများကို နောက်ဘုရင်က သုတ်သင်ပစ်ခြင်း အလေ့အထသည် အသစ်အဆန်းကိစ္စ တစ်ရပ်မဟုတ်ပါပေ။ ထုံးတမ်းစဉ်လာပင် ဖြစ်နေရကား  အင်္ဂလန်ကဝင်ရောက် စွက်ဖက်ရန်အကြောင်းမရှိပေ။ သို့ရာတွင် မန္တလေးမြို့ရှိ ၎င်း၏သံရုံးကိုကျူးကျော် တိုက်ခိုက်ခြင်း၊    ရန်ကုန်နှင့် ကာလကတ္တားမြို့တို့တွင်   ခိုလှုံနေသည်ကို လိုက်လံနှောင့်ယှက်ခြင်းပြုပါက စစ်ဖြစ်ပွားနိုင်သော ကိစ္စရပ်ဖြစ်လာပေမည်။

- ၁၈၇၉  ခုနှစ်   ဧပြီလ  ၂၈ ရက်(တနင်္ဂနွေနေ့)

မန္တလေးတွင် လူအများကို အစုအရုံးလိုက် ရက်စက်စွာသတ်ဖြတ်ခြင်း။

လန်ဒန်နယူးစ်၏   ရန်ကုန်သတင်းထောက်ထံမှ ပထမတွင် သတ်ဖြတ်မှုများကို ရှေးရိုးဗမာ့ ထုံးစံအတိုင်းပင် ပြုလုပ်ကြသည်။

ဦးခေါင်းကို သူ၏ခြေမျက်စိနှင့်  ပူးတွဲချည်နှောင်ထားကာ လည်ကုပ်ကို ဝါးရင်းတုတ်ဖြင့်  တစ်ချက်တည်း ရိုက်နှက်၍ ကိစ္စတုံးစေခြင်းဖြစ်သည်။  သို့ရာတွင် သရဲမရဲစီး  အရူးစိတ်ပေါက်နေသော သီပေါအတွက် ဤသတ်ဖြတ်ပုံရှုခင်းသည် မကြာမီပင်   ရိုး၍ပေါ့ပြက်ပြက်ရှိလာသည်။

၁၆ နှစ်ပျိုအရွယ်ရှိ သမီးတော်ကလေးကို   ကိုယ်ရံတော်တပ်မှ   တပ်သား ရှစ်ယောက်လက်သို့ အပ်လိုက်ရာ ၎င်းတို့၏ ယုတ်မာညစ်ညမ်းသော  အလိုဆန္ဒကို ဖြည့်ကြပြီးမှ မေ့မြောနေသော သူငယ်မလေးကို ထိုကျင်းထဲသို့ ဆွဲပစ်လိုက်ကြပြန်သည်။

- ၁၈၇၉ ခုနှစ် ဩဂုတ်လ  ၃၁ ရက်(တနင်္ဂနွေနေ့)

ထီရုံများဖွင့်သဖြင့်  ပျက်စီးကြခြင်း။

 နောက်ဆုံးတီထွင်လိုက်သည့်  သီပေါဘုရင်၏ အရူးထသောင်းကျန်းမှုတစ်ရပ်။

လန်ဒန်နယူးစ်၏ ရန်ကုန်သတင်းထောက်ထံမှ ၎င်း၏နန်းတော်သည် ထိတ်လန့်စက်ဆုပ်ဖွယ်များနှင့် မကောင်းမှုဒုစရိုက်များ ကိန်းအောင်းရာ တွင်းပုပ်ကြီးတစ်ခုဖြစ်နေသည့်အလျောက် မြို့တော်တစ်ခုလုံးကိုလည်း   နန်းတော်နည်းတူဖြစ်ရန် သီပေါဘုရင်သည် အစွမ်းကုန်ကြိုးစားလျက်ရှိချေသည်။ ထီဖွင့်ခြင်းဖြင့် ဘဏ္ဍာငွေရှာကြံရန် စိတ်ကူးပေါက်လာပြီးနောက် ထီရုံများကို မြို့လုံးပြည့်ဖွင့်သည်။ ထီရုံတစ်ခု၌ အပတ်စဉ်ထီဖွင့်ရန် သီးခြားအစီအစဉ်များပြုလုပ်ထားသည်။   ထိုသို့ဖြစ်ရကား  တစ်မြို့လုံးအဆက်မပြတ် အုန်းအုန်းကျွက်ကျွက် လှုပ်ရှားနေသည်။  

လူတွေ၏စိတ်လည်း  ဂနာမငြိမ်ဖြစ်နေကြသည်။  ငွေရှိသူများသည်  ရှိသမျှ ထီလက်မှတ်ဝယ်ပစ်လိုက်ကြ၍ ငွေမရှိသူများက ခိုးဝှက်လုယူရန်  လှည့်လည် ရှာကြံနေကြသည်။

ငွေနှစ်ကျပ်မတည်ရုံဖြင့် ငွေတစ်သောင်းရတဲ့ စီးပွားရေးလောက် ဘယ်စီးပွားရေးက ပိုကောင်းနိုင်သေးသလဲဟု   ဘုရင်က မေးမြန်းခဲ့သည်။ ဤသို့ပြောပုံဆိုပုံများကြောင့် မကောင်းကျိုးများဖြစ်ပေါ်လာဖွယ်ရာရှိသည်။ လူထု၏ တုံ့ပြန်အုံကြွမှုကြီး ဘုရင့်အပေါ်သက်ရောက်လာစရာ အကြောင်းရှိသည်။

အစဉ်အလာ လုပ်ရိုးလုပ်စဉ်အားလုံး ပျက်ပြားနေချေပြီ။ လူအပေါင်းတို့သည် နေ့ညမပြတ် လှုပ်လှုပ်ရှားရှား ဖြစ်နေကြသည်။ မကြာမီ ဤဖြစ်ရပ်များ အဆုံးသတ်ရချေမည်။ ပြင်းထန်သော အုံကြွပေါက်ကွဲမှုကြီးဖြင့် နိဂုံးချုပ်ကောင်းချုပ်စေလာတော့မည်။ ဗမာလူမျိုးတို့သည် ပုန်ကန်သည်ဆိုပါက အလွန်သွေးဆာသော လူမျိုးပေတကား။

- ၁၈၇၉ ခုနှစ် စက်တင်ဘာလ ၂၃ ရက် (အင်္ဂါနေ့)

မြန်မာပြည်၏ သေသောက်ကြူးဘုရင်လန်ဒန် စက်တင်ဘာလ ၂၂ ရက်။

ဘုရင်သည် လွန်မင်းစွာ သေသောက်ကြူးနေသည်။   အင်္ဂလန်နှင့်စစ်ဖြစ်မည့် ဘေးအန္တရာယ်ကို သဘောမပေါက်နိုင်အောင် စိတ်မာန်တက်ကြွ၍ ဘုရင်အား အမြော်အမြင်ကင်းမဲ့သော လူငယ်အတိုင်ပင်ခံပုဂ္ဂိုလ်တို့သည် ခြံရံနေကြသည်။ ဤအခြေအနေရှိနေသမျှ အသက်ဆံဖျားထား၍   နေထိုင်ကြရမည်မှာ  အမှန်ပင်ဖြစ်သည်။

- ၁၈၈၀ ပြည့်နှစ် ဇန်နဝါရီလ ၂၃ ရက်(သောကြာနေ့)

မြန်မာပြည့်ရှင်ဘုရင် အင်္ဂလိပ်လူမျိုးအဖွဲ့တစ်ဖွဲ့အား ဝမ်းမြောက်ကြည်သာစွာ အခစားဝင်ခွင့်ပေးခြင်း လန်ဒန်နယူးစ်၏ လန်ဒန်သတင်းထောက်ထံမှလွန်ခဲ့သော တစ်နှစ်အချိန် အောက်တိုဘာလ ထီးနန်းတက်စဉ်က သီပေါဘုရင်သည် အလွန်တင့်တယ်ချောမောသူ တစ်ဦးဖြစ်ခဲ့ပေသည်။ ချောမွေ့၍ သံလွင်သီး အရောင်အသားအရေရှိကာ တစ်ပြည်လုံးတွင် အချောအလှဆုံး ဗမာတစ်ယောက်ဟု ပြောစမှတ်ပြုခဲ့ကြသည်။ ယခုမူ ၎င်း၏မျက်နှာသည်   အန်းတမ်းတမ်း ပွတတဖြစ်နေသည်။ မျက်တွင်းနက်၍ မျက်စိများသည် အရောင်အဆင်း ကင်းမဲ့နေချေသည်။

တစ်ကိုယ်လုံး၏ ရုပ်ဆင်းသဏ္ဌာန်သည် မကျန်းမမာ စက်ဆုပ်ဖွယ်ရာဖြစ်နေလေသည်။  မျက်နှာကိုမော်၍  ကြည့်သည်။ ကြည့်ပြန်လျှင်လည်း   ဘေးစောင်းသာငဲ့ကြည့်ပြီး မျက်လွှာပြန်ချသွားတော့၏။ အချုပ်ဆိုရသော် နှစ် ၂၀ အရွယ်လူငယ်တစ်ဦးအတွက် အရက်သေစာမသောက်စားရေး ဟောပြောပွဲများတွင် ကြောက်မက်ဖွယ်ရာအဖြစ်   သက်သေတင်ပြရန် အကောင်းဆုံး နမူနာတစ်ခုဖြစ်ပေတော့သည်။