ဒေသတွင်းအခင်းအကျင်းသစ်တစ်ရပ်ကို ဖော်ဆောင်နေသည့် အစ္စရေး

Posted_Date

Image

ဒေသတွင်းအခင်းအကျင်းသစ်တစ်ရပ်ကို ဖော်ဆောင်နေသည့် အစ္စရေး

Body

ယနေ့ အရှေ့အလယ်ပိုင်းတွင် ဖြစ်ပျက်ပြောင်းလဲနေခြင်းများသည် ဒေသဆိုင်ရာအခင်းအကျင်း တစ်ခုဆီသို့ ဦးတည်နေသည့် ရုန်းကန်မှုတစ်ခုအဖြစ်ရှုမြင်နိုင်သည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်တွင် ဟားမတ်စ်တို့က အစ္စရေးကိုတိုက်ခိုက်ပြီးနောက် အမြင်(၃) ခုထွက်ပေါ်လာခဲ့သည်။
ယင်းတို့မှာ ဟားမတ်စ်၊ ဟစ်ဇ်ဘိုလာ၊ အီရန်နှင့် အမေရိကန်၏ သဘောထားအမြင်တို့ဖြစ်သည်။ ဟားမတ်စ်တို့က အစ္စရေးကိုဖျက်ဆီးရန်ရည်ရွယ်သည့် ဘက်စုံစစ်ပွဲကို အရှိန်မြှင့်ရန်ဟန်ပြင်ခဲ့ သည်။ အီရန်က ၎င်း၏ကြားခံ ဟစ်ဇ်ဘိုလာနှင့်အတူ အစ္စရေးကို ပြိုကွဲစေရန်နှင့် အမေရိကန်ကို ဒေသတွင်းမဖယ်ရှားရန် ရည်ရွယ်သည့် စစ်ပွဲများကို ဆင်နွှဲရန် တာစူခဲ့သည်။ အစ္စရေး နောက်တွင် အခိုင်အမာရပ်တည်နေသည့် အမေရိကန်က အစ္စရေးနှင့် ပါလက်စတိုင်းတို့အတွက် နိုင်ငံရေး အလားအလာအသစ်များ၊ အစ္စရေးနှင့်ဆော်ဒီအာရေးဗျတို့ကြား ပုံမှန်ဆက်ဆံရေးပြန်လည်ထူ ထောင်ရေး၊ ဝါရှင်တန်နှင့်ရီယာ့ဒ်တို့ကြား ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက် ရယူခြင်းတို့ဖြင့် ဒေသတွင်းတည်ငြိမ်ရေးကို ရယူနိုင်ရန်မျှော်လင့်ခဲ့သည်။ သို့သော် ယင်းသဘောအမြင်များမှာ တစ်ခုမျှဖြစ်မလာခဲ့ပါ။ ဟားမတ်စ်၊ ဟစ်ဇ်ဘိုလာနှင့် အီရန်တို့က အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF)၊ အစ္စရေးလူ့အဖွဲ့အစည်းနှင့် အမေရိကန်-အစ္စရေး မဟာမိတ်အဖွဲ့တို့၏ အင်အားအပေါ် လျှော့တွက်ခဲ့ကြသည်။ ထို့အတူ ဂါဇာတွင်အစ္စရေး၏ လုပ်ရပ်များအပေါ် ထိန်းကျောင်းနိုင်မည်ဟု အမေရိကန်က လွန်ကဲစွာယုံကြည်ထားသော်လည်း ၎င်းအနေဖြင့် အီရန်၏ ဒေသတွင်း ခြိမ်းခြောက်မှုများကိုပါ လုံလောက်အောင် တုံ့ပြန်နိုင်ခြင်းမရှိခဲ့ပေ။ ဖော်ပြပါ အမြင်(၃)ခု ဖြစ်မလာ ခြင်းက ပိုမိုလက်တွေ့ကျသည့် စတုတ္ထအလားအလာတစ်ခုကို ဖန်တီးပေးသည်။ ယင်းမှာ အစ္စရေး အတွက် အလားအလာပင်ဖြစ်သည်။ ပြီးခဲ့သည့်သုံးလအတွင်း အစ္စရေးသည် အရှေ့အလယ်ပိုင်း ဒေသကို ပြန်လည်ပုံဖော်ရန် ၎င်း၏အင်အားကိုစတင်အသုံးပြုလာခဲ့သည်။ အစ္စရေးသည် ဟားမတ်စ်၏ စစ်ရေးစွမ်းရည်များကိုချေမှုန်းပစ်ကာ ဟစ်ဇ်ဘိုလာ၏ ခေါင်းဆောင်မှုကိုဖြိုဖျက်ပြီး လက်ဘနွန်အခြေစိုက်အဖွဲ့က ကာလကြာရှည်တင်းခံခဲ့သည့် အပစ်အခတ်ရပ်စဲရေး စည်းမျဉ်း များကို လက်ခံရန်တွန်းအားပေးခဲ့သည်။ အစ္စရေးသည် အီရန်နိုင်ငံအတွင်း ဆန်းပြားသော တိုက်ခိုက်မှုများကိုလည်း ကြိုကြားကြိုကြားပြုလုပ်ခဲ့သည်။ ထို့ပြင် ဆီးရီးယားတွင် အာဆတ် အစိုးရပြုတ်ကျသွားသည်ကို အခွင့်ကောင်းယူကာ အီရန်၏ဒေသတွင်း လွှမ်းမိုးဖြန့်ကြက်နိုင်မှုကို ဖယ်ရှားရန်လည်း အစ္စရေး ကကြိုးပမ်းနေသည်။ ရလဒ်အနေဖြင့် အီရန်သည် ၎င်း၏နယ်နိမိတ်မှ အစ္စရေးအထိ ရှည်လျားသော နယ်နိမိတ်အတွင်း ၎င်း၏ဩဇာ ဖြန့်ကြက်ထူထောင်ရန်အတွက် မြှုပ်နှံထားသည့်အရေးပါသောအရင်းအမြစ်များဆုံးရှုံးခဲ့ရသည်။
အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုအပြီး တစ်နှစ်နီးပါးအကြာတွင် ဒေသတွင်း အနာဂတ်အတွက် အစ္စရေး၏ မျှော်မှန်းချက်မှာ မရှင်းလင်းပေ။ ၎င်းသည် မိမိကိုယ်မိမိ ခုခံကာကွယ်ခြင်းဟူသော ခေါင်းစဉ်ကို သက်တမ်းတိုးခြင်းဖြင့် လုံးဝပြန်လည်ထူထောင်၍မရနိုင်အောင် ဆိုးရွားသွားသော အရှေ့အလယ်ပိုင်း၏ လက်ရှိအနေအထားကို ထိန်းသိမ်းရန် တိုက်ပွဲဝင်နေခြင်းဖြစ်သည်။ ၎င်း၏ စစ်ဆင်ရေးများသည် ပြင်းထန်သော်လည်း အစ္စရေးသည် ဟစ်ဇ်ဘိုလာ၊ အီရန်တို့နှင့် ထိပ်တိုက် တွေ့မည့်အရေးမှရှောင်ရှားနိုင်ခဲ့သည်။ ထို့ပြင် ၎င်းကိုနိုင်ငံတကာမှ သွေးထိုးလှုံ့ဆော်သူအဖြစ် ရှုမြင်နေကြပြီး ပြည်တွင်းရှိ အစ္စရေးလူ့အဖွဲ့အစည်းအတွင်း၌လည်း သဘောထားကွဲလွဲမှုများ ရှိနေခြင်းကြောင့် အခင်းအကျင်းအသစ်တစ်ခုဆီဦးတည်သွားရန် တွန့်ဆုတ်နေပုံရသည်။ ကွယ်လွန်သူ ဟားမတ်စ် ခေါင်းဆောင် Yahya Sinwar က ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်တွင် အစ္စရေးကို စတင်တိုက်ခိုက်ခဲ့ပြီးနောက် ၎င်းတို့ ပြန်လည်တုံ့ပြန် တိုက်ခိုက်ခံရချိန်တွင် ချက်ချင်းဆိုသလိုပင် အီရန် ကျောထောက်နောက်ခံပြု စစ်သွေးကြွအုပ်စုအားလုံးက အစ္စရေးကို ပူးပေါင်းတိုက်ခိုက်လိမ့် မည်ဟု မျှော်မှန်းခဲ့သည်။ အစ္စရေး-ဟားမတ်စ်စစ်ပွဲသည် အာရပ်ဆူပူအုံကြွမှုကို လှုံ့ဆော်ပေးနိုင် မည်ဟု ယုံကြည်နေသည်။ Sinwar ၏အစီအစဉ်သည် အစ္စရေး-ဟားမတ်စ်စစ်ပွဲအတွင်း ဟစ်ဇ်ဘိုလာအပါအဝင် အီရန်ကျောထောက်နောက်ခံပြု အခြားအဖွဲ့ဝင်များနှင့်အီရန်ကိုယ်တိုင် တိုက်ရိုက်ပါဝင်ပတ်သက်လာမည်ဟု မျှော်လင့်နေခြင်းဖြစ်သည်။ သို့သော်နောက်ဆုံးတွင် အစ္စရေးကသာ စစ်ရေးအရအသာစီးရသွားခဲ့သည်။ အောက်တိုဘာလ ၇ရက် တိုက်ခိုက်မှု ပထမ နှစ်ပတ်လည်နေ့မတိုင်မီ ရက်အနည်းငယ်အလိုတွင်လည်း ဟစ်ဇ်ဘိုလာ နိုင်ငံရေးခေါင်းဆောင် Hassan Nasrallah သုတ်သင်ခြင်းခံခဲ့ရသည်။ လက်ဘနွန်တွင် ဟစ်ဇ်ဘိုလာအဖွဲ့ကို ချေမှုန်းလိုက်ခြင်းဖြင့် အစ္စရေးအစိုးရသည် ၎င်း၏ ဒေသတွင်းရန်သူများကို အသာစီးအနိုင်ရယူလိမ့်မည်ဟု ယုံကြည်နေသည်။ ထိုအချိန်တွင် အမေရိကန်က အစ္စရေးကို ပဋိပက္ခများ ထပ်မံမတိုးပွားစေရန် တိုက်တွန်းနေသည်။ သို့သော် အစ္စရေးသည် လက်ရှိ အခိုက်အတန့်ကို အခွင့်ကောင်းအဖြစ် ရှုမြင်နေသည်။ ယခုအခါ အစ္စရေးသည် ဟစ်ဇ်ဘိုလာသာမက အီရန်ကို ပြတ်ပြတ်သားသား ထိုးနှက်တိုက်ခိုက်ရန် မျှော်လင့်ချက်ဖြင့် ဟားမတ်စ်၊ ဟစ်ဇ်ဘိုလာ၊ အီရတ်နှင့် ဆီးရီးယားရှိ ပြည်သူ့စစ်များအပါအဝင် ယီမင်ရှိ ဟူသီတို့ပါဝင်သော axis of resistance (အီရန် ဦးဆောင်သော အလွတ်တမ်းမိတ်ဖက်အဖွဲ့အစည်း)ကို ဆန့်ကျင်တိုက်ခိုက်ရန် ကြိုးပမ်းနေသည်။ Nasrallah သတ်ဖြတ်မှုအပြီးတွင် အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက ယခုအချိန်သည် ‘‘နှစ်ပေါင်း များစွာကြာတည်ရှိနေသော ဒေသတွင်း အာဏာချိန်ခွင်လျှာကို ပြောင်းလဲဖို့”အတွက် အခွင့်အရေး တစ်ခုဖြစ်ကြောင်းပြောဆိုခဲ့သည်။အကယ်၍ အစ္စရေးသည် axis of resistance တပ်ပေါင်းစုကို ယိုင်နဲ့သွားအောင် စွမ်းဆောင်နိုင်ပါက ၎င်း၏အောင်မြင်မှုကို ဆော်ဒီအာရေးဗျနှင့် ယူအေအီးတို့က တိတ်တဆိတ်ကြိုဆိုလာလိမ့်မည်ဖြစ်သည်။ ဆော်ဒီသည် ပါလက်စတိုင်းနိုင်ငံ ထူထောင်ရန်ထောက်ခံပြီး အရှေ့အလယ်ပိုင်းတွင် ထာဝရငြိမ်းချမ်းရေးရရှိရန် အရေးကြီးကြောင်း အခိုင်အမာဆိုသည်။ ဆော်ဒီအစိုးရက ၎င်းတို့၏ ရည်မှန်းချက်ကြီးသော ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကို ခြိမ်းခြောက်နိုင်သည့်ဒေသတွင်းရန်လိုမှုများတိုးလာမည်ကိုစိုးရိမ်နေသည်။
အစ္စရေးအတွက် ပါဝါချိန်ခွင်လျှာကိုပြောင်းလဲခြင်းတွင် အောက်တိုဘာ ၇ ရက်နောက်ပိုင်းဖြစ်ပွား ခဲ့သော ရှုံးနိမ့်မှုနှင့် ရှုပ်ထွေးမှုများ၏ ဇာတ်ကြောင်းကို ပြောင်းပြန်လှန်ခြင်းလည်းပါဝင်သည်။ ဟားမတ်စ်တို့ထံမှတိုက်ခိုက်ခံရမှုသည် အစ္စရေးထောက်လှမ်းရေးအတွက် အရှက်ရစရာ ကိစ္စရပ် ဖြစ်သည်။ ရန်သူများထက်ခြေတစ်လှမ်းသာလေ့ရှိတတ်သော ဂုဏ်သတင်းသည် အစ္စရေး ကာကွယ်ရေးဗျူဟာ၏ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်သည်။ သို့သော် ဟားမတ်စ်တို့၏ တိုက်ခိုက် ခံရခြင်း အပြီးတွင် ထိုဂုဏ်သိက္ခာ ပျောက်ဆုံးသွားခဲ့ရသည်။ ထို့နောက် ဂါဇာကမ်းမြောင်ဒေသတွင် နောက်ဆက်တွဲဖြစ်ပွားလာသောစစ်ပွဲအတွင်း၌လည်း အစ္စရေး၏ဂုဏ် သို့မဟုတ် ၎င်း၏ လုံခြုံရေး ကို ပြန်လည်ထိန်းသိမ်းရန် မစွမ်းနိုင်ခဲ့ပါ။ အရပ်သားအများအပြားသေဆုံးစေခဲ့သည့် စစ်ဆင်ရေး တစ်ခုဆင်နွှဲခဲ့သော်လည်း အစ္စရေးသည် ၎င်း၏ ဓားစာခံအားလုံး လွတ်မြောက်အောင် မလုပ်ဆောင် နိုင်ခဲ့ပေ။ ထို့ပြင် နိုင်ငံတကာလူထု၏အမြင်တွင် ဂုဏ်သိက္ခာများကျဆင်းနေပြီး ICJ တွင် လူမျိုးတုံး သတ်ဖြတ်မှုဖြင့်စွပ်စွဲခံထားရသည်။
သို့သော် ဟစ်ဇ်ဘိုလာတပ်ဖွဲ့များကို တိုက်ခိုက်နိုင်ခြင်းကြောင့် အစ္စရေးလူထု၏ယုံကြည်မှုကို ပြန်လည်ရရှိစေခဲ့သည်။ ဟစ်ဇ်ဘိုလာကိုဖျက်ဆီးလိုက်ခြင်းကြောင့် အီရန်အစိုးရအတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခုဖြစ်လာခဲ့သည်။ နိုင်ငံ၏မြောက်ပိုင်းနယ်စပ်တွင် ကြီးမားသော ဒုံးကျည်လက်နက်များနှင့်အတူ အင်အားကြီးမားသော အီရန်ကျောထောက်နောက်ခံပြု စစ်သွေးကြွ တပ်ဖွဲ့ ဟစ်ဇ်ဘိုလာ တည်ရှိနေခြင်းကအဟန့်အတားတစ်ခုအဖြစ် အစ္စရေးက အစဉ်အမြဲမှတ်ယူ ထားသည်။
ယခုအခါ ၎င်း၏ proxy အုပ်စုများနှင့် မဟာမိတ်များအကြား ချာချာလည်နေသည့် အီရန်မှာ အကြပ်ရိုက်နေရရှာသည်။ ဟားမတ်စ်များထံသို့လည်း တိုက်ရိုက်အကူအညီ မပေးနိုင်သေးပါ။ ဟစ်ဇ်ဘိုလာ နှိမ်နင်းခံရခြင်းကြောင့် တစ်ဖက်တွင် ထဲထဲဝင်ဝင်ရပ်တည်ပါက ၎င်း၏ မဟာမိတ်များက သစ္စာဖောက်ခံရသလိုခံစားရနိုင်ပြီး ဆယ်စုနှစ်များစွာကြာခြိမ်းခြောက်နေသည့် အီရန်နျူကလီးယား စက်ရုံများကို တိုက်ရိုက်တိုက်ခိုက်ခြင်းအပါအဝင် ပိုမိုအစွန်းရောက်သည့် လုပ်ရပ်များကို အစ္စရေးက ရဲရဲတင်းတင်းလုပ်ဆောင်လာနိုင်သည်။ တစ်ဖက်တွင်အီရန်သည် အစ္စရေးနှင့်စစ်ပွဲတွင် တိုက်ရိုက်ပါဝင်ခဲ့မည်ဆိုလျှင် အမေရိကန်လည်း ပါဝင်လာနိုင်သောကြောင့် ဒေသတွင်း အန္တရာယ်များမြင့်တက်လာမည်ဖြစ်သည်။ အမေရိကန်သည် စကားအရ အရှေ့အလယ် ပိုင်းတွင် နောက်ထပ်စစ်ပွဲများ ဖြစ်ပွားခြင်းကိုရပ်တန့်လိုကြောင်းဖော်ပြနေသည်။ သို့သော် ၎င်းသည် အစ္စရေး၏လုံခြုံရေးအတွက် အခိုင်အမာကတိပြုထားပြီး အရှေ့အလယ်ပိုင်းတွင် အစိုးရ အပြောင်း အလဲကို ဖော်ဆောင်နိုင်စွမ်းရှိကြောင်းလည်း ယခင်ကသက်သေများရှိခဲ့ဖူးသည်။ အမေရိကန် တိုက်ရိုက် ပါဝင်နေသော အီရတ်စစ်ပွဲအတွင်း သွေးထွက်သံယိုမှုများ၊ အချည်းနှီးဖြစ်မှုများက အမေရိကန်ကို အရှေ့အလယ်ပိုင်း ဒေသတွင်းစစ်ပွဲတွင် နောက်ထပ် တိုက်ရိုက်ပါဝင်ပတ်သက် လာရန် တွန့်ဆုတ်စေမည်ဖြစ်သည်။ သို့သော် အီရန်သည် နျူကလီးယားလက်နက် တည်ဆောက်နိုင်ရန် အလွန်နီးစပ်နေပြီဟူသောအချက်က အစ္စရေးဘက်က စတင်တိုက်ခိုက်လာရေးအတွက် လှုံ့ဆော်မှုများဖြစ်လာနိုင်သည်။
အစ္စရေးထောက်ခံသူအချို့က လက်ရှိအခိုက်အတန့်ကို အရှေ့အလယ်ပိုင်းတွင် ပါဝါချိန်ခွင်လျှာကို ပြောင်းလဲသွားစေသည့် ၁၉၆၇ ခုနှစ် ခြောက်ရက်စစ်ပွဲနှင့်နှိုင်းယှဉ်ထားပြီး အစ္စရေးကို အောင်ပွဲ နှင့်နီးစပ်နေပြီဟု မျှော်မှန်းနေကြသည်။ လက်ရှိအခြေအနေတွင် အစ္စရေးအတွက် သိသိသာသာ အခွင့်အလမ်းများရှိနေသော်လည်း ကြီးမားသောအန္တရာယ်များလည်းရှိနေသည်။ ဟစ်ဇ်ဘိုလာသည် အင်အားချည့်နဲ့သွားသော်လည်း ၎င်း၏ဒုံးကျည်လက်နက်များဖြန့်ကြက်ပြီး အစ္စရေး၏ အဓိက မြို့ကြီးများကို ထပ်ခါတလဲလဲ တိုက်ခိုက်နိုင်သေးသည်။ အကယ်၍ အစ္စရေးသည် လက်ဘနွန်၏ မြေပြင်သို့ ကျူးကျော်စစ်ပွဲများဆင်နွှဲမည်ဆိုပါက ၎င်း၏တပ်ဖွဲ့များသည် ဂါဇာတွင် နှစ်အတော်ကြာ စစ်ပွဲဆင်နွှဲနေသည့်အတွက် ပဋိပက္ခအတွင်း လှုပ်လေမြုပ်လေအခြေအနေဖြစ်သွားမည် ဖြစ်သည်။
အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လက်ဘနွန်တွင် သေဆုံးမှုနှင့် ပျက်စီးမှုများရှိခဲ့ပြီး ရေရှည်တွင် ဟစ်ဇ်ဘိုလာတို့၏မျိုးဆက်နှင့်ပတ်သက်၍ စိုးရိမ်စရာအခြေအနေဖြစ်လာနိုင်သည်။ အစ္စရေး-ဟားမတ်စ် စစ်ပွဲကြောင့် ဟားမတ်စ်(၆၀)ရာခိုင်နှုန်းခန့်က မိဘမဲ့များဖြစ်သွားကြသည်ဟု ယူဆကြသည်။ ဟစ်ဇ်ဘိုလာနှင့် ဟားမတ်စ်တို့ နှစ်ဖွဲ့လုံး ဆိုးရွားစွာပျက်စီးသွားခဲ့သည်။ သို့သော် အစ္စရေးက စစ်ပွဲပြီးလျှင် ဂါဇာကို မည်သည့်ပုံစံဖြင့် အုပ်ချုပ်မည်ဆိုသည်ကို အဖြေမပေးနိုင်သေးပေ။ လက်ဘနွန်၏ အားနည်းသော အိမ်စောင့်အစိုးရသည် ဟစ်ဇ်ဘိုလာ၏ လစ်ဟာသွားသည့် အခြေအနေနှင့်ပတ်သက်၍ ဖြည့်ဆည်းနိုင်စွမ်းမရှိဘဲ Failed state ဖြစ်လာနိုင်သည်။
နေတန်ရာဟုသည် အရှေ့အလယ်ပိုင်းတွင် ဒေသဆိုင်ရာအခင်းအကျင်းသစ်တစ်ရပ်ကို ဖော်ဆောင်ရန် စိတ်ကူးရှိနေသည်။ သို့သော် ၎င်းနှင့်အတူ ဖြစ်ပေါ်လာနိုင်သောအန္တရာယ်များက ဒေသဆိုင်ရာ မငြိမ်မသက်မှုများကို ပိုမိုသက်ရောက်စေနိုင်ကြောင်း တွက်ဆထားရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်းရေးသားလိုက်ရပါသည်။

Source: NP News