ဆိုလာနည်းပညာမှသည်  လျှပ်စစ်စွမ်းအင်ဆီသို့

Posted_Date

Image

ဆိုလာနည်းပညာမှသည်  လျှပ်စစ်စွမ်းအင်ဆီသို့

Body

ယခုအခါ  ဆိုလာနည်းပညာသည် ကမ္ဘာနှင့်အဝှမ်း တွင်ကျယ်စွာ အသုံးပြုလာနေသော နည်းပညာတစ်ခုဖြစ်လာနေပါသည်။ လက်ရှိဆိုလာပစ္စည်းဈေးကွက်တွင် N-type နှင့် P-type ဆိုလာပြားဟူသော ဝေါဟာရများကို တွေ့ဖူးမြင်ဖူးကြမည်ဖြစ်ပါသည်။   အဆိုပါအမျိုးအစားနှစ်မျိုး၏ ပါဝါအထွက်၊ ကုန်ကျစရိတ်နှင့် စွမ်းဆောင်ရည်များမှာ  ကွာခြားသဖြင့် ဆိုလာပြားများ၏ တည်ဆောက်ပုံနှင့် စွမ်းအင်ထုတ်လုပ်မှုများကို အနည်းငယ် ရှင်းလင်းတင်ပြလိုပါသည်။ ဆိုလာပြားဆိုသည်မှာ   လျှပ်စစ်ထုတ်လုပ်ရန်Crystalline  Silicone Wafer ကို အခြားပစ္စည်းများနှင့်ပေါင်းစပ်ထားသော အရာဝတ္ထုတစ်ခုဖြစ်ပါသည်။  လက်ရှိအချိန်တွင် ဆိုလာပြားအမျိုးအစား  နှစ်မျိုးရှိပါသည်။ P-type Cells နှင့် N-type Cells တို့ဖြစ်ပါသည်။

P-type တွင်  Positive Charge ကိုဖန်တီးရန် ဘိုရွန်အက်တမ်အခြေခံသည့် Silicone တစ်ခုပေါင်းထည့်ထားပါသည်။ လျှပ်စစ်စီးကြောင်းအတွက် p-n junction ကိုဖန်တီးရန် Wafer ၏ Top Silicone Layer  ကို  Phosphorus N-type ဖြင့် ပေါင်းစပ်ထုတ်လုပ်ထားပါသည်။ P-type သည် ဆိုလာပြားထုတ်လုပ်ရာတွင် အသုံးအများဆုံး  အမျိုးအစားဖြစ်ပါသည်။ အလွယ်ကူဆုံးပြောရလျှင် N-type ၏ အခြေခံဖွဲ့စည်း တည်ဆောက်ပုံသည် P-type ၏ ဆန့်ကျင်ဘက်ဖြစ်ပါသည်။

N-type များတွင် Negative Charge  ကို ဖန်တီးရန် ဖော့စဖရတ်အက်တမ်အခြေခံSilicone တစ်ခုပေါင်းထည့်ထားပါသည်။ N-type  ဆိုလာပြား၏ Top Silicone Layer ကို p-n junction ဖွဲ့စည်းမှုအတွက် ဘိုရွန်P-type  ဖြင့်  ပေါင်းစပ်ထားခြင်းဖြစ်ပါသည်။

ဆိုလာပြားတည်ဆောက်ပုံမှတစ်ဆင့် စွမ်းအင်ထုတ်လုပ်မှုကို ဆက်လက်တင်ပြပေးလိုပါသည်။   ဆိုလာပြားများတွင် Semiconductor အလွှာများစွာ ပါရှိပါသည်။   နေရောင်ခြည်မှာလည်း  ဖိုတွန်များစွာပါရှိပါသည်။   ဖိုတွန်များသည် ဆိုလာပြားမျက်နှာပြင်ပေါ်ကျရောက် သောအခါ ဆိုလာပြားများ၏ negative layer သည် ဤ ဖိုတွန်များကို  စုပ်ယူပါသည်။  ဖိုတွန်သည် Positive  Charge   ဖြစ်သောကြောင့် Negative Layer က စုပ်ယူခြင်းဖြစ်ပါသည်။ Negative Layer က စုပ်ယူပြီးနောက်  ဖိုတွန်မှနျူကလီးယားဆဲလ်သို့ စွမ်းအင်လွှဲပြောင်းမှုကြောင့် ဆိုလာပြား၏ အက်တမ်ဆဲလ်ကို charge လုပ်ခြင်းဖြစ်ပေါ်လာပါသည်။  ထိုသို့စွမ်းအင်ပြောင်းလဲမှုကြောင့်  အက်တမ်၏ အီလက်ထရွန် (electrons) များသည်  ၎င်း၏အပြင်ဘက် အကျဆုံးအခွံမှ လွတ်မြောက်ပြီး ဆဲလ်၏ positive layer ဆီသို့ ရွေ့လျားသွားပါသည်။  နောက်ဆုံးတွင်ဆဲလ်၏   Positive နှင့် Negative  အလွှာကြားမှာ  Potential difference ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။

ဆိုလာပြားများမှ စွမ်းအင်ထုတ်လုပ်မှုကို တင်ပြပြီးနောက် ၎င်းတို့၏ အလုပ်လုပ်နိုင်စွမ်းကို  ဆက်လက်တင်ပြပေးလိုပါသည်။  P-type ဆိုလာပြားများတွင် ဘိုရွန်အောက်ဆီဂျင် ချို့ယွင်းချက်ပါဝင်နေပါသည်။ ထို့ကြောင့် ဆဲလ်များဖွဲ့စည်းသော အခါတွင် dissolved oxygen ကြောင့် အလင်းထိတွေ့မှုအောက်တွင် ဘိုရွန်နှင့် ပြန်လည်ပေါင်းစည်းသည့်နေရာကို  ဖြစ်ပေါ်စေပါသည်။ ဤဖြစ်ရပ်ကို အလင်းကြောင့်ပျက်စီးခြင်း (light induced degradation) ဟုခေါ်ပြီး ၎င်းသည် ဆဲလ်များ၏ စွမ်းဆောင်ရည်ကို လျော့နည်းစေပါသည်။

ထို့ကြောင့် N-type ဆိုလာပြားများသည် P-type ဆိုလာပြားများထက် ပိုမိုမြင့်မားသော လုပ်ဆောင်နိုင်စွမ်းရှိပါသည်။ အပူချိန်ခံနိုင်ရည်ရှိမှုကို နှိုင်းယှဉ်ကြည့်လျှင်လည်းN-type အမျိုးအစားများသည် P-type အမျိုးအစားများထက် အပူချိန်ပြောင်းလဲမှုများကိုခုခံရန် စွမ်းအားပိုရှိသောကြောင့် အပူချိန်မြင့်သော ဒေသများအတွက် ပိုမိုသင့်လျော်ပါသည်။ N-type အမျိုးအစားများသည် ဝယ်ယူသည့်အခါတွင် ကုန်ကျစရိတ်မှာ P-type အမျိုးအစားများထက်  ပိုများသော်လည်း ဓာတ်အားထုတ်လုပ် သုံးစွဲနေသည့် သက်တမ်းတစ်လျှောက် စွမ်းဆောင်ရည် ပိုမိုမြင့်မားစွာရရှိစေပါသည်။ သက်တမ်းလည်းပိုရှည်ပါသည်။

ထို့ကြောင့် N-type ဆိုလာပြားများကို ရွေးချယ်ခြင်းသည် ရေရှည်အတွက် ဆုံးဖြတ်ချက်ကောင်း  တစ်ခုဖြစ်ပါသည်။  ယခုN-type နှင့် P-type ဆိုလာပြားဟူသော ဝေါဟာရများကို  အကြမ်းဖျင်းနားလည် သဘောပေါက်လောက်ပြီဟု   ယူဆပါသည်။     

ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် ဆိုလာနည်းပညာကို  ပြောင်းလဲသုံးစွဲရန် ကြိုးစားဆောင်ရွက်လျက်ရှိကြရာ နိုင်ငံတကာ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အေဂျင်စီ IRENA  ၏  အဆိုအရ  အရှေ့တောင်အာရှနိုင်ငံများ အနေဖြင့် ၂၀၃၀  ပြည့်နှစ်မတိုင်မီ    နေရောင်ခြည်စွမ်းအင်မှာ လျှပ်စစ်ဓာတ်အား ၁၂၅ ဂစ်ဂါဝပ်အထိ ထုတ်လုပ်လာနိုင်ရန် လိုအပ်ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင်လည်း  လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအနေဖြင့်    နိုင်ငံတော်၏ အမျိုးသားရေးရည်မှန်းချက် (၂)ရပ်ဖြစ်သည့် “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး” လုပ်ငန်းစဉ်များ အောင်မြင်စေရေးအတွက် စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ MSME   လုပ်ငန်းများတိုးတက်ဖြစ်ထွန်းရေး၊ အရည်အသွေးမြင့်မားသည့်   ပညာရေးစနစ် ဖြစ်ပေါ်စေရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ  ပေါ်ထွက်လာစေရေးတို့အတွက် လျှပ်စစ်ဓာတ်အားရရှိရေးသည် များစွာအရေးပါသောကြောင့် တစ်နိုင်ငံလုံးမှ ပြည်သူအားလုံး လျှပ်စစ်ဓာတ်အားကို သာတူညီမျှ ရရှိသုံးစွဲနိုင်ရေး ရည်မှန်းချက်ထားကာ မူဝါဒများချမှတ်ပြီး   “၂၀၃၀  ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ရာနှုန်းပြည့်သုံးစွဲရရှိရေး”   အတွက်  စွမ်းအင်အရင်းအမြစ်အမျိုးမျိုးမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးနိုင်ရေးစီမံချက်ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။  ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် အတည်ပြုခဲ့သော မြန်မာနိုင်ငံ အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲ လျှော့ချရေးနှင့်  လိုက်လျောညီထွေရှိစေရေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအစဉ် (Nationally Determine Cotribution – NDC)  အရ ၂၀၃၀ ပြည့်နှစ်တွင် ရေအားလျှပ်စစ်ပါဝင်မှု  ၂၈  ရာခိုင်နှုန်း (၅၁၅၆ မဂ္ဂါဝပ်)၊ နေရောင်ခြည်နှင့်လေစွမ်းအင်ကဲ့သို့ ပြန်ပြည့်မြဲစွမ်းအင်ပါဝင်မှု ၁၁ ရာခိုင်နှုန်း (၂၀၀၀ မဂ္ဂါဝပ်) လျာထားရေးဆွဲထားပါသည်။ လက်ရှိအချိန်တွင် နေရောင်ခြည်စွမ်းအင်မှ  ၃  ဒသမ  ၃ ရာခိုင်နှုန်း    ပါဝင်ထုတ်လုပ်လျက်ရှိပြီး ထပ်မံ၍နေရောင်ခြည်နှင့် လေစွမ်းအင်တို့ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး စူးစမ်းလေ့လာနေမှုများကိုလည်း MoU၊ MoA၊ LoA များ လက်မှတ်ရေးထိုး ဆောင်ရွက်လျက်ရှိပါသည်။  သို့ဖြစ်ရာ  ၂၀၃၀ ပြည့်နှစ်တွင်  နေနှင့်လေစွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှုမှ ပါဝင်မှု အချိုးအစားသည် ရည်မှန်းထားသည့် ၁၁ ရာခိုင်နှုန်းကို ပြည့်မီရောက်ရှိလာမည်ဖြစ်ပါသည်။

ထိုသို့ ရည်မှန်းချက်ထားအကောင်အထည်ဖော် ဆောင်ရွက်မှုများ၏ ရလဒ်တစ်စိတ်တစ်ပိုင်းဖြစ်သည့် သာစည်(၃၀ မဂ္ဂါဝပ်)၊ သပြေဝ -၃(၃၀ မဂ္ဂါဝပ်)   နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများသည် Build – Operate - Own - BOO တည်ဆောက်/ လည်ပတ်/ ပိုင်ဆိုင်စနစ်ဖြင့် အကောင်အထည်ဖော် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်းတပ်ဆင်အင်အားမှာ  ၆၀ မဂ္ဂါဝပ်ဖြစ်ကာ တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၁၄၈ သန်း ထုတ်လုပ်ပေးနိုင်မည်ဖြစ်သောကြောင့် အိမ်ထောင်စုပေါင်း ၉၉၀၀၀ ခန့်ကို လျှပ်စစ်ဓာတ်အား ထပ်မံတိုးတက်ဖြန့်ဖြူးပေးနိုင်မှာလည်း ဖြစ်ပါသည်။ သပြေဝ-၃ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းကို ၁၃ လအတွင်းတည်ဆောက်ခဲ့ပြီး ထွက်ရှိလာသည့် ဓာတ်အားကို ၃၃ ကေဗွီ ဓာတ်အားလိုင်းဖြင့် ၂၃၀ ကေဗွီ သပြေဝပင်မဓာတ်အားခွဲရုံသို့   ၂၀၂၄  ခုနှစ် မတ်လ  ၃၀   ရက်တွင် လည်းကောင်း၊ သာစည်နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းကို ၁၄ လအတွင်း  တည်ဆောက်ခဲ့ပြီး ထွက်ရှိလာသည့် ဓာတ်အားကို ၃၃ ကေဗွီဓာတ်အားလိုင်းဖြင့် ၂၃၀ ကေဗွီ သာစည်ပင်မဓာတ်အားခွဲရုံသို့ ၂၀၂၄ ခုနှစ် ဧပြီလ ၃၀ ရက်တွင် လည်းကောင်း အသီးသီးချိတ်ဆက်၍ လျှပ်စစ်ဓာတ်အား ပို့လွှတ်နိုင်ခဲ့ပြီးဖြစ်ပါသည်။  မြန်မာနိုင်ငံ၏ ဓာတ်အားစနစ်ကွန်ရက်အတွင်းတွင် ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သော နေရောင်ခြည်စွမ်းအင်ကို အသုံးပြုပြီး  လျှပ်စစ်ဓာတ်အားများ ချိတ်ဆက်ပို့လွှတ်လျက်ရှိသည့် ဓာတ်အားပေးစက်ရုံခြောက်ရုံရှိရာမှ   ထပ်မံ၍  နှစ်ရုံမှထွက်ရှိသော ဓာတ်အားများကို လည်း နိုင်ငံတော်ဓာတ်အားစနစ် အတွင်းသို့   ထပ်မံချိတ်ဆက်ပို့လွှတ်နိုင်ပြီဖြစ်သည့်အတွက် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံရှစ်ရုံ စုစုပေါင်းတပ်ဆင် စက်အင်အား ၂၄၀ မဂ္ဂါဝပ်အထိ တိုးတက်ထုတ်လုပ်လာနိုင်ပြီဖြစ်ပါသည်။ လက်ရှိအချိန်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုတွင် စွမ်းအင်အရင်းအမြစ်ပါဝင်မှု အချိုးအစား (Generation Mix) အားဖြင့် ရေအား (၄၅ ရာခိုင်နှုန်း)၊ သဘာဝဓာတ်ငွေ့(၅၀   ရာခိုင်နှုန်း)၊ နေရောင်ခြည်(၃ ရာခိုင်နှုန်း)၊ ကျောက်မီးသွေး (၂ ရာခိုင်နှုန်း)တို့ဖြင့်သာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်လျက်ရှိပါသည်။   နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ၏ အခြေခံလူမှုစီးပွားဘဝကို မြှင့်တင်နိုင်ရန် လျှပ်စစ်ဓာတ်အားကို   လုံလောက်စွာရရှိသုံးစွဲနိုင်ရေးသည် အဓိကဖြစ်သည့်အတွက် တစ်နိုင်ငံလုံးမှပြည်သူများအားလုံး လျှပ်စစ်ဓာတ်အား ရာနှုန်းပြည့်ရရှိသုံးစွဲနိုင်ရေး    အထူးအလေးထားဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံပိုင်ဓာတ်အားပေးစက်ရုံများကို    အဆင့်မြှင့်တင်ပြုပြင်ခြင်းနှင့်   အသစ်များတည်ဆောက်ခြင်း၊ ဓာတ်အားလိုင်းများ၊    ဓာတ်အားခွဲရုံများ  တိုးချဲ့တည်ဆောက်ခြင်းတို့ကို နိုင်ငံပိုင်ရန်ပုံငွေ၊ နိုင်ငံခြားချေးငွေ၊ အထောက်အပံ့တို့ဖြင့် နှစ်စဉ်အဆင့်အလိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှလည်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြင့် ဓာတ်အားထုတ်လုပ်မှုများကို ဦးစားပေး ဆောင်ရွက်ရန် လမ်းညွှန်ချက်များ ချမှတ်ပေးခဲ့သည့်အတွက် နေရောင်ခြည် စွမ်းအင်သုံးနှင့် ရေအားလျှပ်စစ်ဓာတ် အားပေးစက်ရုံများကို ဦးစားပေး အကောင်ထည်ဖော် စီစဉ်ဆောင်ရွက်လျက် ရှိခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ရေအား၊ လေအား၊ နေရောင်ခြည် အစရှိသည့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်များ ပေါကြွယ်ဝသော နိုင်ငံဖြစ်သည့်အလျောက် ရေအား၊ လေအားနှင့် နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ နိုင်ငံ၏နေရာအနှံ့အပြားတွင် နေရောင်ခြည်စွမ်းအင် ကောင်းမွန်စွာ ကျရောက်သည့်အတွက် သဘာဝက ပေးထားသောအားသာချက်ကို ကောင်းစွာအသုံးချပြီး နိုင်ငံတော်၏ မူဝါဒများနှင့်အညီ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို ဆက်လက် အကောင်ထည်ဖော် ဆောင်ရွက်သွားရန် စီမံချက်များချမှတ် ဆောင်ရွက်လျက်ရှိပါသည်။ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှထုတ်လုပ်သော လျှပ်စစ်ဓာတ်အားကို စဉ်ဆက်မပြတ် ရရှိစေရေးအတွက် ထုတ်လုပ်မှုအပိုင်းတွင် အထောက်အကူဖြစ်စေရန် လျှပ်စစ် ဓာတ်အားသိုလှောင်စနစ် Energy Storage System တပ်ဆင်အသုံးပြုနိုင်ရေးအတွက်လည်း တွန်းအားပေး‌ဆောင်ရွက်လျက်ရှိပါသည်။ နေရောင်ခြည်စွမ်းအင်ကို နာရီအချိန်အလိုက် ပိုမိုသိုလှောင်ရရှိနိုင်ရေး ဆိုလာပြားများအား Tracking System တပ်ဆင်အသုံးပြုနိုင်ရေး အတွက်လည်း တွန်းအားပေးဆောင်ရွက်လျက်ရှိပါသည်။ လက်ရှိအချိန်တွင် စွမ်းအားပြည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးအတွက် ဓာတ်အားပေးစက်ရုံများနှင့် ဓာတ်အားလိုင်းဆိုင်ရာ ထိန်းသိမ်း ပြုပြင်ခြင်းလုပ်ငန်းများကို နှစ်စဉ်မဖြစ်မနေ ဆောင်ရွက်လျက် ရှိသောကြောင့် လျှပ်စစ်ဓာတ်အား ထိန်းညှိထုတ်လုပ်ဖြန့်ဖြူးနေမှုမှာ နေ့စဉ်ပျမ်းမျှ ၂၅၀၀ မဂ္ဂါဝပ်ခန့်သာဖြန့်ဖြူးပေးနိုင်ပြီး နေ့စဉ်ခန့်မှန်းဓာတ်အားလိုအပ်ချက်မှာ ၆၀၀၀ မဂ္ဂါဝပ်ခန့် ရှိသောကြောင့် အများပြည်သူ မီးသုံးစွဲမှုများသော နံနက်ပိုင်းနှင့် ညနေပိုင်းအချိန်များတွင် ဝန်အားထိန်းညှိလျှော့ချခြင်းများကိုအလှည့်ကျဆောင်ရွက်နေရပြီး ဓာတ်အားလိုင်းထိန်းသိမ်း ပြုပြင်ခြင်း လုပ်ငန်းများကိုလည်း တစ်ချိန်ထဲတပြိုင်ထဲ ဆောင်ရွက်လျက်ရှိပါသည်။ လက်ရှိအချိန်တွင် နိုင်ငံတော်အတွင်း ၂၀၂၄ ခုနှစ် မတ်လအထိ တစ်နိုင်ငံလုံးရှိ အိမ်ထောင်စု စုစုပေါင်း ၁၀ သန်းကျော်ရှိသည့်အနက် မီးသုံးစွဲသူ အိမ်ထောင်စု စုစုပေါင်း ၇ သန်းကျော်အား လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ဖြစ်သောကြောင့် မြန်မာတစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အား ရရှိမှုအချိုး (Electrification Ratio - ER) အနေဖြင့် (၆၇ ဒသမ ၃၄ ရာခိုင်နှုန်း)သို့ ရောက်ရှိလာပြီလည်းဖြစ်ပါသည်။ 

အချုပ်အားဆိုသော် ဆိုလာစနစ်ဖြင့် National Grid (ဓာတ်အားစနစ်)မှတစ်ဆင့် ဓာတ်အားဖြန့်ဖြူးနိုင်ရန် ကြိုးပမ်းလျက်ရှိသလို ဓာတ်အားစနစ် ပြင်ပ၌လည်း   ရခိုင်ပြည်နယ် မာန်အောင်မြို့၌ နေရဉ္စရာဆိုလာ ဓာတ်အားပေးစက်ရုံ  သုည ဒသမ ၅ မဂ္ဂါဝပ် စက်ရုံမျိုးလိုစက်ရုံငယ်များကို မြောက်မြားစွာ အကောင်အထည်ဖော် တည်ဆောက်ပေးလျက်ရှိပါသည်။

သို့ဖြစ်ရာငွေကြေးတတ်နိုင်သူများအနေဖြင့် နိုင်ငံတော်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု လျော့နည်းရရှိနေချိန်တွင် ဓာတ်အားစနစ်အား မှီခိုသုံးစွဲနေခြင်းများကို လျော့ချပြီး မိမိတို့ဘာသာ တစ်နိုင်တစ်ပိုင်ဆိုလာစနစ်ဖြင့် လျှပ်စစ်ထုတ်လုပ်ခြင်းလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်သွားသင့်ကြပြီး ထိုသို့ဆောင်ရွက်ခြင်းဖြင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကို မိမိတို့လုပ်ငန်းများအတွက် လျှော့ချလာနိုင်ပါမည်။ ထို့ပြင်ပြည်သူများအနေဖြင့်လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ဆောင်ရွက်နေရမှုများကို နားလည်သဘောပေါက်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသည့်ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များမှလျပ်စစ်ရရှိရေး လုပ်ငန်းစဉ်များအပေါ် ပြည်သူများမှ ဝိုင်းဝန်းကူညီစောင့်ရှောက် ဆောင်ရွက်ပေးကြမှသာလျှင် လျှပ်စစ်ဓာတ်အားကို ပိုမိုရရှိ၍ ကျန်ပြည်သူများ အနေဖြင့်မျှတစွာ ရရှိသုံးစွဲနိုင်လာကြမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။  ။

Source: Myawady Web Portal