အဖိုးထိုက်ပေ ပြည်ထောင်စုအမွေ

Posted_Date

Image

အဖိုးထိုက်ပေ ပြည်ထောင်စုအမွေ

Body

ပြည်ထောင်စုနေ့သည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် အရေးပါသော နေ့ထူး နေ့မြတ်တစ်နေ့ဖြစ်ပါသည်။ ပြည်ထောင်စုနေ့ကို ဖေဖော်ဝါရီလ ၁၂ ရက်တွင် သတ်မှတ်ထားပြီး ရုံးများ၊ ကျောင်းများပိတ်၍ ပြည်ထောင်စုနေ့အခမ်းအနားကို ဦးတည်ချက်များ ချမှတ်ကာ နှစ်စဉ် နှစ်တိုင်း ဆင်ယင်ကျင်းပခဲ့ပါသည်။ ၁၉၄၈ နှင့် ၁၉၄၉ ခုနှစ်များတွင် ပြည်ထောင်စုနေ့သဘင်ကို ပင်လုံမြို့၌ ကျင်းပခဲ့ပြီးလျှင် ၁၉၅၀ ပြည့်နှစ်မှစ၍ ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါသည်။ ၁၉၅၄ ခုနှစ် မှစတင်၍ ထူးခြားချက်မှာ ပြည်ထောင်စုအလံတော်ကို အလှည့်ကျရာ ပြည်နယ်အသီးသီးမှ ပြည်ထောင်စုနေ့ သဘင်ကျင်းပချိန်အမီ ရန်ကုန်မြို့သို့အရောက် လက်ဆင့်ကမ်း သယ်ယူစေခြင်းပင် ဖြစ်ပါသည်။ ထိုနှစ်တွင် တိုင်းရင်းသားလူမျိုးစုတို့ ပူးပေါင်းသွေးစည်းရာ ပင်လုံမြို့မှ ပြည်ထောင်စုအလံတော်ကို ပြည်ထောင်စုနေ့အမီ ရန်ကုန်မြို့သို့အရောက် လက်ဆင့်ကမ်းသယ်ယူလာပြီးလျှင် နိုင်ငံတော်ဝန်ကြီးချုပ်လက်သို့ ပေးအပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပြခန်းများ၊ ကြိုဆိုပွဲများဖြင့် တိုင်းရင်းသားကိုယ်စားလှယ်ကြီးများ၊ ပြည်သူများက သောင်းသောင်းဖျဖျပါဝင် တက်ရောက်ကြသည့်အတွက် တည်ရှိပြီးသော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထပ်လောင်းခိုင်မာစေပါသည်။

ပြည်ထောင်စုနေ့ ဖြစ်တည်လာပုံမှာ ရှေးယခင်က မြန်မာ့သမိုင်းတစ်လျှောက်လုံးတွင် မြန်မာတစ်နိုင်ငံလုံး စည်းစည်းလုံးလုံး ရှိခဲ့ဖူးပါသည်။ ဗြိတိသျှအစိုးရလက်အောက်မှာ စတင်ပြီး မြန်မာနိုင်ငံတော်ကြီးအား ရေရှည်အုပ်ချုပ်နိုင်ရန်အတွက် တိုင်းရင်းသားများကို ခွဲခြားအုပ်ချုပ်ခဲ့ပါသည်။ ဗြိတိသျှတို့၏ သွေးခွဲအုပ်ချုပ်ရေးပရိယာယ်ကြောင့် တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှု စတင် ပြိုကွဲခဲ့ရပါသည်။ အနှစ် ၇၀ မျှကာလပတ်လုံး ဗြိတိသျှလက်အောက်မှလွတ်မြောက်ရေးကို ကြိုးပမ်းရာမှာ မြေပြန့်သားနှင့် တောင်တန်းသားတို့ ပူးပေါင်းဆောင်ရွက်ခဲ့ဖူးခြင်း မရှိခဲ့ချေ။ သို့ပေမယ့် “သေသော်မှတည့်၊ ဪ…ကောင်း၏” ဆိုရိုးစကားအတိုင်း ဖက်ဆစ်ဂျပန်ကို တော်လှန်ကြရာမှာတော့ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်ခဲ့ကြပါသည်။ လွတ်လပ်ရေးကို ဆက်လက်ကြိုးပမ်းသည့်အခါတွင်လည်း မြေပြန့်သား၊ တောင်တန်းသား မခွဲခြားဘဲ တိုင်းရင်းသားပေါင်းစုံ သွေးစည်းဆောင်ရွက်ခဲ့ကြပါသည်။ 

၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း ရွှေတိဂုံကုန်းတော် အလယ်ပစ္စယံ၌ ကျင်းပသော ဖဆပလ ညီလာခံကြီးက မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုတွင် တိုင်းရင်းသားအားလုံး လက်တွဲ၍ ဆောင်ရွက်ပြီးလျှင် အတူတကွ လွတ်လပ်သောပြည်ထောင်စုနိုင်ငံထူထောင်ရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါသည်။ ၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလတွင် ရှမ်းပြည်တောင်ပိုင်းနှင့် မြောက်ပိုင်းဗဟိုချက်၌ရှိသော ပင်လုံမြို့မှာ ရှမ်းစော်ဘွားများညီလာခံကို ကျင်းပခဲ့ပြီး မြန်မာခေါင်းဆောင်ကြီးများဖြစ်သော သခင်နု၊ ဦးဘဂျမ်းနှင့် မန်းဘခိုင်တို့ တက်ရောက်ခဲ့ကြပါသည်။ ဗြိတိသျှနယ်ချဲ့တို့၏ ဝါဒဖြန့်မှုကြောင့် တွေဝေနားယောင်နေသော ရှမ်းအမျိုးသားများအား ပြတ်ပြတ်သားသား ရှင်းလင်းပြောဆိုခဲ့ကြသည်။

၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလတွင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သောအဖွဲ့သည် ဗြိတိန်နိုင်ငံသို့ မြန်မာ့လွတ်လပ်ရေးအတွက် သွားရောက်အရေးဆိုကြရာ ပြည်မနှင့် တောင်တန်းဒေသများပါ လွတ်လပ်ရေးပေးရန် တောင်းဆိုခဲ့ပါသည်။ ဗြိတိသျှတို့ကမူ ပြည်မကြီးကိုသာ လွတ်လပ်ရေးပေးပြီး တောင်တန်းဒေသများကို ဆက်လက်သိမ်းပိုက်ထားရန် အကြံအစည်ရှိခဲ့ပါသည်။ သို့ပေမယ့် တောင်တန်းဒေသများမပါသော လွတ်လပ်ရေးသည် မြန်မာနိုင်ငံအတွက် အဓိပ္ပာယ်မရှိသော လွတ်လပ်ရေးဖြစ်သဖြင့် တောင်တန်းဒေသများကို ပြည်မကြီးနှင့်တစ်ပြိုင်တည်း လွတ်လပ်ရေးပေးရန် တောင်းဆိုခဲ့ပါသည်။ ဆွေးနွေးလျက်ရှိသော လွတ်လပ်ရေးကိစ္စတွင် ဗြိတိသျှတို့က ပရိယာယ်သုံးကာ တောင်တန်းဒေသများက ပြည်မကြီးနှင့်ပူးပေါင်းရန် သဘောတူပါက ပြည်မကြီးရော တောင်တန်းဒေသများပါ တစ်ပြိုင်တည်း လွတ်လပ်ရေးပေးမည်၊ ပြည်မနှင့် တောင်တန်းဒေသများ ပူးပေါင်းရေးကို တောင်တန်းသားများက ယင်းတို့ဘာသာ ဆုံးဖြတ်ပါစေဟု ပြောဆိုပြီးလျှင် ယင်းသဘောထားသက်ဝင်သော အောင်ဆန်း-အက်တလီ စာချုပ်ကို ချုပ်ဆိုခဲ့ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် အဖွဲ့ဝင်များသည် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ဆိုက်ရောက်လာခဲ့ပြီး ဖေဖော်ဝါရီ ၈ ရက်မှာ ပင်လုံညီလာခံကြီးသို့ တက်ရောက်၍ ပြည်မနှင့် တောင်တန်းဒေသပူးပေါင်းရေးကို ဆွေးနွေးခဲ့ကြရာ ဖေဖော်ဝါရီ ၁၁ ရက် ညနေအချိန်တွင် မြန်မာတိုင်းရင်းသားပေါင်းစုံ ညီညွတ်မှုကို ရရှိခဲ့ပါသည်။ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက် နံနက် ၁၀ နာရီအချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တောင်တန်းဒေသ ကိုယ်စားလှယ် ၂၃ ဦးတို့သည် တိုင်းရင်းသား သွေးစည်းမှု အဆောက်အအုံကို တည်ဆောက်ပေးသည့် တောင်တန်းဒေသများက ပြည်မကြီးနှင့် ပူးပေါင်းရန် သဘောတူညီသော ပင်လုံစာချုပ်ကြီးကို လက်မှတ်ရေးထိုးကြပါသည်။ အမျိုးသားရေးစိတ်ဓာတ်ကို အခြေခံ၍ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအင်အားကို သန္ဓေတည်ခြင်းပင်ဖြစ်ပေသည်။ ထိုကဲ့သို့ တစ်ပြည်ထောင်လုံးရှိ တိုင်းရင်းသားပေါင်းစုံ၏ သွေးစည်းညီညွတ်မှုကို ပြသနိုင်ခဲ့သော ထိုနေ့ကို "ပြည်ထောင်စုနေ့"ဟူ၍ ခေါ်ဝေါ်သမုတ်ခဲ့ပါသည်။

ထိုကဲ့သို့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကို အုတ်မြစ်ချခဲ့သဖြင့် ပြည်ထောင်စုတိုင်းရင်းသားတိုင်း မမေ့လျော့အပ်သော နေ့ထူးနေ့မြတ်တစ်ခု ဖြစ်ပါသည်။ ထို့အတူ ပြည်ထောင်စုကြီး ထာဝရတည်တံ့ခိုင်မြဲရေးအတွက် တိုင်းရင်းသားအားလုံးက တက်ညီလက်ညီနှင့် ကာကွယ်ထိန်းသိမ်းရမည်ဖြစ်သလို တိုင်းရင်းသားပြည်သူများအတွင်းမှာ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထွန်းကားနေရမည် ဖြစ်ပါသည်။ နိုင်ငံတစ်ခုအတွက်အသက်ကား ပြည်ထောင်စုစိတ်ဓာတ် ဖြစ်ပေသည်။ ‘နွားကွဲလျှင် ကျားဆွဲမည်’ ဖြစ်သောကြောင့် တိုင်းရင်းသားအားလုံး၏ အပြန်အလှန်လေးစားမှု၊ ယုံကြည်မှု၊ အေးအတူပူအမျှ မျှဝေခံစားတတ်သော စိတ်ဓာတ်တို့ဖြင့် ပြည်ထောင်စုစိတ်ဓာတ်ကို ခိုင်မာသည်ထက်ခိုင်မာအောင် တည်ဆောက်ကြရမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ လာမည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဇွန်ဖြူရေးသားသည့် “ပြည်ထောင်စု”ကဗျာလေးမှ ကောက်နှုတ်ချက်ဖြင့် ဂုဏ်ပြုရေးသားလိုက်ရပါသည်။

“အေးချမ်းသာယာ ပြည်မြန်မာမှာ

စည်ကာပေါင်းစု အကြောင်းပြုလို့

ကောင်းမှုဝေဖြိုး အလှတိုး

ဆွေမျိုးတစ်စု နေထိုင်ပြုခဲ့…

အပေါင်းသဟာ စုတည်ထောင်တဲ့

တို့ပြည်ထောင် တစ်လွှားမှာဖြင့် 

အစဉ်သာ စည်ဖြိုးဖို့

စုပေါင်းဆောင်ရွက်ကြပါစို့”

ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ပါစေ                   

                                                                     

မှီငြမ်း

၁။     www.wiki .com

၂။      ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် ထုတ်ဝေသော ‘ပြည်ထောင်စုတိုင်းရင်းသား’ မဂ္ဂဇင်း

၃။     ငြိမ်းချမ်းဝင်း(ကမ္ဘာအေး)၏ ‘ဆုရစာစီစာကုံးများ’

၄။     ဦးဝမ်ထိန်၏ ‘ကမ္ဘာနေ့ကြီးရက်ကြီးများနှင့် မြန်မာ့နေ့ကြီးရက်ကြီးများ’ စာအုပ်