ပင်လုံမြေကို သက်သေတည်၍

Posted_Date

Image

ပင်လုံမြေကို သက်သေတည်၍

Body

လွန်ခဲ့သော ၇၈ နှစ်။ မြန်မာ့သမိုင်းတွင် သမိုင်းဝင်၊ သမိုင်းတွင်မည့် ပင်လုံညီလာခံကြီးကို သုံးရက်ကြာမျှ ဆွေးနွေးတိုင်ပင်ပြီးနောက် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညနေပိုင်းတွင် မြန်မာပြည်နှင့် တောင်တန်းနယ်များပူးပေါင်းရေး အခြေခံသဘောတူညီချက်ရရှိသည့် အထိမ်းအမှတ်အဖြစ် ညစာစားပွဲကို ကျင်းပခဲ့ကြသည်။

ညစာစားပွဲတွင် တောင်ပိုင်းစော်ဘွားကြီးက “ယနေ့ညဟာ နေ့ကောင်းနေ့မြတ်ဖြစ်တဲ့ညပါပဲ။ ယခုဒုတိယအကြိမ်မြောက် ပင်လုံအစည်းအဝေးကြီးမှာ ရာဇဝင်တွင်မကြုံဖူးသော အစည်းအဝေးကြီး ဖြစ်ပါတယ်။ ရှေးအခါက ရှမ်း၊ ဗမာ၊ ကချင်၊ ကရင်၊ ချင်း အမျိုးသားတို့အချင်းချင်း အထင်မှား သဘော ကွဲလွဲချက်များရှိသော်လည်း ယခုတော့ ထိုသဘောကွဲလွဲချက်များမရှိတော့ပါဘူး။ ဗမာနှင့် ရှမ်းစသော တောင်တန်းနယ်သားများအားလုံး ကောင်းရာကောင်းကြောင်းအချိန်သို့ ဆိုက်ရောက်လာပါပြီ။

လွတ်လပ်တဲ့နိုင်ငံကြီးများနဲ့တန်းတူ အောက်မကျအောင် ဆောင်ရွက်နိုင်

“ဒီအစည်းအဝေးကြီးမှာ ကျွန်တော်တို့အချင်းချင်းတွေ သွေးကွဲအောင် ခြေထိုးသူတွေရှိကြောင်းကို သိပါတယ်။ သူတို့ရှိပေမယ့် ကျွန်တော်တို့ (မအ) ပါဘူး။ ကျွန်တော်တို့လိုလားတဲ့ လွတ်လပ်ရေးပန်းတိုင်ကို အသက်နဲ့လဲပြီး ဆွတ်ခူးမယ်ဆိုတာယုံကြည်ပါ။ ချုပ်ချယ်တဲ့စနစ်ကြောင့်သာ ကျွန်တော်တို့ အောက်ကျနောက်ကျ ဖြစ်ခဲ့ရတာပါ။ ရှေ့အဖို့ လွတ်လပ်တဲ့အခါမှာ အခြား လွတ်လပ်တဲ့နိုင်ငံကြီးများနဲ့တန်းတူ အောက်မကျအောင် ဆောင်ရွက်နိုင်ပါတယ်။ ယခု နယ်ရှင် စော်ဘွားများဟာ အရင်ကလို မဟုတ်တော့ပါဘူး။ တိုင်းပြည်ကိုယ်စားလှယ်တော်များနှင့် တန်းတူ ပူးပေါင်းကာ ဆောင်ရွက်ကြပါတော့မယ်။

“အထူးအားဖြင့် ဗိုလ်ချုပ် ဦးအောင်ဆန်း ကြွရောက်လာပြီး ညီညီညွတ်ညွတ်ဖြစ်အောင် ဆောင်ရွက်ပေးတာကိုလည်း အလွန်ပဲကျေးဇူးတင်ဝမ်းမြောက်ကြပါတယ်။ ရှေ့အဖို့မှာ ဗိုလ်ချုပ် ဦးအောင်ဆန်း၏ အလိုဆန္ဒအတိုင်း တစ်သွေးတစ်သားတည်း ညီညွတ်ကြမည်ကို ယုံကြည်စေလိုပါတယ်”ဟု ပြောကြားခဲ့ပါသည်။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကလည်း “ယခုအစည်းအဝေးကြီးမှာ ရာထူးအားဖြင့် ကျွန်တော်အကြီးဆုံးဖြစ်သော်လည်း အသက်အားဖြင့် အငယ်ဆုံးဖြစ်ပါတယ်။ ကျွန်တော် ဒီကိုရောက်လာတဲ့ကိစ္စ နားလည်တာတစ်ခုပဲရှိပါတယ်။ ဘာလဲဆိုရင် မြန်မာပြည် လွတ်လပ်စေချင်တယ်။ ညီညွတ်စေချင်တယ်။ ကြီးပွားစေချင်တယ်။ ဒီဟာပဲ။ တိုင်းပြည်လွတ်လပ်အောင်၊ ညီညွတ်အောင်၊ ကြီးပွားအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ကို လွန်ခဲ့တဲ့ ၁၀ နှစ်ကစပြီး ကြိုးစားလာခဲ့ပါတယ်။ နောက်လည်း ကြိုးစားပါဦးမယ်။ လုံးလုံးလွတ်လပ် တဲ့ကိစ္စပြီးပြတ်သည်အထိ ကြိုးစားပါမယ်။

“တစ်ခုနားလည်ထားကြဖို့အချက်က ယခုခေတ်ကမ္ဘာကြီးအခြေအနေမှာ ဘယ်တိုင်းပြည်မဆို ကိုယ့်တိုင်းပြည်တစ်ပြည်တည်း အထီးတည်းနေနိုင်တဲ့အခြေမျိုး မရနိုင်ကြပါဘူး။ တစ်ပြည်နဲ့ တစ်ပြည် ပေါင်းစပ်အမှီသဟဲရှိမှ နေနိုင်ကြမယ်ဆိုတဲ့ အချက်ပါပဲ။

“တစ်တိုင်းပြည်လုံး ကြီးပွားစေချင်ရင် လူအား၊ ငွေအား၊ ပစ္စည်းအားနဲ့ စုပေါင်းပြီး အင်တိုက်အားတိုက်လုပ်နိုင်မှ အကျိုးခံစားခွင့်ရှိကြမှာပဲ။ ဗမာကတစ်မျိုး၊ ကရင်က တစ်ဖုံ၊ ရှမ်း၊ ကချင်၊ ချင်းတို့ကတခြား အကွဲကွဲအပြားပြား လုပ်နေကြရင်ဖြင့် အကျိုးရှိမှာမဟုတ်ဘူး။ စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင်မယ်။ လုပ်ကြည့်မှလည်း အကျိုးရှိ ကြောင်း သိနိုင်မယ်” စသည်ဖြင့် မိန့်ကြားခဲ့ပါသည်။

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီတွင်မူ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ရှမ်း၊ ကချင်၊ ချင်းစသော တိုင်းရင်းသားကိုယ်စားလှယ်များ၊ လူထုကိုယ်စားလှယ်များသည် ရာဇဝင်တွင်မည့် “ပင်လုံစာချုပ်”ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ သမိုင်းဝင်ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည့် နေရာတည့်တည့်ပေါ်တွင် အမှတ်တရမော်ကွန်း ကျောက်တိုင် စိုက်ထူရန်လည်း ဆုံးဖြတ်ခဲ့ကြရာ ဗိုလ်ချုပ်အောင်ဆန်းက ဖဆပလဥက္ကဋ္ဌအဖြစ် ငွေတစ်ထောင် ပေးအပ်လှူဒါန်းခဲ့ပါသည်။

ဗြိတိသျှနယ်ချဲ့သမားသည် မြန်မာပြည်အား မလွဲမသွေ လွတ်လပ်ရေးပေးရတော့မည်ကို ရိပ်စား မိ၍ တောင်တန်းဒေသများကို ချန်လှပ်ထားနိုင်ရန် အမျိုးမျိုးကြိုးစားခဲ့ကြလေသည်။ မြန်မာပြည်မအား လွတ်လပ်ရေးပေးရသော်လည်း တောင်တန်းဒေသများကို ဆက်လက်အုပ်ချုပ်ထားနိုင်လျှင် ဗြိတိသျှ နယ်ချဲ့သမားသည် လွတ်လပ်ခါစ မြန်မာနိုင်ငံကို မိမိတို့စိတ်တိုင်းကျ ကြိုးကိုင်နိုင်မည်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုလျှင် တောင်တန်းဒေသများ မပါသော မြန်မာပြည်လွတ်လပ်ရေးသည် ပြီးပြည့်စုံ သော လွတ်လပ်ရေးဖြစ်မည် မဟုတ်ချေ။

ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းသည် အစိုးရဖွဲ့ပြီးနောက်တွင် တောင်တန်းဒေသများပါမကျန် မြန်မာပြည်တစ်ပြည်လုံး လွတ်လပ်ရေးရရှိရေးအတွက် ကချင်ပြည်နယ် မြစ်ကြီးနားသို့လည်းကောင်း၊ ကရင်နီပြည်နယ် (ယခုကယားပြည်နယ်) လွိုင်ကော်မြို့သို့လည်းကောင်း၊ ရှမ်းပြည်နယ် တောင်ကြီးမြို့သို့လည်းကောင်း မနားမနေ သွားရောက်၍ တိုင်းရင်းသားခေါင်းဆောင်များ၊ တိုင်းရင်းသားပြည်သူများနှင့် တွေ့ဆုံဆွေးနွေး ခဲ့ရလေသည်။

၁၉၄၆ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့နှင့် ၅ မိုင်ဝေးသော (မန်ခင်ရွာ) စာသင်ကျောင်းဝင်းအတွင်း ဂျင်းဖောအမျိုးသားတို့၏ ဧည့်ခံပွဲ၌ ဗိုလ်ချုပ်က “ကျွန်တော်သည် ဂျင်းဖောအမျိုးသားများအား မေတ္တာရှိ၍ သွေးသားရင်းချာကဲ့သို့ သဘောထားပါတယ်။ ကရင်အမျိုးသားခေါင်းဆောင်များကို မေးမြန်းစုံစမ်းကြည့်ပါက သိနိုင်ပါတယ်။ တိုင်းရင်းသားအချင်းချင်းတို့အပေါ်၌ ရင်းချာသောညီအစ်ကိုကဲ့သို့ သဘောထားကြောင်းမှာ အပြောအားဖြင့်သာမဟုတ်၊ အလုပ်သဘောအားဖြင့်လည်း ပြခဲ့ပါပြီ။

တိုင်းရင်းသားများအပေါ်၌ စေတနာထားပုံ သက်သေတစ်ရပ်

“ကျွန်တော်တို့အစိုးရအဖွဲ့၏ ပေါ်လစီကို ထုတ်ပြန်ကြေညာရာမှာလည်း တောင်တန်းနယ်များတွင် သူ့နယ်နှင့်သူဆိုင်ရာ တိုင်းရင်းသားကိုယ်တိုင်အုပ်ချုပ်၍ မြန်မာပြည်နှင့် စုပေါင်းညီညွတ်စွာရှိရန် ရည်ရွယ်ချက်ရှိကြောင်းကိုလည်း ကြေညာပြီးဖြစ်ပါတယ်။ ဒါဟာလည်း တိုင်းရင်းသားများအပေါ်၌ စေတနာထားပုံ သက်သေတစ်ရပ်ပါပဲ။

“ကျွန်တော်တို့မြန်မာပြည်အစိုးရဟာ တောင်တန်းနယ်ဆိုင်ရာ တိုင်းရင်းသားတို့၏ ကြီးပွားတိုးတက်ရေးကို အထူးလိုလားပါတယ်။ ယခုတော့ စိတ်တိုင်းကျ လွတ်လပ်ရေးမရသေးတဲ့အတွက် လုပ်ချင်သလောက် မလုပ်ပေးနိုင်ဘဲ ရှိနေရပါသေးတယ်။ ယခုတောင်တန်းနယ်များကို ဘုရင်ခံတစ်ဦးတည်းက တာဝန်ယူအုပ်ချုပ်နေပါတယ်။ ကျွန်တော်တို့ လိုလားချက်က ထိုတောင်တန်းနယ်များဆိုင်ရာ ရှမ်း၊ ဂျင်းဖော၊ ချင်းအမျိုးသားများအား တာဝန်ပေးကာ ဆောင်ရွက်စေရန်ပဲ ဖြစ်ပါတယ်။ ဒီကိစ္စအတွက်လည်း အင်္ဂလိပ်အစိုးရထံမှာ တောင်းဆိုထားဆဲ ရှိပါတယ်။ ယခုလိုဆောင်ရွက်ချက်သည်ပင် ကျွန်တော်တို့က ဂျင်းဖောစတဲ့ တိုင်းရင်းသားတို့အပေါ်မှာ စေတနာကောင်းထားကြောင်း သက်သေများပင်ဖြစ်ပါတယ်။

“ကရင်အမျိုးသားများနဲ့ ချစ်ခင်ရင်းနှီးတဲ့အတွက် ယခုအစိုးရအဖွဲ့တွင် ဝန်ကြီး ၂ နေရာကိုပင် ပေးထားသည်မှာ အထင်အရှားဖြစ်ကာ အခြားအရေးကြီးတဲ့ကိစ္စများကိုလည်း အကူအညီပေး လျက်ရှိနေပါသေးတယ်။ ကျွန်တော်တို့အစိုးရအဖွဲ့အတွင်း မဝင်ရောက်မီကပင် ကရင်နီနယ်တွင် ဆန်နှင့် ဆား အထူးလိုအပ်စဉ်အခါက ကျွန်တော်တို့ ငွေနှင့် ဝယ်ပြီး ဆန်နှင့်ဆားအမြောက်အမြား ပို့ခဲ့ပါတယ်။

“အထူးသတိပြုစေလိုတဲ့ အချက်တစ်ခုမှာ ကမ္ဘာပေါ်တွင် အရေးပါအရာရောက်နေတဲ့ နိုင်ငံကြီး များပင်လျှင် တစ်ဦးတည်းအပေါင်းအသင်းမရှိဘဲ မနေနိုင်၊ မတည်တံ့နိုင်။ နီးစပ်ရာနိုင်ငံများနှင့် ပူးပေါင်းရေးအတွက် ဆောင်ရွက်ကြိုးစားနေကြရတယ်။ မြန်မာပြည်လည်း နီးစပ်ရာ ပူးပေါင်းဆောင်ရွက်ရပါမယ်။ အားရှိအောင် ဖန်တီးရမယ်။ မြန်မာတိုင်းရင်းသားအချင်းချင်းတို့ စည်းလုံး ညီညွတ်ရန်လည်း အထူးအရေးကြီးပါတယ်။ ဂျင်းဖောက တခြား၊ ချင်းက တစ်ဖုံ၊ ရှမ်းက တစ်မျိုး ဆိုသလို အကွဲကွဲအပြားပြားဖြစ်နေလျှင် ဘယ်သူမှအားကိုးရှိမှာမဟုတ်ဘူး။ ယခုလိုဖြစ်ခဲ့လျှင် ဂျင်းဖောတို့အတွက် ပို၍အရေးကြီးတာကိုလည်း သတိပြုကြစေလိုပါတယ်။ ဒါကြောင့် တသီးတခြားနေလျှင် ဘေးအန္တရာယ်မကင်းသည်ကို သတိပြုကြပြီးလျှင် တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှုကို အထူးလိုလားကြစေလိုပါတယ်” စသည်ဖြင့် ပြောကြားခဲ့ပေသည်။

၁၉၄၆ ခုနှစ် ဒီဇင်ဘာ ၂၆ ရက် နံနက်က ညောင်ရွှေစော်ဘွားကြီး၏ စီစဉ်မှုဖြင့် ကျင်းပသော လူထုတရားပွဲကြီးတွင်လည်း ဗိုလ်ချုပ်က “မြန်မာပြည်မှာတော့ မကြာမီလွတ်လပ်ရေးရတော့မယ်။ ရှမ်းပြည်နယ်ကိုတော့ အင်္ဂလိပ်က ခြေကုပ်ထားပြီး အခွင့်ရေးတွေကို သူတို့လက်ထဲမှာထားဖို့ စိတ်ကူးရှိနေကြတယ်။ ကျွန်တော်တို့က ရှမ်းပြည်နယ်ကို လွတ်လပ်စေချင်တယ်။ လွတ်လပ်တယ်ဆိုတာမှာလည်း တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ နိုင်ငံခြားအစိုးရက ချုပ်ချယ်မှုမရှိစေတဲ့ လွတ်လပ်မှု မျိုးကို ဆိုလိုတယ်။ ယခုနှယ်အခါမှာ တိုင်းရင်းသားအချင်းချင်းတွေ ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ဖို့ အရေးကြီးတယ်။ ကျွန်တော်တို့အချင်းချင်းတွေသာမက အာရှတိုက်တိုင်းပြည်နိုင်ငံများပင် ပေါင်းစု ဖို့ဟာ အရေးကြီးတယ်”စသည်ဖြင့် မိန့်ကြားခဲ့ပါသည်။

၁၉၄၇ ခုနှစ် မတ် (၄၊ ၅၊ ၆)ရက်နေ့များတွင် ထီးလင်းမြို့၌ ကျင်းပခဲ့သော ချင်း-မြန်မာ ချစ်ကြည်ရေးအစည်းအဝေးကြီးတွင်လည်း ဗြိတိသျှနယ်ချဲ့ စနစ်အောက်မှ လွတ်မြောက်ရန် ချင်း၊ မြန်မာ အမျိုးသားများ သွေးစည်းညီညွတ်ကာ ဆောင်ရွက်ကြမည်။ ဗြိတိသျှနယ်ချဲ့သမားတို့က မည်သို့ပင် သွေးခွဲစေကာမူ ချင်း၊ မြန်မာအမျိုးသားတို့ စိတ်ဝမ်းမကွဲဘဲ ဆောင်ရွက်ကြမည်။ လွတ်လပ်ပြီးသော မြန်မာပြည်ရိပ်မြုံကြီးတွင် တာဝန်ခွဲဝေလုပ်ကိုင်ကြရာ၌လည်းကောင်း၊ အကျိုးခံစားမှုများ၌လည်းကောင်း ချင်း၊ မြန်မာ ခွဲခြားမှုမရှိဘဲ ဆောင်ရွက်သွားကြမည်ဟူသော အဓိကအချက်ကြီးများကို လေးနက်ယုံကြည်စွာ အဓိဋ္ဌာန်ပြုခဲ့ကြ၏။ ချင်း-မြန်မာ ချစ်ကြည်ရေးအစည်းအဝေးကြီးကို ဗိုလ်ချုပ်ကိုယ်စား အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ်ဦးဘချိုနှင့် သခင်ဝတင်တို့ တက်ရောက်ခဲ့ကြသည်။

မြစ်ကြီးနားမှအစ ရခိုင်ပါမကျန် မြိတ်မြို့အဆုံး မြန်မာပြည်တစ်ပြည်လုံး ခရီးပြင်းထွက်နေသည့်ကြားမှ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာပြည်အနောက်မြောက်နယ်စပ်ရှိ ချင်းပြည်နယ် (မြောက်ပိုင်း) နှင့် နာဂနယ်များကို မရောက်သေး၍ ‘ဟာ - ချင်းတောင်နဲ့ နာဂ နယ်ကလူတွေနဲ့ တွေ့ဦးမှပဲ။ သူတို့နယ်တွေကို ပစ်ထားရာကျနေပြီ’ဟုဆိုကာ ခရီးစဉ်အတွက် ပြင်ဆင်စီစဉ်ခိုင်းခဲ့သေးသည်။

သို့ရာတွင် ရန်ကုန်ရှိ လုပ်ဖော်ကိုင်ဖက်ရဲဘော်များ၊ မိတ်ဆွေများက ရန်ကုန်မြို့မှာလည်း အရေးတကြီးအလုပ်တွေ ရှိသေးသည်။ မေမြို့ (ယခုပြင်ဦးလွင်) မှာ တောင်တန်းနယ် စုံစမ်းရေးကော်မတီ ရှိသေးသည်။ ခရီးဝေးကြီးကို သီတင်းကျွတ်မှ သွားပါဟု ဝိုင်း၍ဖျက်ကြသောအခါ ဗိုလ်ချုပ်က အလျှော့ပေးရကာ ၁၉၄၇ ခုနှစ် ဧပြီလ ၁၈ ရက်နေ့ တွင် အထက်ချင်းတွင်းမဟုတ်ဘဲ မေမြို့သို့ နောက်ဆုံးအကြိမ် နယ်လှည့်ခရီးထွက်ခဲ့ရရှာသည်။

လွတ်လပ်သော ပြည်ထောင်စုနိုင်ငံတစ်နိုင်ငံ ပေါ်ထွန်းလာခဲ့သည်အထိ စွမ်းဆောင်နိုင်ခဲ့

မြန်မာ့လွတ်လပ်ရေးဗိသုကာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်ကြီးများ၏ ပုဂ္ဂိုလ်ရေးချစ်ကြည်ရင်းနှီးခင်မင်မှုများသည် ပင်လုံမြေကို သက်သေတည်၍ လွတ်လပ်သော ပြည်ထောင်စုနိုင်ငံတစ်နိုင်ငံ ပေါ်ထွန်းလာခဲ့သည်အထိ စွမ်းဆောင်နိုင်ခဲ့သည်ဟု ဆိုရပါမည်။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို တိုင်းရင်းသားခေါင်းဆောင်များက အသည်းစွဲချစ်ခင်လေးစားခဲ့ကြခြင်းမှာ ဗိုလ်ချုပ်၏ ရိုးသားပွင့်လင်းမှုနှင့် တောင်ပေါ်မြေပြန့်မကျန် ပြည်ထောင်စုကြီးတစ်ခုလုံး လွတ်လပ်ရေးရယူလိုသည့် သူ၏စေတနာတို့ကြောင့်ဖြစ်သည်။

ကရင်တိုင်းရင်းသားခေါင်းဆောင်ကြီး စောစံဖိုးသင် (လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီး) ဆိုလျှင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဝန်ကြီးများ လုပ်ကြံခံခဲ့ရသည့် ဇူလိုင် ၁၉ ရက်တွင် ခရီးလွန်နေ၍ အသက်ဘေးမှ သီသီကလေး လွတ်သွားရသော်လည်း သူ၏ချစ်မိတ်ဆွေကြီး ဗိုလ်ချုပ်နှင့် လည်ပင်းဖက်၍ မသေလိုက်ရသည်ကို ဝမ်းနည်းမဆုံးဖြစ်ရသည်ဟု ဆိုပါသည်။

“ကျွန်တော့်ကိုယ်စား ဦးအုန်းမောင် ဝင်ခံရခြင်းနှင့် ကျွန်တော်သေဘေးလွတ်ခဲ့ခြင်းအတွက် ဝမ်းမသာမိပါ။ ဦးအုန်းမောင်အတွက် နှမြောတသ မဆုံးဖြစ်ရသလိုပင် ကျွန်တော့်မိတ်ဆွေ ဗိုလ်ချုပ်အောင်ဆန်းနှင့် လည်ပင်းဖက်၍ မသေလိုက်ရသောကြောင့် ဝမ်းနည်းနေပါသည်။ ကျွန်တော်ပါ ရောသေလိုက်ရလျှင် ဗိုလ်ချုပ်အတွက် ဤမျှပူဆွေးနေရမည်မဟုတ်ဟုတွေးမိသည်။ ယခုတော့ ကျွန်တော်သည် ကြေကွဲဝမ်းနည်းမဆုံးဖြစ်၍ ဗိုလ်ချုပ်ကျဆုံးသော နေရာကြမ်းပြင်၌ ထိုင်ချပြီး ငိုနေမိပါတော့သည်”ဟု တက္ကသိုလ်စိန်တင်၏ “မြန်မာ့နိုင်ငံရေးဇာတ်ခုံမှ စောစံဖိုးသင်”စာအုပ်တွင် ဖော်ပြခဲ့ပါသည်။

ထို့အတူပင် ကချင်တိုင်းရင်းသားခေါင်းဆောင်ကြီး ဆမားဒူးဝါးဆင်ဝါးနောင်မှာလည်း အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးလေသောအခါ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ကလာပ်ထားရှိရာ ဂျူဗလီ ဟောသို့ လာရောက်ဂါရဝပြုရင်း မျက်ရည်ဖြိုင်ဖြိုင်ကျခဲ့ရသည်အထိ စိတ်ထိခိုက်ခဲ့လေသည်။

ကချင်တိုင်းရင်းသားခေါင်းဆောင်ကြီး ဆမားဒူးဝါးဆင်ဝါးနောင်သည် ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများကျဆုံး၍ တိုင်းပြုပြည်ပြုလွှတ်တော်၏ ကြေကွဲဝမ်းနည်းကြောင်းအဆိုကိုလည်း အခြားတိုင်းရင်းသားခေါင်းဆောင်များဖြစ်သည့် ညောင်ရွှေစော်ဘွား၊ ချင်းတိုင်းရင်းသား ခေါင်းဆောင် ဦးဝမ်ကိုဟော၊ ကရင်တိုင်းရင်းသားခေါင်းဆောင် စောစံဖိုးသင်တို့နှင့်အတူ ထောက်ခံ ဆွေးနွေးပြောဆိုခဲ့ကြပါသည်။

ချင်းတိုင်းရင်းသားခေါင်းဆောင်နှင့် ဝန်ကြီးဖြစ်သူ ဦးဝမ်ကိုဟောကလည်း “ချင်းအမြင်နှင့် ဗိုလ်ချုပ်”ဆောင်းပါးတွင် “ဗိုလ်ချုပ်အောင်ဆန်း နယ်စပ်ဒေသရှိ တိုင်းရင်းသူ တိုင်းရင်းသားများနှင့် အဆက်အသွယ်ပြုလုပ်ရသည်မှာ မကြာလှသော်လည်း ဗိုလ်ချုပ်သည် လူမသမာများ၏ လုပ်ကြံခြင်းမခံရမီ ထိုဒေသများ၏တိုးတက်ရေးစီမံကိန်းအုတ်မြစ်များကို ချပြီးခဲ့လေသည်။ ဆိုရန်တိုဗီလာတွင် နေ့စဉ်ကျင်းပခဲ့သည့် ကွန်ဖရင့်များတွင် ဗိုလ်ချုပ်သည် ထိုဒေသများ၏လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျောက်မီးသွေးတူးဖော်ရေးနှင့်စပ်လျဉ်းသည့်ကိစ္စများအပြင် စစ်ဘက်ဆိုင်ရာ အရပ်ရပ်ကိုလည်း ဆွေးနွေးခဲ့လေသည်။

နယ်စပ်‌ဒေသများ၏ တိုးတက်ရေးတွင် လမ်းပန်းဆက်သွယ်ရေးနှင့် ပညာရေးသည် အထူးသဖြင့် ချင်းနှင့် ကချင်ပြည်နယ်များအတွက် အရေးကြီးဆုံးအချက်များဖြစ်သည်ဟု ဗိုလ်ချုပ်က အမြဲပြောဆိုခဲ့လေသည်” စသည်ဖြင့် ရေးသားခဲ့သည်။

ပြည်ထောင်စုနိုင်ငံဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ ပါလီမန်ဒီမိုကရေစီခေတ်တွင် ဒုတိယဝန်ကြီးချုပ်နှင့် ဝန်ကြီးဖြစ်သူ ဖဆပလ ဦးကျော်ငြိမ်းက “လွတ်လပ်တဲ့ မြန်မာနိုင်ငံကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရယ်လို့ ကမ္ပည်းထိုးခဲ့ကြပါတယ်။ ပြီးတော့ ပြည်ထောင်စုနေ့ရယ်လို့လည်း ဒုတိယညီလာခံမှာ သဘောတူလက်မှတ်ရေးထိုးတဲ့ ‌ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကိုအစွဲပြုပြီး နှစ်စဉ်ခမ်းခမ်းနားနား ကျင်းပပါတယ်။

“နိုင်ငံရဲ့ပြဿနာ၊ လူမျိုးရဲ့ပြဿနာဆိုတာ မလွယ်လှပါဘူး။ အတွေးအခေါ်အမြော်အမြင်မရှိဘဲ၊ စိတ်လိုက်မာန်ပါ ပြောဆိုလုပ်ကိုင်ကြမယ်ဆိုရင် ဘေးဒုက္ခဆိုးတွေနဲ့ ကြုံတွေ့ရတတ်သော ကမ္ဘာ့သမိုင်းမှာ ထင်ထင်ရှားရှားတွေ့ရပါတယ်။

“ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ ခေါင်းဆောင်အသီးသီးက မိမိတို့ကွဲလွဲတဲ့အယူအဆတွေကို အကြိမ်ကြိမ်အဖန်ဖန် ဖော်ထုတ်ခြင်း၊ ဆွေးနွေးခြင်းဖြင့် နားလည်မှုရအောင် ယူသူကယူ၊ နားလည်မှု မရအောင် ရည်ရွယ်ချက်ဖြင့် သွေးခွဲသူကခွဲဆိုတော့ သဘာဝအဖြစ်အပျက်တွေထဲမှာ ရုန်းကန်ရပါတယ်။ စားပွဲဝိုင်းမှာညှိနှိုင်းပြီး သဘောတူညီမှုရနိုင်သမျှရအောင် သည်းခံစိတ်ရှည်ဆွေးနွေးရတာပဲ။ အဲဒါဟာ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်ပါတယ်”ဟူသည့် မိန့်ဆိုချက်ကလည်း ဒီမိုကရေစီကို လိုလားသူတိုင်းအတွက် မှတ်သားဖွယ်ကောင်းလှပါသည်။

သို့ဖြစ်ရကား ၂၀၂၅ ခုနှစ် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အခါသမယတွင် ပြည်ထောင်စုဖွား တိုင်းရင်းသားများသည် တစ်ချိန်က အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်ကြီးများ ချမှတ်ခဲ့သော ပြည်ထောင်စုစိတ်ဓာတ်နှင့် “ညီညွတ်ရေးနဲ့၊ အသက်ရှည်ရှည်၊ ခင်ခင်မင်မင်၊ လက်ရေတပြင်စီး၊ ရှေးကတော့ ပိုချစ်ကြတယ်”ဟူသည့် ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်လေးစားမှုတို့ကို ပြန်ပြောင်းအမှတ်ရကြပြီး တိုင်းရင်းသားအပေါင်း လိုလားတောင့်တလျက်ရှိသော ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်သစ်ကြီးကို စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်ဖြင့် တည်ဆောက်ကြပါစို့။ ။

ကိုးကား - မောင်ဝံသ၏ “မာရှယ်တီတိုးနိုင်ငံရေးအတ္ထုပ္ပတ္တိ”

Source: moi.gov.mm