မြန်မာ့ဂုဏ်ဆောင်သည့်ကမ္ဘာ့အကောင်းဆုံးဆန် (World Best Rice)
Posted_Date
Image

Body
“မြေကြီးမှ ရွှေသီး” ဆိုသလို ဆန်စပါးသည် မြန်မာ့စီးပွားရေးအသက်သွေးခဲဖြစ်သည်။ ဆန်သည် ကမ္ဘာပေါ်တွင် အရေးကြီးဆုံး အဓိကအစားအစာများထဲမှ တစ်ခုဖြစ်ပြီး သန်းပေါင်းများစွာသော လူများအတွက် အထူးသဖြင့် အာရှတိုက်ရှိ အစားအစာများ၏ အဓိကအစိတ်အပိုင်းဖြစ်သည်။ စပါးသည် မြက်ပင်မျိုးဖြစ်သည်။ အများအားဖြင့် တစ်နှစ်ခံပင်မျိုးဖြစ်၍ အချို့အပူပိုင်းဒေသများတွင် နှစ်ကြာခံပင်မျိုးဖြစ်သည်။ ရုက္ခဗေဒပညာရှင်များက ယခုစိုက်ပျိုးလုပ်ကိုင်နေကြသော စပါးမျိုးများသည် ရှေးအခါက အရိုင်းပေါက်ခဲ့သောစပါးမျိုးမှ ဆင်းသက်လာသည်ဟုဆိုသည်။ ရုက္ခဗေဒအလိုအရ စပါးသည် “အိုရီဇာ”မျိုးစုတွင်ပါဝင်သည်။
မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးကဏ္ဍသည် အရေးပါသောအခန်းကဏ္ဍမှပါဝင်နေပြီး အမျိုးသားပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး၏ ၁၅ ရာခိုင်နှုန်းပါဝင်သည်။ နိုင်ငံတော်၏ တောတောင်ရေမြေရာသီဥတုအနေအထားသည် ကောင်းမွန်ပြီး စိုက်ပျိုးမြေပေါကြွယ်ဝသည့်အလျောက် စိုက်ပျိုးရေးကဏ္ဍဖြစ်သည့် ဆန်စပါးကို အဓိကစီးပွားရေးကဏ္ဍအဖြစ် စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။ ဆန်စပါးသည် မြန်မာနိုင်ငံ၏အဓိကစားနပ်ရိက္ခာဖြစ်သည်။
ဒုတိယကမ္ဘာစစ်မတိုင်မီက မြန်မာနိုင်ငံတွင် စပါးစိုက်ဧက ဟက်တာငါးသန်းအထိရှိခဲ့ပြီး ထိုစဉ်က မြန်မာနိုင်ငံသည် နှစ်စဉ်ပြည်ပသို့ ဆန်တန်ချိန်သုံးသန်းတင်ပို့နိုင်ခဲ့ကာ ကမ္ဘာပေါ်တွင် ဆန်တင်ပို့မှု အများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ခဲ့သော်လည်း စစ်ပြီးကာလတွင် ပြည်တွင်းမငြိမ်သက်မှုများကြောင့် စပါးစိုက်ပျိုးမှုလျော့နည်းခဲ့ရသည်။ ၁၉၆၅ ခုနှစ်နောက်ပိုင်းတွင် ဆန်ထုတ်လုပ်မှုအနည်းငယ် ပြန်လည်တိုးတက်လာခဲ့သည်။ စားရေရိက္ခာဖူလုံစေရန်နှင့် ဆန်တင်ပို့မှုတိုးတက်မြင့်မားလာစေရန် အထူးဆန်အထွက်နှုန်းအစီအစဉ်မှတစ်ဆင့် ဆန်နည်းပညာသစ်ကို ၁၉၇၇-၁၉၇၈ ခုနှစ်မှစတင်မိတ်ဆက်စိုက်ပျိုးခဲ့သည်။ ဆည်မြောင်းတာတမံများ၊ ရေလှောင်ကန်များ ဆောက်လုပ်ပေးခြင်း၊ ရှိရင်းစွဲဆည်မြောင်းများ ပိုမိုကောင်းမွန်လာစေရန် ပြုပြင်ပေးခြင်း၊ မြစ်ရေတင်စက်များတည်ထောင်ခြင်းနှင့် အထူးသဖြင့် စိုက်ပျိုးရေကို အာမခံချက်ပေးရန်မြေအောက်ရေကိုတူးဖော်ပေးခြင်း၊ နွေစပါးစိုက်ပျိုးခြင်း စသည်တို့ကြောင့် မြန်မာ့ဆန်စပါးလုပ်ငန်းသည် တိုင်းပြည်၏ဆန်ကုန်ထုတ်စွမ်းအားကို မြှင့်တင်ပေးသည့်ရလဒ်ကောင်းများကို ရရှိခဲ့သည်။ မြန်မာနိုင်ငံတွင် ပြည်တွင်းဈေးကွက်အကြိုက်စပါးမျိုး ၅၀ ခန့်နှင့် ပြည်ပဈေးကွက်အကြိုက် စပါးမျိုး ၂၀ ခန့်အပါအဝင် စပါးအမျိုးပေါင်း ၉၀ ကျော်ကို စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။
ပေါ်ဆန်းဆန်အား ၁၉၉၇-၁၉၉၈ ခုနှစ်ခန့်က ရွှေဘိုမြို့နယ် သီးလုံးကျေးရွာရှိ တောင်သူတစ်ဦးက ရန်ကုန်တိုင်းဒေသကြီးကျောက်တန်းမြို့နယ်ရှိ ဗုံလုံကျေးရွာမှ ပေါ်ဆန်းဘေးကြားစပါးမျိုးလေးပြည်ယူဆောင်ပြီး စမ်းသပ်စိုက်ပျိုးရာမှစတင်ခဲ့သည်။ စိုက်ပျိုးခါစတွင် တောင်သူကြိုက်နှစ်သက်မှု နည်းခဲ့သော်လည်း နှစ်အနည်းငယ်ကြာလာသည်နှင့်အမျှ မိမိတို့ဒေသရေမြေရာသီဥတုနှင့် ကိုက်ညီသဖြင့် စိုက်ပျိုးဖြစ်ထွန်းခြင်း၊ အထွက်နှုန်းကောင်းခြင်း၊ ဆန်ထွက်ကောင်းခြင်း၊ စားသုံးမှုအရသာကောင်းခြင်းတို့ကြောင့် အသုံးများပြီး လူကြိုက်များလာခဲ့ရာ တောင်သူအချင်းချင်းမျိုးဖလှယ်၍ စိုက်ပျိုးမှုမှာတစ်စတစ်စများလာခဲ့သည်။ ရွှေဘိုပေါ်ဆန်းစပါးမျိုးကို ရွှေဘိုမြို့နယ်တင်မကဘဲ ခရိုင်အတွင်းရှိ ဝက်လက်၊ ရေဦး၊ ခင်ဦး၊ ဒီပဲယင်း စသည့်မြို့နယ်များအထိပါ တိုးချဲ့စိုက်ပျိုးလာကြပြီး ဈေးကွက်ဝင်မျိုးကောင်းမျိုးသန့်အဖြစ် ထင်ရှားလာကာ ၂၀၀၆-၂၀၀၇ ခုနှစ်ခန့်မှစ၍ မန္တလေးဈေးကွက်တွင် “ရွှေဘိုပေါ်ဆန်း”ဆိုပြီး နေရာရလာခဲ့သည်။ ရွှေဘိုပေါ်ဆန်းစပါးမျိုးသည် မီးဒုန်းအုပ်စုဝင်ဖြစ်ပြီး သက်ကြီး၊ သက်လတ်၊ သက်လျင်ဟူ၍ သုံးမျိုးရှိသည့်အထဲမှ သက်လတ်ရာသီ စပါးရွှေဘိုပေါ်ဆန်းက ဈေးကွက်ဝင် လူကြိုက်အများဆုံးဖြစ်သည်။
စစ်ကိုင်းတိုင်းဒေသကြီးသည် နိုင်ငံတော်၏ တတိယစပါးကျီတစ်ခုဖြစ်သည့်အားလျော်စွာ ရွှေဘိုဒေသတွင် သဖန်းဆိပ်ဆည်ရေဖြင့် စပါးစိုက်လယ်ဧက ၄ ဒသမ ၄ သိန်းခန့်ရှိရာ မိုးရေချိန် လက်မ ၄၀ ရှိသည့်အတွက် အထွက်နှုန်းနှင့်အရည်အသွေးကောင်းမွန်သည့် ရွှေဘိုပေါ်ဆန်းစပါးတိုးတက်စိုက်ပျိုးလာကြသည်ကို စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။ ရွှေဘိုပေါ်ဆန်းစပါးသည် ရွှေဘိုဒေသ၏ ရေမြေရာသီဥတုနှင့်ကိုက်ညီခြင်း၊ မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ဖြန့်ဖြူးလာနိုင်ခြင်းတို့ကြောင့် တင်ပို့ရောင်းချသူများအနေဖြင့် ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်များအထိ ထိုးဖောက်ချဲ့ထွင်နိုင်ရန်ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ပြည်ပဈေးကွက်ရရှိရေး အတွက်လည်း ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် အထွက်နှုန်းကောင်းသော၊ အရည်အသွေးကောင်းသော မျိုးကောင်းမျိုးသန့် စပါးများရွေးချယ်စိုက်ပျိုးခြင်း၊ ဈေးကွက်ခိုင်မာသော စပါးမျိုးပြောင်းလဲစိုက်ပျိုးခြင်း၊ GAP စနစ်ဖြင့် စနစ်တကျစိုက်ပျိုးခြင်း အစရှိသည့် နည်းလမ်းများကို ဆောင်ရွက်လျက်ရှိကြသည်။
ရွှေဘိုပေါ်ဆန်းစပါးနှင့်ဆန်၏ထူးခြားကောင်းမွန်သည့် လက္ခဏာများသည် ဒေသ၊ ရေမြေရာသီဥတုနှင့်ကိုက်ညီသည့်အတွက် စပါးအထွက်ကောင်းခြင်း၊ အလေးချိန်စီးပြီး အနှစ်ပြည့်ဝခြင်း၊ စပါးပေါ်ချိန်မှစ၍ သိုလှောင်ချိန်ကာလများအထိ ဈေးကွက်ခိုင်မာပြီး ဈေးကောင်းရခြင်း၊ ဆန်ထွက်ကောင်းပြီး ဆန်အရည်အသွေးနှင့် ဆန်သားကောင်းမွန်ခြင်း၊ စပါးရိတ်ချိန်တွင် အစေ့ကြွေကျမှုနည်း၍ လေလွင့်မှုသက်သာခြင်း၊ အိုးတက်ခြင်း၊ အနံ့မွှေးပြီးနူးညံ့ခြင်းတို့ကြောင့် စားကောင်းသည့်ဆန်ဖြစ်သည်။
၂၀၁၁ ခုနှစ်၌ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာဆန်စပါးညီလာခံတွင် မြန်မာနိုင်ငံမှ ထုတ်လုပ်သည့် ရွှေဘိုပေါ်ဆန်း သည် “ကမ္ဘာ့အကောင်းဆုံးဆန်(World Best Rice)”အဖြစ် ရွေးချယ်ခံခဲ့ရသည်။ အရှေ့တောင်အာရှ ဆန်စိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံများတွင် အကောင်းဆုံးသောအရည်အသွေးများနှင့်ထိပ်တန်းဆန်များ ကိုယ်စီပိုင်ဆိုင်ထားကြသည့်အနက် မြန်မာနိုင်ငံသည်လည်း ပါဝင်လာခြင်းဖြစ်သည်။
ထိုင်းမှစံပယ်နံ့မွှေးသော Hom Mali ဆန်၊ ကမ္ဘောဒီးယားနိုင်ငံမှ Malys Angkor ဆန်၊ ဗီယက်နမ်နိုင်ငံမှ ST24 ဆန်များနည်းတူ မြန်မာနိုင်ငံမှ ရွှေဘိုပေါ်ဆန်းကလည်း ကမ္ဘာ့အကောင်းဆုံးဆန်အဖြစ် ရပ်တည်လာခြင်းဖြစ်ရာ မိမိတို့၏ဆန်အရည်အသွေးကို မပြတ်မြှင့်တင်နေရန်နှင့် အကောင်းဆုံးဆန်စပါးမျိုးသစ်များ ထပ်မံထွက်ပေါ်လာစေရန်လည်း ကြိုးပမ်းနေကြရမည်ဖြစ်သည်။ ရွှေဘိုပေါ်ဆန်းကို ပြည်တွင်းဈေးကွက်တွင် အများဆုံးရောင်းချရပြီး ပြည်ပဈေးကွက်တွင်လည်း “မြန်မာ့ပုလဲ” အမည်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။
ရွှေဘိုပေါ်ဆန်းဆန်ကို အသေးစိတ်တိကျသော သီးခြားအရည်အသွေးများ၊ နာမည်ဂုဏ်သတင်း သို့မဟုတ် ထူးခြားသော အသွင်အပြင်လက္ခဏာရှိသည့် အချို့သော တိုင်းပြည်၊ ဒေသ သို့မဟုတ် တိုင်းဒေသကြီး/ ပြည်နယ်များမှလာသော ထုတ်ကုန်ပစ္စည်းများအပေါ် ပထဝီဝင်ဒေသဆိုင်ရာညွှန်းဆိုမှုအတွက် သိသာထင်ရှားစေသည့် အထောက်အထားလက်မှတ်တစ်ခုဖြစ်သော Geographical Indication(GI) ရရှိရေးအတွက် အဖွဲ့အစည်းအဆင့်ဆင့်ဖွဲ့စည်း၍ ကျွမ်းကျင်ပညာရှင်များ၊ အဖွဲ့အစည်းများနှင့် စုပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ အသိအမှတ်ပြုလက်မှတ်သည် ပုံမှန်အားဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများတွင်ရောင်းချသော ကုန်ပစ္စည်းများအတွက် ဈေးကွက်တန်ဖိုးကို တိုးပွားစေပြီး ၎င်းထုတ်ကုန်များ၏ အရည်အသွေးကြောင့် စားသုံးသူများ၏ အသိအမှတ်ပြုမှုကို တည်ဆောက်နိုင်ခြင်းဖြင့် ဒေသထုတ်ကုန်များ၏ ကုန်အမှတ်တံဆိပ်ကိုကာကွယ်ပေးကြောင်း သိရှိရသည်။
မြန်မာ့ဆန်ကို ကမ္ဘာ့ဈေးကွက်တွင် ဈေးကွက်ဝေစုပိုမိုရရှိနိုင်ရန် စပါးစတင်စိုက်ပျိုးချိန်တွင် GAP စနစ်များဖြင့်စိုက်ပျိုးခြင်းမှစတင်ကာ ဓာတ်မြေဩဇာကျွေးခြင်း၊ စပါးအထွက်နှုန်းကောင်းစေရန်နှင့် ဆန်အရည်အသွေးမြင့်မားစေရန် အချိန်မီရိတ်သိမ်းခြင်း၊ ရိတ်သိမ်းချိန်လွန်နည်းပညာများဖြစ်သည့် စပါးအခြောက်ခံခြင်း၊ စပါးသန့်စင်ခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ အရည်အသွေးစစ်ဆေးခြင်း၊ ဖြန့်ချိခြင်းနှင့်ကြိတ်ခွဲခြင်း စသည့်အဆင့်တိုင်းတွင် ဈေးကွက်ဝင်ဖြစ်စေရေးတို့ကို နိုင်ငံတကာကသတ်မှတ်ထားသောအဆင့်မီနေရန် ဆောင်ရွက်ရမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ စီးပွားရေးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေးသည် နိုင်ငံတော်၏ ဦးတည်ချက်(၉)ရပ်တွင် တစ်ခုအပါအဝင်ဖြစ်သည်။ နိုင်ငံတော်အကြီးအကဲက “မြန်မာနိုင်ငံအနေဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ရာ အရည်အသွေးနှင့်အထွက်နှုန်း ပိုမိုကောင်းမွန်သည့် ဆန်စပါးတိုးချဲ့စိုက်ပျိုးထုတ်လုပ်ရေးနှင့် ပြည်ပသို့ပိုမိုတင်ပို့နိုင်ရေးကို ဦးစားပေးလုပ်ငန်းတစ်ခုအနေဖြင့် ဆောင်ရွက်သွားကြရန်”လိုအပ်ကြောင်းကို “မြန်မာ့ဆန်စပါးညီလာခံ ၂၀၂၂”ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။ ထို့ပြင် “မိမိတို့နိုင်ငံမှထုတ်လုပ်သည့် ဆန်နှင့်ပဲများသည် ဈေးကွက်ရရှိပြီးဖြစ်သဖြင့် ယခုထက်အရည်အသွေး ပိုမိုကောင်းမွန်သည့် ဆန်နှင့်ပဲများတင်ပို့နိုင်ရေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဥပမာအားဖြင့် ဂုဏ်သတင်းရှိပြီးဖြစ်သည့် ပေါ်ဆန်းမွှေးဆန် ရောင်းအားမြှင့်တင်ရန်လိုကြောင်း”ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။ ထိုသို့ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အတိုင်း အရည်အသွေးနှင့်အထွက်နှုန်းပိုမိုကောင်းမွန်သည့် ဆန်စပါးတိုးချဲ့စိုက်ပျိုးပြီး အရည်အသွေးမြင့် မြန်မာ့ဆန်များပြည်ပသို့ပိုမိုတင်ပို့နိုင်ရေး၊ ကမ္ဘာ့ဆန်တင်ပို့သည့် ထိပ်တန်းနိုင်ငံနေရာသို့ ပြန်လည်ရောက်ရှိရေးနှင့် နိုင်ငံခြားဝင်ငွေရရှိရေး တို့အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ တောင်သူများနှင့် အစိုးရဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း တိုက်တွန်း ရေးသားတင်ပြလိုက်ရပါသည်။ ။
Source: Myawady Web Portal