စိုက်ပျိုးရေးကို အခြေခံသော MSME လုပ်ငန်းများ

Posted_Date

Image

စိုက်ပျိုးရေးကို အခြေခံသော MSME လုပ်ငန်းများ

Body

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် အညီ အလေးထား လိုက်နာဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးတည်ချက်(၉)ရပ်ရှိသည့်အနက် စီးပွားရေး ဦးတည်ချက်(၃)ရပ်မှာ-

   (က)   တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော    စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေး၊

    (ခ  )    တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို  အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး၊

    (ဂ  )    ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင် ဆောင်ရွက်၍ နိုင်ငံအတွင်းဖူလုံမှုမှသည် ပြည်ပသို့တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ရေးတို့ ဖြစ်သည်။

ဦးတည်ချက်(၃)ရပ်အနက် ဦးတည်ချက် (က)နှင့်(ဂ)သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့်  အဓိကတာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းအဖြစ်အဆိုပါဦးတည်ချက်များ  ပြည့်မီအောင်ဆောင်ရွက်ပြီး   ဦးတည်ချက်(ခ)အရ MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆက်စပ်ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် မျှော်မှန်းချက်၊ လုပ်ငန်းတာဝန်နှင့်မူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိရာ ဝန်ကြီးဌာန၏ မျှော်မှန်းချက်အနေဖြင့် “အားလုံးပါဝင်ပြီး နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့်  ရေရှည်တည်တံ့သော လယ်ယာကုန်ထုတ်လုပ်မှုစနစ် ထွန်းကားစေခြင်းဖြင့် စားရေရိက္ခာဖူလုံ၍ အာဟာရပြည့်ဝစေပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မား လာစေရန်နှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူဖြစ်စေရန်”ဖြစ်ပြီး မျှော်မှန်းချက်ပြည့်မီရေးအတွက်   “ကျေးလက်နေပြည်သူများနှင့် လယ်ယာစီးပွားရေး လုပ်ငန်းများအား ခေတ်မီဆန်းသစ်၍ ရေရှည်တည်တံ့သောထုတ်လုပ်မှု နည်းပညာများ၊ ပြုပြင်ထုပ်ပိုးနည်းလမ်းများ၊ ထောက်ပံ့ပို့ဆောင်ရေး နည်းလမ်းများနှင့် ဈေးကွက်ဆိုင်ရာ နည်းပညာများကို အသုံးပြု၍ ဖွံ့ဖြိုးတိုးတက်လာသော ပြည်တွင်းပြည်ပဈေးကွက် ဝယ်လိုအားနှင့်အညီ  ဘေးအန္တရာယ်ကင်းရှင်း၍ အာဟာရပြည့်ဝသည့် အမယ်စုံလင်သော စားနပ်ရိက္ခာနှင့်   စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်ပစ္စည်းများ တိုးတက်ထုတ်လုပ်ရာတွင် အထောက်အကူပြုနိုင်ရေး ဆောင်ရွက်ရန်”ဟူသည့်  လုပ်ငန်းတာဝန်အား ထမ်းဆောင်လျက်ရှိသည့်အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏လမ်းညွှန်ချက်၊ ညွှန်ကြားချက်များနှင့် ချမှတ်ထားသည့် မူဝါဒလုပ်ငန်းစဉ်များအား ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၏ ဦးဆောင်လမ်းညွှန်မှုနှင့်အညီ လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

တစ်မျိုးသားလုံး၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး(GDP)တွင် လယ်ယာကဏ္ဍကြီး၏ ပါဝင်မှုမှာ ၂၃ ဒသမ  ၇ ရာခိုင်နှုန်းဖြစ်ပြီး တိုးတက်မှုနှုန်းအနေဖြင့်  ၃ ဒသမ ၄ ရာခိုင်နှုန်းရှိသည်။ လယ်ယာထွက်ကုန်ပစ္စည်းများ၏ ပြည်ပတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၄၅၅၄ ဒသမ ၃၈ သန်း(လယ်ယာထွက်ကုန် အမေရိကန်ဒေါ်လာ ၃၈၃၁ ဒသမ ၃၁ သန်း၊ တိရစ္ဆာန်ထွက်ပစ္စည်းအမေရိကန်ဒေါ်လာ ၈ ဒသမ ၂၃ သန်းနှင့်  ရေထွက်ပစ္စည်း အမေရိကန်ဒေါ်လာ ၇၁၄ ဒသမ ၈၄ သန်း)ဖြစ်သည်။

စိုက်ပျိုးရေးကဏ္ဍ၏ ဆောင်ရွက်နိုင်မှုအနေဖြင့် စိုက်ပျိုးမြေဧရိယာဧက ၃၀ ဒသမ ၉၇၅ သန်းရှိပြီး အဓိကသီးနှံများဖြစ်သည့် စပါး၊ အစေ့ထုတ်ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ချည်မျှင်ရှည်ဝါ၊ ‌ရော်ဘာနှင့်ချက်ကြံရင့် စသည့်သီးနှံများအပါအဝင် သီးနှံ ၆၁ မျိုးကို စုစုပေါင်းစိုက်ဧက ၅၀ ဒသမ ၄၀ သန်းကျော်စိုက်ပျိုးလျက်ရှိသည်။ မိုးစပါးဧက ၁၄ ဒသမ  ၉၉ သန်း၊ နွေစပါးဧက ၂ ဒသမ ၉၉ သန်း၊ ဆီထွက်သီးနှံဧက ၈ ဒသမ  ၇၇ သန်း၊ ပဲမျိုးစုံ စုစုပေါင်းဧက ၁၀ ဒသမ ၂၈ သန်း၊ ဝါစုစုပေါင်းဧက သုည ဒသမ  ၆၁ သန်း၊ ချက်ကြံရင့်ဧက သုည ဒသမ  ၄၂ သန်း စသည်တို့စိုက်ပျိုးနိုင်ခဲ့သည်။

မြန်မာနိုင်ငံ၏လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်မှာ   ကျေးလက်တွင်နေထိုင်ကြပြီး လူဦးရေ၏ ၄၅ ဒသမ ၃၅ ရာခိုင်နှုန်းခန့်သည် လယ်ယာ၊ သားငါး၊ သစ်တောနှင့် နှီးနွှယ်သည့်အလုပ်များကို လုပ်ကိုင်ကြခြင်းဖြစ်သည်။  သို့ဖြစ်ရာ  ကျေးလက်ဒေသ၏  အဓိကစီးပွားရေးဖြစ်သောစိုက်ပျိုးရေးကို မြှင့်တင်နိုင်ခြင်းဖြင့် ပြည်သူအများစု၏ လူမှုစီးပွားဘဝများကို  မြင့်မားလာစေမည်လည်းဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်းများအောင်မြင်ရေးအတွက် “မျိုး၊ မြေ၊ ရေ၊ နည်း”ဟူ၍ အခြေခံ(၄)ရပ်ရှိရာ သီးနှံမျိုးကောင်းမျိုးသန့်များ  အလွယ်တကူရရှိအောင်  ဆောင်ရွက်ပေးခြင်း၊ မြေကိုစနစ်တကျပြုပြင်ပေးခြင်း၊ သဘာဝမြေဩဇာပြုလုပ် သုံးစွဲနည်းများပေးဝေခြင်း၊  စိုက်ပျိုးရေလိုအပ်ချိန်တွင် အောင်ရေရရှိအောင်ဆောင်ရွက်ပေးခြင်း၊ စိုက်နည်းစနစ်များဖြန့်ဝေခြင်းတို့ လိုအပ်နိုင်သော်လည်း အဓိကအကျဆုံးမှာ    တောင်သူများကိုယ်တိုင်ပင်ဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ခြင်းဖြင့် ကုန်ထုတ်လုပ်ခြင်းလုပ်ငန်းများကို ပိုမိုဆောင်ရွက်နိုင်ပြီး ထွက်ရှိလာသော ကုန်ကြမ်းများကိုအခြေခံ၍ ကုန်ထုတ်လုပ်ငန်းများထူထောင်လုပ်ကိုင်ခြင်းဖြင့် ရရှိသောကုန်ချောများကို တင်ပို့ရောင်းချခြင်းအားဖြင့် ပြည်တွင်းကုန်ထုတ်လုပ်မှုကဏ္ဍ  ပိုမိုတိုးတက်လာမည်ဖြစ်သည်။

ပြည်ပဝင်ငွေတိုးတက်ရရှိလာနိုင်မည်ဖြစ်သောကြောင့် ကုန်ချောထုတ်လုပ်ရာတွင် အသေးစား၊   အငယ်စား၊  အလတ်စားစီးပွားရေးလုပ်ငန်း  (MSME) များသည် တိုင်းပြည်၏  အဓိကမောင်းနှင်အားပင်ဖြစ်ပြီး နိုင်ငံ၏ GDP လည်း တိုးတက်လာမည်ဖြစ်သည်။  အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေတွင်  အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ(Small and Medium Enterprises-SME)ကို   ထုတ်လုပ်မှုလုပ်ငန်း၊ ရောင်းဝယ်မှုလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းနှင့် အခြားလုပ်ငန်းဟူ၍ လေးမျိုးခွဲခြားထားကြောင်း သိရှိရသည်။

စိုက်ပျိုးရေးဦးစီးဌာနအောက်ရှိ ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲအနေဖြင့် ကုန်ကြမ်းမှကုန်ချော ထုတ်လုပ်သည့် MSME လုပ်ငန်းများကို တိုက်ရိုက်လုပ်ကိုင်ခြင်း မရှိသော်လည်း  တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများ ကုန်ချောထုတ်လုပ်ရာတွင် စိုက်ခင်းများမှထွက်ရှိလာသော  ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ(ကုန်ကြမ်း)များ ပိုမိုတိုးတက်ထုတ်လုပ်လာနိုင်ရန်အတွက် သုတေသနလုပ်ငန်းများ၊ သီးနှံများ၏ ရိတ်သိမ်းချိန်လွန် သုတေသနလုပ်ငန်းများ၊ တောင်သူပညာပေးလုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသော ဌာနခွဲတစ်ခုဖြစ်သည်။ စိုက်ပျိုးရေးကဏ္ဍနှင့်ပတ်သက်သည့် (MSME)လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် အခြေခံကျသည့် ကုန်ကြမ်းပစ္စည်းဖြစ်သော အရည်အသွေးကောင်း ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံများ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရန်အတွက် မျိုးစေ့ထုတ်လုပ်ငန်း၊ သုတေသနရလဒ်များကိုအခြေခံ၍ စိုက်ပျိုးနည်းစနစ်များနှင့် ရိတ်သိမ်းချိန်လွန် နည်းပညာများအား  တောင်သူပညာပေးခြင်းလုပ်ငန်း၊  GAP အသိအမှတ်ပြုလက်မှတ် ထုတ်ပေးခြင်းလုပ်ငန်းများကို   စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသည်။

ဥယျာဉ်ခြံ၊   ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာ ဌာနခွဲအနေဖြင့် ဟင်းသီးဟင်းရွက်မျိုးစေ့ထုတ်လုပ်ငန်း၊ သစ်သီးဝလံပျိုးပင်ထုတ်လုပ်ခြင်း လုပ်ငန်းနှင့် သုတေသန လုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာန(VFRDC)တွင် အဓိကဆောင်ရွက်လျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီး   မင်္ဂလာဒုံမြို့နယ်၌ တည်ရှိသောအပင်ဇီဝနည်းပညာ ဗဟိုဌာန(Plant Biotechnology Center) တွင် အပင် Tissue Culture နည်းပညာ၊ Genetic Engineering နည်းပညာ စသည့်နည်းပညာများဖြင့် အရည်အသွေးကောင်း ဟင်းသီးဟင်းရွက်နှင့်  သစ်သီးဝလံများအပြင် စပါး၊ ဝါ စသည့်နှံစားသီးနှံများကိုပါ သုတေသနပြုဆောင်ရွက်ခြင်း၊ မျိုးသစ်ထုတ်ပေးခြင်း   စသည့်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

MSME လုပ်ငန်းများတွင် အဓိကလိုအပ်သော အရည်အသွေးကောင်း စိုက်ပျိုးရေးထုတ်ကုန်များနှင့်   တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်သည့်  နည်းပညာများ ဖြန့်ဝေပေးနိုင်ရန်အတွက် ဥယျာဉ်-ဇီဝဌာနခွဲအောက်ရှိ နေပြည်တော်တိုင်းဒေသကြီး ရေဆင်းနယ်မြေတွင် တည်ရှိသော ရိတ်သိမ်းချိန်လွန်နည်းပညာ သုတေသနဌာန(PHRI)နှင့် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင်   တည်ရှိသော ရိတ်သိမ်းချိန်လွန် နည်းပညာသင်တန်းကျောင်း (PHTTC) တို့မှလည်း သီးနှံရိတ်သိမ်းချိန်တွင် ဆောင်ရွက်ရမည့်နည်းပညာ၊ သိုလှောင်နည်းပညာ၊ တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ခြင်းနည်းပညာများကို သုတေသနပြုခြင်း၊ ဓာတ်ခွဲစမ်းသပ်ပေးခြင်း၊ တောင်သူများနှင့်လုပ်ငန်းရှင်များသို့ စာတွေ့၊ လက်တွေ့သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိသည်။

စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံ၏ MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ GAP လုပ်ငန်းကို ၂၀၁၆ ခုနှစ်မှစတင်၍  အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပြီး  စားသုံးသူများ အစားအစာဘေးကင်းရန်နှင့်  တောင်သူများ၊ MSME လုပ်ငန်းရှင်များအတွက် ဈေးကွက်ရရှိရန်ရည်ရွယ်လျက်   စိုက်ပျိုးရေး ထွက်ကုန်သီးနှံများအပေါ်  မြန်မာ GAP အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေး၍ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မြန်မာ GAP လုပ်ငန်းများဆောင်ရွက်ရာတွင် အဓိကလုပ်ငန်းစဉ်နှစ်ရပ်ဖြစ်သော (၁) မြန်မာ GAP နည်းစနစ်လိုက်နာကျင့်သုံးရန် နည်းပညာပေးခြင်း၊(၂) မြန်မာ GAP  အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်းတို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

GAP (စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ)ဆိုသည်မှာ  မြေပြုပြင်စိုက်ပျိုးထုတ်လုပ်သည်မှ  စားသုံးသူလက်ဝယ်ရောက်သည်အထိ ထုတ်လုပ်မှုကွင်းဆက်တိုင်းတွင် စားသုံးသူအတွက် အန္တရာယ်ဖြစ်စေသည့် ကူးစက်ညစ်ညမ်းမှုများ အနည်းဆုံးဖြစ်စေရန်လိုက်နာရမည့် နည်းလမ်းများကို စုစည်းထားသည့် စံလုပ်ထုံးလုပ်နည်း လမ်းညွှန်မှုများဖြစ်သည်။ စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် မြန်မာ GAP အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်း၏ အဓိကရည်ရွယ်ချက်မှာ အစားအစာဘေးအန္တရာယ်ကင်းရှင်းရန်နှင့် ဈေးကွက်ရရှိရန်တို့ဖြစ်သည်။

စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင်   သရက်စိုက်တောင်သူများအနက်မှ ပုဂ္ဂလိကပိုင် ၂၅ ခြံနှင့် ဌာနပိုင်ခြံနှစ်ခြံ စုစုပေါင်း ၂၇ ခြံအား GAP Certificate ပေးနိုင်ခဲ့ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပုဂ္ဂလိကပိုင် သရက်ခြံ ၂၀ နှင့်  ဌာနပိုင်ခြံငါးခြံ၊ ပုဂ္ဂလိကပိုင်ခရမ်းချဉ်ငါးခြံ စုစုပေါင်း ၃၀ အား GAP Certificate  ပေးနိုင်ခဲ့ပြီးဖြစ်သည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် လက်ဖက်နှင့်ကော်ဖီသီးနှံအပါအဝင် သီးနှံ ၃၃ မျိုးအတွက် GAP အသိအမှတ်ပြုလက်မှတ်ပေါင်း ၄၇၄ စောင်ပေးနိုင်ခဲ့သည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် သီးနှံ ၄၉ မျိုးအတွက် GAP အသိအမှတ်ပြုလက်မှတ်ပေါင်း  ၁၅၅၁ စောင်ပေးနိုင်ခဲ့သည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ၂၀၂၁ ခုနှစ်  စက်တင်ဘာလအထိ သီးနှံ ၃၂ မျိုးအတွက် GAP အသိအမှတ်ပြုလက်မှတ်ပေါင်း  ၁၁၁၇ စောင်ပေးနိုင်ခဲ့သည်။ ၂၀၂၁-၂၀၂၂  (Mini Budget)တွင်  ၂၀၂၂ ခုနှစ် မတ်လအထိ  သီးနှံ ၁၉ မျိုးအတွက် GAP အသိအမှတ်ပြုလက်မှတ်ပေါင်း ၄၁၉ စောင်ပေးနိုင်ခဲ့သည်။ ၂၀၂၂-၂၀၂၃  ဘဏ္ဍာနှစ်တွင် သီးနှံ ၂၈ မျိုးအတွက် GAP အသိအမှတ်ပြုလက်မှတ်ပေါင်း ၃၀၇ စောင်ထုတ်ပေးနိုင်ခဲ့သည်။ ၂၀၂၃-၂၀၂၄  ဘဏ္ဍာနှစ်တွင် သီးနှံ ၄၀ မျိုးအတွက် GAP အသိအမှတ်ပြုလက်မှတ်ပေါင်း ၃၉၅ စောင် ထုတ်ပေးနိုင်ခဲ့သည်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဇန်နဝါရီလအထိတွင် သီးနှံ ၃၀ မျိုးအတွက် GAP အသိအမှတ်ပြုလက်မှတ်ပေါင်း  ၁၉၆ စောင်ထုတ်ပေးနိုင်ခဲ့သည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၄-၂၀၂၅  ဘဏ္ဍာနှစ် ဇန်နဝါရီလအထိ GAP အသိအမှတ်ပြုလက်မှတ် စုစုပေါင်း ၄၅၁၆ စောင် ထုတ်ပေးခြင်းလုပ်ငန်းများကို ဝန်ဆောင်မှုပေးနိုင်ခဲ့သည်။

အချုပ်အားဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့်သက်ဆိုင်သည့် အသေးစား၊ အငယ်စားနှင့်  အလတ်စားစီးပွားရေးလုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် စိုက်ပျိုးရေးဦးစီး ဌာနအနေဖြင့် နိုင်ငံတော်မှချမှတ်ထားသည့် စီးပွားရေး ဦးတည်ချက်များနှင့် အညီ(MSME)လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း   တင်ပြအပ်ပါသည်။   ။

Source: Myawady Web Portal